အခန်း ၂၄၄
Vol. 25 Ch. 244
အခန်း (၂၄၄) ထွက်ခွာစို့၊ ပစ်မှတ်က တောင်တန်းပေါင်းတစ်သိန်း
စစ်သူကြီးအိမ်တော်၏ အိပ်ခန်းထဲတွင် ပြတင်းပေါက်အပြင်ဘက်မှ နှင်းစက်များ ကျဆင်းသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည်။
ရှောင်ရှန်း ရုတ်တရက် မျက်စိဖွင့်လိုက်ပြီး ရေခဲကျောက်စိမ်းကုတင်ပေါ်မှ ထထိုင်လိုက်သည်။ သူ့ဦးနှောက်ထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သော ဒေါသတကြီး အော်ဟစ်သွားသည့် ဘိုးဘေးကြီး၏ အသံကိုပင် ဂရုမစိုက်ဘဲ ၊ အိပ်ခန်းထဲမှ ချက်ချင်း ပြေးထွက်လာကာ နောက်ဖေးဝင်းထဲရှိ "ငါးဆားနယ် ရထားလုံး" ဆီသို့ တိုက်ရိုက် ဦးတည်လာခဲ့သည်။
ရှောင်သယ့်ဇီသည် ကြက်မွေးတံမြက်စည်းကို ကိုင်ကာ သီချင်းလေး ညည်းရင်း ရထားလုံးကိုယ်ထည်ကို အကျအန သန့်ရှင်းနေ၏။
အိမ်ရှေ့စံမင်းသား ပြာပြာသလဲ ပြေးထွက်လာသည်ကို မြင်လိုက်ရသဖြင့် သူသည် ကမန်းကတန်း အရိုအသေပေးလိုက်ပြီး မေးမြန်းလိုက်သည်။
"အရှင့်သား နိုးပြီလား၊ နံနက်စာ သုံးဆောင်မလို့လား"
ရှောင်ရှန်းက သူ့ကို ဂရုမစိုက်ဘဲ ရထားလုံးထဲသို့ ခေါင်းတိုးဝင်သွားသည်။
ရထားလုံးထဲတွင် ရှောင်ရှန်းတစ်ယောက် ဆောင့်ကြောင့်ထိုင်ကာ သူ့လက်ညှိုးဖြင့် ထိုဇီးသာစားပွဲပုလေး၏ ခြေထောက်ကို အားကုန်သုံးကာ ထိုးကြည့်လိုက်သည်။
အနည်းငယ်မျှပင် မလှုပ်ပေ။
စားပွဲခြေထောက်နှင့် ၎င်းအောက်တွင် ခုထားသော "ကမ္ဘာ့မူလရင်းမြစ် ကျောက်တုံး" သည် မာကျောသော သံမဏိကြမ်းပြင်နှင့် လုံးဝ တစ်သားတည်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူ မည်မျှပင် တွန်းတွန်း လှုပ်လှုပ် စားပွဲပုလေးသည် တောင်ကြီးတစ်လုံးလို ခိုင်မာနေပြီး ထပ်ပြီး စောင်းစရာအကြောင်း မရှိတော့ပေ။
"ဒီလိုမှပေါ့"
ရှောင်ရှန်းတစ်ယောက် သူ့ဟာသူ ရေရွတ်လိုက်သည်။
သူသည် "အာဏာရှိခြင်း၏ အကျိုးကျေးဇူး" ကို အနည်းငယ်တော့ ခံစားမိသွားပြီ ဖြစ်သည်။ ဤနဂါးသွေးကြော စွမ်းအားသည် နေ့စဉ်ဘဝ အသေးအမွှား ပြဿနာလေးများကို ဖြေရှင်းရန် အလွန်ကောင်းမွန်သော လက်နက်တစ်ခုဟု ဆိုရပေမည်။
"ဆုံမှတ်ကို သန့်စင်မယ်" "နဂါးသွေးကြော ထိခိုက်မယ်" "မင်းက ပထမဆုံး ကံဆိုးမယ့်သူပဲ" အစရှိသော " ခြိမ်းခြောက်မှု" များနှင့် ပတ်သက်၍ ၊
