အခန်း ၂၄၁
Vol. 25 Ch. 241
အခန်း (၂၄၁) - အထက်လောကမှ ပုဂ္ဂိုလ်ကြီး၏ ထိတ်လန့်မှု
ကောင်းကင်တံခါး၏နောက်ကွယ်တွင် သာမန်စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သော ပရမ်းပတာ ပင်လယ်ကြီးတစ်ခု ရှိနေသည်။
ဤနေရာတွင် အထက်အောက် အရပ်လေးမျက်နှာဟူ၍ မရှိသလို အတိတ်နှင့် အနာဂတ်ဟူ၍လည်း မရှိချေ။ စစ်မှန်သော နိယာမများနှင့် စွမ်းအင်များသာ ထာဝစဉ် ဖြစ်တည်ပျောက်ကွယ်လျက်ရှိသည်။
ပရမ်းပတာ ပင်လယ်ကြီး၏ အလယ်ဗဟို။
အရိုးစုများဖြင့် တည်ဆောက်ထားသော ခမ်းနားကြီးကျယ်သည့် နတ်ဘုရားပလ္လင်တစ်ခုပေါ်တွင် ပုံရိပ်တစ်ခုက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
ထိုမျက်လုံးများထဲ၌ စကြာဝဠာ၏ ဖြစ်တည်ပျောက်ကွယ်မှုများ နှင့် နိယာမတရားများ၏ လည်ပတ်မှုတို့က ထင်ဟပ်လျက် ရှိနေသည်။
လွန်ခဲ့သော အခိုက်အတန့်လေးကမှ အောက်ကမ္ဘာသို့ သူ စေလွှတ်လိုက်သော ကိုယ်ပွားလေးတစ်ခုသည် ချက်ချင်းဆိုသလို ဖျက်ဆီးခံလိုက်ရသည်။
ရိုက်ချိုးခံလိုက်ရခြင်း မဟုတ်သလို အမှုန့်ကြိတ်ခံလိုက်ရခြင်းလည်း မဟုတ်ပေ။ သူ နားမလည်နိုင်သော နည်းလမ်းတစ်ခုဖြင့် အကြောင်းအကျိုး ဆက်စပ်မှုမှ တဆင့် တိုက်ရိုက် "ဖျက်ပစ်" ခံလိုက်ရခြင်း ဖြစ်သည်။ ထိုဧရာမလက်ကြီးသည် လုံးဝ မတည်ရှိခဲ့ဖူးသည့်အတိုင်း ဖျက်ပစ်ခံလိုက်ရခြင်း ဖြစ်သည်။
ပလ္လင်ပေါ်ရှိ ပုံရိပ်သည် အချိန်အကြာကြီး တိတ်ဆိတ်သွားခဲ့သည်။ သူ နားမလည်နိုင်ပေ။
ဤသည်မှာ မည်သို့သော စွမ်းအားနည်း။
သေချာသည်မှာ နတ်တမန်များနှင့် မသက်ဆိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လူ့လောကကို ကျော်လွန်သော နတ်တမန်တို့၏ အငွေ့အသက် အနည်းငယ်မျှပင် မရှိသောကြောင့် ဖြစ်သည်။
မိစ္ဆာများနှင့်လည်း မသက်ဆိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းကို တိုက်စားဖျက်ဆီးတတ်သော ညစ်ညမ်းသည့် မိစ္ဆာစိတ်ဆန္ဒ အနည်းငယ်မျှပင် မပါဝင်သောကြောင့် ဖြစ်သည်။
ထို့အပြင် နတ်ဘုရားများနှင့် မသက်ဆိုင်သလို ၊ ဗုဒ္ဓနှင့်လည်း မသက်ဆိုင်ပြန်ပေ။ သူ သိရှိထားသော မည်သည့် စွမ်းအားမျိုးနှင့်မျှ မသက်ဆိုင်ဘဲ ရှိနေသည်။
