← Chapters

အခန်း ၂၂၅

Vol. 23 Ch. 225

အခန်း ၂၂၅

Vol. 23 Ch. 225

အခန်း (၂၂၅) - ငါ့ယာဉ်တန်းထဲ ဝင်ချင်ရင် အရင်ဆုံး စားစရိတ်ပေး

သူသည် လက်ချောင်းလေးများကို ချိုးလျက် အတည်ပေါက် စာရင်းတွက်နေပြီး သူ၏ လောဘတတ်နေသော မျက်နှာပေးမှာ မြို့တော်က လူလည်အကျဆုံး ကုန်သည်များထက်ပင် ပို၍ ပီပြင်နေသေးသည်။

ယဲ့လင်ရွှမ်းသည် သိုင်းလောကတွင် ကျင်လည်ခဲ့စဉ်တစ်လျှောက် လူအများ၏ လေးစားမှုကို ခံခဲ့ရပြီး အမြဲတမ်း ဧည့်သည်တော်အဖြစ် ပင့်ဖိတ်ခံရသူ ဖြစ်သည်။ ဤကဲ့သို့သော ဆက်ဆံမှုကို သူမ တစ်ခါမျှ မကြုံဖူးချေ။ ဤအခိုက်အတန့်တွင်မူ ၊ သူမ၏ သွေးလေများ ငယ်ထိပ်သို့ ဆောင့်တက်လာသည်ကို ခံစားလိုက်ရပြီး ဖြူဖွေးလှပသော မျက်နှာလေးမှာ ဒေါသကြောင့် နီမြန်းလာ၏။

' ဒါက.. ဒါက တစ်ခါမှ မကြားဖူးလောက်အောင် အရှက်မရှိလွန်းတာပဲ'

သို့သော် သူမသည် စောနလေးကမှ လူအများရှေ့တွင် ကတိသစ္စာ ပြုခဲ့ပြီးဖြစ်ရာ ပြောပြီးသားစကားကို မည်သို့ ပြန်ရုပ်သိမ်းနိုင်မည်နည်း။ အကယ်၍ ယခု လှည့်ထွက်သွားပါက၊ သိုင်းလောက၏ ရယ်စရာဖြစ်ရပေတော့မည်။

ကြီးမားသော အရှက်ရမှုကို အောင့်အည်းသည်းခံရင်း ယဲ့လင်ရွှမ်း တစ်ယောက် သွားကို ကျစ်ကျစ်ပါအောင် ကြိတ်ကာ ရင်ခွင်ထဲမှ လေးလံသော ငွေအိတ်ကို ထုတ်ယူလိုက်သည်။ ထို့နောက် ကြည့်ပင်မကြည့်တော့ဘဲ ရှောင်ရှန်း၏ လက်ဝါးထဲသို့ “ဖတ်” ခနဲမြည်အောင် ရှိသမျှအားဖြင့် ဆောင့်ချလိုက်၏။

“လောက်ပြီလား"

ထိုအရှိန်မှာ သာမန်လူသာဆိုလျှင် လက်ဖျံရိုးပင် ကျိုးသွားနိုင်သည်။ သို့သော် ရှောင်ရှန်းသည် မြဲမြံစွာ ဖမ်းကိုင်လိုက်ပြီး အလေးချိန်ကို ချိန်ဆကြည့်လိုက်သေးရာ ငွေအိတ်ဆီမှ သာယာသော သတ္တုချင်းရိုက်သံ ထွက်ပေါ်လာခဲ့သည်။

သူ၏ မျက်နှာတွင် ကျေနပ်သော အပြုံးကြီး တစ်ခု ရှိနေခဲ့ပြီး ၊ တစ်ဖက်လူ၏ အရှိန်ပြင်းပြင်း ဆောင့်ချလိုက်မှုကိုပင် မိမိအပေါ် ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်ဟု သတ်မှတ်လိုက်ပုံရသည်။

သူသည် ဘေးကိုလှည့်လိုက်ပြီး နေရာတွင် ပါးစပ်အဟောင်းသား ဖြစ်နေသော စူးဝမ်ချင်းကို လှမ်းအော်လိုက်သည်။

“ဝမ်ချင်း.. လာ၊ စာရင်းမှတ်လိုက်ဦး"