နားထောင်ရသည်မှာ ရှုပ်ထွေးသော်လည်း ဘယ်တော့မှ မလှုပ်တော့မည့် စားပွဲတစ်လုံးနှင့် ယှဉ်ရင်တော့ လက်ခံလို့ မရလောက်အောင် ဆိုးရွားပုံ မပေါ်ချေ။ သို့သော်လည်း မိမိ၏ အသက်နှင့် သက်ဆိုင်နေ၍ မလုပ်မဖြစ်လုပ်ရပေဦးမည်။
"အမိန့်ပေးလိုက်"
ရှောင်ရှန်းသည် ရထားလုံးထဲမှ ထွက်လာပြီး အိပ်ရာထခါစ တွန့်ကျေနေသော အဝတ်အစားကို သပ်ရပ်အောင် လုပ်လိုက်ကာ ဝမ်သယ်ကျုံးနှင့် သတင်းကြား၍ ရောက်ချလာသော ချန်ချင်းတို့ကို အိပ်ချင်မပြေသေးသော လေသံဖြင့် ကြေညာလိုက်သည်။
"ငါကိုယ်တော် မနေ့ညက ကောင်းကင်ကို လေ့လာပြီး တွက်ချက်ကြည့်လိုက်တော့ ဒီတောင်ပိုင်းနယ်စပ်က နေရာလေးက ဖုန်းရွှေ အတော်ကောင်းပြီး လေထုစွမ်းအင်တွေလည်း ပြည့်ဝနေတယ်"
" ငါတို့ သာရှမင်းဆက်ရဲ့ ဘုန်းတန်ခိုးကို ထုတ်ဖော်ပြသဖို့... တကယ့်ကို အကောင်းဆုံး နေရာတစ်ခုပဲ"
သူသည် ချောင်းတစ်ချက်ဟန့်လိုက်ပြီ ကရုဏာသက်နေသည့် မျက်နှာအမူအရာမျိုးကို ဖန်တီးယူလိုက်သည်။
"ကျန်းနမ်ဂိတ် တိုက်ပွဲမှာ လူယုတ်မာတွေရဲ့ အကြံအစည်ကို ဖျက်ဆီးနိုင်ခဲ့ပေမယ့် တောင်ပိုင်းနယ်စပ် အနက်ပိုင်းမှာ ပုန်းကွယ်နေတဲ့ အန္တရာယ်တွေကို ဖော်ထုတ်နိုင်ခဲ့တယ်"
" သာရှမင်းဆက်ရဲ့ မျိုးဆက်သစ်တွေအတွက်၊ တောင်ပိုင်းနယ်စပ်က ပြည်သူတွေရဲ့ ငြိမ်းချမ်းရေးအတွက် ငါကိုယ်တော် ဆုံးဖြတ်လိုက်တယ်...ငါတို့ ခုချက်ချင်း ခရီးထွက်ပြီး တောင်တန်းပေါင်းတစ်သိန်းထဲကို ဝင်ရောက်ကာ တောင်ပိုင်းနယ်စပ်ကို စစ်ဆေးမယ်...လူမျိုးစုတွေကို နှစ်သိမ့်ပေးပြီး ကျေးဇူးတရားကို ပြသမယ်"
သူ၏ စကားများက အလွန်တက်ကြွပြီး တရားမျှတမှုအပြည့် ရှိလေ၏။
ချန်ချင်းမှာ ထိုစကားကို ကြားသည်နှင့် သွေးများ ပွက်ပွက်ဆူကာ ချက်ချင်း ဒူးတစ်ဖက်ထောက်လိုက်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
" အရှင့်သားက အမြော်အမြင်ကြီးမားပြီး ပြည်သူတွေအတွက် စဉ်းစားပေးတယ်... ကျွန်တော်မျိုး အကောင်းဆုံး စစ်သည် သုံးထောင်ကို ဦးဆောင်ပြီး အိမ်ရှေ့စံမင်းသားအတွက် လမ်းရှင်းပေးမယ်၊ မကောင်းဆိုးဝါး မှော်ဆရာတွေ အားလုံးကို ရှင်းလင်းပစ်မယ်"