၎င်းသည် "တာအို" ၏ မူလရင်းမြစ် စွမ်းအားနှင့် နီးစပ်သည်။ သို့သော် ထိုအရာတွင် အဆုံးစွန်သော ပျင်းရိမှုတစ်ခု၊ "မင်း အရမ်းရှုပ်တာပဲ၊ ငါ့အနားကနေ ဝေးဝေးသွားစမ်း" ဟူသော တွန်းထုတ်လိုစိတ်တစ်ခု နှင့်၊ "ငါ အိပ်မှာပဲ၊ ဘယ်သူမှ လာမနှောင့်ယှက်နဲ့" ဟူသော ပကတိ ဆန္ဒတစ်ခုတို့သာ ပါဝင်သည်။
သူ၏ ကိုယ်ပွားသည် အိပ်ရာထဲတွင် ကွေးနေသူကို နှိုးရန် ကြိုးစားနေသည့် ကြက်ဖတစ်ကောင်နှင့် တူသည်ဟု ဆိုရမည်။
နောက်ဆုံးတွင် တစ်ဖက်လူသည် အိပ်ချင်မူးတူးဖြင့် ပေါ့ပေါ့တန်တန် လက်ယမ်းလိုက်ရာ ၊ ဤသည်က အကြောင်းတရားနှင့် အကျိုးတရားများပါမကျန် အရာအားလုံး ဟင်းလင်းပြင်အဖြစ်သို့ ရိုက်ထုတ်ခံလိုက်ရခြင်း ဖြစ်သည်။
"အောက်ကမ္ဘာမှာ... ဘယ်အချိန်ကတည်းက ဒီလို တည်ရှိမှုမျိုး ပေါ်လာခဲ့တာလဲ"
အဆိုပါပုံရိပ်မှ တီးတိုးရေရွတ်လိုက်ရာ ၊ သူ၏အသံသည် ပရမ်းပတာ ပင်လယ်ကြီးထဲတွင် ရေလှိုင်းလေးများအဖြစ် ရိုက်ခတ်သွားသည်။
ထိုအနှီပုဂ္ဂိုလ်သည် ရူးသွပ်စွာဖြင့် စတင် တွက်ချက်လေတော့၏။
'လူ့လောကကြီးကို ကစားကွင်းသဖွယ် သဘောထားပြီး၊ နိယာမတရားအားလုံးကို ဖောက်ထွင်းသိမြင်နိုင်ပြီ ဖြစ်တဲ့အတွက် မူလသဘာဝအတိုင်း ပြန်လည်နေထိုင်နေတဲ့ မိစ္ဆာအိုကြီး တစ်ကောင်များ ဖြစ်နေမလား....'
'ဟုတ်တယ်၊ သေချာပေါက် ဒီလိုပဲ ဖြစ်ရမယ်...'
ဤသို့သော ပုဂ္ဂိုလ်မျိုးသည် အထက်ကမ္ဘာ၏ အားပြိုင်မှုများကို ငြီးငွေ့သွားခြင်း သို့မဟုတ် ကျင့်ကြံနယ်ပယ် အဆင့်တစ်ခုတွင် အတားအဆီးတစ်ခုနှင့် ရင်ဆိုင်နေရသဖြင့် အောက်ကမ္ဘာတွင် အိပ်စက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်သည်။
သူသည် ကိုယ်ပွားကို စေလွှတ်လိုက်မိရာမှာ ထို စီနီယာကြီး၏ အိပ်စက်ခြင်းကို သွားရောက် အနှောင့်အယှက်ပေးမိသလို ဖြစ်သွားပုံရသည်။
တစ်ဖက်လူသည် သူ၏ မူလခန္ဓာကိုယ်ကို တိုက်ရိုက် မဖျက်ဆီးဘဲ ကိုယ်ပွားကိုသာ ပေါ့ပေါ့ဆဆ ဖျက်ပစ်လိုက်ခြင်းမှာ သတိပေးခြင်းမျိုး မဟုတ်ဘဲ အထင်အမြင်သေးစွာဖြင့် လျစ်လျူရှုခဲ့ခြင်း ဖြစ်နိုင်သည်။ ဤသည်မှာ
" ငါ မင်းကို ပြဿနာမရှာချင်ဘူး" ဆိုသည့် အင်အားပြခြိမ်းခြောက်မှုမျိုးပင်။
