← Chapters

အခန်း ၂၄၅

Vol. 25 Ch. 245

အခန်း ၂၄၅

Vol. 25 Ch. 245

အခန်း (၂၄၅) - မင်း ငါ့ကို အိမ်လခ ပေးဖို့ ကျန်သေးတယ်မလား

"သူတော်စင်တောင်တဲ့လား"

ရှောင်ရှန်းက မေးခွန်းထုတ်လိုက်ရာ ၎င်း၏ လက်ထဲရှိ အရက်ပန်းကန်လုံးမှာ ခေတ္တရပ်တန့်သွားသည်။

​ဟေးမုလူမျိုးစု ခေါင်းဆောင်က ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်လိုက်သည်။ အရက်ကြောင့် နီရဲနေသော သူ၏မျက်နှာပေါ်တွင် စိုးရိမ်ထိတ်လန့်မှု နှင့် ကြောက်ရွံ့မှုများက ရုတ်တရက်ဆိုသလို အစားထိုး ဝင်ရောက်လာ၏။

"ဟုတ်တယ်၊ သူတော်စင်တောင်ပဲ... အဲ့တာက ငါတို့ ဟေးမု လူမျိုးစု ခေတ်အဆက်ဆက် စောင့်ရှောက်လာခဲ့တဲ့ တားမြစ်နယ်မြေဖြစ်ပြီး၊ ငါတို့ရဲ့ စွမ်းအား အရင်းအမြစ်ဆိုလည်း ဟုတ်တယ်"

" ဒါပေမယ့် လွန်ခဲ့တဲ့ လအနည်းငယ်ကစပြီး တောင်ထိပ်ကနေ ရုတ်တရက် အနက်ရောင် အငွေ့တွေ ထွက်လာတယ်.. အဲဒီအချိန်ကစပြီး အရာအားလုံး ပြောင်းလဲသွားခဲ့တာပဲ"

မကောင်းဆိုးဝါး တစ်ကောင် လန့်နိုးသွားမည်ကို စိုးရိမ်နေသကဲ့သို့ သူသည် အသံကို နှိမ့်ချကာ ပြောဆိုလိုက်သည်။

"တောင်ပေါ်ကနေ စီးကျလာတဲ့ စမ်းရေတွေက မည်းနက်နေပြီး အနံ့အသက်ဆိုးတဲ့ အဆိပ်ရေတွေချည်းပဲ....တောအုပ်ထဲက သားရဲတွေလည်း ရူးသွပ်လာကြသလို အချို့ပန်းပင် နဲ့ သစ်ပင်တွေကတောင် အစွယ်တွေနဲ့ ခြေသည်းတွေ ထွက်လာပြီး အနားကိုကပ်လာတဲ့ သက်ရှိတိုင်းကို အလိုလို တိုက်ခိုက်လာကြတယ်"

" ငါတို့ စုံစမ်းဖို့ လွှတ်လိုက်တဲ့ အတော်ဆုံး စစ်သည်တွေတောင် တစ်ယောက်မှ ပြန်မလာနိုင်ကြဘူး... လူတိုင်းကတော့ တောင်စောင့်နတ် ဒေါသထွက်ပြီး ငါတို့ကို အပြစ်ပေးတာလို့ ပြောနေကြတာပဲ"

ရှောင်ရှန်းကို ကြည့်သည့် လူမျိုးစုခေါင်းဆောင်၏ အကြည့်ထဲ၌ တောင်းပန်လိုသည့် အရိပ်အယောင်များ ထင်ဟပ်နေခဲ့၏။

သူ၏အမြင်တွင် ဒယ်အိုးကြီးတစ်လုံးတည်းဖြင့် ရန်ပွဲကို ပြေလည်အောင် လုပ်နိုင်ပြီး ၊ ဘေးနားမှာလည်း အရိုးနဂါးနှင့် မိကျောင်းကြီးပါ ရှိနေသော ဤလူငယ်သည် သာမန်လူမဟုတ်ဘဲ ကောင်းကင်ဘုံမှ သူတို့ကို ကယ်တင်ရန် စေလွှတ်လိုက်သည့် တမန်တော်တစ်ပါး ဖြစ်နိုင်သည်။

