← Chapters

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း (၂၃၆) ရန်သူ့တပ်မှူးကို ဘယ်လိုလုပ် ခေါ်လာခဲ့တာလဲ

နောက်တစ်လှမ်းတွင် သူ၏ ခန္ဓာကိုယ်သည် အရိပ်ထဲသို့ ပျော်ဝင်သွားသည့်အလား လေထဲတွင် ပျောက်ကွယ်သွားလေ၏။

ယဲ့လင်ရွှမ်း၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားပြီး ချင်ချန်း၏ မျက်နှာပေါ်တွင်လည်း အံ့ဩမှင်သက်မှုများ ဖြစ်ပေါ်လာ၏။

ဒါက ဘယ်လိုတောင် ကိုယ်ဖော့ပညာမျိုးလဲ...

တစ်ချိန်တည်းမှာပင် ရန်သူ့တပ်မှူးဖြစ်သော ဝတ်ရုံနက် မိစ္ဆာကျင့်ကြံသူ "အရိုးမိစ္ဆာ ဆရာသခင်" သည် အောင်ပွဲမတိုင်မီ သာယာမှုကို ခံစားနေသည်။ ကျန်းနမ်ဂိတ်၏ ခုခံမှုမှာ မျှော်လင့်ထားသည်ထက် ပိုမိုခိုင်မာနေသော်လည်း သေလုမျောပါး အခြေအနေမျှသာ ဖြစ်သည်။

မြို့ကျသွားပြီးနောက် အသက်ရှင်နေသော ဝိညာဉ်တစ်သိန်းသည် သူ၏ မှော်လက်နက်များကို သန့်စင်ရန်အတွက် အကောင်းဆုံးသော ကုန်ကြမ်းများ ဖြစ်လာပေတော့မည်။

သူ အောင်ပွဲခံရန် ကျေနပ်အားရနေစဉ်မှာပင် ပျင်းရိဖွယ်ရာ အသံတစ်ခုက သူ၏ နားနားလေးတွင် ရုတ်တရက် ထွက်ပေါ်လာလေ၏။

"ညီအစ်ကို... မင်းရဲ့ စီးတော်ယာဉ်က မဆိုးဘူးပဲ...ရောင်းမလား"

အရိုးမိစ္ဆာ ဆရာသခင်ခမျာ ချက်ချင်းဆိုသလို ကြက်သီးမွေးညင်းများ ထသွားပြီး ၊ ခန္ဓာကိုယ်ထဲရှိ မိစ္ဆာစွမ်းအင်များကို အရူးအမူး အသက်သွင်းကာ ဘေးသို့လှည့်ကြည့်လိုက်သည်။

မိုင်ပေါင်းများစွာ ဝေးကွာသော ရန်သူ့တပ်ဖွဲ့ထဲတွင် ရှိနေသင့်သည့် လူငယ်တစ်ယောက်သည် ယခုအခါ သူ၏ အရိုးနဂါးကြီး ကျောပေါ်တွင် ရပ်နေပြီး သူနှင့် ခြေသုံးလှမ်းပင် မကွာဝေးကြောင်း မြင်လိုက်ရသည်။

သူသည် ရန်လိုမှုအနည်းငယ်မျှ မရှိသည့်အပြင် ရင်းနှီးနေသော ဝယ်သူတစ်ယောက်ကဲ့သို့ သူ၏ဘေးတွင် ရှိနေပြီး ၊ အရိုးနဂါးကြီး၏ နံရိုးများကို လက်ဖြင့် ' တဒေါက်ဒေါက်' ခေါက်နေလေ၏။

"အရိုးပွနေတယ်၊ ဒါပေမယ့် သိပ်ပြဿနာမရှိပါဘူး၊ အိမ်ပြန်ရောက်ရင် အရိုးအားဖြည့်ဆေးလေး တိုက်လိုက်ရင် ရပါပြီ.. ဘယ်လိုလဲ..ဈေးလေး ဘယ်လောက်ခေါ်မလဲ"

တောင်ပိုင်းနယ်စပ်တစ်ခွင် လွှမ်းမိုးထားပြီး ရက်စက်ကြမ်းကြုတ်မှုဖြင့် နာမည်ကြီးသော မိစ္ဆာကျင့်ကြံသူကြီးဖြစ်သည့် အရိုးမိစ္ဆာ ဆရာသခင်သည် ဤအခိုက်အတန့်တွင် ကြောင်အမ်းစွာဖြင့် ရပ်ကြည့်နေမိသည်။

သူသည် နှစ်တစ်ရာအတွင်း သေရေးရှင်ရေး တိုက်ပွဲပေါင်းများစွာကို ကြုံတွေ့ခဲ့ရပြီး ပြိုင်ဘက်အမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ဖူးသည်။ သို့သော် ဤကဲ့သို့ စစ်တပ်နှစ်ခုကြားတွင် သူ၏ဘေးသို့ တိုက်ရိုက် ရောက်ချလာပြီး၊ စီးပွားရေးအကြောင်း လာပြောသည့်သူမျိုးကို ယခု ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

'ဒါက ဘယ်လိုတောင် အရှက်ခွဲတဲ့ အသစ်အစမ်း နည်းလမ်းများလဲ....'