အထက်ကမ္ဘာတွင် နှစ်ပေါင်းများစွာ ကြီးစိုးခဲ့သော ဤစွမ်းအားရှင်ကြီးမှာ တွေးလေလေ ထိတ်လန့်လေလေ၊ တွေးလေလေ ကြောက်ရွံ့လေလေ ဖြစ်လာသည်။
သူ၏ ဤမျှအင်အားကြီးမားသော ကျင့်ကြံစွမ်းအားများသည် ထိုသို့သော တည်ရှိမှု၏ ရှေ့မှောက်တွင် အနည်းငယ်မျှ သန်မာသော ပုရွက်ဆိတ်တစ်ကောင်လောက်ပင် အဆင့်မရှိနိုင်ပေ။
သူ၏ ယခင်က အောက်ကမ္ဘာသို့ ဆင်းသက်မည့် အစီအစဉ်သည် ယခုအခြေအနေအရ ဟာသကြီးတစ်ခုသာ ဖြစ်နေသည်။ အလျင်စလို ဆင်းမိပါက၊ ထိုစီနီယာကြီး၏ အိပ်စက်ခြင်းအတွက် "ခေါင်းအုံး" တစ်လုံး ဖြစ်သွားနိုင်သည်။
မဖြစ်ဘူး၊ လုံးဝ မဖြစ်ဘူး...
အဆုံးတွင် အမည်မသိ တည်ရှိမှုအပေါ် အလွန်အမင်း ကြောက်ရွံ့သွားသော ဤအထက်လောက စွမ်းအားရှင်ကြီးမှာ ထိုဟင်းလင်းပြင် အက်ကွဲကြောင်းနှင့် ဆက်သွယ်ထားသမျှ အရာအားလုံးကို သူကိုယ်တိုင် ဖြတ်တောက်ပစ်လိုက်သည်။
ယွင်ရှန်းတောင်ကြား အထက်တွင်၊
အလင်းရောင်အားလုံးကို ဝါးမြိုထားသော ထိုမျက်လုံးကြီးသည် သူ အားကိုးရမည့် ထောက်တိုင်ကြီး ပျောက်ဆုံးသွားသကဲ့သို့ ဖြည်းညင်းစွာ ပိတ်ကျလာခဲ့သည်။
ကောင်းကင်တံခါးပေါက် လုံးဝ ပိတ်သွားတော့မည့် နောက်ဆုံးအခိုက်အတန့်တွင် ၊ လွှမ်းမိုးနိုင်စွမ်းရှိသော်လည်း အနည်းငယ် ထိတ်လန့်တုန်လှုပ်နေသော အသိစိတ်တစ်ခုသည် ဗလာကျင်းနေသော ရှောင်ကျင်း၏ ဦးနှောက်ထဲသို့ ဝင်ရောက်သွားသည်။
တစ်ဖန် ၊ ယဲ့လင်ရွှမ်းကဲ့သို့သော အာရုံခံစားမှု ထက်မြက်သူများ၏ စိတ်နှလုံးထဲတွင်လည်း ခပ်သဲ့သဲ့ ပဲ့တင်ထပ်သွားခဲ့သည်။
"ဒီလောကက... ရေတော်တော် နက်တယ် ၊ ခဏ ရပ်ထားလိုက်"
……
"အိမ်ရှေ့စံမင်းသား.... အရှင့်သား ထပါဦး"
"မြန်မြန်ကြည့်လိုက်....ကောင်းကင်တံခါးကြီး ပိတ်သွားပြီ၊ အထက်တမန်တော် ဆုတ်ခွာသွားပြီ"
"အိမ်ရှေ့စံမင်းသား ....ဘုန်းတန်ခိုး ကြီးမားပါစေ ၊ အိမ်ရှေ့စံမင်းသား ...သက်တော်ရာကျော် ရှည်ပါစေ"
ဆူညံနေသော အော်ဟစ်သံများက ခြင်အော်သံကဲ့သို့ ရှောင်ရှန်း၏ နားထဲတွင် တဝီဝီ မြည်နေသည်။
သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။