​ရှောင်ရှန်း၏ ရင်ထဲတွင် ဒိန်းခနဲ့ ဖြစ်သွားသည်။

​

သူတော်စင်တောင်၊ အနက်ရောင်အငွေ့ ၊ ညစ်ညမ်းမှု... ဤစကားလုံးများက "နဂါးသွေးကြော ဆုံမှတ်က ညစ်ညမ်းနေပြီ" ဟူသည့် ဘိုးဘေးဧကရာဇ်မင်း၏ စကားနှင့် ကွက်တိ ကိုက်ညီနေ၏။

သေချာစဉ်းစားကြည့်လိုက်မှ ဤ "တောင်စောင့်နတ် ဒေါသထွက်တယ်" ဆိုသည့်အချက်မှာ မိမိ၏ "အိမ်ခြံမြေ" တွင် အိမ်ရာစီမံခန့်ခွဲသူက သေချာမကြည့်ရှု၍ အိမ်ငှားတွေပါ ဒုက္ခရောက်ကုန်ရသည့် အဖြစ်နှင့် တူပေသည်။

ဤသို့ဖြင့် "အိမ်ရှင်" ဖြစ်သော သူက ကိုယ်တိုင်ကိုယ်ကျ လာရောက်ကာ ပြုပြင်ပေးရတော့မည် မဟုတ်လော။

'ပြဿနာပဲ....ဒါက ကောင်းကင်လောက် ကြီးတဲ့ ပြဿနာကြီးပဲ'

သို့သော်ငြား ၊ မိမိ၏အသက်နှင့် ဆက်စပ်နေသည်ဟု တွေးမိလိုက်သည်နှင့် မည်မျှ ကြီး‌မားသော ပြဿနာပင် ဖြစ်စေ မတတ်သာဘဲ ရင်ဆိုင်ရပေတော့မည်။

သူသည် အရက်ပန်းကန်လုံးကို ဘေးသို့ ချလိုက်ပြီး မတ်တပ်ရပ်ကာ အဝတ်အစားပေါ်မှ မရှိသော ဖုန်မှုန့်များကို ခါချလိုက်သည်။ ထို့နောက် လွန်စွာ လေးနက်သော လေသံဖြင့် ဆိုလေ၏။

"တောင်စောင့်နတ်က ဒေါသထွက်နေတာ မဟုတ်ဘူး၊ နေမကောင်းဖြစ်နေတာ... ငါကိုယ်တော် တောင်ပိုင်းနယ်စပ်ကို လာခဲ့တာက 'ရောဂါကုသ' ပေးဖို့ပဲ"

ဤစကားများကို ပြောလိုက်သည်နှင့်၊ ပတ်ဝန်းကျင်ရှိ ဟေးမု လူမျိုးစုဝင်များသည် ရှောင်ရှန်းအပေါ် ပို၍ပင် လေးစားကြောက်ရွံ့လာကြသည်။

လူမျိုးစုခေါင်းဆောင်ပင် စိတ်လှုပ်ရှားလွန်း၍ မျက်ရည်များ စီးကျလာပြီး၊ အိမ်ရှေ့စံမင်းသားအတွက် လမ်းပြပေးရန် မိမိ၏ လူမျိုးစု တစ်ခုလုံး၏ အင်အားကို အသုံးပြုရန် ဆန္ဒရှိကြောင်း ချက်ချင်းဆိုသလို ကတိကဝတ်ပြုခဲ့သည်။

ဤသို့ဖြင့် မမျှော်လင့်ထားသော မီးပုံပွဲသည် အလျင်အမြန်ပင် အဆုံးသတ်သွားခဲ့သည်။ တပ်ဖွဲ့ကြီးကို တောင်အပြင်ဘက်တွင် စခန်းချထားပြီး ၊ ရှောင်ရှန်းသည် အတော်ဆုံး အဖွဲ့ငယ်လေးတစ်ဖွဲ့ကို ခေါ်ဆောင်ကာ ဟေးမုလူမျိုးစုမှ စစ်သည်တော်တို့၏ လမ်းပြမှုဖြင့် သူတော်စင်တောင်တန်းဆီသို့ ချီတက်ခဲ့ကြသည်။

