← Chapters

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း(၂၃၃)

ထိုဖြစ်စဉ်မှာ အပြင်သို့ ထွက်နေသည်မှာ ကြာမြင့်လှပြီ ဖြစ်သော အတုမရှိသော ဓားတစ်လက်သည် နောက်ဆုံးတွင် ဓားအိမ်ထဲသို့ ဖြည်းဖြည်းချင်း ပြန်လည်ဝင်ရောက်သွားသည်နှင့် တူသည်။

“ဝုန်း——”

ဒြပ်မဲ့ လေလှိုင်းတစ်ခုသည် ချန်ချင်းကို ဗဟိုပြုလျက် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားခဲ့သည်။

သူ့ကိုယ်ပေါ်မှ ပြင်းထန်သော အရှိန်အဝါများသည် ချက်ချင်းပင် ပျောက်ကွယ်သွားပြီး သိုင်းပညာနယ်ပယ် အရှင်သခင်အဆင့်ရှိ အရှိန်အဝါများအဖြစ် ပေါ်ထွက်လာခဲ့သည်။

သူ့အား ခုနစ်နှစ်တိုင်တိုင် ပိတ်လှောင်ထားခဲ့ပြီး အကြိမ်ကြိမ် ကြိုးစားသော်လည်း မကျော်ဖြတ်နိုင်ခဲ့သော သိုင်းပညာနယ်ပယ် အတားအဆီးသည် ဤကဲ့သို့ ရယ်စရာကောင်းသော ‘လှဲလျောင်းခြင်းကို အတုယူခြင်း’ ၏ ပညာရပ်အောက်တွင် တိတ်တဆိတ်ပင် ပျက်ပြယ်သွားခဲ့ရချေပြီ။

ချန်ချင်းသည် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ မျက်ဝန်းထဲမှ တောက်ပသော အလင်းတန်းများ ဖြာထွက်နေပြီး ယခင်က တစ်ခါမျှ မရှိဖူးသော ကြည်လင်ပြတ်သားမှုများ ထင်ဟပ်လျက် ရှိနေသည်။

သူ၏ ခန္ဓာကိုယ်ထဲတွင် အင်အားအပြည့် တရဟော စီးဆင်းနေသော အတွင်းအားများကို ခံစားလိုက်ရသဖြင့် စိတ်လှုပ်ရှားစွာဖြင့် မျက်ရည်များပင် စီးကျလာခဲ့သည်။

ဤမျှ ကြံ့ခိုင်လှသော သံမဏိယောက်ျားကြီးသည်ပင် ယခုအချိန်တွင် ကလေးငယ်တစ်ဦးကဲ့သို့ ရှိုက်ကြီးတငင် ငိုကြွေးနေမိသည်။

​ထို့နောက် သူသည် ရှောင်ရှန်းရှိရာ အရပ်ဆီသို့ လှည့်ကာ ခေါင်းနှင့်မြေကြီး ဦးချကာ နောက်တစ်ကြိမ် အရိုအသေပေးလိုက်ပြန်သည်။ သူ၏ တုန်ယင်နေသော လေသံထဲတွင် အဆုံးမရှိသော ကျေးဇူးတရားများဖြင့် ပြည့်နှက်နေခဲ့သည်။

“အရှင့်သားရဲ့ သင်ကြားပြသပေးမှုကို ကျွန်တော်မျိုး အလွန် ကျေးဇူးတင်ရှိပါတယ်.. ကျွန်တော်မျိုး..... ဘဝဆက်တိုင်း ဒီကျေးဇူးကို မေ့မှာ မဟုတ်ပါဘူး"

သူ သဘောပေါက်သွားသော အရာသည် အိမ်ရှေ့စံမင်းသား၏ ‘ဘာမှမလုပ်ခြင်း နှလုံးသားကျင့်စဉ်’ ထဲက အပေါ်ယံ အကြောင်းအရာမျှသာ ဖြစ်သော်လည်း ၊ ဤမျှ ထူးခြားသော အစွမ်းရှိသည်ဟု မြဲမြံစွာ ယုံကြည်သွားသည်။

သို့ဖြစ်ပါက အရှင့်သား၏ အဆင့်အတန်းသည် မည်မျှအထိ နက်ရှိုင်းလိမ့်မည်နည်း။

ယဲ့လင်ရွှမ်းသည် ဘေးနားတွင် ရှိနေပြီး ကျောက်ရုပ်တစ်ရုပ်ပမာ ဆွံ့အနေ၏။

ဤနေရာ၌ပင် အဆင့်ကို ချိုးဖျက်နိုင်ခဲ့သော ချန်ချင်းကို ကြည့်လိုက်၊ တစ်ဖန် ပြန်လည်၍ အိပ်ပျော်နေပြီဖြစ်ပြီး ဟောက်သံတိုးတိုးလေးပင် ကြားနေရသည့် ရှောင်ရှန်းကို ကြည့်လိုက်ဖြင့် မိမိ၏ လောကအမြင်တစ်ခုလုံး ဇောက်ထိုးလှန်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

'ဒါကြီးက ဘယ်လိုတောင် ကျင့်ကြံခြင်း ပုံစံမျိုးလဲ....'

