အခန်း ၂၂၉
Vol. 23 Ch. 229
အခန်း (၂၂၉) - သမိုင်းတစ်လျှောက် အဆန်းပြားဆုံးနဲ့ အစွမ်းထက်ဆုံး စီးတော်ယာဉ်
သို့သော်လည်း မိမိမျက်စိရှေ့မှ ဤမြင်ကွင်းကြီးသည် သူမ အနှစ်သုံးဆယ်လုံးလုံး တည်ဆောက်ခဲ့သော အသိတရားနှင့် လောကအမြင်အားလုံးကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်၏။
တကယ်တော့…… မိစ္ဆာဘုရင်ကို မသတ်ဘဲလည်း နေလို့ရတာပဲ...
တကယ်တော့…… မိစ္ဆာဘုရင်ကို ရထားဆွဲခိုင်းလို့လည်း ရတာပဲ...
တကယ်တော့…… ရထားဆွဲခိုင်းနေတဲ့ အချိန်မှာတောင် သူ ရထားမောင်းတာ မငြိမ်ဘူးလို့ ပြစ်တင်ဝေဖန်လို့ ရသေးတာပဲ……
သူမဘေးက ချန်ချင်းသည် လေးနက်သော မျက်နှာပေးဖြင့် မိမိနောက်ကွယ်က ကိုယ်ရံတော်စစ်သည်များကို လက်တွေ့ သင်ကြားပြသပေးနေသည်။
“အားလုံး သေချာကြည့်ထားကြ... ဒါကမှ စစ်မှန်တဲ့ ဘုရင်တစ်ပါးရဲ့ အရှိန်အဝါပဲ၊ တိုက်ခိုက်ခြင်းမရှိဘဲ ရန်သူကို အညံ့ခံစေပြီး မိစ္ဆာကောင်ကို မိမိအတွက် အသုံးချတာက စစ်ဗျူဟာရဲ့ အထွတ်အထိပ်ပဲ"
"သာမန်လူတွေကတော့ တိုက်ခိုက်ဖို့ သတ်ဖြတ်ဖို့ပဲ သိကြတယ်... အဲ့တာက လူမိုက်တွေရဲ့ သတ္တိပဲ ၊ အရှင့်သားရဲ့ ဒီလုပ်ရပ်က အပေါ်ယံမှာ ရယ်စရာကောင်းတယ် ထင်ရပေမဲ့ တကယ်တော့ ကောင်းကင်နဲ့မြေကြီး ရဲ့ စည်းမျဉ်းတွေ ပါဝင်နေတာ... အားလုံး သေချာလေ့လာပြီး ဆင်ခြင်ကြစမ်း"
ကိုယ်ရံတော် စစ်သည်တော်တစ်စုမှာ ထိုစကားများကို နားထောင်ရင်း တရစပ် ခေါင်းညိတ်ထောက်ခံနေကြသည်။ မြင်းရထားကြီးကို ကြည့်သော ၎င်းတို့၏ မျက်ဝန်းထဲ၌ ရူးသွပ်မတတ် ကြည်ညိုလေးစားမှုများ ရှိနေ၏။
ယဲ့လင်ရွှမ်းမှာမူ ဤစကားများကို ကြားလိုက်ရသည့် အခိုက်အတန့်မှာပင် အသက်ရှူရပ်မတတ် ဖြစ်ကာ မြင်းပေါ်မှပင် လိမ့်ကျလုနီးပါး ဖြစ်သွားရရှာသည်။
သူမအနေဖြင့် မိမိကိုယ်တိုင် ရူးသွပ်သွားခြင်း မဟုတ်ပါက ဤလောကကမ္ဘာကြီးတစ်ခုလုံး ရူးသွပ်သွားခြင်းသာ ဖြစ်ရမည်ဟု တွေးတောနေမိသည်။
‘ ရှောင်ချွေ’ သည် သခင်အသစ်ရှေ့တွင် မိမိကိုယ်ကိုယ် ပြသလိုသဖြင့် ရထားကို အလွန် အားစိုက်ပြီး ဆွဲရှာသည်။ ၎င်းသည် ရွှံ့ညွန်ထဲတွင် အရှိန်အဟုန်ဖြင့် ပြေးလွှားနေ၏။
လမ်းခုလတ်တွင် ညှီစော်နံသော မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်နေသည့် ရေအောက်လိုဏ်ဂူတစ်ခုကို ဖြတ်သန်းမိရာ ၊ ၎င်းသည် အမြင်ကတ်သည့်အလား အမြီးကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ “ဝုန်း” ဟူသော ကျယ်လောင်သော အသံကြီးနှင့်အတူ ထိုလိုဏ်ဂူကြီးအား တစ်ချက်တည်းဖြင့်ပင် ရိုက်ခွဲဖျက်ဆီးပစ်လိုက်လေသည်။
