အခန်း ၂၃၀
Vol. 23 Ch. 230
အခန်း(၂၃၀)
ရှောင်ရှန်းသည် စစ်သည်များကို ညွှန်ကြားလျက် မြေကြောဝိညာဉ်အနှစ်ခဲကို ရထားပေါ်သို့ သယ်ဆောင်ခိုင်းနေပြီး ၊ တဖက်မှာလည်း ထိုမြင်ကွင်းကို ကြည့်ရှုနေသော ယဲ့လင်းရွှမ်းမှာ စိတ်ထဲ၌ မချိတင့်ကဲ ဖြစ်လို့နေသည်။
မိမိတစ်သက် သိုင်းလောကထဲ ကျင်လည်ခဲ့သမျှ နှစ်ပေါင်းများစွာသော အတွေ့အကြုံများမှာ အလကားဖြစ်သွားသည်ဟုပင် တွေးနေမိသည်။
ယာဉ်တန်းကြီး အနားယူပြီးနောက် ဤနဂါးဝင်္ကပါရွှံ့ညွန်မှ ထွက်ခွာတော့မည့် ဆဲဆဲတွင် စူးဝမ်ချင်း၏ အင်္ကျီလက်ထဲ၌ ငြိမ်သက်စွာ ရှိနေသော အဆိပ်တစ်သောင်းဂိုဏ်း၏ အမိန့်ပေးတံဆိပ်ပြားသည် ရုတ်တရက် ပြင်းထန်သော အနီရောင်အလင်းတန်းများ ဖြာထွက်လာခဲ့သည်။
စူးဝမ်ချင်း၏ မျက်နှာအရောင်မှာ ပြောင်းလဲသွားပြီး တံဆိပ်ပြားကို အမြန် ထုတ်ယူလိုက်သည်။
ယဲ့လင်ရွှမ်းသည်လည်း ဓားရိုးကို မြဲမြံစွာ ဆုပ်ကိုင်လိုက်ပြီး သူမ၏ စူးရှထက်မြက်သော မျက်ဝန်းများဖြင့် ထိုတောအုပ်နက်ကြီးဆီသို့ စူးစိုက်ကြည့်နေခဲ့သည်။
သို့သော်လည်း စူးဝမ်ချင်း၏ မျက်နှာမှာ လူတိုင်းထက် ပို၍ ဖြူဖျော့နေခဲ့သည်။ သူမသည် တံဆိပ်ပြားကို ကြည့်ကာ အသံမှာလည်း အနည်းငယ် တုန်ယင်နေခဲ့သည်။
“မဟူတ်ဘူး…… ဒါက ယာဉ်တန်းကို ပစ်မှတ်ထားတာ မဟုတ်ဘူး"
သူမသည် ရှောင်ရှန်းကို လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းထဲ၌ ထိတ်လန့်တုန်လှုပ်မှုများ ရှိနေခဲ့သည်။
“ဒီတံဆိပ်ပြားရဲ့ တုံ့ပြန်မှုက အဆိပ်တစ်သောင်းဂိုဏ်းရဲ့ အမြင့်ဆုံးအဆင့် အသက်လိုက်လံဖမ်းဆီးမိန့်ပဲ…… ဒါက ကျွန်မဆီကို ဦးတည်လာနေတာ"
ထိုအနီရောင်အလင်းတန်းများသည် တံဆိပ်ပြားပေါ်၌ မြှားတစ်စင်းအသွင် စုစည်းသွားပြီးနောက် ၊ ရွှံ့ညွန်၏ အစွန်းဘက်၊ ရှေ့ဘက်မလှမ်းမကမ်းရှိ မှောင်မိုက်သော တောအုပ်နက်ကြီးဆီသို့ တည့်တည့်မတ်မတ် ညွှန်ပြနေ၏။
“ခြုံခိုတိုက်ခိုက်မှု ရှိတယ်"
ချန်ချင်းက ဦးစွာ အော်ဟစ် သတိပေးလိုက်သည်နှင့် စစ်တပ်ကြီးတစ်ခုလုံး ချက်ချင်းပင် အသင့်ပြင်ဆင်လိုက်ကြသည်။
