← Chapters

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း (၂၃၄) - ကျန်းနမ်ဂိတ်ကို သွားကြစို့

သူ၏အသံမှာ မကျယ်လောင်သော်လည်း စစ်သည်တစ်ဦးချင်းစီ၏ နားထဲသို့ ရှင်းရှင်းလင်းလင်း ဝင်ရောက်သွားသည်။

"ပစ်မှတ်က ကျန်းနမ်ဂိတ်... အမြင့်ဆုံးအမြန်နှုန်းနဲ့ ချီတက်ကြ"

ချင်ချန်းနှင့် စစ်သည်တော်များ၏ မျက်နှာအမူအရာများမှာ တင်းမာသွားကြသည်။ အိမ်ရှေ့စံမင်းသားသည် သေရေးရှင်ရေး တိုက်ပွဲဝင်ရန် အမိန့်ပေးတော့မည်ဟု ထင်မှတ်လိုက်ကြသည်။

သို့သော် ရှောင်ရှန်းသည် အကြောင်းအရာ ပြောင်းလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် မြှူဆွယ်လိုသော အပြုံးတစ်ခု ထင်ဟပ်လာ၏။

"စစ်သည်တွေ...ငါ ကိုယ်တော် မထွက်ခွာခင်ကတည်းက ဒီနေ့ ကြီးမားတဲ့ အောင်ပွဲရလိမ့်မယ်လို့ တွက်ဆထားပြီးသား ဒါကြောင့် ကျန်းနမ်ဂိတ်က တပ်မှူးဆီကို ခိုစာပို့ပြီး သိုးကင်တွေ၊ အသားတွေ ပြင်ဆင်ထားဖို့နဲ့ အောင်ပွဲခံမယ့် ပွဲတော်ကြီးကို ကျင်းပဖို့ ကြိုပြောထားပြီးပြီ"

" အခု မီးခိုးငွေ့တွေ ထွက်လာတာက ပွဲစပြီဆိုတဲ့ အချက်ပြမှုပဲ....ဘယ်ကောင် အရင်ဆုံးရောက်ရောက် ထိပ်ဆုံးဝိုင်းက သူ့အတွက်ပဲ"

လေထုသည် တစ်စက္ကန့်ခန့် ရပ်တန့်သွားဟန်ရသည်။

တပ်သားသုံးထောင်သည် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာပေါ်ရှိ အမူအရာများသည် အံ့ဩမှုမှ သံသယ ၊ ထိုမှတစ်ဆင့် ရူးသွပ်သော ဝမ်းသာပျော်ရွှင်မှုများအဖြစ်သို့ ပြောင်းလဲသွားလေ၏။

"ဘာ....အိမ်ရှေ့စံက အစောကြီးကတည်းက စီစဉ်ထားပြီးသားလား"

"ငါပြောသားပဲ.. အိမ်ရှေ့စံက နတ်ဘုရားတစ်ပါးလို ကြိုတင်တွက်ဆနိုင်တာ၊ မိစ္ဆာဘုရင်ကိုတောင် အသာလေး နှိမ်နင်းနိုင်တာ... နယ်စပ်က ကိစ္စသေးသေးလေးကို မတွက်ဆမိစရာ အကြောင်းမရှိဘူးလေ"

"ပွဲစပြီလား...ညီအစ်ကိုတို့၊ ဘာစောင့်နေဦးမလဲ...နည်းနည်းနောက်ကျသွားရင် သိုးကင်တွေကို ကျန်းနမ်ဂိတ်က ကောင်တွေ အကုန်စားပစ်လိုက်လိမ့်မယ်"

"ချီတက်ဟေ့...သိုးကင်တစ်ကောင်လုံးအတွက်..."

