အခန်း ၂၃၉
Vol. 24 Ch. 239
အခန်း(၂၃၉) အိမ်ရှေ့စံမင်းသားက ကောင်းကင်ကြီး ပြိုကျလာတဲ့အထိ အိပ်ပျော်သွားခဲ့တာလား
သူ၏ ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ၊ အရိုးဖြူယဇ်ပလ္လင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး မိစ္ဆာစွမ်းအင်များဖြင့် ပြည့်နှက်နေသော အစီအရင်များသည် အမြင့်ဆုံးအထိ လင်းလက်သွားကြသည်။
ချက်ချင်းဆိုသလို ခရမ်းနက်ရောင် အလင်းတန်းတိုင်ကြီး တစ်တိုင်သည် ကောင်းကင်ယံသို့ ထိုးတက်သွားကာ၊ တောင်ကြားအထက်ရှိ ပုံပျက်နေသော ဟင်းလင်းပြင်ထဲသို့ ပြင်းထန်စွာ ဝင်တိုက်လေ၏။
"ဝုန်း... ဒိုင်း..."
ကောင်းကင်ကြီးသည် ပျက်စီးလွယ်သော ဖန်သားတစ်ချပ်ကဲ့သို့ အတင်းအကျပ် ထုခွဲခံလိုက်ရပြီး အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
ထိုအက်ကွဲကြောင်းသည် ဖြည်းညင်းစွာ ပွင့်လာသည်။ လျှပ်စီးမိုးခြိမ်းသံ မရှိသလို စူးရှတောက်ပသော အလင်းတန်းများ ထွက်ပေါ်လာခြင်းလည်း မရှိပေ။ ရင်တုန်ဖွယ်ရာကောင်းသော ဟင်းလင်းပြင် ကမောက်ကမဖြစ်မှုများသာ ရှိသည်။
ကောင်းကင်တံခါးကြီးသည် အမှန်တကယ် ပွင့်သွားခဲ့ချေပြီ။
....
ရှောင်ကျင်း၏ ရူးကြောင်ကြောင် စကားများက တိတ်ဆိတ်ငြိမ်သက်နေသော တောင်ကြားထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။
သူ၏ အသက်စွမ်းအင်နှင့် မိစ္ဆာစွမ်းအင်များကို အသုံးပြု၍ ဆုတ်ဖြဲပစ်လိုက်သော အက်ကွဲကြောင်းကြီးထဲမှ အေးစက်စက်နိုင်သော ဧရာမ မျက်လုံးတစ်လုံး ဖြည်းညင်းစွာ ပွင့်လာ၏။
ထိုအရာသည် သာမန်လူများ နားလည်နိုင်သော မြင်ကွင်းမျိုး မဟုတ်ပေ။ အက်ကွဲကြောင်း၏နောက်ကွယ်တွင် သာမန်အရာများထက် ကျော်လွန်နေသော ပရမ်းပတာ ဟင်းလင်းပြင်ကြီး ရှိနေပြီး၊ ၎င်း၏ နက်နဲမှုကို ချောင်းကြည့်ရန် ကြိုးစားသော မည်သည့်အကြည့်မဆို ချက်ချင်းပင် ဝါးမြိုခံရမည်ဖြစ်ကာ စိတ်ထဲတွင် အဆုံးမရှိသော ထိတ်လန့်မှုများသာ ကျန်ရစ်ခဲ့ပေလိမ့်မည်။
ချန်ချင်း၏ လက်အောက်ရှိ အတော်ဆုံးစစ်သည် ငါးရာသည် အလောင်းကောင်တောင်တန်းများနှင့် သွေးပင်လယ်များထဲမှ တက်လာခဲ့ကြသော သတ္တိခဲများ ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင်မူ သူတို့၏ မျက်နှာများမှာ ဖြူဖျော့နေပြီး ခြေထောက်များက ထိန်းမနိုင်သိမ်းမရ တုန်ယင်နေကာ လက်နက်ကိုင်ရန်ပင် ခွန်အားမရှိကြတော့ပေ။
ထိုစဉ် အက်ကွဲကြောင်းထဲမှ လက်တစ်ဖက် ဖြည်းညင်းစွာ ထွက်ပေါ်လာ၏။ ၎င်းကို သိပ်သည်းသော စွမ်းအင်များဖြင့် ဖွဲ့စည်းထားပြီး အရွယ်အစားကို ခန့်မှန်းရန် ခက်ခဲသည်။
အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာသည်နှင့်အမျှ ၎င်း၏အရွယ်အစားမှာ ပို၍ ကြီးမားလာလေဖြစ်ပြီး ယွင်ရှန်းတောင်ကြား တစ်ခုလုံးကို လက်ထဲတွင် ဆုပ်ကိုင်ထားနိုင်သည့်အလား ထင်မှတ်ရသည်။
ထိုဧရာမလက်ကြီးသည် တုံ့ဆိုင်းခြင်းမရှိ တိကျသော ရည်မှန်းချက်ဖြင့် အရိုးနဂါးပေါ်ရှိ ရှောင်ရှန်းဆီသို့ ဦးတည်ကာ ကျရောက်လာ၏။