အဆင့်မမီသော ငါးမိစ္ဆာအချို့မှာ နေရာ၌ပင် မူးဝေမိန်းမောကာ ဗိုက်ဖြူကြီးများ ပက်လက်လန်လျက် ရေမျက်နှာပြင်ပေါ်သို့ တက်လာကြတော့သည်။ ထို့နောက်တွင်မူ ထိုလိုဏ်ဂူ ပျက်စီးသွားသော နေရာမှ စုတ်ပြတ်သတ်နေသော အဝတ်အစားများ ဝတ်ဆင်ထားသည့် လူတစ်စုသည် တရွေ့ရွေ့ဖြင့် ထွက်ပေါ်လာခဲ့သည်။
“သက်ရှိလူသားတွေ…… လူသားတွေပဲ"
မျက်စိလျင်သော ကင်းထောက်တစ်ယောက်က အော်ဟစ်လိုက်သည်။ ယာဉ်တန်းကြီးမှာ ရပ်တန့်သွားပြီး ချန်ချင်းက ချက်ချင်းပင် လူလွှတ်ကာ စုံစမ်းခိုင်းခဲ့သည်။
အမှန်စစ်စင် ဤသူများသည် ကံဆိုးသော ကုန်သည်အဖွဲ့တစ်ခု ဖြစ်ပြီး ၊ လွန်ခဲ့သောလက ဤနေရာကို ဖြတ်သန်းစဉ် ထိုငါးမိစ္ဆာတစ်စု၏ ဖမ်းဆီးခြင်းကို ခံရကာ ဤနေရာတွင် ပိတ်လှောင်ခံထားရခြင်း ဖြစ်သည်။
၎င်းတို့သည် မကြာမီအချိန်အတွင်း ထိုမိစ္ဆာကောင်များ၏ ဝါးမြိုခြင်းကို ခံရတော့မည့်ဆဲဆဲတွင်မှ ယခုကဲ့သို့ အသက်ဘေးမှ ကံကောင်းထောက်မစွာ လွတ်မြောက်လာခဲ့ကြခြင်း ဖြစ်သည်။
ကုန်သည်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ကုန်သည်ကြီးသည် အသက်ဘေးမှ သီသီလေး လွတ်မြောက်လာခဲ့ပြီးနောက် ထိုတောက်ပခန့်ညားလှသော မြင်းရထားကြီးဆီသို့ ချက်ချင်းပင် ဒူးထောက်ဦးချလိုက်ကာ မျက်ရည်စက်လက်ဖြင့် တောင်းပန်လေ၏။
" အိမ်ရှေ့မင်းသားရဲ့ အသက်ကျေးဇူးအတွက် အလွန်ကို ကျေးဇူးတင်ပါတယ်.. အရှင့်သားဟာ မိစ္ဆာဘုရင်ကို အညံ့ခံခိုင်းပြီး ပြည်သူတွေအတွက် ဘေးရန်ရှင်းပေးတာဟာ တကယ့် နတ်ဘုရားတစ်ပါး လူ့လောကကို ဆင်းသက်လာသလိုပါပဲ"
" ကျွန်တော်တို့အနေနဲ့ ပြန်လည်ပေးဆပ်စရာ မရှိတဲ့အတွက် ဒီကျန်ရှိနေတဲ့ ကုန်ပစ္စည်းအားလုံးကို အရှင့်သားထံ ဆက်သပါရစေ"
ထိုသို့ ပြောပြီးသည်နှင့်၊ သူ၏အဖွဲ့သားများကို ကျန်ရှိနေသည့် ကုန်ပစ္စည်းသေတ္တာအချို့ကို သယ်ဆောင်လာရန် ညွှန်ကြားလိုက်သည်။ အထဲတွင် ပိုးထည်များ၊ ကြွေထည်များနှင့် အဖိုးတန် ကျောက်မျက်ရတနာအချို့ ပါဝင်သည်။
ယဲ့လင်ရွှမ်း မှာ ဤမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲ ရှုပ်ထွေးသွားသည်။
'အကျိုးဆောင်မှုကြီးက…… ဒီလောက် လွယ်လွယ်လေးနဲ့ ရောက်လာတာလား..'
