← Chapters

အခန်း ၂၂၇

Vol. 23 Ch. 227

အခန်း ၂၂၇

Vol. 23 Ch. 227

အခန်း (၂၂၇) - ရွှံ့နွံဘုရင်ကို ငါ့အတွက် ရထားဆွဲခိုင်းမယ်

ထိုစဉ် ရှောင်ရှန်းသည် အလွန်အမင်း ဇိမ်ကျလှသည့် ‘ငါးဆားနယ်’ မြင်းရထားအနားသို့ လျှောက်သွားပြီး ရထားလုံးကို အသည်းစွဲပစ္စည်းပမာ တမြတ်တနိုး ပွတ်သပ်ရင်း ခပ်အေးအေးပင် ကြေညာလိုက်သည်။

“အတော်ပဲ.. ငါ့ရဲ့ ‘ငါးဆားနယ်’ က ခရီးနှင်လာတာ ကြာပြီဆိုတော့ အဲဒီမြင်းကောင်း ရှစ်ကောင်လည်း အနားပေးရမယ့် အချိန်ရောက်ပြီ"

"အဲဒီကောင်ကို ဖမ်းပြီး ငါ့ရဲ့ မြင်းရထားကို ဆွဲခိုင်းရမယ်...အချိန်ကုန်လည်း သက်သာတယ်၊ အားလည်းရှိတယ်၊ သဘာဝပတ်ဝန်းကျင်လည်း မပျက်စီးဘူး.. ဒါက သူ့ကို သတ်ပစ်တာထက် အများကြီး ပိုမကောင်းဘူးလား"

“……..."

တစ်ကွင်းလုံး တိတ်ဆိတ်ငြိမ်ကျသွားသည်။

လေညင်း တစ်ချက် တိုက်ခတ်သွားပြီး သစ်ရွက်ခြောက်အချို့ကို သယ်ဆောင်လျက် “ရှဲရှဲ” မြည်သံမှတစ်ပါး အခြားမည်သည့် အသံမျှ ထွက်မလာတော့ချေ။

စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော ချန်ချင်း၏ မျက်နှာထက်မှ ကြွက်သားများမှာ အလိုလို လှုပ်ခါသွားသည်။ သူ့ဘဝတစ်လျှောက်လုံး မယုံနိုင်စရာကောင်းသော စစ်ပွဲကြီးပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးသော်လည်း ဤမျှလောက်အထိ လောကတစ်ခုလုံးကို တုန်လှုပ်ချောက်ချားစေမည့် စစ်ဗျူဟာမျိုးကိုမူ တစ်ကြိမ်တစ်ခါမျှပင် မကြားဖူးခဲ့ချေ။

စူးဝမ်ချင်းမှာ ပါးစပ်အဟောင်းသားနှင့် မှင်သက်နေပြီး လက်ထဲတွင်လည်း ခုနတင်ကမှ ထုတ်ထားသော အဆိပ်ပုလင်းကို ကိုင်ထားဆဲဖြစ်ရာ ခဏမျှ မိမိဘာလုပ်ရမည်ကိုပင် မေ့လျော့သွားရှာသည်။

'မိစ္ဆာဘုရင်ကို ရထားဆွဲခိုင်းမယ်...'

ယဲ့လင်ရွှမ်းခမျာ သူမ ခုနတင်ကမှ အသည်းအသန် ပြန်လည်တည်ဆောက်ထားရသည့် လောကအမြင်ကြီးကို ရှောင်ရှန်း၏ စကားများက တူကြီးဖြင့် အားကုန်လွှဲကာ မြေကမ္ဘာအောက်ခြေသို့ ရိုက်ချခြေမှုန်းပစ်လိုက်သည့်နှယ် ခံစားလိုက်ရ၏။

' ရက်စက်ကြမ်းကြုတ်ပြီး လူပေါင်းများစွာကို ဝါးမြိုခဲ့တဲ့ နှစ်တစ်ထောင် မိစ္ဆာဘုရင်ကို…… ကျွဲနွားတိရစ္ဆာန်လို သဘောထားပြီး ရထားဆွဲခိုင်းမယ် ဟုတ်လား'

“အဓိပ္ပာယ်မရှိတာ”

သူမသည် သွားကြားထဲမှ ဤစကားလုံးနှစ်လုံးကို ညှစ်ထုတ်လိုက်သည်။

“ဘာလို့ အဓိပ္ပာယ်မရှိရမှာလဲ"

