← Chapters

အခန်း ၂၄၀

Vol. 24 Ch. 240

အခန်း ၂၄၀

Vol. 24 Ch. 240

အခန်း (၂၄၀)

အသက်ရှင်သန်လိုသော ပင်ကိုယ်အသိစိတ်နှင့် လှဲလျောင်းချင်သော ဆန္ဒတို့သည် ဤအခိုက်အတန့်တွင် ပြီးပြည့်စုံစွာ လက်တွဲညီသွားပြီး ၊ သူ၏ ခန္ဓာကိုယ်ထဲတွင် အမြဲတမ်း တိတ်ဆိတ်စွာ သက်ဝင်လှုပ်ရှားနေခဲ့သော အိပ်မက်မဟာကျမ်းသည်လည်း အပြည့်အဝ နိုးကြားလာခဲ့သည်။

ရှောင်ရှန်း၏ အသိစိတ်သည် ဖိအားအောက်တွင် ပြိုလဲမသွားဘဲ ထိုအိပ်ချင်စိတ်နှင့်အတူ ရေငုပ်သမားတစ်ဦး အနက်ရှိုင်းဆုံး ပင်လယ်ထဲသို့ နစ်မြုပ်သွားသည့်အလား အလွန်နက်ရှိုင်းသော အိပ်မက်ကမ္ဘာထဲသို့ ချက်ချင်းဆိုသလို ကျဆင်းသွားခဲ့သည်။

အိပ်မက်မဟာကျမ်း၏ အမြင့်ဆုံးအဆင့်ဖြစ်သော " ထာဝရအိပ်မက်" နယ်ပယ်ကို သူကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ တံခါးဖွင့်လှစ်မိလေသည်။

လက်တွေ့ကမ္ဘာတွင် ကောင်းကင်ပြင်ကြီး တစ်ခုလုံးကို ဖုံးကွယ်ထားနိုင်သော ဧရာမလက်ကြီးသည် ရပ်တန့်ခြင်းမရှိ ကျရောက်လာဆဲဖြစ်သည်။

သို့သော် ရှောင်ရှန်း၏ အိပ်မက်ထဲတွင်မူ ကမ္ဘာကြီးက အခြားပုံစံတစ်မျိုးဖြင့် တည်ရှိနေသည်။ သူသည် ကြီးမားပြီး နူးညံ့သော တိမ်တိုက်ကြီးတစ်ခုပေါ်တွင် သက်တောင့်သက်သာ လှဲလျောင်းနေသည်။ တိမ်တိုက်ကြီးသည် အဆင့်မြင့် ငန်းမွေးမွေ့ရာတစ်ခုကဲ့သို့ သူ၏ ခန္ဓာကိုယ်နှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေသည်။

နေရောင်ခြည်က နွေးထွေးနေပြီး လေပြေ တဖြူးဖြူး တိုက်ခတ်နေကာ ၊ လေထုထဲတွင် မွှေးကြိုင်သော မြက်နံ့သင်းသင်းလေးပါ ပါလာတတ်သေးသည်။

' ဘဝဆိုတာ ဒါပဲ...'

သူက သက်တောင့်သက်သာ အနေအထားဖြင့် ကိုယ်ကိုလှည့်လိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရန် ပြင်ဆင်လိုက်သည်။ သို့သော် ထိုအချိန်တွင် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော လက်တစ်ဖက်က သူ၏ တင်ပါးအောက်ရှိ တိမ်တိုက်ကို လာလာထိုးဆွနေ၏။

သူ့ဟာသူလေး ငြိမ်သက်နေသော တိမ်တိုက်မွေ့ရာသည် တစ်ချက် လှုပ်ခါသွားသည်။

ရှောင်ရှန်း မျက်မှောင်ကြုတ်သွားပြီး ဂရုမစိုက်ဘဲ အနေအထားပြောင်းကာ ဆက်အိပ်လိုက်ပြန်သည်။

ထိုလက်က နောက်တစ်ကြိမ် လာထိုးဆွနေပြီး ဤတစ်ကြိမ်တွင် အားလည်း ပိုပြင်းလာသည်။ တိမ်တိုက်မွေ့ရာမှာ ပြင်းထန်စွာ လှုပ်ခါသွားပြန်၏။

ရှောင်ရှန်း၏ အိပ်ချင်စိတ်များ အနှောင့်အယှက်ပေးခံလိုက်ရသဖြင့် သူ အတော်လေးကို စိတ်တိုသွားသည်။

' ငါကိုယ်တော် အိမ်ရှေ့စံရဲ့ အိပ်ချိန်ကို အနှောင့်အယှက်ပေးရလောက်အောင် ဘယ်သူကများ အကင်းမပါးရတာလဲ...'