"အိမ်ရှေ့စံမင်းသားကို ကာကွယ်ကြ"
ချန်ချင်းသည် သူ၏ ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်များကို ချန်လှပ်ထားခြင်းမရှိ ပေါက်ကွဲထုတ်လွှတ်လိုက်ရာ ၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အမြောက်ဆံတစ်တောင့်ကဲ့သို့ ကောင်းကင်သို့ ထိုးတက်သွားသည်။
သူ၏ လက်ထဲက တိုက်ပွဲဝင်ဓားသည် သွေးနီရောင် ဓားအလင်းတန်းတစ်ခု တောက်ပသွားခဲ့သည်။ ၎င်းမှာ သူ သင်ယူထားသမျှ သိုင်းပညာကျင့်စဉ်တွင် အမြင့်ဆုံး တိုက်ခိုက်မှုဖြစ်ပြီး နောက်မဆုတ်တမ်း ဆုံးဖြတ်ချက်ဖြင့် ထိုဧရာမလက်ကြီးကို အပြင်းအထန် ခုတ်ပိုင်းလိုက်သည်။
သို့သော် တောင်ကိုဖြိုဖျက်ကာ မြစ်ကိုပင် ဖြတ်တောက်နိုင်သော ထိုဓားအလင်းသည် ဧရာမလက်ကြီးနှင့် ဆယ်ပေခန့်အကွာသို့ ရောက်ရှိသွားချိန်တွင်၊
ပြင်းထန်သော နေရောင်ခြည်အောက်သို့ ကျရောက်သွားသော နှင်းပွင့်များပမာ အနည်းငယ်မျှ လှိုင်းထသွားခြင်းမရှိဘဲ ပျောက်ကွယ်သွားခဲ့ရသည်။
"ဖူး..."
ချန်ချင်းသည် တစ်ဖက်ဖိအား၏ ရိုက်ခတ်မှုကို ခံလိုက်ရကာ နောက်သို့လွင့်ထွက်သွားခဲ့ပြီး၊ သွေးများ အန်လျက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ တိုက်ပွဲဝင်ဓားပင် သူ့လက်ထဲမှ လွတ်ထွက်သွားခဲ့သည်။
ဘေးနားရှိ ယဲ့လင်ရွှမ်း၏ မျက်နှာအမူအရာမှာလည်း အလွန်ပင် လေးနက်စွာဖြင့် ရှိနေခဲ့သည်။ သူမသည် ထိပ်တိုက်ရင်ဆိုင်ရန် မရွေးချယ်ဘဲ သရဲတစ္ဆေတစ်ကောင်ကဲ့သို့ လှုပ်ရှားလိုက်သည်။
သူမ၏ လက်ထဲရှိ ဓားရှည်မှ ကြည်လင်သော ဓားဟောက်သံတစ်ချက် ထွက်ပေါ်လာပြီး ၊ စိမ်းပြာရောင် ဓားစွမ်းအင်များသည် ငါးများသဖွယ် ဖိအားများကို ရှောင်ကွင်းကာ ဘေးဘက်မှနေ၍ ဧရာမလက်ကြီး၏ စွမ်းအင်ချိတ်ဆက်မှုကို တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။
သူမ၏ ဓား ရေးသည် အလွန် ပြောင်မြောက်ပြီး အချိန်ကိုက် ဝင်ရောက်မှုကလည်း ကွက်တိကျသည်။ သို့သော်လည်း အမြဲတမ်း အောင်မြင်လေ့ရှိသော ထိုဓားစွမ်းအင်များသည် ဧရာမလက်ကြီးမှ ထုတ်လွှတ်နေသော စွမ်းအင်စက်ကွင်းနှင့် ထိတွေ့မိချိန်တွင် ရွှံ့နွားတစ်ကောင် ပင်လယ်ထဲသို့ ဝင်ရောက်သွားသကဲ့သို့ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့ရပြန်သည်။
ပြင်းထန်သော တန်ပြန်ရိုက်ခတ်မှုက ဓားစွမ်းအင်မှတဆင့် ပြန်လည်ရောက်ရှိလာရာ ယဲ့လင်ရွှမ်းကို သွေးအန်စေခဲ့ပြီး သူမကို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားစေသည်။
သူတို့နှစ်ဦးပင်လျှင် ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိခဲ့လေရာ ၊ ကျန်သောစစ်သည်များအဖို့ မျှော်လင့်ချက် မရှိတော့ပေ။
သူတို့သည် ထိုဖိအားအောက်တွင် ခေါင်းပင်မမော့နိုင်ကြဘဲ ကူကယ်ရာမဲ့ဖြစ်လို့နေသည်။ သေခြင်းတရားကို ကိုယ်စားပြုသော ထိုလက်ကြီးက မိမိတို့၏ အိမ်ရှေ့စံမင်းသားဆီသို့ နီးကပ်လာသည်ကို ရပ်ကြည့်နေရုံမှတပါး အခြားမတတ်နိုင်တော့ချေ။
'သွားပြီ...'
