← Chapters

အခန်း ၂၂၆

Vol. 23 Ch. 226

အခန်း ၂၂၆

Vol. 23 Ch. 226

အခန်း(၂၂၆)

ထိုစဉ် ရှောင်ရှန်း၏ တိုးတိုးလေး ညည်းတွားနေသည်မှာ “ဆီပြန်ဟင်း ချက်ရအောင်လည်း ဆီများရင် ညဘက် အစာမကြေဖြစ်မယ်…… ပေါင်းစားရင်တော့ ချိုမြိန်မှာ သေချာပေမဲ့ ဂျင်းနဲ့ ကြက်သွန်မြိတ် မရှိပြန်ဘူး……ကြော်မလား...အဲ့ကြရင်လည်း အိုးတည်ရမှာ ပျင်းစရာကြီး…… ဒါမှမဟုတ် သစ်ကိုင်းနဲ့ ထိုးပြီး တန်းကင်စားလိုက်ရမလား.. ဆားလေးနည်းနည်း ဖြူးလိုက်ရင် ရပြီ၊ ရိုးရိုးရှင်းရှင်းပဲ……”

သူသည် ညဘက်တွင် ဖမ်းမိထားသော ငါးလေးတစ်ကောင်အား မည်သို့ ချက်စားသင့်သည်ကို တွေးပူပန်နေခြင်းသာ ဖြစ်သည်။

ယဲ့လင်ရွှမ်းတစ်ယောက် တစ်ကိုယ်လုံး မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ နေရာမှာပင် ကျောက်ရုပ် ဖြစ်သွားလေ၏။

သူမ၏ ဦးနှောက်ထဲတွင် စောနလေးကမှ တည်ဆောက်ထားသော ‘ ဉာဏ်အလင်းရ ပုဂ္ဂိုလ်ထူး’ ဟူသော ကြီးမြတ်လှသည့် ပုံရိပ်ကြီးမှာ “‌ဂျိန်း” ခနဲ အပိုင်းပိုင်းအစစ ကြေမွသွားလေပြီ။

သူမအနေဖြင့် မိမိ၏ လောကအမြင်ကြီး တစ်ခုလုံး ပြိုလဲလုနီးပါး ဖြစ်နေစဉ်မှာပင် ၊ ကင်းထောက်စစ်သည် တစ်ယောက်က မြင်းကို အရှိန်ပြင်းပြင်း စီးနင်းလျက် ရှေ့မှ ပြေးဝင်လာပြီး အလောတကြီး အော်ဟစ်လိုက်သည်။

“စစ်သူကြီး...အရှင့်သား ၊ ရှေ့ဘက် ဆယ်မိုင်အကွာမှာ ‘နဂါးဝင်္ကပါရွှံ့ညွန်’ရှိတယ်...အဲဒီထဲမှာ အဆိပ်ငွေ့တွေ မှိုင်းအုပ်နေပြီး မိစ္ဆာအငွေ့အသက်တွေ ထွက်နေပါတယ်"

"ကျွန်တော်တို့ လွှတ်လိုက်တဲ့ ကင်းထောက်အဖွဲ့ နှစ်ဖွဲ့စလုံး အဆက်အသွယ် ပြတ်တောက်သွားပါပြီ"

.....

ကင်းထောက်စစ်သည်၏ အလောတကြီး အော်ဟစ်သံသည် စမ်းချောင်းဘေးရှိ ခဏတာ ဆန်းကြယ်ငြိမ်သက်မှုကို ရိုက်ချိုးပစ်လိုက်သည်။

ယဲ့လင်ရွှမ်းသည် မိမိ၏ လောကအမြင်ကြီး ပြိုလဲနေသော အခြေအနေမှ ချက်ချင်း နိုးထလာခဲ့သည်။ ခုနတင်ကမှ တွေးတောနေမိသော “ဆီပြန်ချက်မလား ပေါင်းစားမလား” ဟူသော အဓိပ္ပာယ်မဲ့ အတွေးများသည် ထက်မြက်သော ဓားဆန္ဒများအဖြစ် ချက်ချင်း ပြောင်းလဲသွား၏။

