အခန်း ၄၃၀
Vol. 43 Ch. 430
အခန်း (၄၃၀) အပြင်ထွက်ခြင်း
ဆုံးဖြတ်ချက်ချပြီးနောက် ယောင်ရန်သည် ပင်မထိန်းချုပ်ရေးခန်းသို့ ဦးတည်သွားလိုက်လေတော့သည်။ သူမ တံခါးဖွင့်လိုက်သောအခါ ရှီရွှမ်းကို အထဲတွင် တွေ့လိုက်ရလေသည်။
ရှီရွှမ်းသည် လှည့်ကြည့်လိုက်ရာ သူမကို မြင်သွားပြီး မေးလိုက်လေသည်။
"ယောင်ရန်၊ တစ်ခုခု လိုလို့လား…"
ယောင်ရန်က ခေါင်းငြိမ့်ပြကာ ပြောလိုက်လေသည်။
"ဟုတ်တယ်… ကျွန်မ အခုလေးတင် အရေးပေါ် သတိပေးချက်တစ်ခု ရထားလို့…."
သူမသည် လက်ပတ်နာရီပေါ်ရှိ အရေးပေါ် သတိပေးချက်ကို ဖွင့်ကာ ရှီရွှမ်းကို ပြလိုက်လေသည်။
ဖတ်ပြီးနောက် ရှီရွှမ်းက သက်ပြင်းချကာ ပြောလိုက်လေသည်။
"ဒါ တကယ့်ကို ဆိုးတာပဲ… အပြင်ထွက်တဲ့အခါ ကြိုတင်ကာကွယ်နိုင်ဖို့ ဒါကို လူတိုင်း သိအောင် ကြေညာပေးရမယ်…"
ယောင်ရန်က သဘောတူလိုက်ပြီး ထပ်လောင်းပြောလိုက်လေသည်။
"ရောင်ခြည်သင့်မှုနှုန်းက အလျင်အမြန် မြင့်တက်နေတာဆိုတော့ အဲဒီနှုန်း ပြန်မကျမချင်း သာမန်လူ တွေကို လေကြောင်းရန်ကာကွယ်ရေးစခန်းကနေ အပြင်ထွက်ခွင့် ပေးလို့မရဘူး… မဟုတ်ရင် သူတို့ ရောင်ခြည်သင့်ပြီး သေသွားနိုင်တယ်၊ ဒါမှမဟုတ် ပိုဆိုးတာက ပုံပျက်ပန်းပျက် သတ္တဝါတွေအဖြစ် ပြောင်းလဲသွားနိုင်တယ်…."
"မင်းပြောတာ မှန်တယ်…"
ရှီရွှမ်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။ ခဏမျှ စဉ်းစားပြီးနောက် သူကဆက်ပြောလိုက် လေသည်။
"ကြေညာချက်ကို ငါ ကိုင်တွယ်လိုက်မယ်… ဒါပေမဲ့ ပတ်ဝန်းကျင် လုံခြုံရေးကိုတော့ လျှော့ထားလို့ မရဘူး…."
ထိုအခါ ယောင်ရန်က အကြံပြုလိုက်လေသည်။
"ကျွန်မဆီမှာ ရောင်ခြည်သင့်မှု ကာကွယ်ရေးဝတ်စုံအချို့ ရှိသေးတယ်… အများကြီးတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ကင်းလှည့်အဖွဲ့တွေအတွက်တော့ လုံလောက်မှာပါ…."
ရှီရွှမ်း၏ မျက်လုံးများက သူမစကားကြောင့် တောက်ပသွားခဲ့လေသည်။
"ဘယ်နှစ်စုံလောက် ရှိလဲ"
သူက မျှော်လင့်တကြီး မေးလိုက်လေသည်။
ယောင်ရန်သည် မျက်လုံးများကို မှိတ်လိုက်ပြီး သူမ၏ နေရာလွတ်ထဲရှိ သိုလှောင်ရုံဆီသို့ အာရုံစူးစိုက် လိုက်လေသည်။ အမြန်တွက်ချက်ပြီးနောက် မျက်လုံးများ ပြန်ဖွင့်ကာ ပြန်ဖြေလိုက်လေသည်။
"ကျွန်မဆီမှာ သုံးသောင်းကျော်လောက် ကျန်သေးတယ်…."