ယဲ့လင်ရွှမ်းသည် ဓားကိုပိုက်ကာ ဘေးတွင် ရပ်နေသည်။ ရှောင်ရှန်း၏ ဤသို့သော ဟန်ဆောင်ကောင်းသည့် စကားများ၏ နောက်ကွယ်တွင် အခြားရည်ရွယ်ချက် တစ်ခုခု ရှိနေရမည်ဟု သူမ ယူဆသည်။
သို့သော် တောင်တန်းပေါင်းတစ်သိန်းဆီသို့ သွားရောက်ခြင်းသည် သူမ စုံစမ်းရှာဖွေနေသော ပစ်မှတ်လမ်းကြောင်းနှင့် တူညီနေသဖြင့် သူမအနေဖြင့် ကန့်ကွက်စရာ အကြောင်းမရှိပေ။
စူးဝမ်ချင်းသည် ရထားလုံးကို စဉ်းစားတွေးတောနေသည့် အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ရှောင်ရှန်းကို ပြန်ကြည့်လိုက်သည်။
ကင်ဆာအဆင့် တွင်လောက်သည့် ဤလူ့ငပျင်း အိမ်ရှေ့စံမင်းသားကို ခရီးဝေးထွက်ရန် ဆုံးဖြတ်စေနိုင်သည်မှာ "တိုင်းပြည်ရဲ့ ဘုန်းတန်ခိုး" သို့မဟုတ် "ကျေးဇူးတရား" တို့ကြောင့် မဟုတ်ဘဲ သူ မသွားမဖြစ်သွားရမည့် အကြောင်းပြချက် တစ်ခုခုကြောင့်သာ ဖြစ်ရမည်ကိုသူမ သိနေသည်။
" အချောင်ခိုသူ ကိုယ်ရံတော်တပ်" ထဲမှ ထိုလူငယ်တစ်ရာကျော်မှာ စိတ်လှုပ်ရှားလွန်း၍ မျက်နှာများပင် နီရဲနေကြသည်။
သူတို့သည် ယခုမှ ဝင်ရောက်လာရုံရှိသေးသော်လည်း ၊ အိမ်ရှေ့စံမင်းသားနှင့်အတူ ဤမျှ အဓိပ္ပါယ်ကြီးမားလှသော "တောင်ပိုင်းလှည့်လည်ခြင်း" ခရီးစဉ်တွင် လိုက်ပါခွင့်ရခြင်းမှာ မည်မျှ ကြီးကျယ်သော ဂုဏ်ကျေးဇူးဖြစ်လေသနည်း ဟု အတွေးဖြင့် ပျော်ရွှင်နေကြသည်။
ဤသို့ဖြင့် ထူးဆန်းလွန်းသော အဖွဲ့တစ်ဖွဲ့ အလျင်အမြန်ပင် ဖွဲ့စည်းပြီးစီးသွားခဲ့သည်။
ချန်ချင်း ကိုယ်တိုင်ဦးဆောင်သော အစောင့်တပ်မှ အကောင်းဆုံးစစ်သည် သုံးထောင်သည် အဓိကအင်အားစုအဖြစ် ပါဝင်ပြီး စည်းကမ်းတင်းကျပ်ကာ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
အသစ်ဖွဲ့စည်းထားသော " အချောင်ခိုသူ ကိုယ်ရံတော်တပ်" သည် ကိုယ်ရံတော်များအဖြစ် ပါဝင်ပြီး ၊ တစ်ယောက်ချင်းစီတိုင်းက စိတ်ဓာတ်တက်ကြွနေကာ မျက်လုံးများက ရူးသွပ်နေကြသည်။
တပ်ဖွဲ့ကြီး၏ အလယ်တွင် ရှောင်ရှန်း၏ ဇိမ်ခံ "ငါးဆားနယ် ရထားလုံး" ရှိနေပြီး လူတိုင်း၏ မျက်စိကျစရာ ဖြစ်နေသည်။
ရှောင်ရှန်းကိုယ်တိုင် "ရှောင်ချွေ့" ဟု အမည်ပေးထားသော နှစ်တစ်ထောင်သက်တမ်းရှိ မိကျောင်းကြီးသည် တောင်ငယ်တစ်လုံးအရွယ်ရှိသော ၎င်း၏ ကိုယ်လုံးကြီးဖြင့် အဖွဲ့၏ ဘေးဘက်ရှိ မြစ်ထဲတွင် ရေငုပ်ကာ လိုက်ပါလာခဲ့သည်။