စူးဝမ်ချင်း၏ စကားသံမှာ မကျယ်လောင်သော်လည်း ၊ လူတိုင်း၏ နှလုံးသားကို အရှိန်အဟုန်ဖြင့် ထုနှက်လိုက်သည့် ဒြပ်မဲ့ ဧရာမတူကြီးပမာ လှုပ်ခတ်သွားစေခဲ့သည်။
ဆေးတစ်သောင်းဂိုဏ်း၏ အမြင့်ဆုံးအဆင့် အသက်လိုက်လံဖမ်းဆီးမိန့်။
ဤစကားလုံးများသည် မသေမချင်း အညှိုးအတေး ဖွဲ့တော့မည်ဟူသော အဓိပ္ပာယ် ဖြစ်ပြီး၊ အဆုံးမရှိသော ယုတ်မာကောက်ကျစ်သည့် အဆိပ်ခတ်နည်းဗျူဟာများနှင့် ဆေးတစ်သောင်းဂိုဏ်းတစ်ခုလုံး အင်အားအပြည့်ဖြင့် လိုက်လံလုပ်ကြံတော့မည်ဟူသော သဘောကို ဖော်ဆောင်သည်။
လေထုသည် ချက်ချင်းပင် အေးခဲသွားပြီး၊ ရွှံ့ညွန်တောထဲက စိုစွတ်သော လေပြေလေညင်းပင်လျှင် အနည်းငယ် ချမ်းစိမ့်စိမ့် ဖြစ်သွားသကဲ့သို့ ခံစားရသည်။
ချန်ချင်းသည် အလျင်မြန်ဆုံး တုံ့ပြန်နိုင်ခဲ့ပြီး၊ စူးဝမ်ချင်းကို မိမိနောက်ကွယ်သို့ ဆွဲခေါ်ကာ ဓားကို အသင့်ပြင်လျက် ရှေ့တွင် မားမားမတ်မတ် ကာကွယ်လိုက်သည်။ သူ၏ ကျားကဲ့သို့ စူးရှသော မျက်ဝန်းများက ပြူးကျယ်နေပြီး ရန်သူများနှင့် ထိပ်တိုက် ရင်ဆိုင်တော့မည့်အတိုင်း ထင်မှတ်ရသည်။
ယဲ့လင်ရွှမ်း၏ ဓားသည်လည်း ဓားအိမ်ထဲမှ လက်မဝက်ခန့် ထွက်ပေါ်လာသည်။ ဓား၏ အရှိန်အဝါများက ပြင်းထန်စွာ ဖြာထွက်လျက်၊ ရှေ့က မှောင်မိုက်လှသော တောအုပ်နက်ကြီးဆီသို့ မျက်တောင်မခတ် စိုက်ကြည့်ရင်း သူမ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို အထွတ်အထိပ်ထိ မြှင့်တင်ထားလိုက်သည်။
ဤကဲ့သို့ တင်းမာနေသော အခြေအနေအောက်တွင်၊ တောအုပ်နက်ကြီး၏ အနက်ဆုံးနေရာမှ ခြောက်ကပ်အေးစက်သော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုရယ်သံသည် သစ်ရွက်ခြောက်များပေါ်တွင် အဆိပ်မြွေတစ်ကောင် တွားသွားနေသည့်အလား ကျောချမ်းစရာ ကောင်းလှသည်။
“ဟားးး…… ဂိုဏ်းချုပ်ကြီး မျက်စိကျခဲ့တဲ့ ‘ဆေးဘုရင်သူတော်စင်ခန္ဓာ’ ပီသပါပေတယ်...တကယ်ကို အာရုံခံနိုင်စွမ်း ကောင်းတာပဲ စူးတူမလေး…… "
ထိုစကားသံနှင့်အတူ အနက်ရောင် ရောယှက်နေသော အစိမ်းရင့်ရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ၊ ခြောက်ကပ်ကပ် မျက်နှာအသားအရေ နှင့် အဘိုးအိုတစ်ဦးသည် သစ်ပင်ကြီးတစ်ပင်၏ အရိပ်ထဲမှ တစ္ဆေတစ်ကောင်ပမာ လျှောက်လှမ်းထွက်ပေါ်လာသည်။
