အခန်း ၂၂၃
Vol. 23 Ch. 223
အခန်း (၂၂၃) - ဒီအိုးမည်းကို ငါပဲ လက်ခံလိုက်မယ်
သို့သော် ထိုကြမ်းတမ်းစွာ ရိုက်ခတ်လာသော စွမ်းအင်လှိုင်းတံပိုးများသည် တစ်ချက်တည်းဖြင့် ဓားကြာပန်းအလင်းကို မှေးမှိန်သွားစေသည်။ တစ်ချိန်တည်းမှာပင် ယဲ့လင်ရွှမ်းမှာ သွေးတစ်လုတ် အန်ထွက်ကာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွား၏။
စူးဝမ်ချင်းသည် ကျိုးရှင်းယွမ်ကို သူမ၏ကိုယ်အောက်တွင် ထားကာ အသက်ဘေးမှ အသည်းအသန် ကာကွယ်ပေးထားပြီး ၊ ဓားအလင်းတန်းကို ဖောက်ထွက်လာသော အကြွင်းအကျန် စွမ်းအင်လှိုင်းတံပိုးများကို ကျောပြင်ဖြင့် ကြံ့ကြံ့ခံထားသည်။
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အကာအကွယ် အဆောင်လက်ဖွဲ့အချို့မှာ ဆက်တိုက်ပေါက်ကွဲလျက် ပြာမှုန့်များအဖြစ် ပြောင်းလဲသွားသည်။
ဤကဲ့သို့ ပရမ်းပတာဖြစ်ရပ်များကြား ဗဟိုချက်တွင် ရှ်ိနေသော ရှောင်ရှန်းသည် သူ၏ဖင်အောက်မှ တွန်းကန်အားကြီးတစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး လေထဲသို့ လွင့်ထွက်သွား၏။
'သွားပြီ.. ခွေးကျကျတော့မယ်'
ဤသည်က ပျင်းရိငြီးငွေ့မှုကိုသာ အမြဲတမ်း ရှာဖွေတတ်သော သူ၏ဦးနှောက်ထဲက တစ်ခုတည်းသော အတွေးပင် ဖြစ်သည်။
သက်သောင့်သက်သာ နေထိုင်ရေးကိုသာ အလိုလိုတောင့်တမိသော ဗီဇကြောင့် သူသည် လေထဲတွင် ခြေလက်အစုံကို သုံးလျက် မိမိအား လုံခြုံမှုအပေးနိုင်ဆုံး ၊ စောနလေးကမှ ထိုင်လို့ပူနွေးစပြုလာသည့် 'နှစ်တစ်ထောင် ရေခဲကျောက်ကုတင်' ကို အသည်းအသန် ဖက်တွယ်ထားလိုက်သည်။
ထိုအခိုက်အတန့်တွင် ဆန်းကြယ်သော အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။
ထိုရေခဲကျောက်ကုတင်ကို သူဖက်လိုက်သည်နှင့် ကုတင်ဆီမှ အေးစက်သော အအေးဓာတ်များက အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး၊ ပေါက်ကွဲမှု၏ ပူပြင်းသော စွမ်းအင်လှိုင်းတံပိုးများနှင့် ထိတွေ့သွားခဲ့သည်။ လှိုင်းတံပိုးများ၏ ရိုက်ခတ်မှု အများစုကို ထိုအအေးဓာတ်က ဓာတ်ပြယ်စေကာ ခုခံပေးခဲ့သည်။
ထို့ကြောင့် ယဲ့လင်ရွှမ်းနှင့် စူးဝမ်ချင်းတို့၏ အံ့ဩမှင်သက်နေသော အကြည့်များအောက်တွင် ၊
