← Chapters

အခန်း ၂၄၃

Vol. 25 Ch. 243

အခန်း ၂၄၃

Vol. 25 Ch. 243

အခန်း (၂၄၃) - ဘိုးဘေးဧကရာဇ်မင်းကြီး၏ သင်ကြားပို့ချမှု

"ဒီကောင်စုတ်လေး...မင်းကများ ကမ္ဘာ့မူလရင်းမြစ် ကျောက်တုံးကို စားပွဲခြေထောက် ခုဖို့ သုံးရဲတယ်ပေါ့လေ"

​မူလက ဘုန်းတန်ခိုးကြီးမားလှသော နဂါးဝတ်ရုံနှင့် ဝိညာဉ်ပုံရိပ်သည် ယခုအခါ တဆက်ဆက် တုန်ခါနေ၏။ ၎င်း၏ ဘေးပတ်ပတ်လည်ရှိ ရွှေရောင် နဂါးချီစွမ်းအင်များမှာလည်း ဆူပွက်နေသော ရေနွေးပမာ ကြမ်းကြမ်းတမ်တမ်း လှုပ်ရှားရိုက်ခတ်နေသည်။ ဤအခြေအနေက ပိုင်ရှင်ဖြစ်သူ၏ ရင်ထဲတွင် မည်မျှ ‌ဒေါသတကြီး ဖြစ်နေသည်ကို အထင်အရှား ဖော်ပြနေ၏။

​ရှောင်ရှန်းမှာ ထိုအော်ဟစ်သံကြောင့် နားထဲတွင် တဝီဝီမြည်သွားသည်။ သူသည် နားကို ပွတ်သပ်လိုက်ရင်း၊ နဂါးပလ္လင်ပေါ်တွင် ဒေါသအိုးပေါက်ကွဲလုနီးပါး ဖြစ်နေသော ဘိုးဘေးကြီးကို အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် ကြည့်လိုက်သည်။ ထို့နောက် ပျင်းရိပျင်းတွဲနှင့်ပင် ပြန်ဖြေလိုက်၏။

" ဘိုးဘေးကြီး အသံလေး နည်းနည်းတိုးပါဦး... ပန်းလေးတွေ မြက်လေးတွေ လန့်သွားရင် မကောင်းဘူး"

​(ဤနေရာတွင် မြက်တစ်ပင်တောင် မရှိသော်ငြားလည်း....)

​"မင်းက ပါးစပ်အရသာခံ နေရဲသေးတယ်ပေါ့"

ဘိုးဘေးဧကရာဇ်မင်းကြီး၏ ပုံရိပ်သည် နဂါးပလ္လင်ပေါ်မှ ရုတ်တရက် ထရပ်လိုက်ပြီး ၊ ထို့နောက် ရှောင်ရှန်းကို လက်ညိုးငေါက်ငေါက်ထိုးလျက် ပြောဆိုလိုက်သည်။

​"အဲ့တာ ဘာပစ္စည်းလဲဆိုတာ မင်း သိရဲ့လား.... အဲ့တာက ကမ္ဘာ့မူလရင်းမြစ် ကျောက်တုံးကွ...အထက်ကမ္ဘာက အမှိုက်ကောင်တွေ အောက်ကမ္ဘာကို ဆင်းသက်ဖို့ ဟင်းလင်းပြင် အတားအဆီးကို ဆုတ်ဖြဲတဲ့နေရာမှာ သုံးတဲ့ အဓိကပစ္စည်းကွ"

"ကျောက်တုံးတိုင်းမှာ ဟင်းလင်းပြင်ဆိုင်ရာ နိယာမစွမ်းအားအချို့ အနည်းငယ်စီ ပါဝင်ကြတယ်... ဒါဟာ တန်ဖိုးဖြတ်မရတဲ့ ရတနာဖြစ်သလို၊ ကောင်းကင်လောက် ကြီးမားတဲ့ ကပ်ဘေးကြီးကိုလည်း ဆွဲဆောင်နိုင်တဲ့ မီးရှို့စနက်တံပဲ၊ အဲ့တာကို မင်းက ဒီလို.. စားပွဲခြေထောက် ခုဖို့ ယူသုံးလိုက်တယ်ပေါ့လေ"