လူတိုင်း၏ စိတ်ထဲတွင် ဤစကားလုံး တစ်လုံးတည်းသာ ရှိသည်။
သို့သော် ထိုစွမ်းအား၏ ပစ်မှတ်ထားခံရသော ရှောင်ရှန်း၏ ခံစားချက်မှာမူ အခြားသူများနှင့် မတူပေ။
သူသည်လည်း အမှန်တကယ်ပင် လှုပ်ရှား၍မရနိုင်ခဲ့ပေ။ ထိုဖိအားသည် ပုံသဏ္ဍာန်မဲ့ ပိုက်ကွန်ကြီးတစ်ခုသဖွယ် သူ့ကိုရော သူ့အောက်က အရိုးနဂါး 'အရိုးအိုကြီး' ကိုပါ တင်းကြပ်စွာ ချည်နှောင်ထားပြီး လက်ချောင်းလေးတစ်ချောင်းပင် မြှောက်၍မရနိုင်ပေ။
သူ၏ ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ အတင်းအကျပ် ဆွဲထုတ်ခံရတော့မည့်အလား ဖြစ်နေပြီး အသိစိတ်များလည်း ဝေဝါးလာသည်။
ဤသို့သော အသက်အန္တရာယ်ရှိသည့် ဖိအားပေးမှုအောက်တွင် ရှောင်ရှန်း၏ ဦးနှောက်ထဲ၌ အကြောက်တရား နှင့် မျှော်လင့်ချက်မဲ့မှုများ မရှိခဲ့သလို သေခါနီး ပြောရမည့် ရဲရင့်သော စကားများလည်း ရှိမနေခဲ့ပေ။
အတွေးတစ်ခုတည်းကသာ မြက်ရိုင်းများသဖွယ် ရူးသွပ်စွာ ကြီးထွားလာပြီး သူ၏ စိတ်အာရုံတစ်ခုလုံးကို နေရာယူထားခဲ့သည်။
'အရမ်း အိပ်ချင်နေပြီ...တကယ်ကို အိပ်ချင်နေတာ...'
ဤခံစားချက်ကို သူ အလွန်ရင်းနှီးသည်။ နေ့ရောညပါ သုံးရက်ဆက်တိုက် မအိပ်ဘဲနေပြီးမှ ကုတင်ပေါ်တွင် လှဲအိပ်လိုက်ရသကဲ့သို့ ၊ ခန္ဓာကိုယ်တစ်ခုလုံးက အနားယူရန် အော်ဟစ်နေကြပြီး မျက်ခွံများက သံတုံးနှစ်တုံး ချိတ်ဆွဲထားသကဲ့သို့ လေးလံနေသည်။
ထိုကြီးမားသော ဖိအားသည် သူ့အတွက် သေမင်း၏ တံစဉ်ကဲ့သို့ မဟုတ်ဘဲ အလွန်လေးလံသော စောင်တစ်ထည်နှင့် ပိုတူသည်။
အသက်ရှူလို့ မရနိုင်အောင်ပင် ဖိနှိပ်ခံထားရသော်လည်း သူ အမှန်တကယ်ကို အိပ်ချင်နေမိသည်။
ဘာအထက်တမန်တော်လဲ...ဘာကောင်းကင်တံခါး ပွင့်တာလဲ..ဘာမင်းဆက် တည်တံ့ဖို့လဲ...
ဤအရာအားလုံးက အေးအေးချမ်းချမ်း အိပ်စက်ရခြင်းထက် အရေးမကြီးပေ။
"ငါ့ကို... ခဏလောက် အိပ်ပါရစေဦး..."
ဤအတွေးသည် ထိုအခိုက်အတန့်တွင် သူ၏ တစ်ခုတည်းသော စွဲလမ်းမှု ဖြစ်လာခဲ့သည်။ ၎င်းသည် သူ့လို 'ငပျင်းတစ်ယောက်' အတွက် အဆုံးစွန်သော အိပ်မက်ဖြစ်ပြီး ပြဿနာအားလုံးကို ရင်ဆိုင်ဖြေရှင်းရန် သူ၏ နောက်ဆုံးနည်းလမ်းလည်း ဖြစ်သည်။