အခန်း ၂၂၂
Vol. 23 Ch. 222
အခန်း(၂၂၂)
ပြင်းထန်သော လက်ဝါးချက်သည် ရှောင်ရှန်း၏ ဆံခြည်မျှင် တစ်မျှင်ကိုမျှ မထိခိုက်စေခဲ့သည့်အပြင် တိုက်ဆိုင်စွာဖြင့် ထိုယဇ်ပူဇော် စင်မြင့်တစ်ခုလုံး၏ "အဓိက စွမ်းအင်ဗဟိုချက်"ကို တစ်ချက်တည်းနှင့် ရိုက်ချိုးဖျက်ဆီးပစ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
“အ... အား——"
ယဇ်ပူဇော်စင်မြင့်ထက်တွင် အချိန်ကိုက်ပင် အပြည့်အဝ ပုံသဏ္ဍာန် ဖော်ဆောင်ပြီးစီးလုနီးပါး ဖြစ်နေသော အထက်လောက၏ ခန္ဓာကိုယ်ပွားသည် နာကျင်ခြင်းများ ၊ မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေသော အသံဖြင့် အော်ဟစ်လိုက်သည်။
၎င်းနှင့် စင်မြင့်အကြားရှိ စွမ်းအင်ချိတ်ဆက်မှုမှာ ကြမ်းကြမ်းတမ်းတမ်း ဖြတ်တောက်ခံလိုက်ရသဖြင့် အဆက်မပြတ် စီးဆင်းနေသော နဂါးသွေးကြော စွမ်းအင်များ၏ ထောက်ပံ့မှုသည် ချက်ချင်းဆိုသလို ရပ်တန့်သွားခဲ့သည်။
၎င်း၏ ပုံရိပ်သည် လိုင်းမကောင်းသော ရုပ်ရှင်ကားချပ်တစ်ခုကဲ့သို့ ပြင်းပြင်းထန်ထန် မှိတ်တုတ်မှိတ်တုတ် ဖြစ်ကာ လွင့်ပျယ်လုနီးပါး ဖြစ်လာခဲ့သည်။
ဘဏ္ဍာတိုက်တစ်ခုလုံး တိတ်ဆိတ်ငြိမ်ကျသွားသည်။
ရပ်တန့်နေသော အချိန်စီးဆင်းမှုသည် ယခုမှပင် ပြန်လည် လည်ပတ်လာခဲ့သည့်အလား ထင်မှတ်ရသည်။
မိမိ၏ သွေးအနှစ်သာရကို လောင်ကျွမ်းရန် ပြင်ဆင်နေသော ယဲ့လင်ရွှမ်းမှာ နေရာမှာပင် ကျောက်ရုပ်ပမာ တောင့်ခဲသွားသည်။ ဓားထုတ်လျက်သား အနေအထားဖြင့် မျက်လုံးများ ပြူးကျယ်လို့နေကာ ဇဝေဇဝါဖြစ်နေ၏။
‘ဘာတွေ ဖြစ်သွားတာလဲ...'
‘စောစောက... ဘာတွေ ဖြစ်သွားတာလဲ.. ငါ အမြင်မှားတာလား ဒါမှမဟုတ် အိမ်ရှေ့စံမင်းသားရဲ့ ကိုယ်ပေါ်မှာ အကြောင်းအကျိုးကို ဖျက်ဆီးပြီး တိုက်ခိုက်မှုတိုင်းကို လွဲချော်စေနိုင်သော ရှေးဟောင်း ရတနာတစ်မျိုးမျိုး ရှိနေတာလား'
သူမ နားမလည်နိုင်ပေ။ မျက်စိရှေ့က လက်တွေ့မဆန်သော ဤမြင်ကွင်းသည် ထိပ်တန်း ပညာရှင်တစ်ယောက်အနေဖြင့် သူမ၏ သိမြင်နိုင်မှု အတိုင်းအတာထက် လုံးဝ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ၊ အဆိပ်အပ်များကို ဆုပ်ကိုင်ထားသော စူးဝမ်ချင်း၏ လက်ချောင်းလေးများမှာ အနည်းငယ် တုန်ယင်နေခဲ့သည်။
သူမသည် နေရာတွင် မည်သည့်အန္တရာယ်မျှ မရှိဘဲ ထိုင်နေရုံသာမက ဖင်တစ်ချက်ရွေ့ကာ လရောင်ခြည်ကို အကဲဖြတ်နေပုံရသော ရှောင်ရှန်းကို ကြည့်ရင်း၊ ရယ်စရာကောင်းသော အတွေးတစ်ခုက သူမ၏ နှလုံးသားထဲမှနေ၍ ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်လာခဲ့သည်။
‘ဒါ... ဒါဆိုရင် ဒီအိမ်ရှေ့စံမင်းသားရဲ့ တကယ့် စွမ်းရည်က “ပြောတဲ့အတိုင်း ဖြစ်စေရမယ်" ဆိုတဲ့ အမိန့်ပေးနိုင်တဲ့အဆင့်ထိ ရောက်ရှိနေပြီး ...ရန်သူရဲ့ တိုက်ခိုက်မှုတွေကပါ သူ့စကားကို နားထောင်ရတဲ့အဆင့်အထိ ရောက်နေခဲ့ပြီပေါ့...'