သူ၏လက်ထဲတွင် မြွေခွေတောင်ဝှေးတစ်စင်းကို ကိုင်ဆောင်ထာသည်။ ထိုတောင်ဝှေးမှ မြွေခေါင်းသည် အသက်ရှိနေသကဲ့သို့ အနက်ရောင်လျှာကို တရစပ် ထုတ်ပြနေပြီး ၎င်း၏ တြိဂံပုံစံမျက်လုံးများကလည်း စူးဝမ်ချင်းအား ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်နေ၏။
" ဝူအကြီးအကဲ"
စူးဝမ်ချင်းသည် ရောက်လာသူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်နှင့် ၊ သူမ၏ မျက်နှာမှာ ပို၍ ဖြူဖျော့သွားပြီး မသိစိတ်က နောက်သို့ ခြေတစ်လှမ်း ဆုတ်မိလိုက်သည်။
“ဂိုဏ်းချုပ်ကို ကျွန်မ သတ်တာ မဟုတ်ဘူး၊ သူက……”
“ပါးစပ်ပိတ်ထားစမ်း"
ဝူအကြီးအကဲက သူမ၏ စကားကို ပြတ်သားစွာ ဖြတ်တောက်ပစ်လိုက်သည်။ သူ၏ မျက်ဝန်းထဲ၌ အလိုလောဘနှင့် ရူးသွပ်မှုများ ထင်ဟပ်နေခဲ့သည်။
“ဂိုဏ်းချုပ်ဆိုတဲ့ ငမိုက်သားက မင်းလို အကောင်းဆုံး ဆေးဖော်စပ်တဲ့ ပစ္စည်းကြီးကို ဘေးမှာ ထားပြီးတော့ တပည့်အဖြစ် လက်ခံဖို့ စဉ်းစားနေတာ... ရတနာကို အလဟဿ ဖြုန်းတီးပစ်တာပဲ"
"သူ သေတာ ရှင်တာက ငါနဲ့ ဘာဆိုင်လို့လဲ...ဒီနေ့ ငါလာတာက တူမလေးကို ငါနဲ့အတူ လိုက်ခဲ့ဖို့ ဖိတ်ခေါ်မလို့ပဲ ...ငါ့ရဲ့ အထွတ်အထိပ် အဆိပ်ဆေးလုံးဖြစ်တဲ့ နတ်ဘုရားပြောင်းလဲခြင်း ကပ်ဘေးကို ဖော်စပ်ဖို့ ကူညီပေးရမယ် ...မင်းရဲ့ ‘ဆေးဘုရင် သူတော်စင်ခန္ဓာ’ က ဒီဆေးလုံးရဲ့ နောက်ဆုံးနဲ့ အရေးကြီးဆုံး ဆေးအဆီအနှစ်ပဲ"
ဤစကားများ ထွက်လာသည်နှင့် လူတိုင်း အံ့ဩသွားကြသည်။ အမှန်စစ်စင် ဤလူသည် ကလဲ့စားချေရန် ရောက်ရှိလာခြင်း မဟုတ်ဘဲ၊ စူးဝမ်ချင်းကို လုယူကာ ဆေးဖော်စပ်သည့် ပစ္စည်းအဖြစ် အသုံးချရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ယဲ့လင်ရွှမ်း၏ လှပသော မျက်နှာလေးမှာ ဤအခိုက်အတန့်တွင် လုံးဝ အေးစက်သွားပြီး ဖြတ်ဆိုလိုက်၏။
“မိစ္ဆာကောင်တွေ..သေသင့်တယ်"
“ငါ့ကို သတ်မလို့လား”
ဝူအကြီးအကဲက ရယ်လေသည်။
“မင်းတို့ကလား၊ မိန်းကလေးယဲ့.. မင်းရဲ့ ဓားက မြန်တာ မှန်ပါတယ် ဒါပေမဲ့ ငါ့ရဲ့ 'ဆယ်ပါးအဆိပ်ငွေ့'ထက် မြန်နိုင်ပါ့မလား"