သူသည် တိုက်ခိုက်ရန်ပင် ခဏတာ မေ့လျော့သွားပြီး ခေါင်းထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်သွားသည်။

ရှောင်ရှန်းသည် တစ်ဖက်လူ ပြန်မပြောသည်ကို မြင်ပြီး ဈေးမတည့်ဘူးဟု ထင်ကာ ထပ်မံ ကမ်းလှမ်းပြန်၏။

"ဒီလိုလုပ်... ငါ့ရဲ့ မိကျောင်းနဲ့ မင်းကို လဲပေးမယ်... ၇၀ ရာခိုင်နှုန်း အသစ်ပဲ...ပြေးတာမြန်ပြီး ဆီစားလည်း သက်သာတယ်၊ နန်းတွင်းထုတ် ပန်းအရက် နှစ်ဖာပါ ထပ်ဆောင်းပေးမယ်၊ ဘယ်လိုလဲ ...ဒီအရောင်းအဝယ် ရှုံးစရာမရှိဘူးမလား"

အရိုးမိစ္ဆာ ဆရာသခင်၏ ဦးနှောက်မှာ လုံးဝ ဗလာကျင်းသွားသည်။

'မိကျောင်း...ပန်းအရက်တဲ့လား'

သူသည် မသိစိတ်ကနေ ဤအရောင်းအဝယ်၏ တန်ကြေးကို စတင်စဉ်းစားတွက်ချက်နေမိသည်။

' မဟုတ်သေးပါဘူး...အခုက ဒါတွေ စဉ်းစားနေရမယ့် အချိန်လား '

"မင်း... သေချင်နေတာလား"

အရိုးမိစ္ဆာ ဆရာသခင်သည် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး ၊ သူ၏ မျက်နှာပေါ်၌ ရက်စက်သော သတ်ဖြတ်လိုစိတ်များ ထင်ဟပ်လာ၏။

လက်ထဲရှိ အရိုးဖြူမှော်တောင်ဝှေးကို မြှောက်ကိုင်လိုက်သည်နှင့် ၊ တောင်ဝှေးထိပ်ရှိ ဦးခေါင်းခွံထဲတွင် သိပ်သည်းသော သေမင်းတမန် စွမ်းအားများ အလျင်အမြန် စုဝေးလာခဲ့သည်။

တစ်ဖက်လူမှ အသက်အန္တရာယ်ရှိသော တိုက်ခိုက်မှုတစ်ခု ပြုလုပ်တော့မည့် ထိုအခိုက်အတန့်မှာပင် ရှောင်ရှန်း လှုပ်ရှားလိုက်သည်။

သူသည် အိပ်မက်နယ်ပယ်ဖြင့် ဤမျှ ဝေးလံသော အကွာအဝေးကို ပထမဆုံးအကြိမ် ဖြတ်သန်းဖူးခြင်း ဖြစ်သောကြောင့် သူ၏ ခြေလှမ်းများမှာ မခိုင်မြဲဘဲ ယိုင်လဲသွားက ရှေ့သို့ မှောက်လျက်ကျသွားပြီး အရိုးမိစ္ဆာ ဆရာသခင်၏ ရင်ခွင်ထဲသို့ အတိအကျ ဝင်တိုက်မိသွားသည်။

ထိုဝင်တိုက်မိမှုမှာ မတော်တဆ သာမန်ဖြစ်ရပ်မျှသာ ဖြစ်သည်။ သို့သော် ရှောင်ရှန်း၏ ရင်ဘတ်ထဲရှိ နွေးထွေးနေသော "မြေကြောဝိညာဉ်အနှစ်ခဲ" နှင့် အရိုးမိစ္ဆာ ဆရာသခင်၏ ရင်ဘတ်နေရာတွင် အရိုးနဂါးကြီးကို ထိန်းချုပ်ရန် အသုံးပြုသည့် အေးစက်သော "မိစ္ဆာစွမ်းအင် အူတိုင်" တို့သည် အဝတ်အစားများကြားမှ ပြင်းထန်စွာ ဝင်တိုက်မိကြသည်။

"ကွဲအက်သံ"

သူတို့နှစ်ယောက်သာ ကြားနိုင်သော ကြည်လင်ပြတ်သားသည့် ကွဲအက်သံတစ်ခု ထွက်ပေါ်လာသည်။

သန့်စင်သော သက်စောင့်စွမ်းအင် မူလရင်းမြစ်နှင့် အစွန်းရောက် သေခြင်းတရားကို ခြယ်လှယ်သော အဆုံးစွန်သော စွမ်းအားတို့သည် ပြင်းပြင်းထန်ထန် ထိပ်တိုက်တွေ့ဆုံခဲ့သည်။

အရိုးမိစ္ဆာ ဆရာသခင်၏ ရင်ဘတ်ရှိ မိစ္ဆာစွမ်းအင် အူတိုင်သည် အသံနှင့်အတူ ကွဲကြေသွားခဲ့ရသည်။

