အခန်း ၂၄၂
Vol. 25 Ch. 242
အခန်း (၂၄၂) - ဒီကျောက်တုံးက စားပွဲခြေထောက်ခုဖို့ အတော်ပဲ
'ပဲ့တင်ထပ်တာလား...'
ရှောင်ရှန်းသည် စူးဝမ်ချင် ကမ်းပေးလာသော မည်းတူးနေသည့် ကျောက်သလင်း အပိုင်းအစကို တစ်ချက်ကြည့်လိုက်သည်။
ထိုအရာသည် လက်ထဲတွင် အနည်းငယ် လေးလံပြီး မျက်နှာပြင်က ချိုင့်ခွက်နေကာ မိစ္ဆာစွမ်းအင်များဖြင့် လောင်ကျွမ်းထားသော တူးခြစ်ခြစ် အနံ့တစ်မျိုးလည်း ရနေသဖြင့် ကြည့်ရသည်မှာ သိပ်မဟန်လှပေ။
သူသည် ထိုအရာကို ဆုပ်ကိုင်ထားပြီး အနည်းငယ် နွေးထွေးနေသည်မှလွဲ၍ မည်သည့်ထူးခြားသော ပဲ့တင်ထပ်မှုကိုမှ မခံစားရပေ။
စူးဝမ်ချင်သည် စိတ်ပါဝင်စားစွာဖြင့် စိုက်ကြည့်နေသဖြင့် သူသည် ထိုကျောက်သလင်းကို ယူလိုက်ကာ ရင်ဘတ်နားသို့ ကပ်လိုက်၊ ပြန်ခွာလိုက် လုပ်ပြလိုက်သည်။
ဤသို့ နှစ်ကြိမ်ခန့် လုပ်ပြပြီးနောက်တွင် ထိုကျောက်သလင်း အပိုင်းအစပေါ်ရှိ အလင်းရောင်လေးသည် အကွာအဝေး အနီးအဝေးအလိုက် အမှန်တကယ်ပင် လင်းလိုက်မှိန်လိုက် ဖြစ်နေသည်။
" အရှင့်သား ကြည့်ပါဦး"
စူးဝမ်ချင်သည် အသံကို နှိမ့်ချလိုက်ပြီး၊ သူမ၏ မျက်လုံးများက တောက်ပနေလေ၏။
"ဒီအရာက အရှင့်သားရဲ့ ခန္ဓာကိုယ်ထဲက နဂါးသွေးကြော စွမ်းအားကို တုံ့ပြန်နေသလိုပဲ... ပြီးတော့ သူ့အထဲမှာ ကျန်နေတဲ့ စွမ်းအင်တွေက အရပ်မျက်နှာ တစ်ခုဆီကို ယဲ့သဲ့သဲ့ ညွှန်ပြနေတယ်"
သူမသည် သွယ်လျလှပသော လက်ချောင်းလေးဖြင့် တောင်ဘက်ရှိ တိမ်မြူများ ဖုံးလွှမ်းနေပြီး အဆုံးအစမရှိ ရှည်လျားလှသော တောင်တန်းကြီးများဆီသို့ လှမ်းညွှန်ပြလိုက်သည်။
"သာရှတိုင်းပြည်ရဲ့ တောင်ဘက်မှာက...တောင်တန်းပေါင်းတစ်သိန်း..."
ဘေးနားရှိ ယဲ့လင်ရွှမ်းက ဖြည့်စွက်ပြောကြားလိုက်ပြီး၊ သူမ၏ မျက်နှာအမူအရာသည် အနည်းငယ် လေးနက်နေခဲ့သည်။
"အဲဒီနေရာက လူသူအရောက်အပေါက်နည်းတဲ့ အရိုင်းနယ်မြေပဲ...အဆိပ်ရှိတဲ့ အင်းဆက်တွေနဲ့ အဆိပ်ငွေ့တွေ ပြည့်နှက်နေပြီး မြေမျက်နှာသွင်ပြင်ကလည်း ရှုပ်ထွေးတယ်.... နန်းတော်က မြေပုံမှာတောင် အပြင်ဘက်ပိုင်းကိုပဲ မှတ်သားထားနိုင်ပြီး အထဲမှာ တကယ်တမ်း ဘာတွေရှိလဲဆိုတာ ဘယ်သူမှ မသိကြဘူး"
နောက်ထပ် ပြဿနာက လာပြန်ပြီ....
