← Chapters

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း (၂၃၁) - မင်းရဲ့အဆိပ်က သက်တမ်းကုန်နေပြီပဲ

သူ ဂုဏ်ယူခဲ့ရသော အဆိပ်ပညာသည် ဤအခိုက်အတန့်တွင် လုံးဝ ပေါက်ကွဲသွားပြီး သူ့ကိုယ်သူ ပြန်လည် တိုက်စားလေတော့၏။ သူသည် သူကိုယ်တိုင် ဖော်စပ်ထားသော အဆိပ်၏ ပထမဆုံးနှင့် အကောင်းဆုံးသော သားကောင် တစ်ကောင် ဖြစ်ခဲ့ရလေတော့သည်။

“ဝုန်း"

ကျယ်လောင်သောအသံနှင့်အတူ ၊ ဝူအကြီးအကဲ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်ခဲသွားပြီး သစ်သားတုံးကြီးပမာ ပုန်းအောင်းနေသော သစ်ပင်ကြီးနောက်မှ တည့်တည့်မတ်မတ် လဲကျသွားကာ သတိမေ့မြောသွားခဲ့သည်။

ဤလုပ်ငန်းစဉ်တစ်ခုလုံးသည် အမွှေးတိုင်တစ်တိုင် မကုန်ခင်မှာပင် ပြီးဆုံးသွားခဲ့သည်။ချန်ချင်းနှင့် ကိုယ်ရံတော်စစ်သည်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကြောင်အမ်းစွာဖြင့် ရှိနေကြသည်။

ခုနတင်ကမှ ရန်သူကြီးနှင့် ရင်ဆိုင်ရတော့မည့်အလား ရှိနေခဲ့သော်လည်း၊ ယခုအခါတွင်မူ ရန်သူသည် သူ့ဟာသူ လဲကျသွားလေ၏။

သူတို့ဘက်က ဓားတစ်ချက် မြှားတစ်စင်းပင် မထုတ်ရသေးသလို ၊ ဆဲဆိုရန်ပင် အချိန်မရလိုက်ချေ။

' ဒီတိုက်ပွဲက…… ဒီလောက် လွယ်လွယ်လေးနဲ့ ပြီးသွားတာလား'

ချန်ချင်းသည် စစ်မြေပြင်တွင် ကျင်လည်ခဲ့သူပီပီ ချက်ချင်းဆိုသလို သတိပြန်ကပ်လာပြီး ရှေ့သို့ တိုးကပ်ကာ ဝူအကြီးအကဲ၏ ရင်ဘတ်ကို ခြေထောက်ဖြင့် နင်းကြည့်လိုက်သည်။

ဤအဆိပ်သမားကြီးမှာ သတိမေ့မြောနေခြင်းသာဖြစ်ပြီး အသက်မထွက်သေးကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။

သူသည် လက်ဝှေ့ယမ်းကာ အချက်ပြလိုက်သည်နှင့် ၊ ကိုယ်ရံတော်စစ်သည် နှစ်ယောက်သည် ချက်ချင်း ရှေ့သို့ တက်လာပြီး အထူးပြုလုပ်ထားသော သံခြေကျင်းများဖြင့် ဝူအကြီးအကဲကို မြဲမြံစွာ တုပ်နှောင်လိုက်ကြသည်။

ထိုအချိန်မှာပင် သတိမေ့မြောနေသော ဝူအကြီးအကဲသည် သေခါနီး အားအင်ပြန်ပြည့်လာသည့်အလား နောက်ဆုံးအားအင်ကို သုံး၍ မျက်လုံးများကို ပြင်းထန်စွာ ဖွင့်လိုက်သည်။

သူသည် မိမိကို ဖမ်းဆီးချုပ်နှောင်ထားသော ချန်ချင်းနှင့် မိမိအား ရှုံးနိမ့်စေခဲ့သော စူးဝမ်ချင်းတို့ကို တစ်ချက်ကလေးမှ လှည့်မကြည့်ခဲ့ပေ။

ယင်းအစား တစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသည့်အလား အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများဖြင့် မြင်းရထားပေါ်က အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် ရှိနေသော ရှောင်ရှန်းကိုသာ စိုက်ကြည့်နေလေ၏။

သူ၏ လည်ချောင်းထဲမှ ' အက်..အက်' ဟူသည့် အသံများ ထွက်ပေါ်နေပြီး ၊ နှုတ်ခမ်းများမှာ တုန်ရီလျက် သွားကြားထဲမှ မပီမပြင် စကားလုံးအချို့ကို အားစိုက် ညှစ်ထုတ်လိုက်သည်။

ထိုစကားသံမှာ သိပ်မပီပြင်သော်လည်း ၊ လူတိုင်း၏ နားထဲသို့ ရှင်းရှင်းလင်းလင်း ဝင်ရောက်သွားခဲ့သည်။