​ဘိုးဘေးဧကရာဇ်မင်းမှာ ပြောလေလေ ဒေါသထွက်လေလေ ဖြစ်ရသည်။ အထက်ကမ္ဘာမှ စွမ်းအားရှင်ကြီးသာ သူ၏ အဖိုးတန်ကျောက်ကို သာမန်လူတစ်ယောက်က ယခုကဲ့သို့ သုံးထားကြောင်း သိသွားပါက သွေးအန်သေနိုင်လောက်သည်။

​သို့သော် မျက်စိရှေ့က သကောင့်သားမှာ အမှားလုပ်ထားသူတစ်ဦး၏ အသိစိတ်မျိုး အနည်းငယ်မျှပင် မရှိ။

ရှောင်ရှန်းတစ်ယောက် နားကို ကလော်လိုက်ရင်း ၊ ရိုးရှင်းသော မှတ်ချက်တစ်ခု ပေးလိုက်သည်။

​"အန္တရာယ်ရှိတယ်၊ ကျွန်တော်ကတော့ မမြင်ပါဘူး"

​သူက လက်နှစ်ဖက်ကို ဖြန့်လိုက်ပြီး ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ တည်ငြိမ်စွာဖြင့် ဆက်ပြောလိုက်သည်။

​" ခုလို စားပွဲခြေထောက်ကို အတော်လေး ငြိမ်အောင် ခုပေးထားတော့ ကျွန်တော့် စားပွဲလည်း ထပ်မလှုပ်တော့ဘူး....လက်ဖက်ရည်သောက်ရတာလည်း အတော်လေး စိတ်ချမ်းသာသွားပြီ"

ထိုစဉ် တစ်ခုခုကို သတိရသွားသကဲ့သို့ ခေါင်းမော့ကာ ဒေါသထွက်နေသော ဘိုးဘေးဧကရာဇ်မင်းကို အပြစ်တင်လိုသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

​"ပြီးတော့ ဘိုးဘေးကြီး ၊ ဒီကိစ္စက ကျွန်တော့်ကို အပြစ်တင်လို့ မရဘူးလေ... ပြီးခဲ့တဲ့တစ်ခေါက်က ဘိုးဘွားကြီးပဲ ကျွန်တော့်အသက်က ဒီသာရှရဲ့ နဂါးသွေးကြောနဲ့ ချည်နှောင်ထားတာလို့ ပြောခဲ့တာလေ ဒါပေမယ့် ဒီနဂါးသွေးကြောက ဘာကြီးလဲ၊ ဘယ်လိုပုံစံရှိပြီး ဘာအသုံးဝင်လဲ၊ ဘာတွေ သတိထားရမလဲဆိုတာကို လမ်းညွှန်စာအုပ်လေး ဘာလေး ပေးသင့်တာပေါ့"

​ရှောင်ရှန်းက ခိုင်လုံသော အကြောင်းပြချက်များဖြင့် ဆက်ပြောသည်။

"လမ်းညွှန်စာအုပ်လည်း မရှိ၊ အလုပ်မဝင်ခင် သင်တန်းပေးတာလည်း မရှိဘဲနဲ့ ပြဿနာဖြစ်မှ ကျွန်တော့်ကို လာဒေါသထွက်နေတယ်... ဘိုးဘေးကြီး၊ ဒါက လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးလေ ...ညီလာခံမှာဆိုရင် ဒါကို တာဝန်နဲ့ ဝတ္တရား မကျေပွန်ဘူးလို့ ခေါ်တယ်... စစ်ဆေးရေးအရာရှိတွေက ဘိုးဘေးကြီးကို အရင်ဆုံး တိုင်ကြလိမ့်မယ်"

"မင်း..."