ရှောင်ရှန်းသည် ရထားလိုက်ကာကို ဟလိုက်ပြီး ပျင်းရိစွာဖြင့် တစ်ချက် ကြည့်လိုက်သည်။ သူ့အနေဖြင့် ထိုရွှေငွေ ရတနာများကို စိတ်မဝင်စားချေ။ သို့သော် သူ့အကြည့်က ပစ္စည်းများအောက်တွင် ခင်းကျင်းထားသော ဖြူဖွေးသော မြေခွေးသားရေအခင်းအပေါ်သို့ ကျရောက်သွားသည်။
“ကဲ.. မငိုကြနဲ့တော့၊ နားငြီးတယ်"
သူသည် လက်ခါပြကာ ဆိုလိုက်၏။
“ပစ္စည်းတွေကို ပြန်ယူသွားကြ၊ ငါကိုယ်တော်က ဒါတွေကို မလိုချင်ဘူး...အဲဒီ သားရေခွံကတော့ မဆိုးဘူး...ကြည့်ရတာ အိအိလေးနဲ့မ ငါ့ကုတင်ပေါ်မှာ ခင်းဖို့ ချန်ထားခဲ့လိုက်"
ကုန်သည်များသည် မိမိတို့၏ အိမ်ရှေ့စံမင်းသားကြီးမှာ လောဘမရှိဘဲ ပြည်သူများကို အသက်ဘေးမှ ကယ်တင်ပေးသည့်အတွက် ပါးစပ်မှ တရစပ် ချီးမွမ်းရင်း ထွက်ခွာသွားကြသည်။
' ရှောင်ချွေ’ မှာ မိမိကိုယ်တိုင် ကောက်ခါငင်ခါ ဝင်ရောက်တိုက်ခိုက်လိုက်ရုံဖြင့် အကျိုးဆောင်မှုကြီးတစ်ခု ရရှိသွားသည်ကို မြင်တွေ့လိုက်ရသဖြင့် အားရကျေနပ်သွားပုံရသည်။
၎င်းသည် နောက်ထပ်ခရီးစဉ်များတွင်လည်း ပိုမိုကြိုးပမ်းအားထုတ်ကာ မိစ္ဆာငယ်များ၏ စခန်းနှစ်ခုကို ဆက်တိုက်ဆိုသလို ချေမှုန်းဖျက်ဆီးပစ်ခဲ့သေးသည်။ ထို့ကြောင့် ပိတ်လှောင်ခံထားရသည့် ခရီးသည်အချို့ကို ကယ်တင်နိုင်ခဲ့ရုံမျှသာမက မိစ္ဆာများ မတရားသိမ်းပိုက်ထားသော ပစ္စည်းအမြောက်အမြားကိုပါ သိမ်းဆည်းရမိခဲ့သည်။
ချန်ချင်းသည် ထိုပစ္စည်းများကို တစ်ခုချင်း စာရင်းမှတ်ခိုင်းပြီး ကျန်းနမ်ဂိတ်သို့ ယူဆောင်ကာ စစ်တပ်အတွက် အသုံးပြုရန် ပြင်ဆင်လိုက်သည်။ သူ၏ ရှောင်ရှန်းအပေါ် ထားရှိသော သဘောထားမှာ ယခင်ကထက် ပို၍ ပြင်းထန်သော ကြည်ညိုလေးစားမှုများ ရှိလာခဲ့၏။
အရှင့်သား၏ ဤ ‘အေးအေးလူလူဖြင့် ရန်သူကို စောင့်ဆိုင်းခြင်း’ ဟူသော နည်းဗျူဟာသည် နဂါးဝင်္ကပါရွှံ့ညွန်၏ အခက်အခဲကို လွယ်ကူစွာ ဖြေရှင်းနိုင်ခဲ့သည့်အပြင် လမ်းခုလတ်တွင် မိစ္ဆာများကို နှိမ်နင်းခြင်း၊ ပြည်သူများကို ကယ်တင်ခြင်းနှင့် စစ်တပ်အတွက် ပစ္စည်းများ ရရှိခြင်းတို့ကိုပါ တစ်ပြိုင်နက်တည်း ဆောင်ရွက်နိုင်ခဲ့ရာ တကယ့်ကို ဉာဏ်ပညာကြီးမားသော လုပ်ရပ်ကြီး ဖြစ်သည်ဟု ဆိုရပေမည်။