ရှောင်ရှန်းတစ်ယောက် ထိုနေရာအမည်ကို ကြားလိုက်သည်နှင့် ခေါင်းကိုက်သွားသည်။
' အထက်လောကက မိစ္ဆာတွေကိုလည်း စုံစမ်းရဦးမယ်... တားမြစ်နယ်မြေဖြစ်တဲ့ အရိုင်းနယ်မြေကိုလည်း စူးစမ်းရဦးမယ်...'
'ကျွန်တော့်ကို ချမ်းသာပေးကြပါဦးလား ...ကျန်းနမ်ဂိတ်က သိုးကောင်လုံးကင်ကိုလည်း စားပါရစေဦး'
သူသည် စိတ်မပါတပါဖြင့် ကျောက်သလင်းကို အပေါ်သို့ မြှောက်ကာ ၎င်း၏ အလေးချိန်နှင့် လက်ထဲတွင် ကိုင်ရသည့် ခံစားချက်ကို ချိန်ဆကြည့်လိုက်သည်။
'အင်း...အလုံးလည်းမဟုတ်၊ အတုံးလည်းမဟုတ်... အရွယ်အစားက လက်တစ်ဖက်နဲ့ ဆုပ်ကိုင်လို့ အနေတော်ပဲ ၊ အထူကတော့... မဆိုးပါဘူး'
စိတ်ကူးကောင်းတစ်ခုက သူ၏ ဦးနှောက်ထဲတွင် လက်ခနဲ့ ထွက်ပေါ်လာ၏။
လူတိုင်း၏ နားမလည်နိုင်သော အကြည့်များအောက်တွင် ၊ ရှောင်ရှန်းတစ်ယောက် လှည့်ထွက်သွားပြီး သိပ်မဝေးသောနေရာရှိ သူကိုယ်တိုင် "ငါးဆားနယ် ရထားလုံး"ဟု အမည်ပေးထားသော ဇိမ်ခံမြင်းရထားလုံးဆီသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။
ထိုရထားလုံးသည် သူ၏ ရွေ့လျားနန်းဆောင်ဖြစ်ပြီး၊ အထဲတွင် ကုတင်၊ စားပွဲ၊ ကုလားထိုင်နှင့် သေတ္တာငယ်လေးပါမကျန် အစုံအလင် ပါရှိသည်။
သူသည် ရထားလိုက်ကာကို လှန်ကာ အထဲသို့ ဝင်သွားပြီးနောက်၊ ခဏအကြာတွင် အထဲမှ "ခွမ်းခနဲ" ဆိုသော အသံတိုးတိုးလေးတစ်ခု ထွက်ပေါ်လာ၏။
မကြာမီမှာပင် ရှောင်ရှန်း တစ်ယောက် ကျေနပ်အားရစွာဖြင့် အပြင်သို့ ပြန်ထွက်လာပြီး၊ လက်ပေါ်မှ ဖုန်များကို ခါထုတ်လိုက်သည်။ သူ၏ မျက်နှာထက်တွင် ပြဿနာ ပြေလည်သွားပြီးနောက် ဖြစ်ပေါ်လာသော စိတ်သက်သာရာ ရသည့် အမူအရာမျိုး ထင်ဟပ်နေ၏။
ယဲ့လင်ရွှမ်း၏ ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ကြိုတင်ခံစားလိုက်ရသည်။သူမသည် ခပ်သုတ်သုတ် ရှေ့တိုးသွားကာ ရထားလုံးထဲသို့ ခေါင်းပြူးကြည့်လိုက်ရာ၊ ချက်ချင်းပင် သွေးဆူသွားပြီး ဓားဆွဲထုတ်မိမတတ် ဖြစ်ခဲ့ရသည်။