သူသည် မျက်စိမှိတ်လျက်သား အိပ်မက်ထဲတွင် စိတ်မရှည်စွာဖြင့် လက်ကိုမြှောက်ကာ ထိုစိတ်အနှောင့်အယှက်ဖြစ်စရာ လက်ကြီးကို ခါထုတ်လိုက်သည်။

ထိုလှုပ်ရှားမှုက စိတ်အနှောင့်အယှက်ဖြစ်စရာ ယင်ကောင်တစ်ကောင်ကို မောင်းထုတ်နေသကဲ့သို့ပင်။

'သွား သွား သွား၊ တစ်ခြားမှာ သွားကစား...'

အိပ်မက်ထဲတွင် ပြုလုပ်ခဲ့သော ဤလှုပ်ရှားမှုက လက်တွေ့ကမ္ဘာနှင့် တစ်ထပ်တည်း ကျနေခဲ့သည်။

ယွင်ရှန်းတောင်ကြားထဲတွင် မျှော်လင့်ချက်မဲ့နေသော အကြည့်များအားလုံး၏ စောင့်ကြည့်မှုအောက်တွင် ၊

ကြောက်ခမမ်းလိလိ ဖိအားများ၏ ပစ်မှတ်ဖြစ်သည့် ပြန်လည်ခုခံရန်ပင် အားအင်မရှိသင့်သော အိမ်ရှေ့စံမင်းသားသည် တကယ်ကိုပင် သူ၏ ညာလက်ကို မြှောက်တင်လိုက်သည်။

သူ၏ လှုပ်ရှားမှုက အလွန်နှေးကွေးပြီး ပေါ့ပါးကာ အိပ်ချင်မူးတူး ဖြစ်နေသည့်ဟန်ဖြင့် ရှိနေပြီး ၊ ကမ္ဘာကြီးကို ဖျက်ဆီးပစ်တော့မည့်အတိုင်း ကျရောက်လာသော ဧရာမလက်ကြီးဆီသို့ ညင်သာစွာ ယမ်းခါလိုက်သည်။

မိုးမြေတစ်ခွင်ကို တုန်လှုပ်စေမည့် ပေါက်ကွဲမှု ၊ နိယာမစွမ်းအားများ၏ ထိပ်တိုက် ဆုံတွေ့မှုမျိုး မရှိသလို မျက်စိကျိန်းစရာ အလင်းရောင်များလည်း မရှိခဲ့ပေ။

ဘာဆိုဘာမှ မရှိချေ။

ရှောင်ရှန်း၏ အားမပါသော လက်ယမ်းမှုသည် သူ၏ ခန္ဓာကိုယ်ထဲရှိ အမြင့်မြတ်‌ဆုံး ဖြစ်တည်မှုတစ်ခုကို လှုံ့ဆော်လိုက်ဟန်ရသည်။

နဂါးသွေးကြော၏ စွမ်းအား၊ မွေးရာပါ တာအိုသန္ဓေသားလောင်းနှင့် ရှောင်ရှန်း တစ်ဦးတည်းသာ ပိုင်ဆိုင်သော " ပျင်းရိမှုတာအိုသဘောတရား" တို့သည် ဤအချိန်တွင် အိပ်မက်မဟာကျမ်း၏ ပြီးပြည့်စုံစွာ ပေါင်းစပ်မှုကြောင့် ပုံသဏ္ဍာန်မဲ့ စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

အရာအားလုံးထက် သာလွန်သော အဆိုပါ ပုံသဏ္ဍာန်မဲ့စွမ်းအားသည် ထိုဧရာမလက်ကြီးဆီသို့ တည့်တည့်မတ်မတ် တိုးဝင်သွားခဲ့သည်။

လူတိုင်း၏ မှင်သက်နေသော အကြည့်များအောက်တွင် ချန်ချင်းနှင့် ယဲ့လင်ရွှမ်းတို့ကိုပင် မျှော်လင့်ချက်မဲ့သွားစေနိုင်သော ထိုဧရာမလက်ကြီးမှာ ရပ်တန့်သွားခဲ့သည်။

ထို့နောက် ပုံသဏ္ဍာန်မဲ့ ခဲဖျက်တစ်ခုဖြင့် ဖျက်ခံလိုက်ရသကဲ့သို့ လက်တွေ့ကမ္ဘာထဲမှ ညင်သာစွာ ဖျက်ပစ်ခံလိုက်ရသည်။

လက်ချောင်းထိပ်မှစ၍ အသံတိတ်စွာဖြင့် တစ်လက်မချင်းစီ အသန့်စင်ဆုံး ဟင်းလင်းပြင်အဖြစ်သို့ ပြောင်းလဲသွားသည်။

မည်သည့်စွမ်းအင်လှိုင်းများ ရိုက်ခတ်ခြင်းမရှိသလို ဟင်းလင်းပြင် တုန်ခါမှုလည်း မဖြစ်ခဲ့ဖူးသည့်အလား အလိုအလျောက် ပျောက်ကွယ်သွားခဲ့သည်။

လုပ်ငန်းစဉ်တစ်ခုလုံးက ကြောက်ခမန်းလိလိ တိတ်ဆိတ်နေခဲ့သည်။

"ဟင်.."