သူ၏ အေးစက်စက် မျက်လုံးတစ်စုံကိုသာ ဖော်ထားကာ ရေကြောင်းတာဝန်ခံအဖြစ် တာဝန်ယူထားလေ၏။
ကောင်းကင်ယံတွင်မူ အရိုးနဂါးဖြစ်သော "အရိုးအိုကြီး" သည် ၎င်း၏ အရိုးတောင်ပံများကို ခတ်ကာ လေပြင်းများ တိုက်ခတ်စေပြီး ၊ သူ၏ ဧရာမ အရိပ်ကြီးဖြင့် မြေပြင်ကို လွှမ်းမိုးထားသည်။
ရံဖန်ရံခါ နက်ရှိုင်းသော နဂါးဟိန်းသံကို ထုတ်လွှတ်တတ်ပြီး လေကြောင်း ကင်းထောက်နှင့် စစ်ရေးခြိမ်းခြောက်မှုအဖြစ် တာဝန်ယူထား၏။ တစ်ခါတစ်ရံတွင် လေးလံသော ရိက္ခာအချို့ကို သယ်ဆောင်ပေးရသဖြင့် လေကြောင်းသယ်ယူပို့ဆောင်ရေး တာဝန်ခံဟုပင် ဆိုနိုင်သည်။
ယဲ့လင်ရွှမ်းနှင့် စူးဝမ်ချင်းတို့သည် ရထားလုံးတစ်စီးတည်းတွင် အတူတူစီးကာ "ငါးဆားနယ် ရထားလုံး" ၏ အနောက်မှ ကပ်လျက် လိုက်ပါလာခဲ့သည်။
လူနှင့် "သားရဲ" များ အတူတကွ ပါဝင်သော ဤခမ်းနားကြီးကျယ်သည့် အဖွဲ့ကြီးသည် ကျန်းနမ်ဂိတ်မှ ထွက်ခွာလာပြီး ထိုလျှို့ဝှက်ဆန်းကြယ်သော အရိုင်းနယ်မြေဖြစ်သည့် တောင်တန်းပေါင်းတစ်သိန်းဆီသို့ တရားဝင် ချီတက်လာခဲ့ကြသည်။
တောင်တန်းပေါင်းတစ်သိန်း၏ အပြင်ဘက်ပိုင်းသို့ ဝင်ရောက်လာသည်နှင့် တပြိုင်နက် ၊ ပတ်ဝန်းကျင်ရှိ ရှုခင်းများမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
နေရောင်ကိုပင် ဖုံးကွယ်ထားသော တောအုပ်ကြီးများ ၊ သစ်ပင်ပန်းမန်များ ဆွေးမြည့်နေသည့် အနံ့အသက်များ ၊ ထူးဆန်းသော ပုံသဏ္ဍာန်များရှိသော နွယ်ပင်များ ၊ ကောင်းကင်ထိ မြင့်မားသော သစ်ပင်အိုကြီးများ ၊ တောအုပ်ထဲမှ အမည်မသိ သားရဲများ၏ အူသံများနှင့် ထူးဆန်းသော အင်းဆက်မြည်သံများ ရံဖန်ရံခါ ထွက်ပေါ်လာတတ်၏။
နေရာတိုင်းတွင် အရိုင်းသဘာဝ၏ အသက်စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။
လိုက်ပါလာသော စစ်သည် သုံးထောင်သည် အတော်ဆုံး စစ်သည်တော်များဖြစ်ကြသော်လည်း ၊ ဤသို့သော လုံးဝစိမ်းသက်နေသည့် ပတ်ဝန်းကျင်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့၏ အာရုံစူးစိုက်မှုကို အပြည့်အဝ ထားရှိရသဖြင့် ခရီးသွားနှုန်းမှာ အလွန်ပင် နှေးကွေးသွားခဲ့သည်။