​ဘိုးဘေးဧကရာဇ်မင်းမှာ ဆွံ့အသွားပြီး သူ၏ ရွှေရောင်ဝိညာဉ်ပုံရိပ်ပင် အနည်းငယ် မှေးမှိန်သွားသည်။

​သူ တစ်သက်လုံး စစ်မြေပြင်တွင် ကျင်လည်ပြီး လောကကြီးကို ငြိမ်းချမ်းအောင် လုပ်ခဲ့စဉ်က လူပေါင်းစုံနှင့် ကြုံဖူးခဲ့သည်။ သစ္စာဖောက်အမတ်များ၊ နာမည်ကျော် စစ်သူကြီးများ၊ သူရဲကောင်းများနှင့် ပညာရှိကြီးများ စသည်ဖြင့် ကြုံဖူးသော်လည်း ၊ သူ့မျက်စိရှေ့က အသုံးမကျသော မြေးမြစ်လိုမျိုးတော့ တစ်ယောက်မှ မရှိခဲ့ဖူးချေ။

သူသည် အမြဲတမ်း အဓိပ္ပာယ်မဲ့ပြီး အရှက်မရှိသော စကားများကို ‌ပြောင်ပြောင်တင်းတင်း ပြောဆိုရဲသည်။

​တိုင်းပြည်၏ အရေးကြီးပုံကို ပြောပြလျှင် သူက အိပ်ချင်သည် ဟု ဆိုသည်။ ဘေးပတ်လည်တွင် အန္တရာယ်များ ဝိုင်းနေကြောင်း သတိပေးလျှင် စိတ်ခံစားချက်ကို ထိခိုက်သည်ဟု ပြောပြန်သည်။ ယခုမူ တိုင်းပြည်ကို တည်ထောင်ခဲ့သည့် ဧကရာဇ်ဖြစ်သော သူ့ကိုပင် "လုပ်ထုံးလုပ်နည်း" နှင့် "တာဝန်ဝတ္တရား" ဟုဆိုကာ ဆရာလုပ်နေပြန်၏။

​ဘိုးဘေးဧကရာဇ်မင်းသည် " ကျုပ်ပြောတာ ယုတ္တိရှိတယ် ၊ ကျုပ် အမှားမဟုတ်ဘူး" ဆိုသည့် ရှောင်ရှန်း၏ အချောင်ခိုမျက်နှာပေးကို ကြည့်ရင်း၊ ရင်ထဲရှိ မိုးကြိုးမုန်တိုင်းများမှာ နောက်ဆုံးတွင် ခွန်အားမဲ့စွာဖြင့် သက်ပြင်းချသံအဖြစ် ပြောင်းလဲသွားရတော့သည်။

'ထားလိုက်ပါတော့... ဒီကောင်လေးနဲ့ ငြင်းနေရင် ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာတာပဲ ဖြစ်တော့မယ်...'

"မင်း ဒီကိုလာခဲ့"

​ဘိုးဘေးဧကရာဇ်မင်း၏ အသံသည် အတော်လေး ပင်ပန်းနွမ်းနယ်သွားပုံရပြီး နဂါးပလ္လင်ပေါ်တွင် ပြန်ထိုင်ကာ ရှောင်ရှန်းကို လက်ယပ်ခေါ်လိုက်သည်။

​ရှောင်ရှန်းတစ်ယောက် ' ဒီအဘိုးကြီး ဘာတွေ ကြံစည်နေပြန်ပြီလဲ' ဟု စိတ်ထဲတွင် ရေရွတ်နေမိသော်လည်း မချိတင်ကဲဖြင့် တရွေ့ရွေ့ သွားလိုက်သည်။

​"မင်းက လမ်းညွှန်စာအုပ် လိုချင်တယ်ဆိုမှတော့... ဒီကနေ့ ငါကိုယ်တော် မင်းကို သင်ကြားပို့ချမှု တစ်ကြိမ် လုပ်ပေးလိုက်မယ်"