"ငါက ထိပ်ဆုံးဝိုင်းမှာ ထိုင်မှာ...ဘယ်သူမှ လာမလုနဲ့"

"ရားးး"

မူလက ပင်ပန်းနွမ်းနယ်ပြီး စိတ်ဓာတ်ကျနေသော စစ်တပ်ကြီးသည် ရုတ်တရက် အားဆေးလုံးကြီး ကျွေးခံလိုက်ရသကဲ့သို့ စိတ်ဓာတ်ခွန်အားများ "ဝုန်း" ခနဲ ထိုးတတ်သွားတော့သည်။

စစ်သည်တစ်ဦးချင်းစီ၏ မျက်လုံးများမှာ ဝင်းလက်တောက်ပနေ၏။ ထိုအရာသည် ရန်သူအပေါ်ထားရှိသော သတ်ဖြတ်လိုစိတ်မဟုတ်ဘဲ အစားအသောက်အပေါ် ထားရှိသည့် အခြေခံအကျဆုံး တပ်မက်မှုပင် ဖြစ်သည်။

သူတို့သည် မြင်းပေါ်သို့ ခုန်တက်လိုက်ကြပြီး၊ လှုပ်ရှားမှုတိုင်းက မိန်းမလုတော့မည့်အတိုင်း သွက်လက်နေကြသည်။ တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်နေကြပြီး မြင်းနှင်တံများဖြင့် မြင်းတင်ပါးများကို ရိုက်နှက်ကာ အတောင်ပံပေါက်လာသလား အောက်မေ့ရသည့်နှုန်းဖြင့် ဒုန်းပြေးလေတော့၏။

'လူပန်းမြင်းနွမ်း ဟုတ်လား... '

"ပွဲတော်တည်မယ်" ဆိုသည့် စကားလုံးများ၏ ရှေ့မှောက်တွင် ပင်ပန်းနွမ်းနယ်မှု ဟူသည် အရေးမပါတော့ချေ။

ယဲ့လင်ရွှမ်းသည် ဘေးတွင်ရပ်ကာ ဤစစ်သားများကို အံ့အားသင့်စွာဖြင့် ကြည့်နေမိသည်။ စက္ကန့်အနည်းငယ်အကြာက နှင်းရိုက်ခံရသည့် ခရမ်းသီးပမာ နွမ်းခွေနေသူများသည် နောက်တစ်စက္ကန့်တွင် ဆာလောင်မွတ်သိပ်နေသော တောခွေးရိုင်းများအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် သူမ၏ လောကအမြင်မှာ နောက်တစ်ကြိမ် ဖိခြေခံလိုက်ရပြန်၏။

သူမ ထပ်ပြီး မခံစားနိုင်တော့သဖြင့် ရှောင်ရှန်း၏အရှေ့သို့ လျှပ်တစ်ပြက် ဝင်ရောက်ကာ တားဆီးလိုက်သည်။ သူမ၏ လှပသော မျက်ဝန်းထဲ၌ အမျက်ဒေါသနှင့် နားမလည်နိုင်မှုများ ထင်ဟပ်နေ၏။

"ရှင် အရူးလား... အဲဒါက အမြင့်ဆုံးအဆင့် အရေးပေါ်အကူအညီတောင်းတဲ့ မီးခိုးငွေ့အချက်ပြမှုလေ၊ ရှင်က နိုင်ငံရေးနဲ့ စစ်ရေးကိစ္စတွေကို နောက်ပြောင်နေပြီး စစ်သည်တွေရဲ့ စိတ်ကို လှည့်စားနေတာလား...တကယ်လို့ ကျန်းနမ်ဂိတ်က တကယ်ပဲ အန္တရာယ်ကြုံနေရရင် ရှင် ဘယ်လို တာဝန်ယူမလဲ"

"တာဝန်ယူရမယ် ဟုတ်လား"

ရှောင်ရှန်းသည် နားကို ကလော်ရင်း သူမကို မျက်စောင်းထိုးကြည့်လိုက်သည်။

"အခုလို သေလုမျောပါး ပုံစံနဲ့ ပြေးသွားရင်ရော စစ်ကူပေးဖို့သွားတာလား ဒါမှမဟုတ် သွားအသေခံတာလား....အရင်ဆုံး သူတို့ကို ပွဲတော်တည်မယ်လို့ ထင်အောင်လုပ်ပြီး အမြန်နှုန်းကို မြှင့်လိုက်တာက တခြားအရာတွေထက် ပိုကောင်းတယ်...ငါက သူတို့ရဲ့ စိတ်ဓာတ်ခွန်အားကို ဆွဲတင်ပေးလိုက်တာပဲ"