သူမ၏စကားကို ကြားသောအခါ ရှီရွှမ်းမှာ ခဏမျှ ဆွံ့အသွားလေတော့သည်။
"... ... ..."
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ပြောလိုက်လေသည်။
"ကာကွယ်ရေးဝတ်စုံတွေက သုံးပြီးရင် ကုန်သွားမှာ၊ နောက်ထပ် ထုတ်လုပ်နိုင်မလားဆိုတာလည်း မသိ ရသေးဘူး… လောလောဆယ် အစုံ (၅၀၀) နဲ့ပဲ စလိုက်ရအောင်… စစ်သည်တွေ မျှသုံးလို့ရအောင် ကင်း လှည့်အချိန်ဇယားကို ငါ ညှိပေးမယ်…"
ယောင်ရန်က ခေါင်းငြိမ့်ပြကာ ပြောလိုက်လေသည်။
"ကောင်းပါပြီ… ဝတ်စုံတွေကို ဂိုဒေါင်ထဲမှာ ထားပေးလိုက်ပါ့မယ်…ဝေတာကိုတော့ ကျားရှန်ကိုပဲ လုပ်ခိုင်းလိုက်ပါ…"
"ရတယ်လေ…"
ခဏမျှ စဉ်းစားပြီးနောက် ယောင်ရန်က ပြောလိုက်လေသည်။
"ရှီရွှမ်း... ကျွန်မ ရက်နည်းနည်းလောက် အပြင်သွားဖို့ လိုမယ်… အာယု ပြန်လာရင် ကျွန်မ ကိစ္စတစ်ခု သွားရှင်းပြီးမှ ပြန်လာခဲ့မယ်လို့ ပြောပေးပါဦး…"
ရှီရွှမ်းက မျက်ခုံးပင့်ကာ မေးလိုက်လေသည်။
"ခေါင်းဆောင်နဲ့ အတူတူ သွားမှာ မဟုတ်ဘူးလား…"
ယောင်ရန်က ခေါင်းခါပြကာ ဖြေလိုက်လေသည်။
"မဟုတ်ဘူး၊ ကျွန်မ တစ်ယောက်တည်း သွားမှာ…"
ရှီရွှမ်းက မျက်မှောင်ကြုတ်ကာ စိုးရိမ်တကြီး ပြောလာလေသည်။
"ယောင်ရန်... အခုလို အခြေအနေမျိုးမှာ တစ်ယောက်တည်း အပြင်ထွက်ဖို့က သိပ်အန္တရာယ်များတယ် … သံလိုက်စက်ကွင်းတွေကလည်း ပြောင်းနေတယ်၊ ဂြိုဟ်တုတွေကလည်း ပျက်ကျနေတာ… ဂြိုဟ်တု ဖုန်းတွေ သုံးလို့မရတော့ ဆက်သွယ်ဖို့က မဖြစ်နိုင်သလောက်ပဲ…"
"ပြီးတော့ အပြင်မှာလည်း အကုန်မှောင်မဲနေတာ… မင်း တစ်ခုခုဖြစ်ရင် ငါတို့ ကူညီနိုင်မှာ မဟုတ်ဘူး… ပြီးတော့ ခေါင်းဆောင်ကလည်း ဒါကို သဘောတူမှာ မဟုတ်ဘူး…"
ယောင်ရန်သည် သူ၏စကားကို ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။
"ဒါဆိုရင် စွမ်းအားရှင်အဖွဲ့တစ်ဖွဲ့ကို ခေါ်သွားမယ်လေ…"
ရှီရွှမ်း ဘာမှမပြောရသေးမီမှာပင် သူမ၏လက်ပတ်နာရီမှ မြေပုံကို ပြလိုက်ပြီး ထပ်ပြောလိုက်လေ သည်။
"ကျွန်မ ဒီစစ်ဆေးရေးဂိတ် သုံးခုဆီကို သွားမှာပါ… ဒီအနီးအနားမှာပဲဆိုတော့ အလွန်ဆုံး သုံးရက်အတွင်း ပြန်ရောက်မှာပါ…"
ရှီရွှမ်းက မြေပုံကို လေ့လာပြီး သက်ပြင်းချလိုက်လေသည်။
"ကောင်းပြီလေ… ဒါပေမဲ့ အနည်းဆုံး ငါးယောက်တော့ ခေါ်သွားရမယ်…"
ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်လေသည်။
"ကောင်းပါပြီ…"
ထိုသို့ သဘောတူညီမှု ရရှိပြီးနောက် ရှီရွှမ်းသည် မြေပုံအချက်အလက်များကို သူတို့၏ ဒေတာဘေ့စ် အတွင်းသို့ ကူးပြောင်းရင်း တိုးတိုးလေး ရေရွတ်နေခဲ့လေတော့သည်။
"ခေါင်းဆောင်သာ ဒါကို သိရင်တော့ တကယ့်ကို ဒေါသထွက်နေမှာပဲ…"
သူ အလုပ်ပြီးသွားသောအခါ ယောင်ရန်က ပြောလိုက်လေသည်။
"ကျွန်မ အခုပဲ ထွက်သွားတော့မယ်… အာယုကိုလည်း ဂရုစိုက်ပေးပါဦး…"
သူမ ခြေလှမ်းမလှမ်းရသေးမီမှာပင် ရှီရွှမ်းက သူမကို တားလိုက်လေသည်။
"ယောင်ရန်၊ ဒါကို ယူသွားဦး…"
ဂြိုဟ်တုဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်ပြီးနောက် ယောင်ရန်သည် ခေါင်းငြိမ့်ပြကာ ထိန်းချုပ်ရေးခန်းမှ ထွက်လာခဲ့လေသည်။ ကားပါကင်သို့ သွားရာလမ်းတွင် တင်းကျန့်ဖုန်း၊ မာဘန်ရွှမ်၊ ကွမ်းဟောက်ထျန်း၊ ချွမ်ယွမ်ဝေ နှင့် စီမာယွန် တို့နှင့် ဆုံခဲ့လေသည်။
သူမသည်လည်း သူတို့နှင့် လမ်းကြောင်းတူနေသည်ကို မြင်သဖြင့် ချွမ်ယွမ်ဝေက မေးလိုက်လေသည်။
"အစ်မယောင်... အပြင်ထွက်မလို့လား…"
ယောင်ရန်က ရပ်လိုက်ပြီး သူတို့လည်း ကားပါကင်ဘက်သို့ သွားနေသည်ကို မြင်သဖြင့် ပြန်မေးလိုက် လေသည်။
"ရှင်တို့လည်း အပြင်သွားမလို့လား…."
ချွမ်ယွမ်ဝေက ပြန်ဖြေလိုက်လေသည်။
"ဟုတ်ကဲ့၊ အရေးပေါ် ကူညီရေးစခန်းမှာ သွားကူမလို့ပါ…"
ယောင်ရန် ခဏမျှ စဉ်းစားပြီး မေးလိုက်လေသည်။
"ရှင်တို့ ကျွန်မရဲ့ မစ်ရှင်မှာ လိုက်ခဲ့ချင်လား…"
စီမာယွန်၏ မျက်လုံးများက စပ်စုလိုစိတ်ဖြင့် တောက်ပသွားလေတော့သည်။
"ဘာမစ်ရှင်လဲဗျ…"
"အနီးနားက စစ်ဆေးရေးဂိတ် သုံးခုကို ရိက္ခာသွားဖြည့်မလို့ပါ… ကျွန်မ တစ်ယောက်တည်း သွားမလို့ပဲ၊ ဒါပေမဲ့ ရှီရွှမ်းက အနည်းဆုံး ငါးယောက် ခေါ်သွားရမယ်ဆိုလို့…ရှင်တို့လည်း အပြင်ထွက်နေတာဆိုတော့ ကျွန်မနဲ့ အရင် လိုက်ခဲ့ပါလား… သိပ်မကြာပါဘူး၊ အဲဒါပြီးမှ အရေးပေါ် ကူညီရေးစခန်းကို သွားကြတာ ပေါ့…" ဟု ယောင်ရန်က ရှင်းပြလိုက်လေသည်။
ခဏမျှ စဉ်းစားပြီးနောက် မာဘန်ရွှမ်က သဘောတူလိုက်လေသည်။
"ကောင်းပါပြီ… ကျွန်တော် လိုက်ခဲ့မယ်… အရေးပေါ်စခန်းမှာ လူတွေ အများကြီး ကူညီပေးနေကြတာပဲ၊ နည်းနည်း နောက်ကျသွားတာက ပြဿနာမရှိပါဘူး…."