ဘဏ္ဍာတိုက် အပြင်ဘက်တွင် ရှိနေခဲ့သော ချင်ချန်းမှာလည်း ဆွံ့အစွာဖြင့် ကြောင်တောင်တောင် ရပ်နေမိသည်။ သူ မြင်လိုက်ရသည်က ထိုထိတ်လန့်ဖွယ်ရာ မိစ္ဆာလက်သည်းကြီး၏ ရိုက်ချမှုကို မိမိတို့၏ အရှင့်သားက အနည်းငယ် ရှောင်တိမ်းလိုက်ရုံမျှဖြင့်၊ မိစ္ဆာလက်သည်းကြီးသည် သူ့အလိုလို လမ်းကြောင်းပြောင်းပြီး နံရံကို သွားရောက်ရိုက်ခတ်သွားခြင်း ဖြစ်သည်။
အတွေးအမြင် ကောင်းလှသော ဤစစ်သူကြီး၏ ပထမဆုံးသော တုံ့ပြန်မှုမှာ ဤသို့ပင် ဖြစ်သည်။
' ပြောင်မြောက်လွန်းတယ်... တော်ဝင်မိသားစုရဲ့ အရင်းအမြစ်က တကယ်ကို နက်ရှိုင်းတာပဲ.. အိမ်ရှေ့စံမင်းသားရဲ့ ကိုယ်ပေါ်မှာ ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ပေးသနားထားတဲ့ အစောင့်အရှောက် နတ်ဘုရားလက်နက်တစ်ခုခု ရှိနေတာ သေချာတယ်'
သူတို့အားလုံး၏ စိတ်ထဲတွင် အတွေးများစွာဖြင့် ရှုပ်ထွေးနေသော်လည်း ၊ အားလုံးကို စုစည်းလိုက်ပါက စကားတစ်ခွန်းတည်းသာ ရှိသည်။
ဆန်းကြယ်လွန်းပြီး နားမလည်နိုင်သော်လည်း... အံ့အားသင့်စရာ ကောင်းလှသည်။
ဤကဲ့သို့ ဆန်းကြယ်သော တိတ်ဆိတ်မှုထဲတွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော အထက်လောက၏ ခန္ဓာကိုယ်ပွားသည်လည်း ကိုယ့်လုပ်ရပ်အပေါ် အံ့အားသင့်ကာ ကြောင်အမ်းနေရာမှ နောက်ဆုံးတွင် ပြန်သတိကပ်လာပုံရသည်။
စင်ကြယ်သော စွမ်းအားများဖြင့် ဖွဲ့စည်းထားသော အေးစက်စက် မျက်ဝန်းတစ်စုံသည် ရှောင်ရှန်းပေါ်သို့ ပစ်မှတ်ထားကာ ကျရောက်လာ၏။
ယခုတစ်ကြိမ်တွင်မူ သူသည် ထပ်မံ၍ မတိုက်ခိုက်တော့ဘဲ လူသားခန္ဓာ ပုံသဏ္ဍာန် ထိန်းသိမ်းထားခြင်းကို စွန့်လွှတ်လိုက်ကာ၊ မကောင်းဆိုးဝါး အငွေ့အသက်များဖြင့် ပြည့်နှက်နေသော နတ်အသိစိတ် တစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။
ထို့နောက် အခင်းဖြစ်ပွားရာ နေရာရှိ သတိရနေသူအားလုံး၏ စိတ်ထဲသို့ စက္ကန့်ပိုင်းအတွင်း ကျူးကျော်ဝင်ရောက်သွားခဲ့သည်။
“မွေးရာပါ တာအိုသန္ဓေသားလောင်း... ငါကိုယ်တော် မင်းကို မှတ်မိပြီ"
ဤအသံသည် လူသားတစ်ယောက်၏ ဘာသာစကားနှင့် မတူသော်လည်း၊ ၎င်း၏ အဓိပ္ပာယ်ကို စက္ကန့်ပိုင်းအတွင်း နားလည်စေနိုင်သည်။ ၎င်းသည် အထက်စီးဆန်ပြီး မကျေနပ်မှုများ နှင့် သားကောင်ကို ရှာဖွေတွေ့ရှိသွားသည့်အလား အလိုလောဘ တက်မက်မှုများဖြင့် စိုက်ကြည့်လာ၏။
“မွေးရာပါ တာအိုသန္ဓေသားလောင်း” ဟူသော စကားလုံးများသည် ယဲ့လင်ရွှမ်း၊ စူးဝမ်ချင်းနှင့် ကျိုးရှင်းယွမ်တို့၏ ဦးနှောက်ထဲ၌ မိုးကြိုးတစ်စင်း ပစ်ချခံလိုက်ရသကဲ့သို့ တစ်ပြိုင်နက်တည်း ကျိန်းစက်သွားသည်။