သူသည် စကားကို ခဏရပ်လိုက်ပြီး ၊ ထို့နောက် ယဲ့လင်ရွှမ်းကို ဓားဆွဲထုတ်ချင်စိတ်ပေါက်သွားစေမည့် ဆင်ခြေတစ်ခုကို ထပ်ပြောပြန်၏။

"ဟိုရောက်တဲ့အခါ တကယ်ကြီး ပွဲတော်တည်မလား ဒါမှမဟုတ် တကယ် စစ်တိုက်ရမလား ဆိုတာကတော့... အဲဒီအချိန်ကျမှပဲ ကြည့်ရမှာပေါ့....လူဆိုတာ အကောင်းမြင်တတ်ရမယ်၊ တကယ်လို့ ငါတို့ရောက်သွားတဲ့အချိန်မှာ ရန်သူတွေက သူတို့ဘာသာ တိုက်ရတာ ပင်ပန်းသွားပြီး အိမ်ပြန်ထမင်းစားသွားရင်ရော"

"ရှင်..."

ယဲ့လင်ရွှမ်းမှာ သူ၏စကားကြောင့် ရင်ဘတ်ထဲတွင် အောင့်သွားပြီး မွန်းကျပ်သွားရပြန်သည်။

ချင်ချန်းသည် ထိုအချိန်တွင် ကြောင်တောင်တောင်ဖြင့် ရပ်ကြည့်နေရာမှ ပြန်သတိကပ်လာခဲ့သည်။ သူသည် "ငါ ကိုယ်တော် အရာအားလုံးကို ထိန်းချုပ်ထားနိုင်တယ်" ဟူသော မျက်နှာပေးဖြင့် ရှိနေသော ရှောင်ရှန်းကို ကြည့်နေမိသည်။

ထို့နောက် ကျားရိုင်းများသဖွယ် အမြန်နှုန်းကို နှစ်ဆမက အရှိန်တင်ကာ ချီတတ်လာသော စစ်သည်များကို မြင်ပြီး သူ၏ ခေါင်းထဲတွင် "ဘာမှမလုပ်ဘဲ အရာအားလုံးကို ပြီးမြောက်စေသည်" ဟူသော စကားလုံးကြီးများက ရုတ်တရက် လင်းလက်သွားသည်။

သူ နားလည်သွားခဲ့လေပြီ။

' အိမ်ရှေ့စံက ရမ်းလုပ်နေတာ မဟုတ်ဘဲ ဒါက စစ်ပညာနဲ့ စိတ်ပညာကို ပြီးပြည့်စုံစွာ ပေါင်းစပ်ထားတာပဲ...'

'ပွဲတော်တည်မယ်' ဆိုတာကို ငါးစာအဖြစ်သုံးပြီး စစ်သည်တွေရဲ့ အခြေခံအကျဆုံး ဆန္ဒကို လှုံ့ဆော်ပေးလိုက်တာပဲ ...ဒီလိုဆန္ဒက စစ်တပ်ကြီးကို အရှိန်အဟုန်ပြင်းစွာ ချီတက်စေပြီး အံ့မခန်းအကျိုးသက်ရောက်မှုကို ရရှိစေတယ်...'

' နောက်ဆုံးမှာ ကယ်ဆယ်ရေး ရည်ရွယ်ချက်ကို အောင်မြင်စေတယ်...ဒါက "မလုပ်နိုင်တာမရှိဘူး" ဆိုတာပဲ...မြင့်မြတ်လိုက်တာ တကယ်ကို ဉာဏ်ပြေးတာပဲ...'

"စစ်သည်တော်တွေ အမိန့်နာခံကြ...