စကားမဆုံးသေးခင်မှာပင် လက်ထဲက မြွေခေါင်းတောင်ဝှေးကို မြေကြီးပေါ်သို့ ပြင်းထန်စွာ တစ်ချက် ဆောင့်ချလိုက်သည်။
“ဝုန်း——”
ဆန်းပြားသော အက်သံတစ်ခုနှင့်အတူ ဒြပ်မဲ့အရာတစ်ခုသည် ချက်ချင်းပင် လွင့်ပျံ့ထွက်ပေါ်လာ၏။ ပတ်ဝန်းကျင်ရှိ လေထုမှာ မည်သည့်ပြောင်းလဲမှုမျှ မရှိဘဲ ပုံမှန်အတိုင်းပင် ရှိနေဆဲဖြစ်ပြီး၊ ရွှံ့ညွန်တော၏ ညှီစော်နံသော အနံ့ဆိုးမှတစ်ပါး အခြား မည်သည့်အရောင်၊ မည်သည့်အနံ့မျှ ထူးခြားစွာ ထွက်ပေါ်မလာခဲ့ချေ။
သို့သော်လည်း အမြဲတစေ သတိကြီးစွာ အသင့်ပြင်ထားသည့် ယဲ့လင်ရွှမ်းသည် မိမိ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အားအင်များမှာ မည်သည့် အကြောင်းပြချက်မရှိဘဲ ဆုတ်ယုတ်ကုန်ခမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူမ ခံစားလိုက်ရသည်မှာ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်စီးကြောင်း လည်ပတ်မှုသည် တုံ့ဆိုင်းပြီး လေးလံသွားကာ၊ ဓားရိုးကို ဆုပ်ကိုင်ထားသော လက်ပင်လျှင် အနည်းငယ် ပျော့ခွေသွားသည်။
သူမ၏ စိတ်ထဲတွင် ပြင်းထန်စွာ ထိတ်လန့်သွားပြီး ထိုအရာကို ခုခံရန် ကြိုးစားလိုက်သော်လည်း၊ အဆိုပါ ဒြပ်မဲ့အရာသည် သူမ၏ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ခန္ဓာကိုယ် အနှံ့အပြားသို့ တိတ်တဆိတ် ဝင်ရောက်ကာ သွေးကြောများကို တိုက်စားနေပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
သူမတစ်ယောက်တည်း မဟုတ်ဘဲ ချန်ချင်းနှင့် သူ၏နောက်ကွယ်မှ ကိုယ်ရံတော်စစ်သည်များ အားလုံးလည်း အလားတူ ဝေဒနာကို အနည်းနှင့်အများ ခံစားလိုက်ရသည်။
သိုင်းပညာနုနယ်သော စစ်သည်အချို့မှာ မျက်နှာများ ပြာနှမ်းလာကာ လဲပြိုလုနီးပါးပင် ဖြစ်နေကြသည်။
“ဒါက……”
ချန်ချင်းသည် အံကြိတ်လျက် တောင့်ခံထားသည်မှာ နဖူးပေါ်ရှိ အကြောများပင် ထောင်တတ်လာသည်။
“မင်းတို့ တောင့်ခံလည်း အလကားပဲ"
ဝူအကြီးအကဲက ရုန်းကန်နေသော လူတိုင်း၏ အခြေအနေကို ကျေနပ်စွာဖြင့် စောင့်ကြည့်ရင်း ဆိုလေ၏။