ရထားလုံးထဲရှိ တန်ဖိုးကြီး ဇီးသာစားပွဲပုလေး၏ စားပွဲခုံခြေထောက် တစ်ဖက်မှာ ကျောက်တုံးလေးဖြင့် အသေအချာ ခုထားသောကြောင့် ခိုင်ခိုင်ခံခံ့ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုစားပွဲခြေထောက်ကို ခုရန် အသုံးပြုထားသည်မှာ အထက်လောက၏ သဲလွန်စများ ပါဝင်ပြီး နဂါးသွေးကြောနှင့် ပဲ့တင်ထပ်နိုင်စွမ်းရှိသော ထိုလျှို့ဝှက်ဆန်းကြယ်သည့် ကျောက်သလင်းတုံးပင် ဖြစ်နေ၏။
"ရှောင်ရှန်း...."
ယဲ့လင်ရွှမ်း၏ အသံမှာ ဒေါသကြောင့် မြင့်တတ်သွားပြီး ၊ သူမသည် မြှားတစ်စင်းအလား ပြေးဝင်သွားကာ "တာဝန်ကြီးတစ်ခုကို ထမ်းဆောင်နေရသော" ထိုကျောက်သလင်းတုံးကို စားပွဲခြေထောက်အောက်မှ ကယ်တင်ရန် ကြိုးစားလိုက်သည်။
"ဒါက အထက်လောကရဲ့ မိစ္ဆာတွေကို စုံစမ်းဖို့ အရေးကြီးတဲ့ သဲလွန်စလေ...ရှင်က ဘယ်လိုလုပ်ပြီး စားပွဲခြေထောက် ခုဖို့ ယူသုံးရတာလဲ"
"ဟေးဟေး မလှုပ်နဲ့"
ရှောင်ရှန်းက အလျင်အမြန် တားဆီးလိုက်ပြီး၊ မျက်နှာထား ခပ်တည်တည်ဖြင့် သူ၏ စားပွဲကို ကာကွယ်လိုက်သည်။
"ဘာသဲလွန်စမှ လာမပြောနဲ့... သူ့မှာ အခု ပိုအရေးကြီးတဲ့ တာဝန်ရှိနေတယ်"
သူသည် ငြိမ်သက်နေသော ထိုစားပွဲပုလေးကို လက်ညှိုးထိုးကာ သူ၏ ယုတ္တိမဲ့သော စကားများကို ရဲဝံ့စွာ စတင်ပြောဆိုလေတော့၏။
"ကြည့်လေ၊ စားပွဲက မညီရင် ငါ လက်ဖက်ရည်သောက်တဲ့အခါ ပန်းကန်လုံးက လှုပ်နေလိမ့်မယ်... ပန်းကန်လုံး လှုပ်ရင် ငါ လက်ဖက်ရည်သောက်တဲ့ စိတ်ခံစားချက်ကို ထိခိုက်စေတယ်"
"စိတ်ခံစားချက် မကောင်းရင် အိပ်လို့ မပျော်တော့ဘူး...ဒါက ငါ့ရဲ့ အိပ်စက်ခြင်း အရည်အသွေးကို တိုက်ရိုက် ထိခိုက်စေတယ်"
"အိပ်စက်ခြင်း အရည်အသွေး မကောင်းရင် စိတ်ရွှင်လန်းမှု အားနည်းမယ်... တကယ်လို့ နောက်ထပ် မျက်စိမပါတဲ့ ကောင်တစ်ကောင်က ကောင်းကင်ပေါ်ကနေ ထပ်ဆင်းလာရင်.... ငါကလည်း အိပ်ရေးမဝလို့ လက်ယမ်းဖို့တောင် အားမရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ"
" အဲ့လိုသာဆို ငါ ကမ္ဘာကြီးကို ကယ်တင်မယ့်ကိစ္စကို ထိခိုက်သွားစေမယ် မဟုတ်လား"
သူသည် လက်နှစ်ဖက်ကို ဖြန့်ကာ နိဂုံးချုပ်စကားကို ပြောဆိုလိုက်သည်။