ရှောင်ရှန်းတစ်ယောက် ဧရာမကျောက်ကုတင်ကြီးကို ဖက်တွယ်လျက်သား မြေပြင်ပေါ်သို့ "ဘုန်း" ခနဲ လူရောကုတင်ပါ ဒဏ်ရာအနာတရမရှိ လိမ့်ကျသွားပြီး ဖုန်မှုန့်များ ထောင်းထောင်းထသွားသည်။
ပေါက်ကွဲသံကြီး တဖြည်းဖြည်း ငြိမ်သက်သွားပြီးနောက် ၊ ထောင်းထောင်းထနေသော ဖုန်မှုန့်များနှင့် လောင်ကျွမ်းကျန်ရစ်သော စွမ်းအင်အငွေ့အသက်များသာ ကျန်ရစ်ခဲ့သည်။
အသက်အန္တရာယ်မှာ ကင်းလွတ်သွားဟန် ရသည်။ ယဲ့လင်ရွှမ်းသည် ပွက်ပွက်ဆူနေသော သွေးစွမ်းအင်များကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး ဓားကို မြဲမြံစွာ ဆုပ်ကိုင်ထား၏။
သူမသည် ရရှိထားသော ဒဏ်ရာများကိုလည်း ဂရုမစိုက်နိုင်သလို ၊ သေဆုံးသွားသော ဆေးတစ်သောင်းဂိုဏ်းမှ လူများကိုလည်း လှည့်မကြည့်ဘဲ မြေပြင်တွင် လှုပ်တုပ်တုပ် ရွေ့လျားနေသော အရိပ်တစ်ခုကိုသာ စိုက်ကြည့်နေခဲ့သည်။
ရှောင်ရှန်းသည် ကိုယ်ပေါ်မှ ဖုန်များကို ခါထုတ်လိုက်ပြီး ဘေးနားက ရေခဲကျောက်ကုတင်ကို တယုတယ ပွတ်သပ်ရင်း ရင်တထိတ်ထိတ် ဖြစ်နေရှာသည်။ သေဘေးနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် မဟုတ်ဘဲ မိမိ၏ ရင်နှစ်သည်းချာ အဖိုးတန်ကုတင်ကြီး၏ ထောင့်စွန်းလေး ပွန်းပဲ့သွားမည်ကို စိုးရိမ်နေခြင်းသာ ဖြစ်သည်။
“ကဲ.. အခု ရှင်းပြလို့ရပြီလား၊ အရှင့်သား "
ယဲ့လင်ရွှမ်း၏ အသံမှာ အေးစက်ပြီး မေးခွန်းထုတ်သည့် လေသံမျိုးဖြစ်သည်။ သူမသည် တစ်လှမ်းချင်း လျှောက်လာပြီး ၊ ခြေဖဝါးအောက်ရှိ ကျောက်စရစ်ခဲများမှာ သူမ၏ ဓားဆန္ဒကြောင့် ကြေမွကုန်၏။
“အထက်ဘုံက မိစ္ဆာက ဘာလို့ ရှင့်ကို နာမည် တပ်ပြီး ရှာရတာလဲ ပြီးတော့ ‘မွေးရာပါ တာအိုသန္ဓေသားလောင်း’ ဆိုတာကရော ဘာလဲ"
လေထုသည် တစ်ဖန်ပြန်လည် အေးခဲသွားပြန်သည်။ ချန်ချင်းသည် ထိုစကားကို ကြားသည်နှင့် မျက်နှာအမူအရာမှာ တည်တံ့သွားပြီး စူးဝမ်ချင်းသည်လည်း ရင်တထိတ်ထိတ်ဖြင့် ရှောင်ရှန်းကို စိုက်ကြည့်နေသည်။
'ရှင်းပြရမယ်....'
ရှောင်ရှန်း၏ ရင်ထဲ ဒိတ်ခနဲ့ ဖြစ်သွား၏။
' ဒါကို ဘယ်လိုရှင်းပြရမှာတုန်း...ငါလည်း မသိဘူးလေ... ငါ မွေးကတည်းက အရိုးအဆစ်ထူးခြားပြီး လှဲနေဖို့ပဲ သင့်တော်လို့ အထက်ဘုံက တန်ခိုးရှင်က ငါ့ခန္ဓာကိုယ်နဲ့ အပန်းဖြေချင်လို့ လုဖို့ကြံနေတာလို့ပဲ ပြောရမလား...'
' ဒါပေမဲ့ ဒီစကားကို ဘယ်သူက ယုံမှာတုန်း...'