စူးဝမ်ချင်းပင်လျှင် အလိုလို “အင်” ဟု ညည်းတွားမိသည်။

“ယဲ့သူရဲကောင်းမယ်.. အဖွဲ့ဝင်ကြေး၊ ငွေစင် နှစ်ရာကျပ်၊ ‘အထူးဧည့်သည်တော်’ အဖြစ် မှတ်တမ်းတင်လိုက်”

ရှောင်ရှန်း၏ ရှင်းလင်းပြတ်သားသော အသံ ထွက်ပေါ်လာ၏။

“နောက်ဆို ငါတို့ လမ်းခရီးမှာ သိမ်းဆည်းရမိတဲ့ သုံ့ပန်းပစ္စည်းတွေကို စာရင်းတွက်ချက်ပြီး ခွဲဝေမှုမှာ ယဲ့သူရဲကောင်းမယ်ကို ဦးစားပေးအနေနဲ့ ၁၀ ရာခိုင်နှုန်း လျော့ပေးမယ်.."

“ဖူး————”

မလှမ်းမကမ်းတွင် ရေသောက်နေသော ကိုယ်ရံတော်စစ်သည်တစ်ဦးမှာ ထိုမြင်ကွင်းကြောင့် သောက်လက်စရေများကို ‘ဖူး’ ခနဲ ပန်းထုတ်မိသွားလေတော့သည်။

စူးဝမ်ချင်း၏ နှုတ်ခမ်းထောင့်များ တုန်ခါသွားပြီး မိမိရှေ့က အိမ်ရှေ့မင်းသားကို စိတ်ဆိုးရမလား၊ ရယ်ရမလားပင် မဝေခွဲနိုင်တော့ပေ။ နောက်ဆုံးတွင် သူမသည် သက်ပြင်းတစ်ချက်ချကာ အင်္ကျီလက်ထဲမှ စာအုပ်ငယ်လေးကို ထုတ်၍ စာရင်းမှတ်ပေးလိုက်ရတော့သည်။

ယဲ့လင်ရွှမ်းမှာ ထိုစကားကို ကြားပြီး‌ သွေးများဆောင့်တတ်လာလေ၏။ သူမ ဘဝတစ်သက်တွင် ဤမျှ မချိတင်ကဲ မဖြစ်ဖူးချေ။ သူမအဖို့ ဤသကောင့်သား ရှောင်ရှန်းကို နောက်ထပ်တစ်ချက် ထပ်ကြည့်မိပါက ၊ ဓားကိုဆွဲထုတ်ကာ ခုတ်သတ်မိတော့မည်ကို စိုးရိမ်သဖြင့် နေရာမှ ချက်ချင်း လှည့်ထွက်သွားခဲ့သည်။

ဤသို့ဖြင့် ယာဉ်တန်းကြီးသည် ဆန်းကြယ်ပြီး သဟဇာတဖြစ်နေသော အငွေ့အသက်များ ဝန်းရံလျက် ကျန်းနမ်ဂိတ်ဆီသို့ ခရီးဆက်ခဲ့ကြပြန်သည်။ယဲ့လင်ရွှမ်းသည် မြင်းပေါ်မှနေ၍ စစ်သည်များအကြား ‘ငါးဆားနယ်’ ဟု အမည်ပေးထားသော ဇိမ်ခံမြင်းရထားနှင့်အတူ ဘေးချင်းယှဉ်လျက် လိုက်ပါလာလေသည်။

သူမသည် အခွင့်အရေးရတိုင်း သိုင်းလောက၏ ဖြောင့်မတ်ခြင်းတရားများဖြင့် ဤချာတူးလန် အိမ်ရှေ့စံမင်းသားကို လမ်းမှန်ပေါ်ရောက်အောင် ‘ပဲ့ပြင်’ ပေးရန် ကြံရွယ်ထားသော်လည်း လက်တွေ့တွင်မူ သူမ၌ မည်သည့်အခွင့်အရေးမျှ မရှိကြောင်း သိလိုက်ရသည်။

မြင်းရထားလိုက်ကာ အနည်းငယ် ဟသွားတိုင်း ရှောင်ရှန်းသည် သူ၏ ရေခဲကျောက်ကုတင်ပေါ်တွင် စောင်ကိုခြုံလျက် အိပ်မောကျနေသည်ကိုဖြစ်စေ၊ သို့မဟုတ် ငြီးငွေ့ဖွယ်ကောင်းသော ‘အဒေါ်ကြီး ဝမ်၏ အိမ်ချက်ဟင်းလျာ ချက်နည်း ၃၀၀’ ဟူသော စာအုပ်ကို စိတ်ပါလက်ပါ ဖတ်ရှုနေသည်ကို ဖြစ်စေ တွေ့ရတတ်သည်။