“ငါ့ရဲ့ ‘ဆယ်ပါးအဆိပ်ငွေ့’ ဆိုတာ လောကရဲ့ ဆိုးဝါးလှတဲ့ နေရာဆယ်ခုက အဆိပ်ငွေ့တွေကို စုဆောင်းပြီး၊ အဆိပ်ရှိတဲ့ ဆေးပင်တစ်ရာနဲ့ ရက်ပေါင်း လေးဆယ့်ကိုးရက်တိုင်တိုင် သန့်စင်ဖော်စပ်ထားတာပဲ"
" ဘာအရောင်၊ ဘာအနံ့မှ မရှိဘဲ သွေးနဲ့ထိတာနဲ့ အသက်ပျောက်စေနိုင်တဲ့အပြင် လူ့ရဲ့ အတွင်းအားတွေကိုလည်း ဖျက်ဆီးပစ်နိုင်တယ်...မင်းတို့ သိုင်းပညာ ဘယ်လောက်ပဲ မြင့်မြင့်၊ ဒီအဆိပ်ငွေ့ကို ရှူရှိုက်မိရင် ခဏချင်းအတွင်းမှာပဲ အတွင်းအားတွေ ကုန်ခမ်းသွားပြီး အသတ်ခံရမယ့် သိုးသူငယ်တွေ ဖြစ်သွားမှာပဲ"
စူးဝမ်ချင်း အလွန် စိုးရိမ်ပူပန်သွားသည်။ သူမသည် ဆေးပညာရော အဆိပ်ပညာမှာပါ အထွတ်အထိပ် ရောက်နေသော်လည်း၊ ဤ ‘ဆယ်ပါးအဆိပ်ငွေ့’ သည် မြန်ဆန်လွန်းပြီး အတိုင်းအတာလည်း ကျယ်ပြန့်လွန်းသဖြင့် ဖြေဆေးကို အချိန်မီ ဖော်စပ်ရန် မဖြစ်နိုင်ချေ။
ကြည့်ရသည်မှာ ယာဉ်တန်းတစ်ခုလုံး အကျပ်အတည်းထဲသို့ ကျရောက်ကာ လုံးဝ ပျက်စီးတော့မည့် အခြေအနေသို့ ရောက်ရှိနေချေပြီ။
ဤကဲ့သို့ လူတိုင်း စိုးရိမ်ထိတ်လန့်နေပြီး တင်းမာနေသော အချိန်တွင် ၊ ပျင်းရိပြီး အနည်းငယ် အမြင်ကတ်စရာ ကောင်းသော စကားသံသည် ' ငါးဆားနယ်' မြင်းရထားအတွင်းမှ ထွက်ပေါ်လာလေ၏။
“ဒါက ဘာအနံ့ကြီးလဲ"
ရှောင်ရှန်းသည် ရထားလိုက်ကာကို ဟလိုက်ပြီး နှာခေါင်းရှုံ့လျက် လေထုထဲက အနံ့ကို ရှူရှိုက်ရင်း ၊ ရွံရှာသည့် မျက်နှာပေးဖြင့် ဆိုလိုက်သည်။
“ငါပြောမယ်... မင်းတို့ အဆိပ်တစ်သောင်းဂိုဏ်းက ခြေဆေးရေတွေနဲ့ပဲ အလုပ်လုပ်နေကြတာလား.....ဘာလို့ ထွက်လာတိုင်း အနံ့တွေက ဒီလိုဖြစ်နေရတာလဲ"
" ပြီးခဲ့တဲ့အကြိမ်ကလည်း အနှစ်ဆယ်ချီပြီး မလျှော်ထားတဲ့ ဝိုင်အဟောင်းနံ့၊ ဒီတစ်ကြိမ်ကတော့…… အင်း.. ဖော်မြူလာက တိုးတက်လာပြီပဲ..မနေ့ညက ကျန်တဲ့ ချဉ်ဖတ်တွေ ထိုးထည့်ထားသလိုပဲ"
ရုတ်တရက် ထွက်ပေါ်လာသော ဤစကားတစ်ခွန်းကြောင့် ဝူအကြီးအကဲ၏ ကျေနပ်နေသော မျက်နှာအိုကြီးသည် ချက်ချင်းပင် တောင့်ခဲသွားတော့သည်။
' သူ…… သူက ဒီအနံ့ကို ရနိုင်တာလား ပြီးတော့၊ သူက ဘာလို့ ဘာမှမဖြစ်ရတာလဲ...'