အမြန်နှုန်းနဲ့ ကျန်းနမ်ဂိတ်ကို ချီတက်ကြမယ်"

ချင်ချန်းသည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ မြင်းပေါ်သို့ ခုန်တက်ကာ ဟစ်ကြွေးလိုက်၏။

ဤသို့ဖြင့် သာရှမင်းဆက် သမိုင်းတစ်လျှောက်တွင် အထူးဆန်းဆုံးသော စစ်ကူတပ်မတော်ကြီး တစ်ခု မွေးဖွားလာတော့သည်။

သူတို့တွင် " ရန်သူကို ကြောက်လန့်သွားစေမည့်" ခမ်းနားထည်ဝါသော ခံစားချက်မျိုးမရှိသလို ၊ "စစ်ပွဲရာချီတိုက်လို့ ရွှေချပ်ဝတ်တန်ဆာ ပေါက်ပြဲလည်း မမူ" ဟူသော ပြတ်သားမှုမျိုးလည်း မရှိပေ။

အသားကင်ကို တပ်မက်နေသော ဆာလောင်နေသော ဝံပုလွေတစ်အုပ်နှင့် မိုးမြေကြား ဟိန်းထွက်လာသော ကြွေးကြော်သံတစ်ခုသာ ရှိသည်။

"ချီတက်ဟေ့.... ပွဲတော်တည်ကြမယ်"

ရှောင်ရှန်း ပါးစပ်ကနေ ထွက်လာသော "ခိုစာကြိုပို့ထားတယ်" ဆိုသည့် စကားမှာမူ ၊ သူ၏ "ပြောသည့်အတိုင်း ဖြစ်လာစေသည့် " ထူးဆန်းသော ခန္ဓာဖွဲ့စည်းပုံ၏ အကျိုးသက်ရောက်မှုကြောင့် ကျန်းနမ်ဂိတ်တွင် အမှန်တကယ်ပင် မမြင်နိုင်သော နည်းလမ်းဖြင့် အံ့သြဖွယ်ရာကောင်းသော အကြောင်းအကျိုး ဆက်စပ်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

……

တစ်ချိန်တည်းမှာပင် ကျန်းနမ်ဂိတ်၌။

မြို့ရိုးထက်တွင် သွေးများက မြစ်တစ်စင်းလို စီးဆင်းနေသည်။

တပ်မှူး ဝမ်သယ်ကျုံး ဝတ်ဆင်ထားသော သံချပ်ကာအင်္ကျီသည် သွေးများဖြင့် ရဲရဲနီနေပြီး ရန်သူ့သွေးလား မိမိသွေးလားကိုပင် မခွဲခြားနိုင်တော့ပေ။

သူသည် စစ်ဓားကြီးကို အားပြုလျက် မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ထားရင်း ပြင်းထန်စွာဖြင့် အသက်ရှူနေရသည်။ မြို့ရိုးအောက်တွင်မူ အဆုံးမရှိသော မြောက်ပိုင်းလူရိုင်းတပ်များနှင့် ကြောက်မက်ဖွယ်ကောင်းသော သားရဲအကောင်ရေများစွာသည် ယိမ်းယိုင်နေပြီဖြစ်သော မြို့တံခါးကို ရူးသွပ်စွာ ဝင်တိုက်နေကြသည်။

အရေးပေါ်မီးခိုးငွေ့ လွှတ်တင်ထားခဲ့သည်မှာ တစ်နာရီနီးပါး ရှိနေပြီဖြစ်သော်လည်း စစ်ကူ၏ အရိပ်အယောင်ကို ယခုထိတိုင် မတွေ့ရသေးပေ။

မျှော်လင့်ချက်ကင်းမဲ့သော စိတ်ခံစားချက်သည် မြို့ကာကွယ်ရေး တပ်သားတိုင်း၏ နှလုံးသားထဲသို့ ဒီရေအလား ဝင်ရောက်လာခဲ့သည်။

"စစ်သူကြီး... ကျွန်တော်တို့ တောင့်မခံနိုင်တော့ဘူး"

တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေသော လက်ထောက်တပ်မှူးတစ်ဦးက အက်ကွဲသံဖြင့် ပြောလိုက်သည်။

All Chapters