ကောင်းကင်ယံရှိ အက်ကွဲကြောင်း၏ အနောက်ဘက်မှ ထိတ်လန့် အံ့သြနေသော ညည်းညူသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။ ထိုအသံတွင် နာကျင်မှုမပါဝင်ဘဲ နားမလည်နိုင်မှုနှင့် ထိတ်လန့်သွားမှု အရိပ်အယောင်မျှသာ ရှိသည်။

ဘီလူးကြီးတစ်ကောင်က ပုရွက်ဆိတ်တစ်ကောင်ကို လက်ဖြင့် ပွတ်ခြေသတ်ရန် ကြိုးစားလိုက်သော်လည်း ထိုပုရွက်ဆိတ်က သမ်းဝေလိုက်ရုံဖြင့် မိမိ၏ လက်ချောင်းများကို သူ့အလိုလို ပျောက်ကွယ်သွားအောင် လုပ်လိုက်သလိုပင်။

ဤထိတ်လန့်အံ့သြမှုကြောင့် အက်ကွဲကြောင်းကြီးသည် ပြင်းထန်စွာ တောက်ပလာပြီး မတည်မငြိမ်ဖြစ်လာကာ အချိန်မရွေး ပြန်ပိတ်သွားနိုင်သည့် အခြေအနေမျိုးတွင် ရှိနေသည်။

ဤအရာအားလုံးကို ဖန်တီးခဲ့သည့် တရားခံဖြစ်သူ ရှောင်ရှန်းမှာ ထိုသို့ ယမ်းလိုက်ပြီးနောက်တွင် ထိုစိတ်အနှောင့်အယှက်ဖြစ်စရာ "ယင်ကောင်" ကို နောက်ဆုံးတွင် မောင်းထုတ်လိုက်နိုင်ပြီဟု ထင်မှတ်သွားပုံရသည်။

သူ၏ တင်းမာနေသော ခန္ဓာကိုယ်သည် လုံးဝ ပြေလျော့သွားပြီး မျက်ခွံများကလည်း ထပ်မံ၍ တောင့်ခံမထားနိုင်တော့ဘဲ လေးလံစွာ ပိတ်ကျသွားတော့၏။

ခေါင်းတစ်ချက် စောင်းသွားပြီး သူ့တစ်ကိုယ်လုံးသည် အရိုးနဂါး၏ ခန္ဓာကိုယ်ပေါ်သို့ ပျော့ခွေစွာ မှောက်ကျသွားသည်။

စည်းချက်ကျသော ဟောက်သံများကိုပင် ရှင်းရှင်းလင်းလင်း ကြားနေရသည်။

သူ... အိပ်ပျော်သွားခဲ့ချေပြီ။

ယွင်ရှန်းတောင်ကြား တစ်ခုလုံး တိတ်ဆိတ်နေ၏။

လေတိုက်ခတ်ခြင်း မရှိသလို ဖိအားများလည်း ပျောက်ကွယ်သွားသည်။ ချန်ချင်း၊ ယဲ့လင်ရွှမ်း၊ မြို့တော်စောင့်တပ်မှ အတော်ဆုံးစစ်သည် ငါးရာနှင့် ယဇ်ပလ္လင်ရှေ့တွင် ရူးသွပ်နေပြီဖြစ်သော ရှောင်ကျင်း အပါအဝင် လူတိုင်းသည် မှော်အတတ်ဖြင့် အေးခဲခံထားရသကဲ့သို့ နေရာမှာပင် မလှုပ်မယှက် ရှိနေကြသည်။

သူတို့အားလုံး၏ အကြည့်များက နေရာတစ်နေရာတည်းကိုသာ စုပြုံကျရောက်နေသည်။ ၎င်းမှာ အရိုးနဂါးပေါ် မှောက်လျက်သား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ထိုအမျိုးသားထံသို့ ဖြစ်၏။

အချိန်မည်မျှ ကြာသွားသည်ကို မသိရသော်လည်း ချန်ချင်းသည် နောက်ဆုံးတွင် သူ၏အသံကို ပြန်လည်ရရှိသွားဟန်ရသည်။

ပြိုကျတော့မည့် ကောင်းကင်ကြီးကို နောက်ပြန်ဆုတ်သွားအောင် "အိပ်" လိုက်သော အိမ်ရှေ့စံမင်းသားကို ကြည့်ရင်း ၊ သူ၏လည်စေ့မှာ အကြိမ်အနည်းငယ် လှုပ်ရှားသွားပြီး အိမ်မက်မက်နေသည့်အလား ဘေးနားက ယဲ့လင်ရွှမ်းကို လှမ်းမေးလိုက်သည်။ သူ့ကိုယ်သူလည်း မေးခွန်းပြန်ထုတ်နေပုံရသည်။

"ငါတို့ရဲ့ အိမ်ရှေ့စံမင်းသားက... ကောင်းကင်ကြီး ပြိုကျလာတဲ့အထိ အိပ်ပျော်သွားခဲ့တာလား"

All Chapters