​စကားဆုံးသည်နှင့် ဘိုးဘေးဧကရာဇ်မင်းသည် လက်ချောင်းနှစ်ချောင်းကို ဓားတစ်လက်ကဲ့သို့ ပူးကပ်လိုက်ပြီး ရှောင်ရှန်း၏ မျက်ခုံးနှစ်ခုကြားသို့ အဝေးမှ လှမ်း၍ ထောက်လိုက်သည်။

​ရှောင်ရှန်း၏ မျက်စိရှေ့တွင် ရွှေရောင်အလင်းတန်းတစ်ခု လျှပ်တပြတ် ဝင်းလက်သွားပြီးနောက် ၊

စိတ်ကူး၍ပင် မရနိုင်လောက်အောင် ကြီးမားသော သတင်းအချက်အလက် အလင်းစီးကြောင်းတစ်ခုသည် ဆည်ကျိုးပေါက်သကဲ့သို့ သူ၏ ဦးနှောက်ထဲသို့ အတင်းအကျပ် ဝင်ရောက်လာလေ၏။

၎င်းမှာ စာလုံးများ မဟုတ်သလို၊ ဘာသာစကားလည်း မဟုတ်ပေ။

​၎င်းတို့သည် နှစ်ပေါင်းသောင်းချီ ကြာမြင့်ခဲ့သော အတိတ်မှ ပုံရိပ်များ၊ အာရုံခံစားမှုများနှင့် မှတ်ဉာဏ်များပင် ဖြစ်သည်။

​တစ်ခဏအတွင်းမှာပင် သူ၏ အမြင်အာရုံသည် ခန္ဓာကိုယ်မှ ခွဲထွက်သွားပြီး ကမ္ဘာမြေကြီး၏ အနက်ရှိုင်းဆုံးနေရာသို့ နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် အလွန်သန့်စင်ပြီး ကြီးမားသော ရွှေရောင်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော အဆုံးမဲ့ မြစ်ကြီးတစ်စင်းကို မြင်လိုက်ရ၏။

​၎င်းသည် သာရှမင်းဆက်၏ မြေပြင်အောက်တွင် နေရာယူထားပြီး မြောက်ဘက်ဆုံးရှိ နှင်းတောင်တန်းများမှ တောင်ဘက်ဆုံးရှိ တောင်တန်းပေါင်းတစ်သိန်း အထိ ကွေ့ကောက်စီးဆင်းနေကာ တောင်တန်း၊ မြစ်ချောင်းများ၏ လားရာနှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေသည်။

​ဤသည်မှာ သာရှနဂါးသွေးကြော၏ အစစ်အမှန် ခန္ဓာကိုယ်ပင် ဖြစ်သည်။

​ထို့နောက် ပုံရိပ်များ ပြောင်းလဲသွားပြီး မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် နဂါးသွေးကြော စောင့်ရှောက်သူများကို မြင်တွေ့လိုက်ရသည်။ သူတို့အားလုံးမှာ ရှောင်မျိုးနွယ်စု တော်ဝင်မိသားစု၏ ဘိုးဘေးများပင် ဖြစ်ကြသည်။

​သူတို့သည် သွေးကြောဆက်နွယ်မှုမှတစ်ဆင့် သတ်မှတ်ထားသော အချိန်များတွင် ဤအိပ်မောကျနေသော ဧရာမနဂါးကြီးထံမှ စွမ်းအားအနည်းငယ်ကို ငှားရမ်းကာ၊ နိုင်ငံ၏ ကံကြမ္မာကို ထိန်းသိမ်းရန်နှင့် ပြင်ပရန်သူများကို ကာကွယ်ရန် အသုံးပြုကြသည်။ သို့သော် ရှောင်ရှန်းသည် အတိတ်က ဘိုးဘေးများနှင့် မတူဘဲ ကွဲပြားမှုတစ်ခု ရှိနေခဲ့သည်။

​သူ၏ ခန္ဓာကိုယ်ထဲတွင် မွေးရာပါ တာအိုသန္ဓေသား ဟု ခေါ်သည့် အရာတစ်ခု ရှိနေခဲ့ခြင်းပင်။