“မင်း…… မင်းက…… ကောင်းကင်ဝါးမြိုမိစ္ဆာခန္ဓာပဲ"

ဤစကားလုံးများထဲတွင် ဆန်းကြယ်သော မန္တန်စွမ်းအားအချို့ ပါဝင်နေသည့်အလား စောနကတင် လျော့ပါးသွားသော လေထုကို တစ်ဖန် ထူးဆန်းသွားစေပြန်၏။

‘ကောင်းကင်ဝါးမြိုမိစ္ဆာခန္ဓာ..အဲ့တာက ဘာလဲ'

ချန်ချင်းဖြစ်စေ ၊ ယဲ့လင်ရွှမ်းဖြစ်စေ သို့မဟုတ် စူးဝမ်ချင်းပင် ဖြစ်စေ၊ သာရှမင်းဆက်၏ မည်သည့် သမိုင်းမှတ်တမ်း သို့မဟုတ် သိုင်းလောက၏ ကောလာဟလများထဲတွင်မှ ဤအမည်နာမည်ကို တစ်ခါမျှ မကြားဖူးကြချေ။

.....

‘ကောင်းကင်ဝါးမြိုမိစ္ဆာခန္ဓာတဲ့လား....'

ချန်ချင်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် ဤနာမည်ကို တစ်ခါမျှ မကြားဖူးသော်လည်း၊ အဆိပ်သမားအိုကြီး သေခါနီးအချိန်တွင် ပြသခဲ့သည့် အလွန်အမင်း ထိတ်လန့်နေသော အမူအရာကို ကြည့်ခြင်းအားဖြင့် ဤအရာမှာ ကောင်းမွန်သောအရာ မဖြစ်နိုင်ကြောင်းကို ရိပ်မိလိုက်သည်။

​ယဲ့လင်ရွှမ်း၏ မျက်ဝန်းများမှာလည်း အနည်းငယ် ကျုံ့ဝင်သွားပြီး ဓားကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။

သူမ သိုင်းလောကတွင် ကျင်လည်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီး၊ ဆန်းပြားသော ကောလာဟလများနှင့် သိုင်းလောက၏ လျှို့ဝှက်ချက်မျိုးစုံကို နှံ့စပ်စွာ သိရှိထားသော်လည်း ၊ ဤစကားလုံးများကို မည်သည့် သမိုင်းမှတ်တမ်းတွင်မှ မမြင်ဖူးမကြားဖူးချေ။

သို့သော် ‘မိစ္ဆာခန္ဓာ’ ဟူသော စကားလုံးကိုယ်နှိုက်ကပင် မကောင်းသော နိမိတ်များကို ပေးစွမ်းနေပြီး ၊ ထိုစကားကို ကြားလိုက်ရသော စူးဝမ်ချင်း၏ ခန္ဓာကိုယ်မှာလည်း မသိမသာ တုန်ယင်သွားသည်။

ရှောင်ရှန်းကို ငေးကြည့်နေသည့် သူမ၏မျက်ဝန်းထဲ၌ ထိတ်လန့်မှုများအပြင် တစ်စုံတစ်ခုကို သဘောပေါက်သွားသည့် အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။

သူမသည် လျှို့ဝှက်ဆန်းကြယ်သော နောက်ခံမှ ဆင်းသက်လာပြီး ဗဟုသုတ အမျိုးမျိုးကို လေ့လာခဲ့သူ ဖြစ်သည်။ သူမ ဂိုဏ်းတွင် နေထိုင်ခဲ့စဉ်က ၊ ပျက်စီးနေသာ စာအုပ်အဟောင်းတစ်အုပ်ထဲတွင် ဤအကြောင်းအရာနှင့် ပတ်သက်၍ စာသားအနည်းငယ် ရေးသားထားသည်ကို ဖတ်ဖူးခဲ့သည်။

၎င်းသည် ရှေးဟောင်း ဒဏ္ဍာရီထဲတွင်သာ တည်ရှိသော တားမြစ် ခန္ဓာကိုယ်တစ်ခုအကြောင်း ဖော်ပြထားခြင်း ဖြစ်သည်။ မိုးမြေတစ်ခွင်ရှိ ခပ်သိမ်းသော စွမ်းအင်များကို စားသုံးပြီး မိမိကိုယ်ပိုင် စွမ်းအားအဖြစ် ပြောင်းလဲအသုံးပြုနိုင်သည်ဟု ဆိုကြသည်။

အဆိုပါ စွမ်းအားသည် ကောင်းကင်လမ်းစဉ်ကိုပင် သည်းမခံနိုင်လောက်အောင် ပြိုင်ဘက်ကင်းပြီး လွှမ်းမိုးနိုင်သော စွမ်းအားတစ်ခု ဖြစ်သည်ဟု ဆိုရမည်။