ထိုအိပ်မက်ထဲတွင်၊ သူသည် အလွန်ကြီးမားသော အိပ်ယာကြီး တစ်ခုပေါ်တွင် လှဲလျောင်းနေပြီး အတော်လေး သက်တောင့်သက်သာ ရှိပေသည်။
သို့သော် အကင်းမပါးသော သကောင့်သားများက သူ၏နားနားကပ်ကာ အဆက်မပြတ် အော်ဟစ်နေကြသည်။
ရှောင်ရှန်း တစ်ယောက် စိတ်မရှည်စွာဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး၊ နောက်ဆုံးတွင် ထိုဆူညံသံများကြောင့် နိုးလာခဲ့သည်။
သူသည် အိပ်ချင်မူးတူး မျက်လုံးများကို ပွတ်သပ်ရင်း ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရာ စိတ်လှုပ်ရှားလွန်းပြီး ပုံပျက်နေသော မျက်နှာများကို မြင်လိုက်ရသည်။
သူသည် သမ်းဝေလိုက်ပြီး မပီမသ ရေရွတ်လိုက်သည်။
"ဘာဖြစ်သွားတာလဲ.. ပြီးပြီလား"
သူသည် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ရှုလိုက်ရာ ၊ ကြောက်မက်ဖွယ်ကောင်းသော ဧရာမလက်ကြီးမှာ ပျောက်ကွယ်သွားပြီး ကောင်းကင်ယံမှ အက်ကွဲကြောင်းသည်လည်း နေရာ၌ မရှိတော့သည်ကို တွေ့လိုက်ရသည်။
လက်ရှိတွင် ကြည်လင်နေသော ကောင်းကင်ပြာကြီးနှင့် ယဇ်ပလ္လင်ရှေ့တွင် အရုပ်တစ်ရုပ်ကဲ့သို့ ခွေကျနေသော သူ၏ အစ်ကို(၃)သာ ရှိနေ၏။
ရှောင်ရှန်းတစ်ယောက် အနည်းငယ် တွေဝေသွားသော်လည်း ၊ သို့သော် မကြာမီမှာပင် သူသည် အဓိကအချက်ကို ဖမ်းဆုပ်နိုင်ခဲ့ပြီး မျက်လုံးများက အရောင်လက်သွားတော့သည်။
"ငါတို့ ပွဲတော်တည်ဖို့ ပြန်လို့ ရပြီလား"
ဤမေးခွန်းကြောင့် တောင်ပြိုမတတ်၊ ဆူနာမီလှိုင်းကြီး ရိုက်ခတ်မတတ် ဟစ်ကြွေးနေသော စစ်သည်တော်များ၏ အသံများမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ချန်ချင်းနှင့် ယဲ့လင်ရွှမ်း အပါအဝင် လူတိုင်းက ရှုပ်ထွေးသော အကြည့်များဖြင့် သူ့ကို ကြည့်နေကြသည်။
သူတို့၏ မျက်လုံးထဲတွင်၊ စောစောက အဖြစ်အပျက်ကြီးသည် ဤအတိုင်းသာ ဖြစ်၏။
မိုးမြေတစ်ခွင် ဖျက်ဆီးပစ်နိုင်သည့် အထက်လောကမှ ရန်သူတော်ကြီးကို ရင်ဆိုင်ရချိန်၊
အိမ်ရှေ့စံမင်းသားသည် အန္တရာယ်ကြုံတွေ့နေသည့်တိုင် မတုန်မလှုပ် ၊ မျက်လုံးများမှိတ်လျက် အရေးမစိုက်ဘဲ ရှိနေခဲ့သည်။
သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရင်းမှ တစ်ဖက်လူ၏ ဖိအားပေးမှုကြောင့် သူ၏ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်သွားပုံရကာ စိတ်မရှည်စွာဖြင့် ပေါ့ပေါ့တန်တန် လက်ယမ်းလိုက်သည်။
ထို့နောက် ကောင်းကင်ကြီး ပြိုကျလာ၏။
မဟုတ်ဘူး...အထက်လောကမှ ရန်သူတော်ကြီးနှင့် ထိုကောင်းကင်တံခါးကြီးပါမကျန်၊ မိမိတို့၏ အိမ်ရှေ့စံမင်းသားသည် "အိပ်ရေးမပျက်" ဖြိုချပစ်လိုက်ခြင်း ဖြစ်သည်။
ဤအရာအားလုံးကို ပြုလုပ်ပြီးနောက်၊ အိမ်ရှေ့စံမင်းသားသည် ရလဒ်ကြည့်ရန်ပင် ပျင်းရိနေခဲ့ပြီး ကိုယ်ကိုလှည့်ကာ အေးအေးဆေးဆေးပင် ပြန်လည် အိပ်ပျော်သွားခဲ့သည်။ သူသည် ခြင်တစ်ကောင်ကို ရိုက်သတ်ခဲ့သလိုမျိုး ပေါ့ပေါ့ပါးပါးပင်။
ဤသည်မှာ မည်မျှ အေးချမ်းတည်ငြိမ်လိုက်သနည်း။ ဤသည်မှာ မည်မျှ ကြီးမားသော ဘုန်းတန်ခိုး ဖြစ်လေသနည်း။
ယခုအချိန်တွင် ရှောင်ရှန်း၏ "ပွဲတော်တည်ဖို့ ပြန်လို့ ရပြီလား" ဆိုသော စကားမှာ လူတိုင်း၏ နားထဲတွင် ရိုးရှင်းသော မေးခွန်းတစ်ခု မဟုတ်တော့ဘဲ ကြေညာချက်တစ်ခုသာ ဖြစ်၏။
"ကိစ္စပြတ်သွားပြီ၊ အလုပ်သိမ်း၊ ထမင်းစားမယ်" ဟု ကြေညာချက်ပေးလိုက်သလိုပင်။
ရှောင်ရှန်းအပေါ် ထားရှိသော ကျန်းနမ်ဂိတ်မှ စစ်သည်များ၏ သဘောထားမှာ ရိုးရှင်းသော ကိုးကွယ်မှု သို့မဟုတ် လေးစားမှုမျိုး မဟုတ်တော့ဘဲ ရူးသွပ်မှုသော ယုံကြည်ကိုးကွယ်မှုတစ်ခု ဖြစ်လို့နေချေပြီ။
သူတို့သည် လူ့လောကတွင် သက်ရှိဘုရားတစ်ပါးကို ကိုယ်တိုင် မျက်မြင်တွေ့ရှိလိုက်ရသကဲ့သို့ပင်။
ထိုစဉ် ချန်ချင်းက ရှေ့တိုးလာပြီး ဒူးတစ်ဖက် ထောက်ချလိုက်သည်။ စိတ်လှုပ်ရှားမှုကြောင့် သူ၏အသံများပင် အနည်းငယ် တုန်ယင်လျက် ရှိနေသည်။
"အိမ်ရှေ့စံမင်းသားရဲ့ ဘုန်းတန်ခိုးက ကြီးမားလှပါတယ်...လက်ယမ်းလိုက်ရုံနဲ့ ရန်သူကို ဆုတ်ခွာသွားစေခဲ့တယ်၊ ကျွန်တော်မျိုး... သာရှ မင်းဆက်ကြီးအတွက် တကယ်ကို ဂုဏ်ယူမိပါတယ်...တစ်လောကလုံးအတွက် ဂုဏ်ယူမိပါတယ်"
"သာရှ မင်းဆက်ကြီးအတွက် တကယ်ကို ဂုဏ်ယူမိပါတယ်...တစ်လောကလုံးအတွက် ဂုဏ်ယူမိပါတယ်"
စစ်သည် ငါးရာနှင့် ဟိုးအဝေး မြို့ရိုးပေါ်မှ ဤအရာအားလုံးကို တွေ့မြင်လိုက်ရသော အစောင့်တပ်သားများအားလုံးကလည်း တပြိုင်နက်တည်း ဒူးထောက်ချလိုက်ကြပြီး ဟစ်ကြွေးလိုက်ကြသည်။