သူမသည် ဖုန်မှုန့်များ ပေကျံနေသော ကင်းထောက်ကို စူးစိုက်ကြည့်လိုက်သည်။ စစ်သူကြီး ချန်ချင်းကလည်း ရှေ့တိုးလာကာ လေးနက်သော အသံဖြင့် မေးမြန်းလိုက်သည်။

“အခြေအနေက ဘယ်လိုလဲ.. အဆိပ်ငွေ့တွေက ဘယ်လောက်တောင် ထူထပ်နေလို့လဲ ၊ မိစ္ဆာကောင်တွေရဲ့ အရိပ်အယောင်ကိုရော တွေ့ခဲ့လား"

“စစ်သူကြီးကို တင်ပြပါတယ်”

ထိုကင်းထောက်သည် အသက်ကို လုရှူရင်း မျက်နှာတွင် ကြောက်ရွံ့ရိပ်များဖြင့် ထင်ဟပ်နေကာ ပြန်ဖြေလိုက်သည်။

“အဆိပ်ငွေ့တွေက အရမ်းထူထပ်လွန်းလို့ သာမန်လူဆိုရင် တစ်ချက်ရှူရုံနဲ့တင် မူးလဲသွားနိုင်ပါတယ်..ကျွန်တော်တို့လူတွေက စူး မိန်းကလေး စီမံပေးထားတဲ့ အဆိပ်ပြယ်အဆောင်အိတ်တွေကို ဆောင်ထားလို့သာ သီသီလေး ခံနိုင်ရည်ရှိတာပါ"

"မိစ္ဆာကောင်ကိုတော့ မမြင်ခဲ့ရပါဘူး.. ဒါပေမဲ့ အဲဒီရွှံ့ညွန်ထဲက အနက်ရှိုင်းဆုံးနေရာမှာ အလွန် တုန်လှုပ်ချောက်ချားစရာကောင်းတဲ့ အရှိန်အဝါတစ်ခု ရှိနေပါတယ်....ညီအစ်ကိုတွေက အဝေးကနေ အာရုံခံမိရုံနဲ့တင် စိတ်ဝိညာဉ်တွေ လွင့်စင်ကုန်ပြီး ဘယ်သူမှ ပြန်မလာနိုင်တော့ပါဘူး"

ချန်ချင်း၏ မျက်နှာမှာ ချက်ချင်း တည်တံ့သွားပြီး ယာယီဖြန့်ခင်းထားသော မြေပုံဆီသို့ လျှောက်သွားကာ ရှေ့ဘက်ရှိ နက်မှောင်သော စိမ်းပြာရောင် နယ်မြေကို ညွှန်ပြလိုက်သည်။

“အရှင့်သား.. ဒီနေရာက ‘နဂါးဝင်္ကပါရွှံ့ညွန်’ ပါ... တကယ်လို့ လမ်းလွှဲကနေသွားမယ်ဆိုရင် အနည်းဆုံး ဆယ်ရက်လောက် ပိုကြာမှာ..ပြီးတော့ တောင်လမ်းက ကြမ်းတမ်းတဲ့အတွက် စစ်တပ်ရဲ့ ရိက္ခာနဲ့ ပစ္စည်းတွေ သယ်ယူရခက်ခဲပါလိမ့်မယ် ...အကယ်၍ ဖြတ်သန်းမယ်ဆိုရင်တော့ ဒီနေရာကို မဖြစ်မနေ ကျော်ဖြတ်ရမှာပဲ”

သူသည် စကားကို ခဏမျှ ရပ်နားကာ အသံကို ပိုမိုနှိမ့်ချလိုက်သည်။

“ ကျွန်တော်မျိုး အနေနဲ့ နယ်ခြားဒေသကို စောင့်ရှောက်လာတာ နှစ်ပေါင်းများစွာ ရှိပြီမို့ နဂါးဝင်္ကပါရွှံ့ညွန်နဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီအချို့ကို ကြားဖူးပါတယ်"