"သတင်းပို့ပါတယ်"
ကင်းထောက်တစ်ဦးက ပြေးဝင်လာပြီး လေးနက်စွာဖြင့် လျှောက်တင်လိုက်သည်။
"အိမ်ရှေ့စံမင်းသားကို လျှောက်တင်ပါတယ်၊ ရှေ့သုံးမိုင်အကွာမှာ ဒေသခံလူမျိုးစု အများအပြားရဲ့ ခြေရာတွေကို တွေ့ရပါတယ်... သူတို့က လက်နက်တွေ ကိုင်ဆောင်ပြီး ကျွန်တော်တို့ ရှေ့ဆက်သွားရမယ့် လမ်းကို ပိတ်ဆို့ထားပါတယ်... သူတို့ရဲ့ ရည်ရွယ်ချက်က သိပ်ကောင်းပုံမရဘူး"
ချန်ချင်းက မြင်းကိုစီးကာ ရှေ့တက်လာပြီး အသံကို နှိမ့်ချ၍ ပြောလိုက်သည်။
" အရှင့်သား... ကျွန်တော်မျိုး သွားပြီး စကားပြောကြည့်ပါ့မယ်...သူတို့က ဆက်ပြီး တားဆီးနေမယ်ဆိုရင်တော့ အတင်းဖောက်ထွက်ရုံပဲ ရှိတော့တယ်"
"မလောနဲ့"
ငါးဆားနယ် ရထားလုံး၏ လိုက်ကာ ပွင့်သွားပြီး ရှောင်ရှန်း တစ်ယောက် ခေါင်းပြူးထွက်လာကာ အဝေးမှ တောအုပ်ထဲရှိ မသဲမကွဲ မြင်နေရသော လူရိပ်များကို တစ်ချက်ကြည့်လိုက်သည်။
သူသည် လေထုထဲရှိ စိတ်အိုက်စရာကောင်းသော အပူရှိန်ကို ခံစားလိုက်ရင်း နှုတ်ခမ်းသပ်လိုက်သည်။
"အတော်ပဲ...ထမင်းစားချိန် ရောက်နေပြီ"
လူတိုင်း၏ နားမလည်နိုင်သော အကြည့်များအောက်တွင် ၊ သူ အမိန့်ပေးလိုက်သည်။
"ရှောင်သယ့်ဇီ၊ ငါကိုယ်တော်ရဲ့ 'နယ်ပယ်ချဲ့ထွင်ရေး' ဒယ်အိုးကြီးကို ယူလာခဲ့စမ်း ပြီးတော့ နှင်းပွင့်ဆား နှစ်အိတ်နဲ့ အရက်ကောင်း အိုးနည်းနည်း ယူလာခဲ့...စစ်သည်တွေကို သွားပြောလိုက်၊ ဒီနေ့ နေ့လည်စာ ကောင်းကောင်းစားရမယ်လို့"
ထိုအမိန့်သံကြောင့် ချန်ချင်းနှင့် ယဲ့လင်ရွှမ်းတို့မှာ ကြောင်အမ်းသွားကြသည်။ ရန်သူသည် မျက်စိရှေ့တွင် ရှိနေပြီး အခြေအနေက ဤမျှတင်းမာနေချိန်တွင် မိမိတို့၏ အိမ်ရှေ့စံမင်းသားသည် မီးမွှေးပြီး ထမင်းဟင်းချက်စားရန် ကြံစည်နေသလော။
မကြာမီမှာပင် အလွန်ရယ်စရာကောင်းသော မြင်ကွင်းတစ်ခုက စစ်တပ်နှစ်ခု မျက်နှာချင်းဆိုင်နေသည့် ရှေ့တန်းတွင် ပေါ်ထွက်လာလေ၏။
မီးပုံကြီးတစ်ခုကို မွှေးလိုက်ပြီး ၊ ၎င်း၏ အပေါ်တွင် အချင်းနှစ်မီတာနီးပါးရှိ တောက်ပနေသော သံဒယ်အိုးကြီးတစ်ခုကို တင်လိုက်သည်။ ရှောင်သယ့်ဇီသည် စားဖိုမှူးစစ်သည် အချို့ကို ခေါ်ဆောင်ကာ သန့်စင်ထားပြီးသား တောဝက်၊ တောကြက် အစရှိသော သားကောင်များကို အမြန်ခုတ်ထစ်ပြီး ဒယ်အိုးထဲသို့ ပစ်ထည့်လိုက်သည်။