​သတင်းအချက်အလက် အလင်းစီးကြောင်းထဲတွင် ထိုမွေးရာပါ တာအိုသန္ဓေသားလောင်းနှင့် ပတ်သက်၍ အသေးစိတ် ရှင်းပြထားခြင်း မရှိသော်လည်း အရှင်းလင်းဆုံး ခံစားမှုတစ်ခု ပေးစွမ်းနိုင်ခဲ့သည်။

သာရှ၏ နဂါးသွေးကြောကို အလွန်ကြီးမားသော ဘဏ္ဍာတိုက်ကြီးတစ်ခုဟု တင်စားရမည်ဆိုပါက ၊ အတိတ်က ဧကရာဇ်များ၏ လက်ထဲတွင် ရှိခဲ့သည်မှာ သတ်မှတ်ထားသော ဂိုဒေါင်တစ်ခု၏ သော့တစ်ချောင်းသာ ဖြစ်သည်။

​သို့သော် ရှောင်ရှန်း၏ မွေးရာပါ တာအိုသန္ဓေသားလောင်းသည် ဤဘဏ္ဍာတိုက်ကြီးတစ်ခုလုံး၏ အမြင့်ဆုံး အခွင့်အာဏာရှိသော မာစတာသော့ကြီး ဖြစ်ပြီး ၊ နဂါးသွေးကြောတစ်ခုလုံးနှင့် အနက်ရှိုင်းဆုံး ပဲ့တင်ထပ်မှုကို ဖြစ်ပေါ်စေနိုင်သည်။

​သတင်းအချက်အလက်များ ဝင်ရောက်မှုသည် ရုတ်တရက်ပင် ရပ်တန့်သွားသည်။ ရှောင်ရှန်းသည် သူ၏ ဦးနှောက်ထဲသို့ တိုးလာသော အရာများကို ပြန်လည်ခြေဖျက်နေပြီး သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းနေ၏။

"သဘောပေါက်ပြီလား"

ဘိုးဘေးဧကရာဇ်မင်း၏ စာမေးပွဲစစ်ချင်သော လေသံ ထွက်ပေါ်လာ၏။

"အကြမ်းဖျင်းတော့... နည်းနည်း သဘောပေါက်သွားပြီ"

ရှောင်ရှန်းသည် ကိုက်ခဲနေသော နားထင်ကို ပွတ်သပ်ရင်း ရိုးသားစွာ ပြန်ဖြေလိုက်သည်။

"သဘောပေါက်ရင် ပြီးတာပဲ"

​ဘိုးဘေးဧကရာဇ်မင်း၏ လေသံထဲတွင် 'ဒီကလေးကို သင်ပေးရခက်သော်လည်း မသင်ပေးဘဲလည်း မရ' ဆိုသည့် အကျပ်ရိုက်နေသော အရိပ်အယောင်များ ပါဝင်နေ၏။

"အခု မင်း ခုချက်ချင်း နဂါးသွေးကြောရဲ့ စွမ်းအား နည်းနည်းလေးကို လှုံ့ဆော်ကြည့်စမ်း"

"ဟာ... အခုလား"

ရှောင်ရှန်း၏ မျက်နှာ ချက်ချင်း ပျက်ကျသွားသည်။

" ဘိုးဘေးကြီး.. ကျွန်တော် အရမ်းအိပ်ချင်နေပြီ၊ မနက်ဖြန်မှ..."

"မရဘူး"

ဘိုးဘေးဧကရာဇ်မင်းက ပြတ်ပြတ်သားသား ဖြတ်ပြောလိုက်သည်။

"ဒီနေ့ မင်း အခြေခံအကျဆုံး ထိန်းချုပ်နည်းကို မတတ်မြောက်ရင် မင်းကို အပြင်ထွက် အိပ်ခွင့် မပေးဘူး"

အိပ်စက်ခြင်းကို အသက်တမျှ တန်ဖိုးထားသူတစ်ဦးအား "အိပ်စက်ခွင့်" ဖြင့် ခြိမ်းခြောက်ခြင်းသည် အထိရောက်ဆုံး တိုက်ခိုက်မှုပင် ဖြစ်သည်။