"ဒီရွှံ့ညွန်ထဲမှာ နှစ်ပေါင်းမည်မျှ ရှင်သန်နေထိုင်မှန်းမသိရတဲ့ နှစ်တစ်ထောင် မိစ္ဆာမိကျောင်းကြီးတစ်ကောင် ရှိနေပြီး သူ့ကိုယ်သူ ‘ရွှံ့ညွန်ဘုရင်’ လို့ ခေါ်ဝေါ်ထားပါတယ်...အဲဒီကောင်က စရိုက်ကြမ်းတမ်းပြီး သူ့နယ်မြေကို အရမ်းကာကွယ်တတ်တယ်"

" အရေခွံကလည်း ထူလွန်းလို့ ဓားလှံလက်နက်တွေနဲ့ ဒဏ်ရာရဖို့ ခက်ခဲတယ်...တစ်ခါ ရွှံ့ညွန်ထဲ ဝင်လိုက်တာနဲ့ ကျွန်တော်တို့ တပ်မတော်ရဲ့ စစ်မြင်းတွေနဲ့ လေးလံတဲ့ သံချပ်ကာစစ်သည်တွေအဖို့ တစ်လှမ်းချင်းဆီ ရွေ့လျားဖို့ ခက်ခဲသွားမှာဖြစ်ပြီး စစ်အင်အားရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားပါလိမ့်မယ်"

" အဲဒီအချိန်မှာ တိုက်ခိုက်ခံရရင်တော့ အကျိုးဆက်က မတွေးဝံ့စရာပဲ"

စစ်တပ်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဤနှစ်တစ်ထောင် မိစ္ဆာမိကျောင်းကြီးသည် လမ်းခုလတ်တွင် ပိတ်ဆို့ထားသော ဧရာမတောင်ကြီးတစ်လုံးပမာ လမ်းလွှဲ၍လည်းမရ၊ ဖယ်ရှားပစ်ရန်လည်း ခက်ခဲလှသည်။

“တိရစ္ဆာန်တစ်ကောင်ပဲဟာ.. သတ်ပစ်လိုက်ရင် ပြီးတာပဲ”

ယဲ့လင်ရွှမ်း၏ အေးစက်ပြီး ပြတ်သားသော အသံသည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ သူမသည် မြေပုံဆီသို့ လျှောက်သွားပြီး သေခြင်းတရားနှင့် အမည်မသိ အန္တရာယ်များ ရှိနေသော ရွှံ့ညွန်နယ်မြေကို ကြည့်ကာ ပြင်းထန်သော ယုံကြည်ချက်များကို ထုတ်ဖော်လိုက်၏။

“စစ်သူကြီး ချန်.. ကျွန်မတို့လို သိုင်းပညာရှင်တွေက ခန္ဓာကိုယ်ပေါ့ပါးပြီး မြေပြင်အနေအထားရဲ့ ကန့်သတ်မှုကို မခံရဘူး..ကျွန်မ၊ စူး မိန်းကလေး နဲ့ စစ်သူကြီးတို့ သုံးယောက် ပူးပေါင်းပြီး အဖွဲ့ငယ်လေးတစ်ခု ဖွဲ့စည်းမယ်..."