"အဲ့တော့ စားပွဲခြေထောက်ကို သေချာခုထားတာက ငါ လက်ဖက်ရည်သောက်တဲ့ စိတ်ခံစားချက်ကို ကောင်းမွန်စေမယ်..အဲဒီကတစ်ဆင့် ငါ့ရဲ့ အိပ်စက်ခြင်း အရည်အသွေးကလည်း ပိုပြီး ကောင်းမွန်လာမယ်...ဒါဟာ ကမ္ဘာကြီးကို ကယ်တင်ဖို့ ပထမဆုံး ခြေလှမ်းပဲ... ဒီရဲ့သဘောတရားကို မင်း နားလည်ရဲ့လား"
"......"
ယဲ့လင်ရွှမ်း ပါးစပ်ဟလိုက်သော်လည်း ပြန်ပြောစရာ စကားမရှိ ဖြစ်နေ၏။
ဤစကားများသည် အဓိပ္ပါယ်မရှိ လမ်းလွဲနေပြီး ရှက်ဖို့ကောင်းသော်လည်း သူမအဖို့ ပြန်လည် ချေပစရာမရှိပေ။
အဘယ်ကြောင့်ဆိုသော် သူသည် ယခုလေးတင် "အိပ်စက်ခြင်း" ဖြင့် ကောင်းကင်လောက် ကြီးမားသော ပြဿနာကြီးကို ဖြေရှင်းခဲ့တာကြောင့် ဖြစ်သည်။
ဤယုတ္တိမရှိသော စကားများ၏ ရိုက်ခတ်မှုအောက်တွင် ၊ ယဲ့လင်းရွှမ်းတစ်ယောက် ဦးနှောက်များ ထုံထိုင်းကာ သူမကိုယ်တိုင် ဘာလုပ်ချင်နေသည်ကိုပင် မေ့လျော့သွားခဲ့သည်။
တောင်ကြားထဲရှိ လေထုသည် အကျပ်ရိုက်စရာ တွေးခေါ်မှုများအဖြစ် ခေတ္တ ကျဆင်းသွားချိန်တွင်၊
ကျန်းနမ်ဂိတ်မှ အစောင့်တပ်မှူးတစ်ဦးက အလျင်အမြန် ပြေးဝင်လာကာ ၊ ဤ "စားပွဲခြေထောက်နှင့် ကမ္ဘာကြီးကို ကယ်တင်ခြင်းတို့၏ ဆက်စပ်မှုကြား"က နက်ရှိုင်းသော ဆွေးနွေးမှုကြီးကို ဖြတ်တောက်ပစ်ခဲ့လေ၏။
"အိမ်ရှေ့စံမင်းသားကို လျှောက်တင်ပါတယ်"
ထိုအစောင့်တပ်မှူးက ဒူးတစ်ဖက်ထောက်ကာ ကျယ်လောင်စွာ လျှောက်တင်လိုက်သည်။
"ကျွန်တော်တို့ ကျန်ရှိနေတဲ့ ရန်သူတွေကို ရှင်းလင်းတုန်းက... သူတို့ရဲ့ မြေအောက်အကျဉ်းထောင်ထဲကနေ ဖမ်းဆီးခံထားရတဲ့ လူငယ်တစ်စုကို ကယ်တင်နိုင်ခဲ့ပါတယ်...လူတစ်ရာကျော်လောက် ရှိပါတယ်"
" သူတို့အများစုက အိမ်ခြေရာမဲ့တွေ ဖြစ်ပေမယ့် သိုင်းပညာ နည်းနည်းပါးပါးတော့ တတ်ကြတယ် ၊ အိမ်ရှေ့စံမင်းသားရဲ့ ဘုန်းတန်ခိုးကို ကြားပြီးတဲ့နောက်မှာ သူတို့က... သူတို့က အရှင့်သားနောက်ကို သေသည်အထိ လိုက်ပြီး သာရှမင်းဆက်အတွက် အကျိုးပြုမယ်လို့ သစ္စာဆိုနေကြပါတယ်"
'နောက်ထပ် လာပြန်ပြီလား...'