​ဤအဖွဲ့ငယ်လေး၏ ဖွဲ့စည်းပုံမှာ ထူးဆန်းသည်ဟု ဆိုရမည်။ ယဲ့လင်ရွှမ်းနှင့် စူးဝမ်ချင်တို့က သဘာဝကျကျ ပါဝင်လာကြသလို ချန်ချင်းကလည်း အိမ်ရှေ့စံမင်းသား၏ လုံခြုံရေးကို စိုးရိမ်သဖြင့် အတင်းအကျပ် လိုက်ပါလာခဲ့သည်။

အသစ်စက်စက် "အချောင်ခိုသူ ကိုယ်ရံတော်တပ်" ထဲမှ အတောင့်တင်းဆုံး လူငယ်အချို့မှာမူ လိုက်ပါခွင့်ရရှိရန်အတွက် ခေါင်းကွဲမတတ် လုယက်ခဲ့ရသည်။

သူတော်စင်တောင်နှင့် နီးကပ်လာလေ၊ ပတ်ဝန်းကျင်က ပို၍ ထူးဆန်းလာလေ ဖြစ်၏။

သစ်ပင်များ၏ အရောင်မှာ မှိုင်းညို့နေပြီး အကိုင်းအခက်များမှာလည်း ထူးဆန်းစွာ ကောက်ကွေးနေသည်။ လေထုထဲတွင် အသားပုပ်နံ့များ ပါလာတတ်သဖြင့် လူကို အော့အန်စေမိသည်။

​"ရှဲ—"

ရေပုံးအရွယ်အစားခန့် ​တုတ်ခိုင်သော မြွေဟောက်ကြီးတစ်ကောင်သည် ဘေးနားရှိ မြက်ခင်းထဲမှ ရုတ်တရက် ခုန်ထွက်လာသည်။ ၎င်း၏ ကိုယ်ပေါ်တွင် အနက်ရောင် ပြည်တည်နာများဖြင့် ပြည့်နှက်နေပြီး ၊ သွေးနီရောင် သုံးခွကွဲမြွေလျှာဖြင့် တရှဲရှဲ မြည်သံပေးလျက် ရှေ့ဆုံးမှ သွားလာနေသော ဟေးမုစစ်သည်ဆီသို့ ခုန်အုပ်လိုက်သည်။

​ထိုစစ်သည်အနေဖြင့် တုံ့ပြန်ရန် အချိန်မရလိုက်မီ ၊ ဓားအလင်းတစ်ချက် ဖျက်ခနဲ့ ဝင်းလက်သွား၏။ ယဲ့လင်ရွှမ်းသည် မည်သည့်အချိန်က ဓားထုတ်လိုက်သည်ကို မသိနိုင်သော်လည်း၊ ဓားသွားသည် မြွေခေါင်းကို တိကျစွာ ခုတ်ပိုင်းပစ်နိုင်ခဲ့သည်။

သို့သော် ထိုမြွေကိုယ်လုံးကြီးမှာ ရူးသွပ်စွာ လူးလွန့်နေဆဲဖြစ်ပြီး ပြတ်သွားသောနေရာမှ ထွက်လာသည်မှာ သွေးမဟုတ်ဘဲ မည်းနက်စေးပျစ်သော အရည်များဖြစ်ကာ မြေပြင်ကိုပင် တိုက်စားပစ်နေ၏။

​"သတိထားကြ... ဒီသတ္တဝါတွေအားလုံးက မကောင်းဆိုးဝါး အငွေ့အသက်တွေ တိုက်စားထားလို့ သေရမှာကို မကြောက်ကြတော့ဘူး"

​ချန်ချင်းက အသံနှိမ့်ကာ သတိပေးလိုက်ပြီး ဓားကို ဆွဲထုတ်လျက် ရှောင်ရှန်း၏ဘေးတွင် အသင့်ကာကွယ်လိုက်သည်။