​ရှောင်ရှန်းသည် မျက်ခွံများ ပိတ်ကျလုနီးပါး ဖြစ်နေပြီ ဖြစ်သော်လည်း ၊ ဤကျိန်ဆဲချင်စရာကောင်းသော သင်ကြားပို့ချမှုကို မြန်မြန်အဆုံးသတ်ရန် နှင့် သူ ချစ်မြတ်နိုးလှသော ရေခဲကျောက်စိမ်းကုတင်ဆီသို့ ပြန်သွားနိုင်ရန်အတွက် မချိတင်ကဲ လက်ခံလိုက်ရသည်။

"ရပြီ ရပြီ၊ ကျွန်တော် စမ်းကြည့်မယ်...ဘယ်လိုလုပ်ရမှာလဲ"

"စိတ်ကို တည်ငြိမ်အောင်ထား...အာရုံစူးစိုက် ပြီးတော့ မင်းရဲ့ စိတ်ဆန္ဒနဲ့ သူ့ကို ခံစားကြည့်၊ အဲဒီနောက် မင်းရဲ့ လက်မောင်းကို လှုပ်ရှားသလိုမျိုး သူ့ကို လမ်းညွှန်ပေးလိုက်"

ဘိုးဘေးဧကရာဇ်မင်းက လိုရင်းတိုရှင်း လမ်းညွှန်ပေးလိုက်သည်။

ရှောင်ရှန်း တစ်ယောက် သက်ပြင်းတစ်ချက်ချလိုက်ရင်း မလိုလားစွာဖြင့် မျက်လုံးကို မှိတ်လိုက်သည်။

'စိတ်တည်ငြိမ်အောင် ဟုတ်လား... သူ နေ့တိုင်း စိတ်တည်ငြိမ်အောင် နေနေတာပဲလေ'

' အာရုံစူးစိုက်ရမယ်... သူ ငိုက်နေတဲ့အချိန်ဆို ပိုပြီး အာရုံစူးစိုက်တာ အကောင်း‌ဆုံးပဲ'

​သူသည် ဘိုးဘေးဧကရာဇ်မင်း သင်ပေးသော နည်းလမ်းအတိုင်း အသိစိတ်ကို စောစောက တွေ့ကြုံခံစားခဲ့ရသော ရွှေရောင်သမုဒ္ဒရာကြီးထဲသို့ နစ်မြုပ်စေလိုက်သည်။ မကြာမီမှာပင် အိပ်မောကျနေသော်လည်း အဆုံးမဲ့စွမ်းအားများဖြင့် ပြည့်နှက်နေသော ထိုအငွေ့အသက်ကို ခံစားလိုက်ရသည်။

​ဘယ်လို လမ်းညွှန်ရမလဲ...

ရှောင်ရှန်းအဖို့ ကြီးကျယ်ခမ်းနားသော တိုင်းပြည်ရေးရာ လုပ်ငန်းကြီးများ၊ ပြည်သူပြည်သားများ အကြောင်းကို တွေးတောရန် ပျင်းရိလွန်သည်။ သူ၏ ဦးနှောက်ထဲရှိ တစ်ခုတည်းသော အတွေးမှာ မြန်မြန်ကိစ္စပြတ်အောင် လုပ်ပြီး ပြန်အိပ်ရန်သာ ဖြစ်သည်။

​သို့သော် ယခုအချိန်တွင် ကိစ္စမပြတ်သေးသည့် တစ်ခုတည်းသော အရာမှာ ထိုစားပွဲခြေထောက် ပြဿနာပင် ဖြစ်ပုံရသည်။ ကမ္ဘာ့မူလရင်းမြစ် ကျောက်တုံးဖြင့် ခုထားသော်လည်း ပြီးပြည့်စုံမှု မရှိသေးဟု ခံစားနေရသည်။

တစ်နေ့နေ့ ကျောက်တုံးက ချော်ထွက်သွားရင် ဘယ်လိုလုပ်မတုန်း....