ရှောင်ရှန်းက ဂရုမစိုက်ဟန်ဖြင့် ပုခုံးတွန့်ပြလိုက်သည်။

“မင်းတို့က တိုက်ခိုက်သတ်ဖြတ်ပြီး သူ့ရဲ့ အဖိုးတန်တဲ့ အရေခွံကို ပျက်စီးအောင် လုပ်ရင် နှမြောစရာကြီးလေ.. ငါ့ရဲ့ ဒီအစီအစဉ်က ငြိမ်းချမ်းတယ်၊ အကျိုးရှိတယ် ပြီးတော့ အမှိုက်ကို အသုံးချတာဖြစ်လို့ ဘာမကောင်းတာရှိမှာလဲ"

သူသည် ထိုသို့ ပြောပြီးသည်နှင့် ချက်ချင်း လက်တွေ့လုပ်ဆောင်တော့မည်ဖြစ်ရာ တစ်ဖက်လူကို ကန့်ကွက်ခွင့်ပင် မပေးတော့ချေ။

သူသည် စူးဝမ်ချင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ဝမ်ချင်း.. အဲဒီအဆိပ်တွေကို မပြင်နဲ့တော့၊ အနံ့မကောင်းဘူး မင်း ငါ့အတွက် အမွှေးနံ့သာ တစ်မျိုး စီမံပေး တခြားအစွမ်းတွေ မလိုဘူး.. စကားလုံးတစ်လုံးတည်းပဲ ‘မွှေး’ စေရမယ်...ဆယ်မိုင်အကွာက ခြင်တွေတောင် အနံ့ရရင် ပြေးလာပြီး မင်းကို ဦးချချင်လောက်မယ့် အထိ မွှေးရမယ်"

စူးဝမ်ချင်း အံ့ဩသွားပြီးနောက် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် မျက်နှာတွင် ရယ်ရခက် ငိုရခက် အမူအရာမျိုး ပေါ်လာသော်လည်း၊ ပြောထားသည့်အတိုင်းပင် မွှေးပျံ့လှသော နံ့သာမျိုးစုံကို စတင်ရှာဖွေပေးရှာသည်။

ထိုအချိန်တွင် ရှောင်ရှန်းက လေချွန်သံတစ်ချက် ပေးလိုက်သည်။ စစ်တပ်နောက်တွင် အမြဲတမ်း တိတ်တဆိတ် လိုက်ပါလာပြီး တစ်ခါတရံ ဒြပ်ရှိကာ တစ်ခါတရံ အရိပ်ပမာ ဖြစ်နေတတ်သည့် ‘အိပ်မက်ဆိုး’ မိစ္ဆာလေးသည် တိတ်တဆိတ် ပျံသန်းလာပြီး ၊ သူ၏ ခေါင်းကြီးဖြင့် ရှောင်ရှန်း၏ လက်မောင်းကို ချစ်ခင်စွာ ပွတ်သပ်လေ၏။

“ ရှောင်ဟေး.. သွား၊ ခဏနေရင် မမကြီး စူး ကနေ အထူးစီမံထားတဲ့ ‘အရသာရှိ အမွှေးနံ့သာ’ ကို ယူပြီး အဲဒီရွှံ့ညွန်ထဲ တစ်ပတ်လောက် ပတ်ပြေးလိုက် ပြီးရင် အဲဒီမိကျောင်းကြီးကို ငါ့အတွက် မျှားခေါ်ခဲ့စမ်း"

ရှောင်ရှန်းသည် ရှောင်ဟေး၏ လည်ပင်းကို ပွတ်သပ်ရင်း အမိန့်ပေးလိုက်သည်။

ရှောင်ဟေးသည် စကားကို နားလည်သည့်အလား နှာမှုတ်သံ ပေးလိုက်ပြီး လေထဲတွင် ယမ်းခါနေသည်မှာ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။

ယဲ့လင်ရွှမ်းမှာ ဤမြင်ကွင်းကို မြင်ပြီး ဆွံ့အသွားချေပြီ။ သူမသည် ဘာမှမပြော၊ ဘာမှမလုပ်တော့ဘဲ ဤမိုက်မဲသော အိမ်ရှေ့မင်းသား တစ်ယောက် မိမိကိုယ်ကိုယ်နှင့် တစ်ဖွဲ့လုံးကို ဤကြောက်မက်ဖွယ်ရာ ရွှံ့နွံတွင်းထဲသို့ မည်သို့မည်ပုံ ဆွဲခေါ်ကာ သေတွင်းတူးမည်ကို စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

နာရီဝက်ခန့် ကြာပြီးနောက် စူးဝမ်ချင်း စီမံထားသော ‘မိစ္ဆာမျှားနံ့သာ’မှာ ပြီးမြောက်သွားသည်။ ၎င်းမှာ ရှားပါးသော အမွှေးပင် အမျိုးပေါင်းများစွာကို ပေါင်းစပ်ထားသော နံ့သာခဲ ဖြစ်သည်။

