အခန်း ၂၂၄
Vol. 23 Ch. 224
အပိုင်း(၂၂၄)
" အကျိုးဆောင်မှု အကုန်လုံးကို...ငါ့ကို ပေးတယ်...'
သူမသည် ဦးနှောက်မဲ့သူ မဟုတ်သဖြင့် ဤ ' အကျိုးဆောင်မှုကြီး' ဟူသော စကားလုံးနောက်ကွယ်မှ လေးလံသော ဖိအားကို ချက်ချင်း သဘောပေါက်လိုက်သည်။
ဆိုလိုသည်မှာ သူမအနေဖြင့် သာရှမင်းဆက်တစ်ခုလုံးရှိ သိုင်းလောကသားများကို သူမတစ်ယောက်တည်း အစွမ်းဖြင့် စုံစမ်းရေးအဖွဲ့နှင့် ဂိုဏ်းကြီးများပင် ခေါင်းခဲရသော ဆေးတစ်သောင်းဂိုဏ်းအား မည်သို့ချေမှုန်းခဲ့ရသည်ကို လိုက်လံ ရှင်းပြရပေတော့မည်။
ထို့အပြင် သူမသည် တော်ဝင်နန်းတော်၏ ဆုလာဘ်များနှင့် မဆုံးနိုင်သော စစ်ဆေးမေးမြန်းမှုများကို တစ်ယောက်တည်း ရင်ဆိုင်ရမည်ဖြစ်ပြီး ၊ အထက်ဘုံမိစ္ဆာများ၏ နောက်ထပ် ပစ်မှတ် ဖြစ်လာပေတော့မည်။
အဘယ်ကြောင့်ဆိုသော် လူတိုင်း၏ အမြင်တွင် သူမကသာ ထိုသူတို့၏ အကြံအစည်ကို ဖျက်ဆီးခဲ့သူ ဖြစ်နေသောကြောင့်ပင်။
'ဒါက ဘယ်ကလာ အကျိုးဆောင်မှုကြီး ဖြစ်မှာတုန်း....'
' ဒါက မီးခိုးတလူလူထွက်နေတဲ့ 'အိုးမည်းကြီး' (သူတစ်ပါးကိုယ်စား ဒုက္ခခံရခြင်း) ကို သူမခေါင်းပေါ် လာတင်ပေးတာပဲ...'
ဤကိစ္စကို တာဝန်ယူရမည့် သူမ၏ မျက်စိရှေ့က အိမ်ရှေ့မင်းသားသည် “ရဲဘော် မင်း ပင်ပန်းရကျိုးနပ်ပါတယ်”၊ “ဒီဂုဏ်ထူးဆောင်ဘွဲ့ကြီးက မင်းနဲ့ ထိုက်တန်ပါတယ်” ဆိုသည့် အားရကျေနပ်သော မျက်ဝန်းများဖြင့် သူမကို ကြည့်နေပြီး ဒုက္ခကြီးတစ်ခုကို လွှဲချနိုင်ခဲ့သည့်အလား လုပ်နေ၏။
ယဲ့လင်ရွှမ်းသည် ရှောင်ရှန်း၏ “ဒီအိုးမည်းကို နင်ပဲ ထမ်းတော့” ဆိုသည့် လူလည်ကျသော မျက်နှာပေးကို ကြည့်ပြီးနောက် ၊ ဘေးနားက ချန်ချင်းနှင့် စူးဝမ်ချင်းတို့ကို လှည့်ကြည့်လိုက်သည်။
ချန်ချင်းက “အရှင့်သား အမိန့်အတိုင်းပါ” ဟူသော တည်ကြည်မှုဖြင့် ရှိနေပြီး၊ စူးဝမ်ချင်းကမူ “တစ်ခုခုတော့ မှားနေသလိုပဲ ဒါပေမဲ့လည်း အကျိုးအကြောင်း ရှိသလိုလိုပဲ” ဟူသော ဝေဝေဝါးဝါး မျက်နှာပေးဖြင့် ရှိနေ၏။
တစ်ခါမျှ မကြုံဖူးသော အမျက်ဒေါသနှင့် မကျေနပ်မှုက သူမ၏ ငယ်ထိပ်သို့ ဆောင့်တက်လာလေ၏။
“ကောင်းပြီလေ"
သူမသည် ရှောင်ရှန်းကို အစိမ်းလိုက်ဝါးစားမတတ် စိုက်ကြည့်နေပြီး သွားကြားထဲမှ စကားလုံးများကို ညှစ်ထုတ်ကာ ပြောလိုက်သည်။
“ဒီအကျိုးဆောင်မှုကို ငါ မလိုဘူး ဒါပေမယ့် ဒီပြဿနာကို နင်နဲ့ အဆုံးထိ ဖြေရှင်းပေးမယ် ...နင် တကယ်ဘာလုပ်ချင်နေလဲဆိုတာ ငါ မြင်ချင်သေးတယ်"
ယဲ့လင်ရွှမ်း၏ တုံ့ပြန်မှုကြောင့် လေထုသည် အခိုက်အတန့်မျှ အေးခဲသွားသည်။ စစ်သူကြီးချန်နှင့် စူးဝမ်ချင်းတို့နှစ်ဦးစလုံး ဤမျှ ဖြောင့်မတ်တည်ကြည်ပုံရသော သူရဲကောင်းမယ် တစ်ယောက်က ဤကဲ့သို့ အဆိပ်အတောက်များဖြင့် ပြည့်နှက်နေသည့် ‘အိုးမည်းကြီး (ဂုဏ်ထူးဆောင်ဘွဲ့ကြီး)’ ကို တကယ်ကြီး လက်ခံလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