တရားခံ ရှောင်ကျင်း နှင့် ပတ်သက်၍ ၊ ချန်ချင်းသည် လူလွှတ်၍ စစ်ဆေးခဲ့သည်။ သူ၏ တစ်ကိုယ်လုံးရှိ စိတ်ဝိညာဉ်စွမ်းအင်များမှာ တစ်စက်မှမကျန် စုပ်ယူခံလိုက်ရပြီး၊ ဝိညာဉ်သည်လည်း အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားခဲ့ပြီ ဖြစ်သည်။
အသက်ရှူရုံသာ တတ်နိုင်သော ငတုံးငအ တစ်ယောက်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
သေဆုံးခြင်းကပင် လွတ်မြောက်မှုတစ်ခုဟု သတ်မှတ်နိုင်သော ဤသို့သော အဆုံးသတ်မျိုးအတွက် လူတိုင်း၏ ရင်ထဲတွင် ကျေနပ်လက်ခံမှုတစ်ခု ရှိခဲ့သည်။
ထို့နောက် ချန်ချင်းသည် ဤမကောင်းဆိုးဝါး အရိုးဖြူ ယဇ်ပလ္လင်ကြီးကို အစအနပင် မကျန်အောင် အပြတ်အသတ် ဖြိုချဖျက်ဆီးပစ်ရန် အမိန့်ပေးလိုက်သည်။
မရေမတွက်နိုင်သော ရူးသွပ်သော အကြည့်များအောက်တွင် ၊ ရှောင်ရှန်းတစ်ယောက် ခေါင်းခဲနေသည်။
' ဒါက ဘယ်လိုလုပ်ပြီး ဒီလောက်ကြီးမားတဲ့ အခြေအနေထိ ဖြစ်သွားရပြန်တာတုန်း.. ခုတော့ ကောင်းရော၊ တိတ်တိတ်ဆိတ်ဆိတ် နေချင်လို့တောင် မရတော့ဘူး....'
သူ၏ "ရာထူးမှ အချခံရပြီး အချောင်ခိုမည်" ဟူသော အဆုံးစွန်သော ရည်မှန်းချက်ကြီးနှင့် မိုင်တစ်သိန်းရှစ်သောင်းလောက် ထပ်ပြီး ဝေးကွာသွားခဲ့ရပြန်ပြီ။
သူသည် ဤပြဿနာများရှိရာ နေရာမှ မြန်မြန်ထွက်ခွာပြီး၊ အိပ်ရေးဝဝ အိပ်ရန် နေရာကောင်းတစ်ခု ရှာချင်နေမိသည်။
ထိုသို့တွေးမိပြီးနောက် ရှောင်ရှန်းတစ်ယောက် လည်ချောင်းတစ်ချက် ရှင်းထုတ်လိုက်ကာ၊ အရိုးနဂါး 'အရိုးအိုကြီး' ၏ ခေါင်းပေါ်မှ မတ်မတ်ရပ်လျက် လေးနက်သော ဟန်ပန်ဖြင့် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
"ဒီတိုက်ပွဲမှာ အောင်ပွဲခံနိုင်တာဟာ.. စစ်သည်တွေ အသက်ကိုပဓာနမထားဘဲ သွေးချွေးရင်းပြီး တိုက်ပွဲဝင်ခဲ့ကြလို့ပဲ"
သူသည် စကားကို ခေတ္တရပ်လိုက်ပြီး၊ ကရုဏာသက်နေသည့် လေသံမျိုးဖြင့် ဆက်ပြောလိုက်သည်။
"စစ်သည်တွေလည်း ပင်ပန်းနေကြပြီမို့ အနားယူဖို့ လိုတယ်... ဒါကြောင့် ငါကိုယ်တော် ဆုံးဖြတ်လိုက်တာကတော့..."