"ရှဲ" ဆိုသော အသံနှင့်အတူ ဆီနံ့များက ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာ၏။ ထို့နောက် ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူ အစရှိသော ဟင်းခတ်အမွှေးအကြိုင်များကို ဒယ်အိုးထဲထည့်ကာ ဆီသတ်လိုက်ရာ အလွန်ပြင်းထန်ပြီး မွှေးကြိုင်လှသော အနံ့တစ်ခုက အသားနံ့များနှင့် ရောနှောသွားလေ၏။ ထွက်ပေါ်လာသော ဟင်းရနံ့သည် လူတိုင်း၏ နှာခေါင်းထဲသို့ တိုးဝင်လာသည်။
တစ်ချိန်တည်းမှာပင် အဝေးက တောအုပ်ထဲရှိ ဆူပူလှုပ်ရှားသံများကလည်း ပို၍ကျယ်လောင်လာ၏။ နောက်ဆုံးတွင် အသားအရေ မည်းနက်ပြီး သားရေဝတ်စုံကို ဝတ်ဆင်ထားကာ မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းအောင် ဆေးခြယ်ထားသော ဒေသခံလူမျိုးစု စစ်သည်တစ်ဖွဲ့သည် တောအုပ်ထဲမှ ထွက်လာကြသည်။
သူတို့သည် အရိုးလှံများကို ကိုင်ဆောင်ထားကြပြီး ၊ ဦးဆောင်သူမှာ ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းကာ ဝံပုလွေစွယ်ဆွဲကြိုးကို ဆွဲထားသော လူလတ်ပိုင်း တစ်ဦးဖြစ်သည်။
သူတို့သည် ရှောင်ရှန်းတို့ကို ဝိုင်းရံလိုက်ကြပြီး ၊ မျက်လုံးထဲတွင် သတိထားမှုနှင့် ရန်လိုမှုများ ပြည့်နှက်နေခဲ့သည်။ ဤသူများသည် ကင်းထောက်မှ တင်ပြခဲ့သော ဟေးမုလူမျိုးစု ပင် ဖြစ်သည်။
ချန်ချင်းသည် ဓားရိုးကို အသင့်ဆုပ်ကိုင်ထားပြီး စစ်သည်များကလည်း သူတို့၏ လက်ထဲက လှံရှည်များနှင့် ဒိုင်းလွှားများကို မြှောက်ကိုင်လိုက်ကြရာ ၊ အခြေအနေသည် ချက်ချင်းဆိုသလို တင်းမာသွားခဲ့သည်။
ဟေးမုလူမျိုးစုခေါင်းဆောင်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တက်လာပြီး ၊ မပီမသဖြစ်နေသော သာရှမင်းဆက်စကားဖြင့် ကျယ်လောင်စွာ မေးမြန်းလိုက်သည်။
"မင်းတို့က ဘယ်သူတွေလဲ၊ ငါတို့ ဟေးမု လူမျိုးစုရဲ့ ပိုင်နက်ထဲကို ဘာလို့ ကျူးကျော်ဝင်ရောက်လာတာလဲ"
ရှောင်ရှန်းက သမ်းဝေလိုက်ပြီး ရထားလုံးပေါ်မှ ဖြည်းညင်းစွာ ဆင်းလာခဲ့သည်။ သူသည် ဟေးမု လူမျိုးစုခေါင်းဆောင်ကို တစ်ချက်ကလေးမှ မကြည့်ဘဲ သံဒယ်အိုးကြီးဆီသို့ လျောက်သွားလိုက်သည်။