' ဘာမှမဖြစ်ရုံတင်မကဘဲ၊ သူ့ ကြည့်ရတာ အားအင်အပြည့်နဲ့ သက်တောင့်သက်သာ ရှိနေသလိုပဲ'
ဝူအကြီးအကဲ တစ်ယောက် ဤအကြောင်းကို သေချာ မစဉ်းစားနိုင်သေးခင်မှာပင်၊ သူ၏ မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားစေမည့် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။
အရောင်မရှိ၊ ဒြပ်မရှိသော ‘ဆယ်ပါးအဆိပ်ငွေ့’ များသည် ရှောင်ရှန်း ပေါ်ထွက်လာသည့် အခိုက်အတန့်မှာပင်၊
ထိုအရာများသည် ထွက်ပေါက်တစ်ခုကို ရှာဖွေတွေ့ရှိသွားသည့်အလား၊ သို့မဟုတ် ငါးညှီနံ့ရလိုက်သည့် ကြောင်တစ်ကောင်ပမာ သာမန်မျက်စိဖြင့် မမြင်နိုင်သည့် မီးခိုးရောင်အလင်းတန်းများအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။ ထို့နောက် ၎င်းတို့သည် ရှောင်ရှန်း၏ ပါးစပ်နှင့် နှာခေါင်းဆီသို့ အရူးအမူး တိုးဝင်သွားကြ၏။
ရှောင်ရှန်းမှာ နောက်ထပ် ဝေဖန်ရန် ပြင်ဆင်နေစဉ်မှာပင်၊ ရုတ်တရက် ဆန်းကြယ်သော ‘စွမ်းအင်’ တစ်ခု က သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ ထိုခံစားချက်သည် သုံးပတ်လုံး ငတ်မွတ်နေသော လူတစ်ယောက်က ကောင်းမွန်သော စားသောက်ပွဲကြီးတစ်ခုကို တွေ့လိုက်ရသည့်အလား ထင်မှတ်ရသည်။
ခန္ဓာကိုယ်တွင်းရှိ မွေးရာပါ တာအိုသန္ဓေသားလောင်းသည် သူ၏ ထိန်းချုပ်မှုကို မခံယူတော့ဘဲ နိုးထလာသော လောဘကြီး သားရဲကြီးတစ်ကောင်ပမာ သူ့အလိုလို လျှင်မြန်စွာ လည်ပတ်လေတော့သည်။
ယဲ့လင်ရွှမ်း၏ အတွင်းအားများကိုပင် ဖျက်ဆီးပစ်နိုင်သော ပြင်းထန်သော အဆိပ်ငွေ့များသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားပြီးနောက်၊
မည်သည့် ထိခိုက်မှုမျှ မရှိသည့်အပြင် ထိုထူးခြားသော မွေးရာပါ တာအိုသန္ဓေသားလောင်း၏ ခွဲခြမ်းစိတ်ဖြာမှုအောက်တွင် ၊ အလွန်သန့်စင်ပြီး ဆန်းကြယ်သော စွမ်းအားများအဖြစ်သို့ ကူးပြောင်းသွားကာ သူ၏ ခန္ဓာကိုယ်အနှံ့အပြားကို ပြန်လည်အားဖြည့်ပေးခဲ့သည်။
“ အေ့~”
ရှောင်ရှန်း တစ်ယောက် ကျေနပ်အားရစွာဖြင့် လေတစ်ချက် တက်လိုက်သည်။ သူသည် ရေနွေးနွေးလေးဖြင့် ရေချိုးပြီးခါစအလား တစ်ကိုယ်လုံး သက်တောင့်သက်သာ ရှိသွားသည်ကို ခံစားလိုက်ရသည်။
ပြင်ပတွင်မူ၊ အဆိပ်ငွေ့များ ရူးသွပ်စွာ တိုးဝင်လာကြသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ လေထုမှာ အနည်းငယ် ပုံပျက်သွားသည်။
ချန်ချင်းနှင့် ယဲ့လင်ရွှမ်းတို့နှစ်ဦးစလုံး မိမိတို့အပေါ် သက်ရောက်နေခဲ့သော ဖိအားများမှာ ချက်ချင်းဆိုသလို လျော့နည်းသွားကြောင်း နှင့် သွေးကြောများကို တိုက်စားနေသော ဆိုးညစ်သည့် စွမ်းအင်များသည်လည်း ဒီရေအလား တရိပ်ရိပ် ပြန်လည်ဆုတ်ခွာသွားသည်ကို ခံစားလိုက်ရသည်။
မလှမ်းမကမ်းတွင် ပုန်းအောင်းနေသော ဝူအကြီးအကဲမှာ ထိုမြင်ကွင်းကြောင့် လုံးဝ ဆွံ့အသွားသည်။ နှစ်ပေါင်းများစွာ အားစိုက်ထုတ်ခဲ့ပြီး မိမိ၏ ဘဝတစ်လျှောက် အခမ်းနားဆုံးသော လက်ရာတစ်ခု ဖြစ်ခဲ့သည့် ‘ဆယ်ပါးအဆိပ်ငွေ့’ သည် ပင်လယ်ထဲသို့ စီးဝင်သွားသည့်အလား ထိုလူငယ်၏ ဗိုက်ထဲသို့ အဆာပြေ မုန့်တစ်ခုပမာ စုပ်ယူခံလိုက်ရသည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။
ထို့အပြင် တစ်ဖက်လူသည် နှုတ်ခမ်းကိုပင် သပ်လိုက်သေးပြီး၊ မျက်နှာတွင် အားမရသေးသော အမူအရာဖြင့် ရှိနေလေ၏။
'ဒါ…… ဒါက ဘာမိစ္ဆာကောင်ကြီးလဲ...'