မီးရှို့လိုက်သည်နှင့် ထွက်ပေါ်လာသော အနံ့မှာ အလွန်ပြင်းထန်သော်လည်း အဆင့်ဆင့် ကွဲပြားသည်။ ပထမဆုံး အနံ့မှာ မိစ္ဆာကောင်များ အကြိုက်ဆုံး သွေးညှီနံ့ဖြစ်ပြီး၊ ဒုတိယအနံ့မှာ ရင့်မှည့်နေသော ဝိညာဉ်သစ်သီး၏ ချိုမြိန်သောအနံ့ ဖြစ်ကာ၊ နောက်ဆုံးအနံ့မှာ သက်ရှိသတ္တဝါတို့၏ အခြေခံအကျဆုံး စားချင်စိတ်ကို နှိုးဆွပေးနိုင်သော လွန်စွာ ဆန်းကြယ်သည့် မွှေးရနံ့ပင် ဖြစ်သည်။

ရှောင်ဟေးသည် ထိုအထူးနံ့သာခဲကို ကိုက်ချီလျက် နက်မှောင်သော အလင်းတန်းတစ်ခုအသွင်ဖြင့် နဂါးဝင်္ကပါရွှံ့ညွန်၏ အဆိပ်ငွေ့များထဲသို့ တိတ်တဆိတ် တိုးဝင်သွားတော့သည်။

လူတိုင်း အသက်ရှူအောင့်လျက် စခန်းအပြင်ဘက်တွင် အသင့်စောင့်ဆိုင်းနေကြသည်။

ခဏမျှသာ ရှိသေးသည်။ နဂါးဝင်္ကပါရွှံ့ညွန်၏ အနက်ရှိုင်းဆုံးနေရာမှ ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေမည့် ဟိန်းဟောက်သံကြီး တစ်ချက် ထွက်ပေါ်လာတော့၏။

“ ဝေါင်း————!!!”

အဝေးရှိ ရွှံ့ညွန်ရေပြင်သည် ပြင်းထန်စွာ လှိုင်းထန်သွားပြီး ရေငှက်ပေါင်းများစွာလည်း ကြောက်လန့်တကြား ကောင်းကင်သို့ ပျံတက်သွားကြရာ ရှေးဦးသားရဲကြီး တစ်ကောင် နိုးထလာသည့်အလား ထင်မှတ်ရသည်။

“လာပြီ”

ချန်ချင်းက တိုးတိုးလေး အော်လိုက်ပြီး လက်ထဲက ဓားရှည်ကို မြဲမြံစွာ ဆုပ်ကိုင်လိုက်သည်။

စစ်သည်အားလုံးသည်လည်း ကြောက်လန့်တကြားဖြင့် လက်နက်များကို မြှောက်ကိုင်ထားကြသည်။

အဝေးဆီမှ အဆိပ်ငွေ့များသည် ပြင်းထန်သော စွမ်းအားတစ်ခုကြောင့် အတင်းအကျပ် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်လွင့်စင်သွားပြီး အသက်ရှူရပ်မတတ် ဖိအားပေးနိုင်သော အရိပ်မည်းကြီးတစ်ခုသည် အလွန်မြန်ဆန်သော အရှိန်အဟုန်ဖြင့် စခန်းချရာဘက်သို့ ဒုန်းစိုင်းပြေးဝင်လာ၏။

၎င်းမှာ အလျား ပေတစ်ရာကျော်ရှိသော ဧရာမမိကျောင်းကြီးတစ်ကောင်ဖြစ်ပြီး ၊ တစ်ကိုယ်လုံး မည်းနက်သော ကျောက်စိမ်းပမာ အကြေးခွံများဖြင့် ဖုံးလွှမ်းနေသည်။ အပေါ်တွင် ရာစုနှစ်ချီ ကြာ ရွှံ့ညွန် ရေမှော်များနှင့် ရက်စက်သော ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသည်။

၎င်း၏ မီးအိမ်ပမာ ကြီးမားသော မျက်လုံးအစုံတွင် ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ဆာလောင်မွတ်သိပ်ခြင်းမီးလျှံများ တောက်လောင်နေ၏။

၎င်းမှာ ရွံ့ညွန်ဘုရင်ပင် ဖြစ်သည်။

သူသည် မူလက အသိုက်ထဲတွင် အိပ်မောကျနေခဲ့ခြင်း ဖြစ်သော်လည်း တစ်ခါမျှ မရဖူးသေးသည့်၊ မိမိ၏ စိတ်ဝိညာဉ်ကိုပင် တုန်လှုပ်ချောက်ချားသွားစေသော အမွှေးနံ့သာနံ့ကြောင့် နိုးထလာခဲ့ရခြင်း ဖြစ်သည်။