​အလွန်ရိုးရှင်းသော အတွေးတစ်ခုက သူ၏စိတ်ထဲသို့ အလိုအလျောက် ဝင်ရောက်လာ၏။

"နဂါးသွေးကြော၊ အို နဂါးသွေးကြောကြီး၊ ကြားရရဲ့လား....ခွန်အားလေး နည်းနည်းလောက် ပေးပါ....အများကြီး မလိုဘူး... နည်းနည်းလေးပဲ ၊ ဟိုစားပွဲလေးကို ပိုငြိမ်အောင် ခုပေး...မြေနဲ့တစ်သားတည်း ဖြစ်သွားရင် အကောင်းဆုံးပဲ ထပ်ပြီး လုံးဝ မလှုပ်တော့အောင် လုပ်ပေး"

​ဤအတွေးသည် အလွန်သန့်စင်ပြီး ရည်မှန်းချက် အလွန်ကင်းမဲ့သည်။ ၎င်းသည် ခဲလုံးလေးတစ်လုံးကဲ့သို့ နဂါးသွေးကြော၏ အိပ်မောကျနေသော ရွှေရောင်သမုဒ္ဒရာကြီးထဲသို့ ကျဆင်းသွားသည်။

​နောက်တစ်ခဏတွင် လက်တွေ့ကမ္ဘာ၌—

ကျန်းနမ်ဂိတ် စစ်သူကြီးအိမ်တော်ရှိ အပြင်နှင့် အတွင်း ကင်းလှည့်နေသော စစ်သည်များ၊ အိပ်ပျော်နေသော စစ်သည်များ အားလုံးသည် သူတို့ခြေအောက်က မြေကြီးသည် အလွန်သိမ်မွေ့စွာ တစ်ချက် တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။

​ထိုတုန်ခါမှုက အလွန်တိုတောင်းပြီး ညင်သာလွန်းသည်။ ကမ္ဘာမြေကြီး၏ သွေးခုန်နှုန်းက ညင်သာစွာဖြင့် တစ်ချက် ခုန်သွားသကဲ့သို့ပင်။ အာရုံခံစားမှု ထက်မြက်သော သိုင်းပညာရှင်များ မဟုတ်ပါက ၊ ထိုအရာကို သတိထားမိရန် ခက်ခဲလှပေသည်။

ဘာဖြစ်သွားသည်ကို မည်သူမျှ မသိကြပေ။ စစ်သူကြီးအိမ်တော်၏ နောက်ဖေးဝင်းထဲတွင် "ငါးဆားနယ် ရထားလုံး" ကို သန့်ရှင်းရေးလုပ်နေသော ရှောင်သယ့်ဇီ တစ်ယောက်တည်းသာလျှင် ရထားလုံးထဲမှ "ဂျွတ်" ဟူသော အသံတိုးတိုးလေးတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

​တစ်ချိန်တည်းမှာပင် ၊

​သာမန်မျက်စိဖြင့် မမြင်နိုင်သည့် ကြီးမားသော စွမ်းအားတစ်ခုက ရှောင်ရှန်း၏ စိတ်ဆန္ဒလမ်းညွှန်မှုအတိုင်း နဂါးသွေးကြော သမုဒ္ဒရာထဲမှ စုပ်ယူခံလိုက်ရပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

ထို့နောက် သူ၏ မသိစိတ်မှ ထိုစွမ်းအားများကို ချန်လှပ်ထားခြင်းမရှိဘဲ သူ စိတ်စွဲလန်းနေသော ပစ်မှတ်ဆီသို့ တိုက်ရိုက် လမ်းညွှန်ပေးလိုက်သည်။ ​ထိုပစ်မှတ်မှာ ဇီးသာစားပွဲပုလေး၏ စားပွဲခြေထောက်ဆီသို့ပင် ဖြစ်၏။

"ဂျွတ်"