ဤကဲ့သို့ ထူးဆန်းသော လေထုထဲတွင်၊ ရုတ်တရက် အပြောင်းအလဲကြီးတစ်ခု ပေါ်ပေါက်လာ၏။

ကျန်းနမ်ဂိတ် ရှိရာ အရပ်ဆီမှ စစ်အချက်ပြမီးခိုးတစ်ခုသည် ကောင်းကင်ယံသို့ တည့်တည့်မတ်မတ် ထိုးတက်သွားသည်။ ထို့နောက်တွင် ဒုတိယတစ်ခု၊ တတိယတစ်ခု ဆက်တိုက် ပေါ်ထွက်လာ၏။

ရှည်လျားသော မီးခိုးတန်း သုံးခုပေါ်ထွက်လာပြီးနောက်၊ တိုတောင်းသော မီးခိုးတန်း နှစ်ခုလည်း ကောင်းကင်ယံသို့ ထိုးတက်သွားပြန်သည်။

အရှည်သုံးခု အတိုနှစ်ခု။

ချန်ချင်း၏ မျက်နှာထက်က စိတ်လှုပ်ရှားမှုများသည် ချက်ချင်းဆိုသလို တောင့်ခဲသွားပြီး ရက်စက်ပြီး လေးနက်သော အရောင်အသွေးများ ပြန်လည် ရောက်ရှိလာ၏။

“မကောင်းတော့ဘူး”

ဤသည်မှာ သာရှစစ်တပ်အတွင်းရှိ အမြင့်ဆုံးအဆင့် မီးခိုးငွေ့ပြ သတိပေးချက် တစ်ခု ဖြစ်ပေသည်။ နယ်စပ်တွင် သူတို့ ခန့်မှန်းထားသည်ထက် များစွာ ပိုမိုအစွမ်းထက်သော ရန်သူများ၏ ကျူးကျော်မှုကို ခံနေရပုံပေါ်သည်။

ရှေ့တန်း စစ်မျက်နှာပြင်သည် အလွန် စိုးရိမ်ရသည့်အခြေအနေသို့ ရောက်ရှိနေကာ ခံစစ်သည်လည်း သိပ်မကြာခင်အတွင်း ပျက်စီးတော့မည် ဖြစ်ကြောင်း ဖော်ပြနေသည်။

စောနလေးကမှ အဆင့်ကျော်ဖြတ်နိုင်ခဲ့သဖြင့် ငြိမ်သက်နေခဲ့သော ချင်ချန်း၏ စိတ်အစဉ်မှာ အဆိုပါ အချက်ပြမှုကြောင့် စိတ်နှောက်သွားခဲ့ရပြန်သည်။

ခဲရာခဲဆစ် နစ်မြုပ်ထားနိုင်ခဲ့သော စစ်မြေပြင်၏ သတ်ဖြတ်ခြင်း အရှိန်အဝါတို့သည် ဝုန်းခနဲ ပြန်လည်ထကြွလာပြီး ပို၍ ရူးသွပ်လာကာ ပြင်းထန်လာ၏။

“ စစ်အမိန့်... ကျန်းနမ်ဂိတ်က အလွန် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပြီ"

သူ၏ တည်ကြည်သော မျက်နှာပြင်သည် ချက်ချင်းဆိုသလို တင်းမာသွားပြီး စိုးရိမ်ပူပန်မှုများ ထင်ဟပ်နေခဲ့သည်။

“တပ်ဖွဲ့တစ်ခုလုံး အမိန့်ကို နာခံကြ၊ ပစ္စည်းတွေကို လျှော့ချပြီး အပေါ့ပါးဆုံး ဖြစ်အောင် ပြင်ဆင်မယ် အသင့်.…”

သူ၏ အမိန့်ပေးသံမှာ လည်ချောင်းဝတွင် ရပ်တန့်သွားခဲ့သည်။ သူသည် မိမိ၏နောက်တွင် အသင့်ရှိနေကြသော စစ်သည်တော်များကို လှည့်ကြည့်လိုက်သည်။