ထိုအရာကို တစ်လုတ်တည်းဖြင့် ဝါးမြိုပစ်ရန် ဒေါသတကြီး ပြေးထွက်လာခဲ့သော်လည်း အဆိပ်ငွေ့များထဲမှ ရုန်းထွက်ပြီး မျက်စိဖွင့်ကြည့်လိုက်သည့်အခါတွင်မူ မြင်လိုက်ရသည်မှာ အရသာရှိသော သားကောင်တစ်ကောင် မဟုတ်ချေ။

၎င်းမှာ ရွှေရောင်တဝင်းဝင်းဖြင့် တောက်ပနေပြီး လူ့လောကတွင် မရှိနိုင်လောက်အောင် အလွန်တရာ ဇိမ်ခံလို့ကောင်းသော မြင်းရထားကြီးတစ်စီး ဖြစ်နေသည်။

ထို့အပြင် ထိုမြင်းရထားပေါ်တွင် ပျင်းရိစွာ မှီလဲလျက် လက်ထဲတွင် စားလို့မကုန်သေးသော ငါးကင်ကို ကိုင်ကာ သူ့ကို လက်ညှိုးလေး ကွေးပြလျက် “ငါ မင်းကို သဘောကျသွားပြီ” ဟူသော မျက်နှာပေးမျိုး လုပ်နေသည့် လူသားတစ်ယောက်ကို မြင်လိုက်ရသည်။

နှစ်တစ်ထောင် မိစ္ဆာမိကျောင်းကြီး၏ လှုပ်ရှားမှုသည် ဤအခိုက်အတန့်တွင် ဆန်းကြယ်စွာဖြင့် ရပ်တန့်သွားတော့သည်။

ရက်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းသာ ပြည့်နှက်နေသော ၎င်း၏ ဦးနှောက်ထဲတွင် တစ်ခါမျှ မကြုံဖူးသော ဝေဝါးမှုများ ဖြစ်ပေါ်လာသည်။

တစ်ဖက်တွင် ထိုသေးငယ်သော လူသား၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် သူ့အတွက် အသက်အန္တရာယ်ဖြစ်စေလောက်အောင် ဆွဲဆောင်မှု ရှိနေသည်။

၎င်းသည် သွေးမျိုးဆက်၏ အနက်ရှိုင်းဆုံးသော နေရာမှ ထွက်ပေါ်လာသည့် အနံ့အသက်ဖြစ်ပြီး သူစားဖူးသမျှသော ဝိညာဉ်ဆေးပင်များနှင့် မိစ္ဆာကောင်အားလုံးထက်ပင် ပို၍ “အရသာရှိ” လှပေသည်။

ဤသည်မှာ မွေးရာပါ တာအိုသန္ဓေသားလောင်းသာလျှင် ပိုင်ဆိုင်နိုင်သည့် သက်ရှိခပ်သိမ်းတို့အပေါ် လွှမ်းမိုးနိုင်သော ဆွဲဆောင်မှုစွမ်းအားပင် ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ထိုလူသား၏ ခန္ဓာကိုယ်ထက်၌ အလွန်အမင်း သေးငယ်လှသော်လည်း အလွန်တရာ မြင့်မြတ်လှသဖြင့် မိမိ၏ စိတ်ဝိညာဉ်ကိုပင် အလိုလို ဒူးထောက်ကြောက်ရွံ့စေသော အရှိန်အဝါတစ်ခု ရှိနေပြန်သည်။

ဤသည်မှာ သာရှမင်းဆက်ကို တည်ထောင်ခဲ့သည့် ဘိုးဘေးကြီး၏ သွေးမျိုးဆက်မှ ဆင်းသက်လာသော နဂါးအရှိန်အဝါဖြစ်ပြီး ၊ ၎င်းမှာ သေးငယ်လှသော်လည်း မိစ္ဆာသတ္တဝါများအဖို့ ဖိနှိပ်ချုပ်ချယ်မှုကို ဖြစ်စေသည်။

'သူ့ကို စားပစ်ရမလား ဒါမှမဟုတ်.. သူ့ကို အညံ့ခံရမလား...'

နှစ်တစ်ထောင် သက်တမ်းရှိ မိစ္ဆာမိကျောင်းကြီး၏ ဦးနှောက်မှာ တွေးတောရန်ပင် မလောက်ငတော့ဘဲ တစ်ခါမျှ မကြုံဖူးသေးသည့် ထူးဆန်းသော တွေဝေမှုကြီးထဲသို့ ကျရောက်သွားတော့သည်။

All Chapters