တစ်ခါတရံ စိတ်ကူးပေါက်ပါက စူးဝမ်ချင်းကို ဆွဲခေါ်ကာ စစ်တုရင် ကစားတတ်သေးသည်။သူ၏ ကစားကွက်မှာ အလွန်ညံ့ဖျင်းပြီး တွေးတောနှေးကွေးသည့်အပြင် အရှက်မရှိဘဲ ရွှေ့ကွက်များကို ဗြောင်ကျကျ ပြန်တောင်းတတ်သဖြင့် ကြည့်ရသူကို အလွန်အမြင်ကတ်စေသည်။

ယဲ့လင်ရွှမ်းသည် မြင်းရထားထဲသို့ အကြိမ်ကြိမ် ဝင်သွားပြီး သူ့ကို ဆွဲလှုပ်ခါကာ ဆဲဆိုပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာသော်လည်း ၊ မိမိက ‘စားစရိတ်’ ပေးထားသည်ကို သတိရသွားကာ မနည်းအောင့်အည်းထားလိုက်ရသည်။

အခကြေးငွေ ပေးထားရသည်ဖြစ်ရာ တစ်ဖက်လူ၏ ကိစ္စကို သွားရောက်မနှောင့်ယှက်သင့်ကြောင်း တွေးမိသောကြောင့် ဖြစ်သည်။ ဤကဲ့သို့ ကိုယ်တိုင်စောင့်ကြည့်သည့် နည်းလမ်းက အရာမထင်သည်ကို မြင်ပြီး သူမသည် ဘေးနားက လူများထံ စုံစမ်းမေးမြန်းရတော့သည်။

သူမသည် ချန်ချင်းကို ရှာကာ စကားနာထိုးကြည့်လိုက်သည်။

“စစ်သူကြီး ချန်.. အိမ်ရှေ့မင်းသားက ပုံမှန်ဆိုရင်လည်း အမြဲတမ်း အဲလိုပဲလား"

ချန်ချင်းက လေးနက်စွာဖြင့် ပြန်ဖြေ၏။

“ယဲ့သူရဲကောင်းမယ် မသိလို့ပါ...အရှင့်သားက ဉာဏ်ပညာ ထက်မြက်ရဲ့သားနဲ့.... အူကြောင်ကြောင် ဟန်ဆောင်နေတာပါ၊ အပေါ်ယံမှာတော့ ဘာမှမလုပ်ဘူး ထင်ရပေမဲ့ တကယ်တော့ အရာအားလုံးက သူ့လက်ခုပ်ထဲမှာပဲ"

" ပြီးခဲ့တဲ့ ဆေးပင်တစ်သောင်းတောင်ကြား တိုက်ပွဲတုန်းကလည်း အရှင့်သားရဲ့ အရှိန်အဝါနဲ့ ဟိန်းဟောက်သံသာ မရှိရင် ကျွန်တော်တို့တွေ ဒီလောက်လွယ်လွယ်နဲ့ နိုင်ပါ့မလား"

ယဲ့လင်ရွှမ်း : “……”

သူမသည် နောက်ထပ် ကိုယ်ရံတော်စစ်သည်တစ်ယောက်ကို ထပ်မေးကြည့်ပြန်သည်။

“ရှင်တို့အိမ်ရှေ့မင်းသားမှာ ဘာထူးခြားချက်များ ရှိလို့လဲ"

ထိုစစ်သည်က ကြည်ညိုလေးစားသော မျက်နှာပေးဖြင့် အသံကိုနှိမ့်ကာ ပြောရှာသည်။

“သူရဲကောင်းမယ်.. ခင်ဗျား မသိလို့ပါ...အဲ့တုန်းက မိစ္ဆာကောင်ကြီးရဲ့ ယဇ်ပလ္လင်ပွင့်သွားတော့ မိုးမြေ ပြိုလုမတတ်ပဲ...ကျွန်တော်တို့ အရှင့်သားကတော့လေ မရှောင်မတိမ်းဘဲ ဖင်လေးနေရာရွေ့ပြီး ပါးစပ်ကနေ မန္တာန်တွေ ရွတ်လိုက်တာနဲ့ ကမ္ဘာပျက်မယ့် တိုက်ခိုက်မှုကြီးက လမ်းကြောင်းလွဲသွားပြီး မိစ္ဆာကောင်ကြီးက ကိုယ့်ဟာကို ပြန်ထိသွားတာလေ"