ညနေခင်းတွင် ယာဉ်တန်းကြီးသည် ရွှံ့ညွန်ဒေသတစ်ဝိုက်ရှိ ဧရာမ ကျောက်ဆောင်ကြီးတစ်ခုပေါ်တွင် စခန်းချခဲ့ကြသည်။ ‘ ရှောင်ချွေ’ တစ်ယောက် မွှေးပျံ့လှသော သခင်အသစ်ထံမှ မျက်နှာသာအပြည့်အဝရရှိစေရန် ရွှံ့ညွန်၏ ဟိုးအနက်ရှိုင်းဆုံးနေရာသို့ ငုပ်လျှိုးဝင်ရောက်သွားခဲ့သည်။
မကြာမီမှာပင် ၎င်းသည် တောက်ပကြည်လင်နေပြီး ပြင်းထန်သော မြေဓာတ်ဝိညာဉ်စွမ်းအင်များ ဖြာထွက်နေသည့် လူ့ဦးခေါင်းခန့်ရှိသော ကျောက်တုံးကြီးတစ်ခုကို ပင့်တင်ကာ ပြန်တက်လာခဲ့သည်။ ထို့နောက် ရှောင်ရှန်း၏ ခြေဖဝါးနားတွင် ဝပ်စင်းလျက် ထိုကျောက်တုံးကို ချပေးလိုက်၏။
“မြေကြောဝိညာဉ်အနှစ်ခဲ"
စူးဝမ်ချင်းသည် အံ့အားသင့်စွာဖြင့် ရေရွတ်ရင်း ရှေ့သို့ အမြန်တိုးကပ်လာသည်။
“ဒီပစ္စည်းက မြေနဂါးသွေးကြောရဲ့ အဆီအနှစ်တွေကနေ နှစ်ပေါင်းထောင်ချီပြီး ဖြစ်တည်လာတာမို့ ပျက်စီးနေတဲ့ မြေကြောတွေကို ပြန်လည်ပြုပြင်နိုင်တဲ့ အစွမ်းရှိတယ် အရှင့်သား.."
" ဒါ.. ဒါက ကျွန်မတို့ ဒီခရီးစဉ်မှာ အလိုအပ်ဆုံးဖြစ်တဲ့ အဓိကပစ္စည်းတွေထဲက တစ်ခုပဲ"
ရှောင်ရှန်းသည် သူ့ခြေဖဝါးအောက်က ဤမျှော်လင့်မထားသော ပစ္စည်းအကောင်းကြီးကို ကြည့်ပြီးနောက် ဘေးနားလေးကနေ “ကျွန်တော်မျိုးကို ချီးမွမ်းပါဦး” ဟူသော မျက်နှာပေးမျိုး လုပ်နေသည့် မိကျောင်းကြီးကို ကြည့်ကာ ခရီးဆောင်အိတ်ထဲမှ ကြက်ကင်တစ်ကောင်ကို ထုတ်၍ ပစ်ပေးလိုက်သည်။
“မဆိုးဘူး.. မင်းအတွက် ဆုလာဘ်ပဲ"
ဤသို့ဖြင့် သူတို့အားလုံးသည် သွေးတစ်စက်မျှ မကျဘဲ နဂါးဝင်္ကပါရွှံ့ညွန်ကို လွယ်ကူစွာ ဖြတ်သန်းနိုင်ခဲ့သည်။ အစွမ်းထက်သော စစ်အင်အားနှင့် စီးတော်ယာဉ်ကို ရရှိခဲ့သည့်အပြင် ပြည်သူများ၏ ချစ်ခင်မှုကိုလည်း ရရှိခဲ့သည်။ ထို့အပြင် နဂါးသွေးကြောကို ပြုပြင်ရန် အဓိကကျသော ပစ္စည်းကိုလည်း မျှော်လင့်မထားဘဲ ရရှိခဲ့ပြန်သေးသည်။