ရှောင်ရှန်းလည်း အံ့အားသင့်နေ၏။ ထိုမိန်းမသည် ဒေါသတကြီးဖြင့် လှည့်ထွက်သွားကာ သိုင်းလောကတွင် နောက်ထပ် ဆုံတွေ့တော့မည်မဟုတ်ဘဲ အေးအေးဆေးဆေး နေရတော့မည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် သူမဘက်က ဤသို့တုံ့ပြန်လာလိမ့်မည်ဟု မျှော်လင့်မထားမိချေ။ ထို့အပြင် ဒေါသဆွပေးခံလိုက်ရသော ကြောင်တစ်ကောင်ပမာ ထွက်မပြေးသည့်အပြင် လက်သည်းများပါ ထုတ်ပြလျက် သူ့နောက်သို့ အရိပ်ပမာ ကပ်လိုက်ရန် ပြင်ဆင်နေလေ၏။
“ကောင်းတယ်..ကောင်းတယ်၊ အရမ်းကောင်းတယ်”
ယဲ့လင်ရွှမ်းသည် ရှောင်ရှန်းကို စိုက်ကြည့်နေပြီး သူမ၏ ထက်မြက်သော ဖီးနစ်မျက်ဝန်းတစ်စုံက ဒေါသမီးလျှံများဖြင့် တောက်လောင်နေ၏။
“အိမ်ရှေ့မင်းသားက ဒီလောက်တောင် ‘သဘောထားကြီး’ နေမှတော့ ဒီအိုးမည်းကို ကျွန်မ ယဲ့လင်ရွှမ်းကပဲ ထမ်းပိုးပေးပါ့မယ်"
"ဒီနေ့ကစပြီး နင်ဘယ်သွားသွား ငါလိုက်မယ်...နင်လို ‘မွေးရာပါ တာအိုသန္ဓေသားလောင်း’ က ဒီသာရှမင်းဆက်ရဲ့ နယ်မြေထဲမှာ ဘယ်လို မုန်တိုင်းတွေ ထန်အောင် လုပ်ဦးမလဲဆိုတာ ငါ့မျက်စိနဲ့ တပ်အပ် စောင့်ကြည့်ရသေးတာပေါ့"
သူမသည် ဘေးနားမှနေ၍ အနီးကပ် ‘စောင့်ကြည့်’ ရန် ခိုင်ခိုင်မာမာ စိတ်ပိုင်းဖြတ်ထားခြင်း ဖြစ်သည်။ ချန်ချင်းသည် ထိုစကားကို ကြားသောအခါ ကန့်ကွက်ခြင်းမရှိသည့်အပြင် မျက်ဝန်းထဲ၌ ချီးကျူးရိပ်များပင် ဖြတ်ပြေးသွား၏။
ယဲ့လင်ရွှမ်းကဲ့သို့သော ထိပ်သီးသိုင်းပညာရှင်တစ်ယောက်က အိမ်ရှေ့မင်းသား၏အနားတွင် အနီးကပ် လိုက်ပါစောင့်ရှောက်ပေးခြင်းမှာ တောင်းဆို၍ပင် မရနိုင်သည့် အခွင့်အရေးမျိုး ဖြစ်သည်။
သူသည် ချက်ချင်းပင် ဦးညွှတ်ကာ ဆိုလိုက်၏။
" ယဲ့ သူရဲကောင်းမယ်ရဲ့ မြင့်မြတ်တဲ့ စိတ်ထားကို ကျွန်တော် ချန်ချင်း အလွန် လေးစားမိပါတယ်.. သင်ရှိနေရင် အရှင့်သားရဲ့ ဘေးကင်းလုံခြုံရေးက ပိုပြီး စိတ်ချရတာပေါ့"
ဤသို့ဖြင့် ယဲ့လင်ရွှမ်းမှာ နောင်တရချင်လျှင်ပင် ဆင်းစရာ လှေကားမရှိတော့ချေ။
ရှောင်ရှန်းတစ်ယောက် မိမိဘာသာ အိမ်တိုင်ရာရောက် လာအပ်သော ဤဒုက္ခတုံးကြီးကို ကြည့်ကာ ရင်ထဲတွင် မချိတင်ကဲ ညည်းတွားနေမိသည်။
သူ အကြောက်ဆုံးအရာမှာ တက်ကြွလွန်းပြီး တာဝန်သိစိတ် လွန်ကဲနေကာ ၊ မိမိ၏ အတွင်းစိတ်ကို ထိုးထွင်းမြင်နိုင်သည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်နေတတ်သော ‘တရားမျှတမှု အလံကိုင်တော်လှန်ရေးသမား’ မျိုးပင် ဖြစ်သည်။ ထိုကဲ့သို့သော လူစားမျိုးက နေ့စဉ်နှင့်အမျှ နားနား၌ လာရောက်ပွစိပွစိ ပြောဆိုနေမည်ဆိုပါက အမတ်ကြီးလင်းထက်ပင် ပို၍ နားငြီးစရာ ကောင်းပေတော့မည်။
'မဖြစ်ဘူး.. သူမ လက်လျှော့သွားအောင် နည်းလမ်းတစ်ခုခု ရှာရမယ်'
......