သေချာ မရှင်းပြနိုင်ပါက ၊ အဆုံးမရှိသော ဒုက္ခများ ရောက်လာပေတော့မည်။ တစ်လောကလုံး၏ လောဘတကြီး ကြည့်ရှုနေကြသော မျက်ဝန်းများနှင့် သူ့ကို အစိတ်စိတ်အမြွှာမြွှာ လှီးဖြတ်ကာ စမ်းသပ်ကြတော့မည့် ဂိုဏ်းကြီးများကို မြင်ယောင်လာမိသည်။
ထိုသို့တွေးမိသည်နှင့် ရှောင်ရှန်းတစ်ယောက် ခေါင်းမာမာဖြင့် လက်နှစ်ဖက်ကို ဖြန့်ကာ " အဲ့လိုဆိုတောင် မင်း ငါ့ကို ဘာလုပ်န်ိုင်မှာလဲ” ဆိုသည့် မျက်နှာပေးမျိုးဖြင့် ဆိုလိုက်၏။
“ဟုတ်တယ်၊ သူက ငါ့ဆီ လာတာ"
သူ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပြီး ရင်ဘတ်ကိုပင် မတ်မတ်ဆန့်ပြလိုက်သေးသည်။
ယဲ့လင်ရွှမ်းမှာ သူ၏ အမူအရာကြောင့် ဆွံ့အသွားပြီး ဒေါသထွက်မည့်ဆဲဆဲတွင် ရှောင်ရှန်းက ရန်စသည့် လေသံဖြင့် ဆက်ပြောလာ၏။
“ဘာလဲ.. မင်းက ငါ့ကို ဖမ်းပြီး ဆုလာဘ်သွားတောင်းမလို့လား ဒါမှမဟုတ် နောက်ထပ်ပေါ်လာမယ့် အထက်ဘုံမိစ္ဆာဆီ ငါ့ကို လက်ဆောင်အဖြစ် ပို့ပြီး အကျိုးအမြတ်ယူမလို့လား"
“နင်……”
ယဲ့လင်ရွှမ်းမှာ ဒေါသကြောင့် ရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည် ဖြစ်လို့နေသည်။ သူမ လောကအလယ် ကျင်လည်ခဲ့စဉ်တစ်လျှောက် မိစ္ဆာများကို နှိမ်နင်းခဲ့ရာတွင် အရှက်မရှိသူများစွာကို မြင်ဖူးသော်လည်း ဤမျှ အရှက်မရှိဘဲ ပြောင်ပြောင်တင်းတင်း လူလည်ကျရဲသော အိမ်ရှေ့မင်းသားမျိုးကို တစ်ခါမျှ မမြင်ဖူးချေ။
“မိန်းကလေး ယဲ့၊ ကျေးဇူးပြုပြီး စိတ်လျှော့ပါဦး"
စူးဝမ်ချင်းက ကြားထဲမှ ဝင်တားကာ ဖျောင်းဖျရှာသည်။
“ဒီကိစ္စက ထူးဆန်းမှုတွေ ရှိနေတယ်...အရှင့်သားက မင်းမြင်သလို လူမျိုးမဟုတ်ပါဘူး၊ ဒီခရီးလမ်း တစ်လျှောက်လုံး အရှင့်သားသာ မရှိရင် ကျွန်မတို့တွေ အစောကြီးကတည်းက……”
သို့သော် ရှောင်ရှန်းက စူးဝမ်ချင်း၏ ကာကွယ်စကားကို စိတ်မရှည်သလို လက်ကာပြလိုက်သည်။
' ဒီလောက်ထိ ခေါင်းမာတဲ့ မိန်းမမျိုးကို အကျိုးအကြောင်း ရှင်းပြနေရတာ အရမ်းပင်ပန်းတယ်....'
