အခန်း ၂၃၈
Vol. 24 Ch. 238
အခန်း (၂၃၈)
သူသည် မိုးကုတ်စက်ဝိုင်းတစ်နေရာမှ တိမ်မြူများဖုံးလွှမ်းနေပြီး ၊ မကောင်းသော နိမိတ် အငွေ့အသက်များ ထွက်ပေါ်နေသော တောင်ကြားဆီသို့ မေးငေါ့ပြကာ ပျင်းရိစွာ ဆိုလိုက်၏။
"သွားကြစို့၊ ဒီကောင်တွေ ဘာတွေ ကြံစည်နေလဲဆိုတာ သွားကြည့်ကြတာပေါ့"
ထို့နောက် သူသည် ယုံကြည်ချက်အပြည့်ဖြင့် ထပ်ပြောလိုက်သည်။
"အတော်ပဲ၊ ငါကိုယ်တော် အသစ်ရထားတဲ့ စီးတော်ယာဉ်ကလည်း အပြင်ထွက် လမ်းလျှောက်ရင်း အကြောလျှော့ဖို့ လိုနေတာ"
ချန်ချင်းနှင့် ယဲ့လင်ရွှမ်းတို့မှာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ တစ်ဖက်လူ၏ မျက်လုံးထဲတွင် အကူအညီမဲ့နေသည့် အရိပ်အယောင်များကို အချင်းချင်း မြင်တွေ့နေရသည်။
ချန်ချင်းသည် ဝမ်သယ်ကျုံးအား နောက်ဆက်တွဲကိစ္စများ ဖြေရှင်းရာတွင် ကူညီပေးရန် စစ်တပ်တစ်စိတ်တစ်ပိုင်းကို ချန်ထားပေးခဲ့သည်။ သူသည် အတော်ဆုံး ကိုယ်ရံတော်စစ်သည် ငါးရာကို ရွေးချယ်ကာ ယဲ့လင်ရွှမ်းနှင့်အတူ ဂုဏ်ယူဝံ့ကြွားစွာဖြင့် သွားလာနေသော အရိုးနဂါးကြီး၏နောက်သို့ လိုက်ပါရင်း ယွင်ရှန်းတောင်ကြားဆီသို့ ချီတက်လာခဲ့ကြသည်။
ယွင်ရှန်းတောင်ကြား နှင့် နီးကပ်လာလေလေ၊ လေထုသည် ပို၍ ဖိအားများလာလေလေဖြစ်သည်။ ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များအားလုံးသည် ညိုးနွမ်းစွာဖြင့် ရှိနေပြီး၊ မြေပြင်ပေါ်တွင် ဆွေးမြည့်နေပြီဖြစ်သော ဧရာမ အရိုးစုကြီးများကို ရံဖန်ရံခါ မြင်တွေ့ရသည်။
ထို့အပြင် ဘယ်သောအခါမှ ခြောက်သွေ့သွားမည့်ပုံမပေါ်သော အနီရင့်ရောင် သွေးကွက်အချို့ကိုလည်း တွေ့ရပြန်သည်။
သူတို့အားလုံး တောင်ကြားအဝင်ဝသို့ အမှန်တကယ် ခြေချလိုက်ချိန်တွင် မျက်စိရှေ့က မြင်ကွင်းကြောင့် အလွန်အမင်း ထိတ်လန့်သွားခဲ့ရသည်။
တောင်ကြားအတွင်းရှိ ဟင်းလင်းပြင်သည် ပုံပျက်နေသည်။ လေထုထဲတွင် သာမန်မျက်စိဖြင့် မြင်နိုင်သော မီးခိုးရောင်ဖုန်မှုန့်များ လွင့်မျောနေပြီး ၊ ၎င်းတို့မှာ လွန်ခဲ့သောနှစ်တစ်ရာက စစ်ပွဲကြီးမှ ယနေ့ထိတိုင် ကျန်ရစ်နေသော စွမ်းအင်အကြွင်းအကျန်များပင် ဖြစ်သည်။