ကျိုးရှင်းယွမ်၏ မူလက မှေးမှိန်နေသော မျက်ဝန်းထဲ၌ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။ ဆေးဘုရင်တောင်ကြား၏ ရှေးဟောင်းကျမ်းစာများထဲတွင် ဤကဲ့သို့သော လောကီပြင်ပ ခန္ဓာကိုယ်အကြောင်းနှင့် ပတ်သတ်၍ စာသားအနည်းငယ် ရေးသားထားသည်။
ဤသည်မှာ နိယာမတရား အားလုံး၏ မြစ်ဖျားခံရာ၊ မဟာလမ်းစဉ်၏ အစပြုခြင်းပင်တည်း။
ယဲ့လင်ရွှမ်းသည်လည်း အလားတူ သဘောပေါက် နားလည်သွားခဲ့သည်။ တားမြစ်ချက်ကို မတော်တဆ ဖျက်ဆီးနိုင်ခဲ့ပြီး၊ ထိုထိတ်လန့်ဖွယ်ရာ ဖိအားအောက်တွင် မည်သည့် ဘေးအန္တရာယ်မှ မရှိဘဲ နေနိုင်ခဲ့ခြင်းမှာ မွေးရာပါ တာအိုသန္ဓေသားလောင်း ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်သည်။
လူတိုင်း အံ့အားသင့်နေကြစဉ် ၊ ထိုနတ်အသိစိတ်မှာ ပျောက်ကွယ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် နောက်ဆုံးသော စွမ်းအင်ထောက်တိုင် ပျောက်ကွယ်သွားခဲ့ရသော ယဇ်ပူဇော် စင်မြင့်တစ်ခုလုံးသည် ပြိုလဲပျက်စီးတော့မည့် အရိပ်အယောင်ကို ပြသလာသည်။
“ဝုန်း——”
နောက်တစ်စက္ကန့်တွင် ယဇ်ပူဇော်စင်မြင့်ကြီး တစ်ခုလုံးသည် ဟိန်းဟောက်သံနှင့်အတူ ဝုန်းခနဲ့ ပေါက်ကွဲကာ ပြိုကျပျက်စီးသွားခဲ့သည်။
“ဝုန်း———”
ယဇ်ပူဇော်စင်မြင့်၏ နောက်ဆုံးပေါက်ကွဲမှုမှာ မည်သူမျှ တွေးဆမထားမိလောက်အောင် ပြင်းထန်လွန်းသည်။
၎င်းမှာ ရိုးရိုးတန်းတန်း စွမ်းအင်ပေါက်ကွဲမှုမျိုး မဟုတ်ဘဲ နဂါးသွေးကြောစွမ်းအင်၊ ဆေးတစ်သောင်းဂိုဏ်းမှ ရာစုနှစ်များစွာ စုဆောင်းထားသော နာကျည်းစိတ်ဝိညာဉ်များနှင့် အထက်ဘုံမှ ကျဆင်းလာသည့် မလိုလားအပ်သော နတ်ဘုရားအတွေး စသည့် သုံးမျိုးစပ်လျက် အထိန်းအချုပ်မဲ့ကာ ပေါက်ကွဲထွက်သွားခြင်းဖြစ်သည်။
သွေးနီရောင် လှိုင်းတံပိုးများသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပြင်းပြင်းထန်ထန် လွင့်စဉ်ရိုက်ခတ်သွားသည်။
“အစီအရင်ပြင် ၊ ခုခံ..."
ချန်ချင်းသည် လက်ထဲမှ ဓားရှည်ကို မြေပြင်သို့ အားကုန်စိုက်ချလိုက်သည်။ သူ၏ နောက်ကွယ်မှ အရည်အချင်းပြည့်ဝသော စစ်သည်များကလည်း အစီအရင်ကို ချက်ချင်းခင်းကျင်းလိုက်ရာ ၊ ၎င်းတို့၏ စွမ်းအားများသည် ဒိုင်းကာ တံတိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ပထမဆုံးလှိုင်းတံပိုးကို ကြံ့ကြံ့ခံခဲ့သည်။
သို့သော်လည်း စစ်သည်အားလုံး၏ ခြေဖဝါးအောက်က မြေပြင်များမှာ အက်ကွဲကုန်၏။ ဘဏ္ဍာတိုက်အတွင်းရှိ ယဲ့လင်ရွှမ်းသည်လည်း ပထမဆုံးရိုက်ခတ်မှုကို ခံလိုက်ရသည်။
သူမသည် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို အထွတ်အထိပ်သို့ မြှင့်တင်လိုက်သည်။အပြာရောင် ဓားအလင်းတန်းသည် ဖူးပွင့်လာသော ကြာပန်းတစ်ပွင့် အသွင်အဖြစ် သူမနှင့် သူမ၏နောက်တွင် ရှ်ိနေသော စူးဝမ်ချင်း နှင့် ကျိုးရှင်းယွမ်တို့ကို ကာကွယ်ပေးထားသည်။