ထို့နောက် ယောက်ချိုကြီးတစ်ခုကို ယူ၍ ဟင်းမွှေလိုက်ပြီး ပူလောင်နေသော အသားဟင်းရည် တစ်ဇွန်းကို ခပ်ယူကာ မှုတ်၍ မြည်းကြည့်လိုက်သည်။
"အင်း... မီးအပူချိန်က အတော်ပဲ"
ထို့နောက် သူသည် သတိကြီးစွာထားနေသော လူမျိုးစုခေါင်းဆောင်ကို ပြန်ကြည့်လိုက်ပြီး ဖော်ရွေသော အပြုံးတစ်ခုဖြင့် ဆိုလိုက်၏။
"ဘာလို့ တိုက်ခိုက်နေဦးမှာလဲ... ကမ္ဘာကြီး ဘယ်လောက်ကျယ်ကျယ် ထမင်းစားဖို့က အရေးကြီးဆုံးပဲလေ"
ရှောင်ရှန်းသည် အနံ့မွှေးကြိုင်နေသော ထိုအသားစွပ်ပြုတ်အိုးကြီးကို လက်ညှိုးထိုးပြကာ ဟေးမု လူမျိုးစုခေါင်းဆောင်ကို ရိုးသားစွာ ဖိတ်ခေါ်လိုက်သည်။
"အဝေးကလာတဲ့ ဧည့်သည်တွေဆိုတော့ ငါကိုယ်တော် မင်းတို့ကို ထမင်းကောင်းကောင်း တစ်နပ် ကျွေးပါ့မယ်၊ လာ... ငါတို့ အလယ်ပိုင်းဒေသက သံအိုးနဲ့ ချက်ထားတဲ့ အသားစွပ်ပြုတ်ကို မြည်းကြည့်ပါဦး... မင်းတို့ နေ့တိုင်းစားနေတဲ့ အသားကင်ထက် အများကြီး ပိုမွှေးတယ်"
ထိုသို့ပြောရင်း သူသည် ရှောင်သယ့်ဇီကို အသင့်ပြင်ထားသော နှင်းပွင့်ဆားများကို ဒယ်အိုးထဲသို့ ဖြူးထည့်ခိုင်းလိုက်သည်။
ဟေးမုလူမျိုးစုမှ စစ်သည်များသည် တစ်နှစ်ပတ်လုံး အစိမ်းစား သွေးသောက် နေထိုင်လာခဲ့ကြသူများဖြစ်ရာ ၊ တစ်ခါတရံမှ စားရသော အသားကင်သည်ပင် သူတို့အတွက် အလွန်ကောင်းမွန်သော အရသာ ဖြစ်ပေသည်။
ဤမျှ ကောင်းမွန်သော သံထည်ပစ္စည်းများကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့သလို ဤမျှ ဆွဲဆောင်မှုရှိသော အနံ့မျိုးကိုလည်း တစ်ခါမှ မရှူရှိုက်ဖူးကြပေ။
အထူးသဖြင့် ဖြူဖွေးနေသော ဆားမှုန့်များကို ဒယ်အိုးထဲသို့ ဖြူးထည့်လိုက်ချိန်တွင် အနီးအနားရှိ လူမျိုးစုဝင် အချို့၏ မျက်လုံးများပင် ပြူးကျယ်သွားကြသည်။
တောင်တန်းပေါင်းတစ်သိန်းတွင် ဆားသည် ရွှေထက်ပင် တန်ဖိုးကြီးသည်။ လူမျိုးစုခေါင်းဆောင်သည်ပင် ကိုယ့်တံတွေးကို မြိုချနေပြီး ၊ သူ၏ အနောက်ရှိ လူမျိုးစုဝင်များသည်လည်း ထိုအနံ့ကြောင့် စိတ်မထိန်းနိုင်အောင် ဖြစ်နေကြပြီး လက်ထဲရှိ လက်နက်များကိုပင် မြဲအောင် မကိုင်နိုင်တော့ပေ။