မြေပြင်ပေါ်တွင် အောက်ခြေကို မမြင်နိုင်သော အက်ကွဲကြောင်းများ ရှိနေပြီး ၊ ရံဖန်ရံခါ ဟင်းလင်းပြင် အပိုင်းအစများက မှန်တစ်ချပ်ကဲ့သို့ လက်ခနဲဖြစ်သွားကာ ထူးဆန်းသော ပုံရိပ်များကို ရောင်ပြန်ဟပ်လို့နေသည်။
ဤနေရာရှိ မည်သည့်နေရာမဆို အသက် အန္တရာယ်များ ရှိနေသည်။ သို့သော်လည်း ရှောင်ရှန်းသည် အရိုးနဂါးကို စီးနင်းကာ အေးအေးလူလူ ဝင်ရောက်လာ၏။
"အရိုးအိုကြီး" သည် ဤနေရာရှိ ပတ်ဝန်းကျင်နှင့် အလွန်အမင်း အသားကျနေပုံရပြီး ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ သေမင်းအငွေ့အသက်များသည် ဤနေရာနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်နေဟန်ရသည်။
ထိုဟင်းလင်းပြင် အက်ကွဲကြောင်းများနှင့် ပျက်စီးနေသော တားမြစ်အစီအရင်များသည် သက်ရှိအရာများကဲ့သို့ပင် သူ့ကို အလိုအလျောက် ရှောင်ဖယ်ပေးကြသည်။
စစ်သည်တော်များသည် နောက်မှနေ၍ သတိကြီးစွာဖြင့် လိုက်ပါလာခဲ့ကြပြီး အထဲသို့ ဆက်လက်ဝင်ရောက်လာခဲ့ရာ ၊ အဆုံးတွင် တောင်ကြား၏ အလယ်ဗဟို၌ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
မရေမတွက်နိုင်သော အရိုးဖြူများနှင့် မိစ္ဆာစွမ်းအင် ပုံဆောင်ခဲများဖြင့် တည်ဆောက်ထားသော ဧရာမ ယဇ်ပလ္လင်ကြီးတစ်ခု ရှိနေ၏။ ထိုယဇ်ပလ္လင်သည် ပေပေါင်းများစွာ မြင့်မားပြီး၊ တစ်ချက် ကြည့်ရုံဖြင့် လူကို ကျောချမ်းစေသည်။
အစီအရင်များက ၎င်းအပေါ်တွင် သက်ဝင်လှုပ်ရှားနေပြီး ၊ အော့အန်ချင်စရာကောင်းသော မကောင်းဆိုးဝါး အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
ယဇ်ပလ္လင်၏ ထိပ်တွင် အလွန်များပြားသော စွမ်းအင်များ စုဝေးနေပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော ဝဲဂယက်ကြီးတစ်ခုအသွင် ဖြစ်ပေါ်နေကာ ကောင်းကင်ကြီးကို အချိန်မရွေး ဆုတ်ဖြဲပစ်ရန် အသင့်စောင့်ဆိုင်းနေသကဲ့သို့ပင်။
ထိုယဇ်ပလ္လင်ရှေ့တွင် သူတို့ကို ကျောခိုင်းထားသော လူတစ်ယောက် ရပ်နေ၏။ ထိုလူသည် မင်းညီမင်းသားဝတ်ရုံကို ဝတ်ဆင်ထားသည်။ ထိုအဝတ်အစားကို မြင်လိုက်ရချိန်တွင် ချန်ချင်း၏ မျက်လုံးများ ကျုံ့ဝင်သွားခဲ့သည်။
ထိုသူသည် သူတို့ရောက်ရှိလာသည်ကို သတိထားမိပုံရကာ ဖြည်းညင်းစွာ လှည့်ကြည့်လာသည်။ ထိုမျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် ချန်ချင်းတစ်ယောက် တည်ငြိမ်မှု ဆုံးရှုံးကာ အာမေဍိတ်ပြုမိလေသည်။