ရှောင်ရှန်း မျက်မှောင်ကြုတ်သွားပြန်၏။
ယခု သူအကြောက်ဆုံးအရာမှာ ထိုသို့သော ရူးသွပ်နေသည့် အကြည့်များနှင့် သေသည်အထိ သူ့နောက်ကို လိုက်မည်ဟူသော ကြွေးကြော်သံများပင် ဖြစ်သည်။
ဤသည်မှာ မရေမတွက်နိုင်သော ပြဿနာများနှင့် တာဝန်ဝတ္တရားများ ဆက်ပြီး လာဦးမည်ဟု ဆိုလိုလိုက်ခြင်းပင်။
"မလိုဘူး၊ ငါကိုယ်တော့်အနားမှာ လူမလိုဘူး... သူတို့ကို လမ်းစရိတ်ပေးပြီး ကိုယ့်အိမ်ကိုယ်ပြန်၊ ကိုယ့်အမေဆီကိုယ် ပြန်သွားခိုင်းလိုက်"
သူသည် မစဉ်းစားဘဲ ချက်ချင်း ငြင်းဆိုလိုက်ရာ ၊ ထိုအစောင့်တပ်မှူးမှာ မျက်နှာပျက်သွားသည်။
" အရှင့်သား.. သူတို့က မသွားချင်ကြဘူး ၊ ဂိတ်တံခါးအပြင်ဘက်မှာ ဒူးထောက်နေကြတယ်...အရှင့်သားက သူတို့ကို လက်မခံရင် အမြဲတမ်း ဒူးထောက်နေမယ်လို့ ပြောနေကြပါတယ်"
ရှောင်ရှန်းသည် အစောင့်တပ်မှူး လက်ညှိုးထိုးပြရာ အရပ်သို့ လှမ်းကြည့်လိုက်သည်။ အဝေးတစ်နေရာတွင် လူအုပ်စုလိုက် ဒူးထောက်နေကြသည်ကို အမှန်တကယ်ပင် မြင်လိုက်ရသည်။
တစ်ယောက်ချင်းစီတိုင်းက ရင်ကော့ခေါင်းမော့လျက် ၊ အကြည့်များက မီးတောက်လောင်တော့မည့်အလား ရူးသွပ်နေကြသည်။ သူ ချက်ချင်းပင် ခေါင်းနားပန်းကြီးသွားသည်။
'သူတို့ကို မောင်းထုတ်ရမလား....ဒီအခြေအနေကို ကြည့်ရတာ စစ်တိုက်ရတာထက်တောင် ပိုရှုပ်ဦးမယ်... တကယ်လို့ ပြဿနာ တစ်ခုခု ထပ်ဖြစ်လာရင် ငါ့ရဲ့ ဒီလဝက် အားလပ်ရက်လေးက ရေစုန်မျောတော့မှာပဲ'
' အဆိုးနှစ်ခုထဲမှ သက်သာရာကို ရွေးမှရတော့မယ်'
ရှောင်ရှန်း တစ်ယောက် အသက်ပြင်းပြင်း တစ်ချက် ရှုသွင်းလိုက်ကာ ၊ ဘိုးဘေးများ၏ "အချောင်ခိုခြင်း" ဆုံးမစကားနှင့် ဆန့်ကျင်ဘက်ဖြစ်သော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။
"ကောင်းပြီ ကောင်းပြီ..လက်ခံလိုက်"
ထို့နောက် သူ့ နှာခေါင်းကို ညှစ်ထားပြီး စက်ဆုပ်ရွံရှာသော မျက်နှာပေးဖြင့် ပြောဆိုလိုက်၏။
"စစ်သူကြီး ချန်၊ သူတို့ကို ခင်ဗျားရဲ့ ကိုယ်ရံတော်တပ်ထဲ ထည့်ပြီး အရင် လေ့ကျင့်ပေးထားလိုက်... ငါကိုယ်တော်မှာ တောင်းဆိုစရာ တစ်ခုပဲရှိတယ်၊ ငါ့ကို လာမနှောင့်ယှက်ကြနဲ့"