လူတိုင်းက အသက်ရှူအောင့်ထားကြပြီး၊ အိမ်ရှေ့စံမင်းသား၏ ဆုချီးမြှင့်မှုကို စောင့်ဆိုင်းနေကြသည်။
" စစ်တပ်တစ်ခုလုံး၊ ကျန်းနမ်ဂိတ်မှာပဲ... လဝက်လောက် အနားယူကြမယ်"
ရှောင်ရှန်း၏ လေသံသည် သံသယဖြစ်စရာပင် မလို အာဏာစက်များဖြင့် ပြည့်နှက်နေခဲ့သည်။
"အားလုံး ကောင်းကောင်းစားပြီး ကောင်းကောင်းအိပ်ကြ...ကုန်ကျစရိတ် အားလုံးကို အရှေ့နန်းဆောင်က တာဝန်ယူမယ်"
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက်တွင်မူ၊ ယခင်အကြိမ်များထက် ဆယ်ဆမျှ ပိုမိုပြင်းထန်သော အော်ဟစ်ကြွေးကြော်သံများ ထွက်ပေါ်လာတော့သည်။
"အိမ်ရှေ့စံမင်းသားက မေတ္တာတရား ကြီးမားပါပေတယ်"
"အိုးအိုးအိုး... လဝက်တောင် အနားယူရမယ်၊ အများကြီး စားသောက်လို့ ရပြီ"
"တန်သွားပြီ..ဒီတိုက်ပွဲက တိုက်ရတာ အရမ်းတန်သွားပြီ"
သေမင်းတံခါးဝမှ ယခုလေးတင် ပြန်လည်လွတ်မြောက်လာခဲ့သော ဤစစ်သည်များအတွက်မူ၊ မည်သည့် ရွှေငွေဆုလာဘ်မျိုးကမှ ဤ "ကောင်းကောင်းစားပြီး ကောင်းကောင်းအိပ်ကြ" ဆိုသည့်စကားလောက် လက်တွေ့မဆန်ပေ။
ရှောင်ရှန်းသည် စစ်တပ်တစ်ခုလုံး၏ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော အော်ဟစ်ဝမ်းသာမှုများကို ကျေနပ်စွာဖြင့် ကြည့်ရင်း၊ ရင်ထဲမှ အလုံးကြီးတစ်လုံး ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
' ကောင်းတယ်... အခုဆိုရင် လဝက်လောက် တရားဝင် အချောင်ခိုလို့ ရသွားပြီ'
' ပြန်ရောက်တာနဲ့ သုံးရက်ဆက်တိုက် အိပ်ပစ်မယ်... ပြီးရင် ဝမ်သယ်ကျုံးကို မစားလိုက်ရတဲ့ သိုးကောင်လုံးကင်ကို ပြန်လုပ်ခိုင်းရမယ်'
ထိုသို့စိတ်ကူးနေစဉ်၊ ကျော့ရှင်းသော ပုံရိပ်တစ်ခုက သူ့ရှေ့သို့ ရောက်ရှိလာခဲ့သည်။
စူးဝမ်ချင်သည် မည်သည့်အချိန်က တောင်ကြားထဲသို့ ရောက်နေသည်ကို မသိရသော်လည်း၊ သူမ၏ လက်ထဲတွင် ယဇ်ပလ္လင် အပျက်အစီးများထဲမှ ရှာတွေ့ထားသော လက်သီးဆုပ်အရွယ်အစားရှိ ကျောက်သလင်း အပိုင်းအစတစ်ခုကို ကိုင်ဆောင်ထားသည်။
ထိုအပိုင်းအစပေါ်တွင် အားနည်းသော်လည်း အလွန်သန့်စင်သော အထက်လောကမှ အငွေ့အသက် အချို့ ကျန်ရှိနေသေး၏။
သူမသည် ကျောက်သလင်းကို ရှောင်ရှန်း၏ ရှေ့သို့ ကမ်းပေးလိုက်ပြီး၊ ထက်မြက်သော မျက်ဝန်းများဖြင့် သူ့ကို စူးစိုက်ကြည့်လိုက်သည်။
" အရှင့်သား ၊ ဒီအရာက..."
သူမ၏ လေသံထဲတွင် အံ့ဩမိသော အရိပ်အမြွက်အချို့ ရှိနေခဲ့သည်။
"အရှင့်သားရဲ့ ခန္ဓာကိုယ်ထဲက တစ်ခုခုနဲ့... ပဲ့တင်ထပ်ပြီး တုံ့ပြန်နေသလိုပဲ"