"မင်းသား(၃)"
မှန်၏။ ယဇ်ပလ္လင်ရှေ့တွင် ရပ်နေသူမှာ ပုန်ကန်မှု မအောင်မြင်ခဲ့သောကြောင့် ရာထူးမှ ဖယ်ရှားခံရပြီး မြို့တော်ရှိ ကျုံးကျန်းဘုရားကျောင်းတွင် အကျယ်ချုပ်ကျခံနေရမည့် တတိယမင်းသား ရှောင်ကျင်း ပင်ဖြစ်သည်။
ယခုအချိန်တွင် ရှောင်ကျင်းသည် အတိတ်ကလို ယဉ်ကျေးသိမ်မွေ့သော မင်းသားတစ်ပါးနှင့် မတူဘဲ ကွဲပြားနေခဲ့သည်။ သူ၏ မျက်လုံးများက သွေးပမာ နီရဲနေပြီး မျက်နှာပေါ်တွင် ထူးဆန်းသော အနက်ရောင် မျဉ်းကြောင်းများဖြင့် ပြည့်နှက်နေသည်။
သူ့အပိုင်မဟုတ်သော၊ ဤလောကနှင့်ပင် မသက်ဆိုင်သော အစွမ်းထက်သည့် စွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်ထဲတွင် ရူးသွပ်စွာ စီးဆင်းနေပြီး၊ သူ၏ မူလက ယဉ်ကျေးသိမ်မွေ့သော အငွေ့အသက်များကို တစ်စစီ ဆုတ်ဖြဲပစ်လိုက်ကာ ကြမ်းတမ်းမှုနှင့် ရူးသွပ်မှုများအဖြစ် ပြုစားထားလေ၏။
သူသည် လူ့လောကသို့ ဆင်းသက်လာမည့် "အထက်တမန်တော်" ဟုခေါ်သော ထိုပုဂ္ဂိုလ်မှ ရွေးချယ်ထားသော ယာယီခန္ဓာကိုယ်အဖြစ် ထင်ရှားစွာ ဖြစ်တည်နေလေပြီ။
"ဟားဟား... ဟားဟားဟားဟား..."
ရှောင်ကျင်းသည် လူအုပ်ကြီးကို မြင်လိုက်ရပြီး၊ ချက်ချင်းဆိုသလို သူ၏အကြည့်က အရိုးနဂါးပေါ်ရှိ ရှောင်ရှန်းအပေါ်သို့ ကျရောက်သွားကာ နားဝင်ဆိုးသော ရယ်သံကြီးဖြင့် ရယ်လေသည်။
"ရှောင်ရှန်း... ငါ့ရဲ့ ညီတော်(၇)၊ မင်း နောက်ဆုံးတော့ ရောက်လာတာပဲ...မင်းကို ငါစောင့်နေတာ ကြာလှပြီ"
"မင်း နိုင်ပြီလို့ ထင်နေတာလား... မဟုတ်ဘူး၊ မင်းက ခမည်းတော် တွန်းပို့လိုက်တဲ့ နယ်ရုပ်တစ်ရုပ်သာသာပဲ... ကောင်းကင်ဘုံရဲ့ အလိုတော်က တကယ်တော့ ငါ့ဆီမှာပဲ "
" ဒီနေ့... ဒီနေရာက မင်းကို မြှုပ်နှံမယ့်နေရာပဲ၊ မင်းရဲ့ 'မွေးရာပါ တာအိုသန္ဓေသား' ကို ငါ့လက်နဲ့ကိုယ်တိုင် တူးထုတ်ပြီး အထက်တမန်တော်ကြီးဆီ ယဇ်ပူဇော်မယ်...အထက်တမန်တော် ဆင်းသက်လာတဲ့အခါ ငါဟာ သေဆုံးခြင်းမရှိတဲ့ နတ်တမန်ဖြစ်လာလိမ့်မယ်၊ အဲဒီအချိန်ကျရင် တစ်လောကလုံး ငါ့ခြေရင်းမှာ ဝပ်တွားရလိမ့်မယ်"