ချန်ချင်း အမိန့်ကို နာခံလိုက်သည်။ အမှန်စစ်စင်၊ သူ၏ ရင်ထဲ၌ အိမ်ရှေ့စံမင်းသား၏ စိတ်နှလုံးသား သိမ်းသွင်းသည့် နည်းလမ်းအပေါ် ပို၍ပင် လေးစားသွားမိသည်။
သူတို့ကို လက်ခံလိုက်သည့်အတွက် ကောင်းကင် တုန်ဟည်းမတတ် အော်ဟစ်ဝမ်းသာနေကြသော ထိုလူငယ်တစ်စုကို ကြည့်ရင်း၊ ရှောင်ရှန်းသည် မိမိ၏လူများ ဖြစ်သွားပြီ ဖြစ်သောကြောင့် အမည်တစ်ခုခုတော့ ရှိသင့်ကြောင်း ရုတ်တရက် တွေးမိသွားသည်။
သူသည် ခေတ္တ စဉ်းစားလိုက်ပြီး ဆက်ပြောလိုက်သည်။
"သူတို့ကို 'အချောင်ခိုသူ ကိုယ်ရံတော်တပ်' လို့ပဲ နာမည်ပေးလိုက်... သူတို့ကို သွားပြောလိုက်၊ ငါကိုယ်တော်ရဲ့နောက်ကို လိုက်ရင် အသားစားရမယ်၊ အိပ်စက်ရမယ်၊ ကောင်းကင်ကြီး ပြိုကျလာရင်တောင် ငါကိုယ်တော် ကာကွယ်ပေးထားမယ်လို့... ဒါပေမဲ့ သာမန်အချိန်တွေမှာ ဘာကိစ္စမှ မရှိရင် ဘယ်သူမှ အလကားနေရင်း အလုပ်မရှုပ်ကြနဲ့လို့ "
"အချောင်ခိုသူ ကိုယ်ရံတော်တပ်"ဟူသော ဤထူးဆန်းသော အမည်သည် ထိုလူငယ်များကို စော်ကားခံရသည်ဟု မခံစားရစေသည့်အပြင်၊ သူတို့ကို အမည်မသိ ရင်းနှီးမှုနှင့် စိတ်အေးချမ်းမှု ခံစားချက်ကိုပင် ပေးစွမ်းနေခဲ့သည်။
သူတို့၏အမြင်တွင်မူ ၊ ဤအရာကပင် အိမ်ရှေ့စံမင်းသား၏ 'သာမန်အရာများထဲမှ ထူးခြားပြောင်မြောက်မှုကို ဖော်ထုတ်နိုင်ခြင်း' ဟူသော ဆွဲဆောင်မှုတစ်ရပ် ဖြစ်ပေသည်။
လူအုပ်ထဲမှ စိတ်ဓာတ်ပြတ်သားသော လူငယ်အချို့သည် 'အချောင်ခို ကိုယ်ရံတော်တပ်ဖွဲ့' ဟူသော စကားလုံးနှင့် ထိုကတိကဝတ်ကို နှလုံးသားထဲတွင် အမြတ်တနိုး အကြွင်းမဲ့ စွဲမှတ်ထားလိုက်ကြသည်။
ထိုစဉ်က ပေါ့ပေါ့ပါးပါး ချမှတ်လိုက်ပုံရသော ဤဆုံးဖြတ်ချက်က သူတို့၏ဘဝခရီးလမ်းကို အနာဂတ်၏ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးနှင့် ဖယ်ခွာမရအောင် တင်းကျပ်စွာ ချည်နှောင်လိုက်လိမ့်မည်ဟု သူတို့ကိုယ်တိုင်လည်း မသိရှိခဲ့ကြပေ။
....