သူ၏ မျက်နှာပေါ်ရှိ ရက်စက်သောအပြုံးသည် ချက်ချင်းပင် အေးခဲသွားပြီး အဆုံးမရှိသော ထိတ်လန့်မှုများက အစားထိုးဝင်ရောက်လာ၏။

သူသည် အရိုးနဂါးကြီးအပေါ် ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်ရာ ၊ သူ့အနေဖြင့် တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ သူ့အောက်က အရိုးနဂါးကြီး၏ ဟာလာဟင်းလင်းဖြစ်နေသော မျက်လုံးအိမ်ထဲမှ အပြာရောင် ဝိညာဉ်မီးတောက်သည် ရုတ်တရက် ရပ်တန့်သွား၏။ နောက်တစ်စက္ကန့်တွင် ပြန်လည်တောက်လောင်လာသော်လည်း သို့သော် ဤတစ်ခေါက်တွင် မည်သည့် ချည်နှောင်မှုမျှ မရှိတော့ပေ။

သူ့ကို ချည်နှောင်ထားသော မိစ္ဆာစွမ်းအင် အူတိုင် ကွဲကြေသွားသည်ကို ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပင် ၊ သူ့အတွက် အလွန် လိုလားတောင့်တဖွယ်ရာကောင်းသော သန့်စင်လွန်းသည့် စွမ်းအင်အရင်းအမြစ်တစ်ခုကို ခံစားလိုက်ရသည်။

"ဂါး——"

အရိုးနဂါးကြီးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ၊သူ့ခေါင်းကို ရုတ်တရက် လှည့်ကာ သူ၏ သခင်ဟောင်းထံသို့ ချိန်ရွယ်လိုက်သည်။

"ဟင့်အင်း——"

အရိုးမိစ္ဆာ ဆရာသခင်မှာ မျှော်လင့်ချက်မဲ့စွာဖြင့် စူးစူးဝါးဝါး အော်ဟစ်ရုံသာ တတ်နိုင်ခဲ့သည်။ သူ့အနေဖြင့် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ချေ ၊ သိပ်သည်းသော နဂါးမီးတောက်များက သူ့ကို ချက်ချင်း ဝါးမျိုသွားပြီး နဂါးကျောပေါ်မှ လွင့်စဉ်သွားစေကာ မြေပြင်ပေါ်သို့ ရက်ရက်စက်စက် ပြုတ်ကျသွားခဲ့သည်။

သခင်ဟောင်းကို ရှင်းလင်းပြီးနောက် အရိုးနဂါးကြီးသည် ၎င်း၏ ဧရာမ အရိုးခေါင်းကြီးကို လှည့်ကာ ဟာလာဟင်းလင်း ဖြစ်နေသော မျက်လုံးများဖြင့် ရှောင်ရှန်းကို ကြည့်လိုက်သည်။

သူ့ကို သက်တောင့်သက်သာဖြစ်စေသည့် ထိုစွမ်းအင်မှာ ဤလူငယ်ထံမှ ဆင်းသက်လာခြင်း ဖြစ်ကြောင်း ခံစားလိုက်ရသည်။

အရိုနဂါးကြီးသည် နာခံမှုရှိရှိ မျက်နှာချိုသွေးနေသော ပုံစံဖြင့် သူ၏ မာနကြီးသော ဦးခေါင်းကို နှိမ့်ချလိုက်ကာ ရှောင်ရှန်း၏ လက်မောင်းကို ညင်သာစွာ ပွတ်သပ်လေ၏။

ထိုအချိန်တွင် ရှေ့တန်း၌ ချင်ချန်းသည် တပ်ဖွဲ့ကြီးကို ဦးဆောင်ကာ မိစ္ဆာကျင့်ကြံသူ၏ ရုပ်သေးများနှင့် တိုက်ခိုက်နေခဲ့သည်။

သူသည် အရာအားလုံးကို ပေးဆပ်ရန် ပြင်ဆင်ထားပြီး အတင်းအကြပ် ထိုးဖောက်ဝင်ရောက်တော့မည့် အချိန်တွင် သူတို့ ဘဝတစ်သက် မေ့မရနိုင်မည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

ရန်သူ့တပ်ဖွဲ့ မှ တပ်မှူး၏ သင်္ကေတဖြစ်သော ဧရာမ အရိုးနဂါးကြီးသည် ရုတ်တရက် လမ်းကြောင်းပြောင်းသွားပြီး ၎င်း၏ သခင်ကို နဂါးမီးတောက်ဖြင့် လွင့်စဉ်သွားအောင် မှုတ်ထုတ်နေ၏။

ဆက်တိုက်ဆိုသလိုပင် သောင်းပေါင်းများစွာသော လူတိုင်း၏ အကြည့်အောက်တွင် ၊ အရိုးနဂါးကြီးသည် သူတို့၏ "အပျင်းကြီးသူ" အိမ်ရှေ့စံမင်းသားကို တင်ဆောင်လျက် လေထဲသို့ ဖြည်းညင်းစွာ ဝဲပျံတက်သွားသည်။

All Chapters