ရှောင်ကျင်း၏ ရူးသွပ်နေသော ရန်စမှုနှင့် ကြေညာချက်ကို ကြားလိုက်ရချိန်တွင် တောင်ကြားတစ်ခုလုံး၏ လေထုသည် ချက်ချင်းဆိုသလို ဖိအားမြင့်မားလာ၏။
ချန်ချင်း၏ လက်သည် ဓားရိုးကို အသင့်ဆုပ်ကိုင်ထားပြီး ၊ ယဲ့လင်ရွှမ်း၏ ဓားသည်လည်း ဓားအိမ်ထဲမှ လက်မဝက်ခန့် ထွက်ပေါ်နေကာ အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေသည်။
ရှောင်ရှန်း တစ်ယောက်တည်းသာလျှင် အရိုးနဂါး၏ ခေါင်းပေါ်တွင် တည်ငြိမ်စွာဖြင့် ထိုင်နေပြီး ၊ အောက်က သူ၏ တတိယအစ်ကိုတော်ကို အထက်မှနေ၍ ငုံ့ကြည့်နေသည်။
ထို့နောက် လူတိုင်း၏ စိုးရိမ်တကြီး အကြည့်များအောက်တွင် သူသည် မည်သည့်အရိပ်အယောင်မှမပြဘဲ သမ်းဝေလိုက်သည်။
"အစ်ကို(၃)ရာ နေ့ခင်းကြောင်တောင်ကြီး...လာမနောက်စမ်းပါနဲ့"
သူ၏အသံသည် မကျယ်လောင်သော်လည်း တောင်ကြားတစ်ခုလုံးသို့ ရှင်းရှင်းလင်းလင်း ပျံ့နှံ့သွားသည်။
"ခင်ဗျားကိုယ်ခင်ဗျား ပြန်ကြည့်ပါဦး....မျက်ကွင်းတွေ ညိုပြီး ပန်ဒါဖြစ်နေပြီ၊ မျက်လုံးထဲမှာလည်း သွေးကြောမျှင်တွေ ထောင်နေတာများ ...လတ်တလော ကောင်းကောင်း အနားမယူရသေးဘူးထင်တယ်"
ရှောင်ရှန်းက ရိုးသားသော မျက်နှာအမူအရာဖြင့် အကြံပြုလိုက်သည်။
"စကားနားထောင်စမ်းပါ...အဲ့မှာ လေအေးခံမနေနဲ့တော့ ၊ ကျွန်တော်နဲ့အတူ အရှေ့နန်းဆောင်ကို ပြန်ရအောင်... ကျွန်တော့်ရဲ့ ရေခဲကျောက်စိမ်းကုတင်က ဆောင်းရာသီမှာ နွေးပြီး နွေရာသီမှာ အေးတယ်၊ စိတ်ကိုလည်း တည်ငြိမ်စေတယ်၊ ခင်ဗျားကို တစ်ဝက်ခွဲပေးမယ်၊ နှစ်ယောက်အတူတူ ကျပ်ကျပ်လေး အိပ်ကြတာပေါ့"
"......"
ရှောင်ရှန်းမှ နှုတ်မှထွက်လာသော ဤစကားများသည် ရေခဲရေတစ်စည်နှင့်တူပြီး ရှောင်ကျင်း၏ ရူးသွပ်နေသော မီးတောက်များကို အပေါ်ကနေ လောင်းချလိုက်သကဲ့သို့ပင်။
မိုးထိအောင် မြင့်မားနေသော အမုန်းတရားများနှင့် အောင်မြင်တော့မည့် ဝမ်းမြောက်မှုများသည် ချက်ချင်းဆိုသလို အေးခဲသွားပြီး ပြင်းထန်သော အရှက်တရားများက အစားထိုးဝင်ရောက်လာ၏။
"အား... အား... အား..."
သူသည် ရူးသွပ်သူတစ်ဦး၏ အော်သံကဲ့သို့ အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်စလုံးကို သူ့အနောက်က ယဇ်ပလ္လင်ပေါ်သို့ ပြင်းထန်စွာ ဖိချလိုက်သည်။
"ရှောင်ရှန်း...မင်းကို သေစေရမယ်"