ခဏတာ အနားယူပြီးနောက် စစ်တလင်းကို ရှင်းလင်းကာ ခရီးဆောင်အိတ်များကို ပြင်ဆင်ကြတော့သည်။ ရှောင်ရှန်းသည် စစ်သည်နှစ်ယောက်ကို ညွှန်ကြားလျက် သူ၏ အဖိုးတန် ရေခဲကျောက်ကုတင်ကို အထူးပြုလုပ်ထားသော ‘ငါးဆားနယ်' မြင်းရထားပေါ်သို့ ဂရုတစိုက် သယ်ခိုင်းနေလေ၏။
ဘေးသို့ လှည့်ကြည့်လိုက်ရာ ယဲ့လင်ရွှမ်းသည် ဓားကို ရင်ခွင်ပိုက်လျက် မြင်းရထားအနား နတ်မင်းကြီးတစ်ပါးပမာ မတ်မတ်ရပ်ကာ ၊ ရှားပါးမိစ္ဆာကောင်တစ်ကောင်ကို လေ့လာနေသည့်အလား စူးစမ်းသော မျက်ဝန်းများဖြင့် သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ရှောင်ရှန်းတစ်ယောက် အကြံတစ်ခု ရသွားသည်။ သူသည် ယဲ့လင်ရွှမ်း၏ ရှေ့သို့ အေးအေးလူလူ လျှောက်သွားပြီး ၊ သူ၏ ညာဘက်လက်ဝါးကို ဆန့်ထုတ်ကာ လက်ဖြန့်လိုက်သည်။
ယဲ့လင်ရွှမ်းမှာ မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်၏။
“ဘာသဘောလဲ"
“ငါ့နောက် လိုက်ချင်ရင် ရတယ်”
ရှောင်ရှန်းသည် ဖြစ်သင့်ဖြစ်ထိုက်သည့် လေသံမျိုးဖြင့် ဆိုလေ၏။
“ဒါပေမဲ့ ငါ့ယာဉ်တန်းက အလကားလူတွေကို မကျွေးမွေးဘူး....ညီအစ်ကိုအရင်း ဖြစ်ရင်တောင် စာရင်းကတော့ ရှင်းရမယ် ..
အဖွဲ့ထဲဝင်ချင်ရင် အရင်ဆုံး ပိုက်ဆံပေးရမယ်”
ယဲ့လင်ရွှမ်းမှာ ကိုယ့်နားကိုယ် မယုံနိုင်အောင် ဖြစ်သွားရသည်။
“စားစရိတ် ဟုတ်လား"
ရှောင်ရှန်းက လက်ညှိုးတစ်ချောင်း ထောင်ပြလေ၏။
“နေစရိတ်.. မင်းက ငါ့လူတွေကို တဲထဲမှာ အိပ်ခိုင်းပြီး မင်းတစ်ယောက်တည်း အကောင်းစားနေရာမှာ သွားအိပ်လို့ မရဘူးလေ ပြီးတော့ လုံခြုံရေးစရိတ်.. ဒီခရီးက စစ်မီးတွေ တောက်လောင်နေတာ၊ ငါ့ရဲ့ ကိုယ်ရံတော်တွေက မင်းကို ကာကွယ်ပေးရမှာဆိုတော့ အန္တရာယ်ရှိတယ် ၊ အော်.. ဒါနဲ့ မြင်းရထား ပျက်စီးကြေးနဲ့ စိတ်ဒဏ်ရာကြေးတွေလည်း ရှိသေးတယ်……”