သူတို့အားလုံးသည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နှစ်ထပ်ကွမ်းစမ်းသပ်မှုကို ကြံ့ကြံ့ခံကျော်ဖြတ်ပြီးကာစ ရှိသေးသည်။သူသည် အဆင့်တက်လှမ်းနိုင်မှုကြောင့် စစ်သည်တော်တစ်ဦး၏ စိတ်ဓာတ်များ တက်ကြွနေခြင်း ဖြစ်သော်လည်း ၊ သို့သော် နောက်လိုက် စစ်သည်တော်များ၏ မျက်ဝန်းနှင့် မျက်ခုံးအစုံကြားမှ ပင်ပန်းနွမ်းနယ်မှုများကို မည်သို့မျှ ဖုံးကွယ်၍မရနိုင်ချေ။

​စစ်သည်တော်များသာမက ၎င်းတို့၏ စစ်မြင်းများပင်လျှင် ရွှံ့နွံတောထဲ၌ တစ်နေ့ကုန် ရုန်းကန်ဖြတ်သန်းလာခဲ့ရသဖြင့် ယခုအချိန်တွင် ခေါင်းတငိုက်ငိုက်ဖြင့် အသက်ပြင်းပြင်း ရှုရှိုက်နေကြရရှာသည်။

ဤကဲ့သို့သော အခြေအနေမျိုးဖြင့် စစ်မြေပြင်ကို အတင်းအကျပ် ချီတက်ခြင်းသည် မိုင်ပေါင်းထောင်ချီ ခရီးနှင်ကာ သေမင်းထံ အလကား သွားရောက်ပို့ဆောင်သည်နှင့် ထူးမခြားပေ။

ချန်ချင်းသည် လက်သီးကို ဂျွတ်ဂျွတ်မြည်အောင် ဆုပ်လိုက်မိသည်။ သူ၏ နှလုံးသားတစ်ခုလုံး ရေနွေးပူထဲတွင် ပြုတ်ခံထားရသကဲ့သို့ အလျင်စလို ဖြစ်နေသော်လည်း မည်သို့မျှ မတတ်နိုင်တော့ချေ။

ဤသိုင်းပညာ အတားအဆီးကို ချိုးဖျက်နိုင်ရန် သူ ခုနစ်နှစ်တိုင်တိုင် စောင့်ဆိုင်းနိုင်သော်လည်း၊ ကျန်းနမ်ဂိတ်မှ စစ်သည်တော် တစ်သိန်းမှာမူ တစ်နာရီထိပင် စောင့်ဆိုင်းနိုင်လိမ့်မည် မဟုတ်ပေ။

ထိုစဉ် ပျင်းရိသော လေသံတစ်ခုက ဤအကျပ်အတည်းကို ဖြိုခွဲပစ်လိုက်သည်။

“ဘာတွေ ဆူညံနေကြတာလဲ၊ လူကို အိပ်လို့တောင် မရတော့ဘူး"

ရှောင်ရှန်းသည် အိပ်ချင်မူးတူး မျက်လုံးများကို ပွတ်သပ်လျက် မြက်ခင်းပြင်ပေါ်မှ ထထိုင်လိုက်သည်။

ထို့နောက် သူ၏ မွန်းလွဲပိုင်း အိပ်မက်ကောင်းကို ဖျက်ဆီးပစ်လိုက်သော ကောင်းကင်ယံမှ မီးခိုးများကို ကြည့်ကာ မကျေမနပ်ဖြစ်နေလေသည်။

သူသည် မတ်တပ်ရပ်လိုက်ပြီး အကြောဆန့်လိုက်ရာ အရိုးအဆစ်များမှ တဂျွတ်ဂျွတ် အသံများ ထွက်ပေါ်လာသည်။

ထို့နောက် သူသည် လူတိုင်း၏ ရှေ့မှောက်သို့ ခပ်သုတ်သုတ် လျှောက်လာကာ တစ်ချက် ချောင်းဟန့်လိုက်ပြီးနောက် ၊

ယနေ့၏ နေ့လယ်စာ မီနူးကို ကြေညာနေသည့် ပေါ့ပေါ့ပါးပါး လေသံမျိုးဖြင့် သာရှမင်းဆက် သမိုင်းမှတ်တမ်းတွင် မှတ်တမ်းတင်လောက်မည့် ယုတ္တိမရှိသော အမိန့်တစ်ခုကို ချမှတ်လေ၏။

"အားလုံး အမိန့်နာခံကြ"

All Chapters