သူက သဘောတူလိုက်သဖြင့် ကျန်လေးယောက်ကလည်း ခေါင်းငြိမ့်လိုက်ကြလေသည်။
ယောင်ရန်က သူတို့ကို ကြည့်ကာ မေးလိုက်လေသည်။
"ရှင်တို့ တစ်ခုခု ကြိုပြင်ထားဖို့ လိုဦးမလား…"
တင်းကျန့်ဖုန်းက ခါးမှ သေနတ်ကို ပုတ်ပြကာ ပြုံးရင်း ပြောလိုက်လေသည်။
"အဆင်သင့်ပါပဲ…"
"ကောင်းပြီလေ၊ အဲ့ဒါဆို သွားကြရအောင်…" ဟု ယောင်ရန်က ပြောလိုက်လေသည်။
ငါးမိနစ်အကြာတွင် သူတို့ခြောက်ယောက်သည် လေကြောင်းရန်ကာကွယ်ရေးစခန်းမှ ထွက်ခွာလာပြီး တောင်အောက်သို့ ဆင်းလာခဲ့ကြလေသည်။
ယာဉ်မောင်းသူနေရာတွင် ထိုင်နေသော စီမာယွန်က မေးလိုက်လေသည်။
"အစ်မယောင်...ဘယ်ကို အရင်သွားမှာလဲ…"
ယောင်ရန်က နာရီပေါ်ရှိ မြေပုံကို ခဏမျှ ကြည့်ပြီးနောက် လမ်းညွှန်လိုက်လေသည်။
"ချန်လုံမြစ် ဘက်ကို မောင်းလိုက်ပါ…"
"နားလည်ပါပြီ…"
ယွမ်ချန်မြို့ ဇာတိဖြစ်သောကြောင့် စီမာယွန်သည် ပတ်ဝန်းကျင်ဒေသများကို ရင်းနှီးပြီးသားဖြစ်ပေ သည်။
သဘာဝဘေးအန္တရာယ်ကြောင့် အမြန်လမ်းမကြီးများ ပျက်စီးနေသော်လည်း အချို့အပိုင်းများသည် အသုံးပြု၍ ရနေသေးသည်။ လျှပ်စစ်ခြံစည်းရိုးများကို ဖြတ်ကျော်ပြီးနောက် သူသည် သံချပ်ကာကားကို အမြန်လမ်းပေါ်သို့ မောင်းတင်လိုက်သည်။ မိနစ်အနည်းငယ်ကြာ မောင်းပြီးနောက်တွင် ပုံပျက်ပန်းပျက် သတ္တဝါတစ်အုပ်နှင့် တိုးလေတော့သည်။
သူတို့၏ ရွံရှာဖွယ်ကောင်းပြီး ပုပ်ပွနေသော ပုံစံများကို ကြည့်ရင်း တင်းကျန့်ဖုန်းက မှတ်ချက်ပေးလိုက် လေသည်။
"ဒါတွေကို ဘယ်နှစ်ခါပဲ မြင်မြင်၊ ဘယ်တော့မှ မျက်စိယဉ်သွားမှာ မဟုတ်ဘူး…"
နောက်ခန်းတွင် ထိုင်နေသော ကွမ်းဟောက်ထျန်းကလည်း ထောက်ခံလိုက်လေသည်။
"ကျွန်တော်လည်း အတူတူပါပဲ…"
ထိုအခါ မာဘန်ရွှမ်က တည်ငြိမ်စွာပင် ပြောလိုက်လေသည်။
"ဒါတွေကို အသားတုံးတွေလို့ပဲ သဘောထားပြီး ကြိတ်ခြေလိုက်ရုံပါပဲ…"
သူ၏ မှတ်ချက်ကြောင့် ကျန်လူများမှာ ဆွံ့အသွားကြလေတော့သည်။
"..."
*ဒါတွေကို အသားတုံးလို့ ဘယ်လိုတောင် တွေးနိုင်ရတာလဲ… မင်းကတော့ တကယ့်ကို ထူးခြားတဲ့သူပဲ အစ်ကိုကြီးရာ…*