"ပြီးတော့ ရှေ့ကနေ အရင်သွားပြီး ရွှံ့ညွန်ထဲကို တိတ်တဆိတ် ဝင်မယ်...အဲဒီမိကျောင်းရဲ့ အသိုက်ကို ရှာ... သူ့ခေါင်းကို ဖြတ်ပြီး စစ်တပ်ကြီးအတွက် လမ်းဖွင့်ပေးမယ်"

ဤအကြံပြုချက်မှာ ပြတ်သားပြီး ရဲရင့်လှကာ သိုင်းလောကသားတို့၏ ရဲစွမ်းသတ္တိကို အပြည့်အဝ ဖော်ကျူးနေသည်။ ချန်ချင်းသည် ဤစကားများကို ကြားသည်နှင့် မျက်ဝန်းထဲ၌ ထောက်ခံလိုသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ဤသည်မှာ လက်ရှိအခြေအနေအရ အကောင်းဆုံးနှင့် တစ်ခုတည်းသော နည်းလမ်းပင်။

စူးဝမ်ချင်းကလည်း ခေါင်းညိတ်လိုက်ပြီး ဆေးသေတ္တာထဲမှ အရောင်စုံ ကြွေပုလင်းငယ်အချို့ကို တိတ်တဆိတ် ထုတ်ယူလိုက်ရာ တိုက်ခိုက်မှုအတွက် ပြင်ဆင်နေကြောင်း ထင်ရှားသည်။

သို့သော်လည်း ဤမျှ တင်းမာသော စစ်အငွေ့အသက်များကြားတွင် ပျင်းရိငြီးငွေ့သော အသံတစ်သံ ထွက်ပေါ်လာ၏။

“နေဦး.. နေဦး.. နေကြဦး"

လူတိုင်း အသံလားရာဘက်သို့ လှည့်ကြည့်လိုက်ကြရာ ရှောင်ရှန်းတစ်ယောက် နောက်ဆုံးတွင် သူ၏ ငါးကို မည်သို့ချက်စားသင့်ကြောင်း အတွေးကမ္ဘာထဲမှ နိုးထလာပုံရသည်။

သူသည် သစ်ကိုင်းဖြင့် မီးပုံကို တစ်ချက်နှစ်ချက် မွှေလိုက်ပြီးနောက် မီးပေါ်တွင် "တရှဲရှဲ" မြည်လျက် မွှေးကြိုင်သင်းပျံ့နေသော ငါးကင်ကြီးကို ကျေနပ်စွာ ကြည့်ကာ အေးအေးလူလူ ထရပ်လာသည်။

“သူ့ကို သတ်ပစ်ဖို့ လိုအပ်လို့လား... နှမြောစရာကြီး"

ဤစကားတစ်ခွန်းကြောင့် နေရာရှိ လူတိုင်း ဆွံ့အသွားကြသည်။

ချန်ချင်း : “အရှင့်သား.. ဒီမိစ္ဆာကောင်က အရမ်းရက်စက်ပါတယ်၊ မနှိမ်နင်းရင် နောင်တစ်ချိန် ဘေးဒုက္ခကြီး ဖြစ်လာပါလိမ့်မယ်……”

“သူ ရက်စက်တာ ငါသိတယ်”

ရှောင်ရှန်းသည် သူ့စကားကို ဖြတ်ပြောလိုက်ပြီး လူအုပ်ကြားထဲသို့ လျှောက်လှမ်းလာခဲ့သည်။ ထို့နောက် သူတို့ကို အူကြောင်ကြောင်နိုင်လှသော လူအုပ်ကြီးကို ကြည့်နေသည့်အလား စိုက်ကြည့်နေလေ၏။

“ဒါပေမဲ့ မင်းတို့ မတွေးမိဘူးလား...သူက အဲဒီရွှံ့ညွန်ထဲမှာ ဘုရင်လုပ်နေနိုင်တယ်ဆိုကတည်းက အဲဒီနေရာရဲ့ မြေပြင်အနေအထားကို အရမ်းကျွမ်းကျင်တယ်လို့ ပြောတာပဲ ပြီးတော့ ခွန်အားလည်း မနည်းလောက်ဘူးမလား"

ယဲ့လင်ရွှမ်း မျက်မှောင်ကြုတ်သွားသည်။ ဤအိမ်ရှေ့မင်းသား ဘာလှည့်ကွက် ထုတ်သုံးတော့မည်ကို သူမ မသိပေ။

All Chapters