ရှောင်သယ့်ဇီ ကြားလိုက်ရသည်မှာ ဤအသံပင် ဖြစ်သည်။

​"ငါးဆားနယ် ရထားလုံး" ၏ ဇိမ်ခံရထားတွဲအတွင်းရှိ တန်ဖိုးကြီး ဇီးသာစားပွဲပုလေးသည် ပုံသဏ္ဍာန်မဲ့ပြီး ဆန့်ကျင်ရန်မဖြစ်နိုင်သော ဧရာမစွမ်းအားကြီးတစ်ခု၏ အပြင်းအထန် ဖိချခြင်းကို ခံလိုက်ရသည်။

​စားပွဲခြေထောက်လေးချောင်းနှင့် ၎င်းအောက်တွင် ခုထားသော "ကမ္ဘာ့မူလရင်းမြစ် ကျောက်တုံး" တို့သည် မာကျောသော သံမဏိရထားကြမ်းပြင်ထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားခဲ့သည်။

စားပွဲနှင့် ကြမ်းပြင်ကြားတွင် အပ်ပေါက်တစ်ပေါက်မျှပင် ဟာကွက်မရှိ နည်းနည်းလေးမျှ မလှုပ်နိုင်သည့် ရုပ်ပိုင်းဆိုင်ရာအရ အကြွင်းမဲ့ခိုင်မာမှုအဆင့်သို့ ရောက်ရှိသွားလေ၏။

​နဂါးပလ္လင်ပေါ်ရှိ ဘိုးဘေးဧကရာဇ်မင်းမှာ ဤမြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့လိုက်ရသည်။

​ခေတ်အဆက်ဆက်တွင် အတော်ဆုံးပါရမီရှင်ဟု ဆိုနိုင်သော သူ၏ အသုံးမကျသည့် မြေးမြစ်လေးသည် မည်သည့်ဧကရာဇ်မင်းမဆို ရူးသွပ်မတတ် ဝမ်းသာသွားစေမည့် ပထမဆုံးအကြိမ် လှုံ့ဆော်လိုက်သော အလွန်သန့်စင်သည့် နဂါးသွေးကြောစွမ်းအားကို... ဤကဲ့သို့သော ပစ္စည်းအပျက်တွင် အသုံးပြုလိုက်သည်ကို သူ ဆွံ့အစွာဖြင့် ကြည့်နေမိတော့သည်။

​သူသည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး ရွှေရောင်ဝိညာဉ်ပုံရိပ်မှာလည်း လင်းလိုက်မှိန်လိုက် ဖြစ်နေကာ လိုင်းမကောင်း၍ အချိန်မရွေး ပြတ်တောက်သွားတော့မည့်အလား ဖြစ်နေသည်။

​နောက်ဆုံးတွင် ဝိညာဉ်ပုံရိပ် လုံးဝ ပျောက်ကွယ်မသွားမီ အခိုက်အတန့်လေးတွင် သူသည် နောက်ဆုံးကျန်ရှိနေသော ခွန်အားဖြင့် ဤစကားတစ်ခွန်းကို ရှောင်ရှန်း၏ ဦးနှောက်ထဲသို့ ပြင်းထန်စွာ ရိုက်သွင်းနိုင်ခဲ့သည်။

​"မင်း... မင်းဘာသာမင်း သတိထားနေတော့၊ တောင်တန်းပေါင်းတစ်သိန်းထဲမှာ နဂါးသွေးကြောရဲ့ အရေးကြီးတဲ့ ဆုံမှတ်တစ်ခုရှိတယ်... အဲ့တာက အထက်ကမ္ဘာရဲ့ ညစ်ညမ်းတဲ့ အငွေ့အသက်ကြောင့် ညစ်ညမ်းနေပြီ...အမြန်သွားပြီး သန့်စင်ပစ် မဟုတ်ရင် နဂါးသွေးကြော ထိခိုက်တာနဲ့ မင်းက ပထမဆုံး ကံဆိုးမယ့်သူပဲ"

​ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး တစ်ချိန်တည်းမှာပင် ဟိန်းဟောက်သံများလည်း အဝေးသို့ လွင့်စင်သွားခဲ့လေသည်။

All Chapters