သူသည် ယဲ့လင်ရွှမ်းကို ကျော်ကာ လျှောက်လှမ်းလာသော ချန်ချင်းကို ကြည့်ပြီး အသံကို မြှင့်လျက် ပြောဆိုလိုက်သည်။
“စစ်သူကြီးချန်"
“ အမိန့်ရှိပါ အရှင့်သား”
ချန်ချင်းက ဦးညွှတ်ကာ နာယူလိုက်သည်။
ရှောင်ရှန်းသည် အပျက်အစီးများကြား တွေ့ရာလက်ညိုးထိုးလျက် စစ်နိုင်ပစ္စည်းများကို ခွဲဝေပေးနေသည့်အလား ကျယ်လောင်စွာ ပြောလိုက်သည်။
“ဒီနေရာက အဆိပ်တစ်သောင်းဂိုဏ်းရဲ့ အခြေစိုက်စခန်းပဲ.. အခု ငါတို့တွေ တစ်ချက်တည်းနဲ့ အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ပြီး ရရှိတဲ့ သုံ့ပန်းနဲ့ ပစ္စည်းတွေကလည်း အများကြီးပဲ..."
" အကျိုးဆောင်မှုကြီးက အတော်ကြီးမားတယ် ဒါပေမဲ့ ဒီနေရာရဲ့ လှုပ်ရှားမှုက အရမ်းကြီးပြီး အထက်ဘုံနဲ့လည်း ဆက်နွှယ်နေတော့ နောက်ဆက်တွဲကိစ္စတွေက ရှုပ်ထွေးပြီး ဇာတ်လမ်းများလိမ့်မယ်"
"သိုင်းလောက အင်အားစုတွေရဲ့ လောဘတက်တာကို ခံရနိုင်သလို သာရှမင်းဆက် နန်းတွင်းရေးရာ စစ်ဆေးမေးမြန်းမှုတွေလည်း ရှိလာနိုင်လို့ ဒုက္ခများတယ်"
ချန်ချင်းက လက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြသည်။ ယဲ့လင်ရွှမ်းကလည်း မျက်မှောင်ကြုတ်လျက် ဤအိမ်ရှေ့မင်းသား ဘာလှည့်ကွက်သုံးတော့မည်ကို စောင့်ကြည့်နေသည်။
ထိုစဉ် ရှောင်ရှန်းတစ်ယောင် စကားလမ်းကြောင်းလွှဲကာ သူမကို လက်ညှိုးထိုးပြလျက် တောက်ပသော အပြုံးကြီးဖြင့် ပြောချလိုက်၏။
“ဒါကြောင့်.. ငါကိုယ်တော် ဆုံးဖြတ်လိုက်ပြီ"
သူ၏ တစ်လုံးချင်းစီ ရဲရဲဝံဝံ ပြောဆိုလိုက်သော အသံသည် ဘဏ္ဍာတိုက်အတွင်း ပဲ့တင်ထပ်သွားသည်။
“ဆေးတစ်သောင်းဂိုဏ်းကို နှိမ်နင်းပြီး အထက်ဘုံမိစ္ဆာရဲ့ ပူးပေါင်းကြံစည်မှုကို ဖျက်ဆီးနိုင်ခဲ့တဲ့ အကျိုးဆောင်မှုကြီးကို... အမှားအမှန်ကို ခွဲခြားသိမြင်ပြီး ရှေ့တန်းကနေ သတ္တိရှိရှိ တိုက်ပွဲဝင်ခဲ့တဲ့ တစ်ချက်တည်းနဲ့ ကောင်းကင်ဘုံကို တုန်လှုပ်စေခဲ့တဲ့ ‘ယဲ့လင်ရွှမ်း ယဲ့သူရဲကောင်းမယ်’ ကို ပေးလိုက်မယ်"
“……”
တစ်ကွင်းလုံး တိတ်ဆိတ်ငြိမ်ကျသွားသည်။
စူးဝမ်ချင်းမှာ ပါးစပ်အဟောင်းသားဖြင့် ဆွံ့အနေပြီး ၊ ချန်ချင်း၏ တည်ကြည်သော မျက်နှာကြီးမှာလည်း လှုပ်တုပ်တုပ် ဖြစ်နေကာ ပြုံးမိတော့မည့်အရေးကို အတင်းအောင့်ထားရသည်။
ယဲ့လင်ရွှမ်းတစ်ယောက်မှာမူ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ကျောက်ရုပ်ပမာ တောင့်ခဲသွားသည်။