အချိန်မရွေး ပေါက်ကွဲနိုင်သော သွေးထွက်သံယို ပဋိပက္ခတစ်ခုသည် ဤသံဒယ်အိုးကြီး၏ ပွက်ပွက်ဆူသံများအောက်တွင် မည်သူမျှ မခန့်မှန်းနိုင်သော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာတော့၏။
နာရီဝက်အကြာတွင်။
မူလက တင်းမာနေသော ကွင်းပြင်သည် ထူးခြားဆန်းသစ်သော မီးပုံပွဲတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဟေးမု လူမျိုးစုမှ စစ်သည်များနှင့် သာရှမင်းဆက်မှ စစ်သည်များသည် အတူတကွ ဝိုင်းဖွဲ့ထိုင်ကာ တစ်ယောက်လျှင် ပန်းကန်လုံးကြီး တစ်လုံးစီကိုင်၍ ခေါင်းငုံ့ကာ စားသောက်နေကြသည်။ နူးအိနေအောင် ချက်ထားသော အသားများနှင့် အရသာရှိလှသော အသားဟင်းရည်တို့က ဤဒေသခံ စစ်သည်များကို ပါးစပ်တစ်ခုလုံး ဆီတွေပေကျံသည်အထိ စားသောက်စေပြီး ရံဖန်ရံခါ ကျေနပ်အားရသည့် ညည်းတွားသံများပင် ထွက်ပေါ်လာတတ်သည်။
ဟေးမု လူမျိုးစုခေါင်းဆောင်သည် အရက်ပန်းကန်လုံးကို ကိုင်ကာ မျက်နှာတစ်ခုလုံး နီရဲသည်အထိ သောက်ထားပြီး ၊ ရှောင်ရှန်း၏ ရှေ့သို့ ရောက်လာကာ သူ၏ ရင်ဘတ်ကို အားပြင်းပြင်း တစ်ချက် ပုတ်လိုက်သည်။
"ညီအစ်ကို၊ မင်းလို သူငယ်ချင်းမျိုးကို ငါ အသေအချာ ပေါင်းမယ်"
သူသည် အရသာရှိသော အစားအစာနှင့် အရက်ကောင်းများ၏ သိမ်းသွင်းခြင်းကို အပြည့်အဝ ခံလိုက်ရပြီဖြစ်သည်။
"နောက်ဆို ဒီတောအုပ်ထဲမှာ မင်းတို့ကို ပြဿနာလာရှာရဲရင်...ဒါဟာ ငါတို့ ဟေးမု လူမျိုးစု တစ်ခုလုံးကို လာစော်ကားတာပဲ"
ရှောင်ရှန်းသည် လှဲကုတင်ပေါ်တွင် ပျင်းရိပျင်းတွဲ မှီထိုင်ရင်း အရက်ပန်းကန်လုံးကို မြှောက်ပြလေ၏။
'နောက်ဆုံးတော့ ခဏတဖြုတ် အေးဆေးနေနိုင်ပြီ....'
"ဒါပေမယ့် ညီအစ်ကို၊ ငါ မင်းတို့ကို သတိပေးရမယ်၊ အထဲကို ဆက်သွားရင်တော့ အန္တရာယ်များတယ်နော်"
သူသည် အသံကို နှိမ့်လိုက်ပြီး မျက်နှာအမူအရာမှာ လေးနက်သွားသည်။
"လတ်တလော ငါတို့ တောင်တန်းထဲမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ' သူတော်စင်တောင်' က ဘယ်လိုဖြစ်သွားလဲမသိဘူး....အနက်ရောင် မကောင်းဆိုးဝါး အငွေ့အသက်တွေရဲ့ ညစ်ညမ်းတာကို ခံလိုက်ရတယ် "
" တောင်ပေါ်က စမ်းရေတွေ အားလုံးကလည်း ရေပုပ်တွေ ဖြစ်ကုန်ပြီး ငါတို့ ကိုးကွယ်တဲ့ တောင်စောင့်နတ်ကတောင် ငါတို့ရဲ့ ဆုတောင်းသံတွေကို ပြန်မဖြေတာ တော်တော်ကြာနေပြီ"