' ဒါက သိုင်းပညာ အရှင်သခင်အဆင့်ကိုတောင် သတ်နိုင်တဲ့ အဆိပ်ဆိုးကြီးလေ... အဆိပ်ပညာကို သီးသန့် လေ့ကျင့်ထားတဲ့ လူတွေတောင် ခန္ဓာကိုယ်ထဲကို ခုလို တိုက်ရိုက် ရှုမသွင်းရဲဘူး'
ဝူအကြီးအကဲတစ်ယောက် တစ်သက်တာလုံး ကြုံဖူးခဲ့သမျှထဲတွင် အပြင်းထန်ဆုံး စိတ်အာရုံရိုက်ခတ်မှုကို ခံလိုက်ရပြီး ၊ ခြေဖျားမှ ခေါင်းအထိ အေးစိမ့်သွားကာ ဝိညာဉ်ပင် လွင့်ထွက်မတတ် ထိတ်လန့်သွားခဲ့ရသည်။
တစ်ဖက်တွင်မူ ရှောင်ရှန်းသည် ဤ ‘နေ့လယ်စာ’ ကို စုပ်ယူပြီးနောက် ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များ ပြည့်ဝလွန်းသဖြင့် အနည်းငယ် ရင်ပြည့်သလို ခံစားလိုက်ရသည်။
သူသည် အသက်ပြင်းပြင်း တစ်ချက် ရှုရှိုက်လိုက်ပြီး ၊ ကိုယ်တွင်းမှ ညစ်ညမ်းသော လေထုကို ပေါ့ပေါ့ပါးပါးပင် မှုတ်ထုတ်လိုက်သည်။
“ဟူး——”
ဤလေထုတ်သံမှာ သာမန်ကာလျှံကာမျှသာဖြစ်ပြီး ၊ ထမင်းစားပြီးနောက် သဘာဝအတိုင်း အသက်ရှူထုတ်လိုက်သကဲ့သို့ပင် ။
သို့သော်လည်း ဤလေထုသည် ‘မွေးရာပါ တာအိုသန္ဓေသားလောင်းခန္ဓာ’ မှ ပွဲတော်တည့်ခင်းအပြီး ‘သန့်စင်’ ကာ စွန့်ထုတ်လိုက်သော အညစ်အကြေးများသာ ဖြစ်ပြီး၊ ထိုအထဲတွင် ပါဝင်နေသည်မှာ ‘ဆယ်ပါးအဆိပ်ငွေ့’ ၏ အခြေခံအကျဆုံး၊ အသန့်စင်ဆုံးနှင့် အပြင်းထန်ဆုံးသော အဆိပ်အတောက်များပင် ဖြစ်သည်။
ထိုညစ်ညမ်းသော လေထုသည် လေနှင့်အတူ လွင့်မျောသွားပြီး၊ ဝူအကြီးအကဲ ပုန်းအောင်းနေသည့် နေရာအနားသို့ ကွက်တိ ရောက်ရှိသွား၏။
ဝူအကြီးအကဲမှာ သာမန်မျက်စိဖြင့် မမြင်နိုင်သော အမှုန်အမွှားလေးတစ်ခုကို ရှူမိလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင်၊ သူ့တစ်ကိုယ်လုံး မိုးကြိုးပစ်ခံလိုက်ရသည့်အလား တောင့်တင်းသွားခဲ့သည်။
“အား——"
စူးရှသော အော်ဟစ်သံနှင့်အတူ ဝူအကြီးအကဲ၏ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး၊ အရေပြားများသည် အမည်းရောင်နှင့် ခရမ်းရောင်အဖြစ် ပြောင်းလဲသွားကာ ဒွါရခုနှစ်ပေါက်မှ ညှီစော်နံသော အနက်ရောင် သွေးများ စီးကျလာခဲ့သည်။
T/N - နှစ်ပိုင်းစာ ထည့်လိုက်တယ်နော်