' မဟုတ်မှလွဲရော…… ဒါက အရှင့်သားရဲ့ ‘ မွေးရာပါ တာအိုသန္ဓေသားလောင်းခန္ဓာ’ ဆိုတာလား'

လူတိုင်း အသီးသီး တွေးတောနေကြပြီး လေထုမှာ တဖြည်းဖြည်း မွန်းကျပ်လာ၏။ လူတိုင်း၏ အာရုံစိုက်မှုကို ခံနေရသော ရှောင်ရှန်းမှာ ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်လိုက်ရင်း ဆိုလိုက်၏။

“ ဒီလူအိုကြီး သေခါနီး အဆိပ်တွေတက်ပြီး ဦးနှောက်တွေ ရှုပ်ကုန်တာလား... ဘာ ကောင်းကင်ဝါးမြိုမိစ္ဆာခန္ဓာလဲ... ကြားရတာနဲ့တင် မသတီစရာကောင်းနေပြီ"

ရှောင်ရှန်း တစ်ယောက် မကျေနပ်သော မျက်နှာပေးဖြင့် မြင်းရထားပေါ်မှ ခုန်ဆင်းလာပြီး ကိုယ်ပေါ်တွင် မရှိသော ဖုန်မှုန့်များကို ခါထုတ်လိုက်၏။

“ငါ့ရဲ့ ခန္ဓာကိုယ်ကို ‘ငါးဆားနယ်ခန္ဓာ’ လို့ ခေါ်တာကွ မင်းတို့ နားလည်လား....ဆိုလိုတာက လှုပ်ရှားရမှာတောင် ပျင်းလို့၊ ဘာပစ္စည်းပဲ ပျံလာပျံလာ ရှောင်ဖို့တောင် ပျင်းတယ်ကွာ ... မျက်စိမှိတ်ပြီး ဖြစ်ချင်ရာဖြစ် ထားလိုက်တာ "

" ပြီးတော့ ငါက ဝါးမြိုလိုက်တာ မဟုတ်ဘူး...အဲဒီအရာက သူ့ဘာသာသူ တိုးဝင်လာပြီး စုပ်ယူမိသွားတာပဲ...အားလုံးက အမှတ်မထင် ဖြစ်သွားတာတွေချည်းပဲ"

ဤကဲ့သို့ အဓိပ္ပာယ်မရှိသော ဆင်ခြေစကားများကြောင့် စူးဝမ်ချင်းနှင့် ယဲ့လင်ရွှမ်းတို့၏ နှုတ်ခမ်းထောင့်များမှာ တစ်ပြိုင်နက်တည်း တွန့်ကွေးသွားကြသည်။

ဒီလောက်ပြင်းထန်တဲ့ အဆိပ်ကို စုပ်ယူမိတာဟာ သူ့ရဲ့ ပျင်းရိတဲ့ဗီဇ‌ကြောင့် အလိုလို ဖြစ်သွားတာတဲ့လား...

ဤလောကတွင် ထိုကဲ့သို့သော လွှဲမှားသော စကားများကို သူတစ်ယောက်တည်းကသာ ပြောရဲပေလိမ့်မည်။

သို့ရာတွင် ၊ တစ်ဖက်လူက ဖြစ်သလို ပြောလိုက်သော်လည်း တစ်စုံတစ်ယောက်သော နားထောင်သူက အလေးအနက် မှတ်သားထား၏။

ဤစကားလုံးများသည် ချန်ချင်း၏ နားထဲသို့ ရောက်ရှိသွားချိန်တွင် မိုးကြိုးပစ်ချခံလိုက်သည့်အလား တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။

'ရှောင်ဖို့ ပျင်းတယ်…… သူ့ဘာသာသူ စုပ်ယူမိသွားတယ်……'

ချန်ချင်း၏ တည်ကြည်သော မျက်နှာထက်တွင် အံ့ဩမှင်သက်မှုများ ဖြစ်ပေါ်လာ၏။ နေရာမှာပင် ကြောင်အမ်းစွာဖြင့် ရပ်နေမိပြီး ၊ စိတ်ထဲတွင် ဤစကားလုံးများကို အထပ်ထပ်အခါခါ ဆင်ခြင်နေမိသည်။

ပြင်ပလူများ၏ အမြင်တွင် ၊ ဤစကားလုံးများသည် အိမ်ရှေ့စံမင်းသား၏ ဖြစ်သလို ပြောဆိုလိုက်သော စကားများ ဖြစ်သော်လည်း၊ သူ၏ နားထဲတွင်မူ မဟာလမ်းစဉ်၏ အမြင့်မြတ်ဆုံး အခြေခံမူများ ပါဝင်သည့် လမ်းညွှန်မှုတစ်ခုသာ ဖြစ်သည်။

All Chapters