" ဒါက ‘ပြောတဲ့အတိုင်း ဖြစ်စေရမယ်’ ဆိုတဲ့ နတ်ဘုရားတွေရဲ့ အစွမ်းပဲဗျ”

ယဲ့လင်ရွှမ်း တစ်ယောက် ထိုစကားများကို နားထောင်ပြီး ဇဝေဇဝါဖြစ်လို့နေသည်။ သူမသည် မိမိနှင့် ဤအဖွဲ့သားများကြားတွင် မတူညီသော ကမ္ဘာနှစ်ခု၌ ရှင်သန်နေကြသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့က သီလ၊ ပညာနှင့် ပြည့်စုံပြီး တန်ခိုးကြီးမားလှသည်ဆိုသော ရှောင်ရှန်းနှင့် သူမမျက်စိရှေ့တွင် မြင်တွေ့နေရသည့် လူ့ငပျင်း၊ ပိုက်ဆံသာမက်ပြီး အိပ်ဖို့ပဲသိသော ရှောင်ရှန်းမှာ တကယ်ပင် တစ်ယောက်တည်း ဖြစ်နိုင်ပါ့မလားဟု သံသယဝင်မိသည်။

​ထိုနေ့ညနေခင်းတွင်တော့ ယာဉ်တန်းကြီးသည် ကြည်လင်အေးမြသော စမ်းချောင်းလေးတစ်ခုအနီး၌ စခန်းချခဲ့ကြသည်။ ယဲ့လင်ရွှမ်းသည် အဝေးမှနေ၍ ရှောင်ရှန်း တစ်ယောက် စမ်းချောင်းဘေးရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထိုင်ကာ လှပသော ရေစီးဆင်းမှုကို ငေးမောကြည့်ရှုနေမှန်း တွေ့လိုက်ရသည်။

လရောင်ခြည်က သူ့ကိုယ်ပေါ်သို့ ဖြာကျနေသည်မှာ လောကီနယ်ပယ် ကျော်လွန်သော နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလား တမူထူးခြားနေခဲ့သည်။

​ထိုမြင်ကွင်းကြောင့် သူမ၏ ရင်ထဲတွင် လှုပ်ခတ်သွားကာ တွေးဆမိ၏။

​‘ဒါမှမဟုတ်... ဒါကပဲ သူ့ရဲ့ စစ်မှန်တဲ့ ပုံရိပ် ဖြစ်နေမလား...’

​နေ့ဘက်တွင် ပျင်းရိသော သူ၏ အပြုအမှုများသည် ဟန်ဆောင်မှုသက်သက်သာဖြစ်ပြီး၊ ယခုအချိန်တွင်မူ သူသည် မိုးမြေ၏ နိယာမတရားများကို ဆင်ခြင်သုံးသပ်နေခြင်း ဖြစ်နိုင်သည်။

ကောလာဟလများအရ ‘မွေးရာပါ တာအိုသန္ဓေသားလောင်း' ဆိုသည်မှာ ဤကဲ့သို့သော ထူးကဲသည့် အရှိန်အဝါမျိုး ရှိရမည် မဟုတ်လော။

' ဒါက သူ့ရဲ့ စစ်မှန်တဲ့ အတွင်းစိတ်ကို ချောင်းကြည့်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ'

ယဲ့လင်ရွှမ်းသည် ခြေသံကို ဖွဖွနင်းလျက် မိုးမြေ၏ နိယာမတရားများကို ဆင်ခြင်နေသော အိမ်ရှေ့စံမင်းသားကြီးအား မနှောင့်ယှက်မိစေရန် တိတ်တဆိတ် တိုးကပ်သွားသည်။

အနားသို့ ရောက်ရှိလာချိန်တွင် ရှောင်ရှန်း၏ ပါးစပ်မှ တိုးညင်းပြီး စည်းချက်ကျသော ရွတ်ဖတ်သံကို ကြားလိုက်ရသည်။ သူမသည် စိတ်ကို စုစည်းလျက် မည်သည့် နက်နဲသော ဂါထာမန္တန်များ ဖြစ်မည်ကို အာရုံစိုက် နားထောင်လိုက်သည်။

All Chapters