ထိုညတွင်၊ ကျန်းနမ်ဂိတ် စစ်သူကြီးအိမ်တော်၌။
ရှောင်ရှန်း တစ်ယောက် နောက်ဆုံးမှာတော့ မိုင်ပေါင်းထောင်ချီ အဝေးမှ သယ်ဆောင်လာသော သူ၏ ရေခဲကျောက်စိမ်း ကုတင်ပေါ်တွင် ဆန္ဒပြည့်ဝစွာ လှဲလျောင်းနိုင်ခဲ့ပြီ ဖြစ်သည်။
အေးစက်ပြီး သက်တောင့်သက်သာရှိသော အထိအတွေ့က နေ့ခင်းဘက်တွင် တွေ့ကြုံခဲ့ရသည့် စိတ်ရှုပ်စရာကောင်းသော အရာအားလုံးကို ချေဖျက်ပေးလိုက်သည်။ သူသည် ကျေနပ်အားရစွာ မျက်လုံးမှိတ်လိုက်ပြီး အလိုအလျောက် နိုးလာသည်အထိ တစ်ဆက်တည်း အိပ်ပစ်ရန် ပြင်ဆင်လိုက်သည်။
သူ အိပ်မက်ကမ္ဘာထဲသို့ နစ်မြုပ်တော့မည့် အချိန်လေးမှာပင်၊ ရင်ဘတ်နေရာမှ အချိန်အတော်ကြာ လှုပ်ရှားမှု မရှိခဲ့သော ထိုနဂါးပုံစံ တက်တူးလေးသည် မည်သည့် အရိပ်အယောင်မျှ မပြဘဲ ရုတ်တရက် ပြင်းထန်စွာ ပူလောင်လာခဲ့သည်။
မျက်စိရှေ့တွင် မှောင်မိုက်သွားပြီးနောက် ပြန်လင်းလာ၏။
ရင်းနှီးနေသော ရွှေရောင်ခန်းမ၊ ရင်းနှီးနေသော ရွှေရောင် နဂါးပလ္လင်။
သို့သော် ဤတစ်ကြိမ်တွင် နဂါးပလ္လင်ပေါ်ရှိ ဘိုးဘေး ဧကရာဇ်မင်းကြီး၏ ပုံရိပ်မှာ ယခင်ကထက် ပိုမို ထင်ရှားပီပြင်နေပြီး လူအစစ်နီးပါး ထင်မှတ်ရသည်။
သို့သော် သူ၏ မျက်နှာထားက လွန်စွာ မှောင်မိုက်နေ၏။ ရှောင်ရှန်းခမျာ နှုတ်ခွန်းဆက်စကား ဆိုရန်ပင် အချိန်မရလိုက်ချေ ၊ သူ၏ အားမာန်အပြည့် ပါဝင်သော ဒေါသမီးများ ဟုန်းဟုန်းတောက်လောင်နေသည့် အော်ဟစ်သံကို ကြားလိုက်ရသည်။
"ကောင်စုတ်လေး.. မင်းကများ 'ကမ္ဘာ့မူလရင်းမြစ်ကျောက်တုံး'ကို စားပွဲခြေထောက် ခုဖို့ သုံးရဲတယ်ပေါ့လေ"