"အချောင်ခိုသူ ကိုယ်ရံတော်တပ်" မှ လူငယ်အချို့မှာ ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်လာဖူးခြင်း ဖြစ်ကာ အနည်းငယ် စိုးရိမ်လာကြသည်။ သို့သော် သူတို့၏နောက်တွင် အသက်ပေးပြီး စောင့်ရှောက်ရမည့် အိမ်ရှေ့စံမင်းသား ရှိနေသည်ဟု တွေးမိလိုက်တိုင်း ရဲရင့်လာကြပြီး ၊ တပ်ဖွဲ့ပုံစံ ဖွဲ့စည်းကာ အရပ်မျက်နှာအသီးသီးမှ ထွက်လာကြသော မျိုးဗီဇပြောင်း သတ္တဝါများကို သတိကြီးစွာဖြင့် ရင်ဆိုင်ခဲ့ကြသည်။

သို့သော်လည်း ပို၍ ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့၏။

သစ်ပင်ပေါ်မှ ခုန်ဆင်းလာသော ငှက်ဆန်းများဖြစ်စေ၊ မြေအောက်မှ တိုးထွက်လာသော ဧရာမကင်းခြေမများ ဖြစ်စေ၊ ဤရက်စက်ကြမ်းကြုတ်သော မျိုးဗီဇပြောင်း သတ္တဝါများသည် ရှောင်ရှန်းတို့အဖွဲ့နှင့် ပေသုံးဆယ်ခန့်အကွာသို့ ရောက်လာချိန်၌ သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ ရုတ်တရက် ထိတ်လန့်တကြား ရပ်တန့်သွားကြသည်။

သူတို့သည် မြေကြီးပေါ်တွင် တုန်ယင်စွာ ဝပ်နေကြပြီး အနည်းငယ်မျှပင် မလှုပ်ရဲကြပေ။ ​အပေါ်ကို မော့ကြည့်လိုက်ပါက အရိုးနဂါး "အရိုးအိုကြီး" မှာ သူတို့၏အထက်တွင် ပျံဝဲနေပြီး ၊ အဆင့်မြင့်နဂါးမျိုးနွယ်၏ ဖိအားများသည် ပုံသဏ္ဍာန်မဲ့ ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ ဤဒေသတစ်ခုလုံးကို လွှမ်းခြုံထားသည်။

​ဘေးဘက်ရှိ တောနက်ထဲတွင်လည်း ရေကြောင်းမှ ရင်တုန်ဖွယ်ရာကောင်းသော လှိုင်းလုံးများ ဖြစ်ပေါ်လျက်ရှိသည်။ "ရှောင်ချွေ့" ၏ ဧရာမကိုယ်လုံးကြီးသည် ထိုထဲတွင် ပုန်းကွယ်နေပြီး နှစ်တစ်ထောင်သက်တမ်းရှိ မဟာသားရဲကြီး၏ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့သည်။

စစ်မှန်သော အစာကွင်းဆက်၏ ထိပ်ဆုံးရှိ အရှင်သခင်များ၏ ရှေ့မှောက်တွင် ညစ်ညမ်းခံထားရသော ဤ "ငါးအသေးစားလေးများ" မှာ လှုပ်ရှားရန်ပင် သတ္တိမရှိကြတော့ပေ။

​ယဲ့လင်ရွှမ်း၊ ချန်ချင်းနှင့် အခြားသူများမှာ တအံ့တဩ ကြည့်နေကြပြီး ရှောင်ရှန်း၏ "သားရဲထိန်းကျောင်းခြင်း" စွမ်းရည်အပေါ် ပို၍ပင် လေးစားသွားကြသည်။ ရှောင်ရှန်းတစ်ယောက်တည်းကသာ ဤအရာမှာ နဂါးသွေးကြော၏ သက်ရောက်မှုကြောင့်သာ ဖြစ်ပြီး၊ သူနှင့် တစ်စက်ကလေးမှ မသက်ဆိုင်ကြောင်း သိနေ၏။

​လမ်းတစ်လျှောက် မည်သည့်အန္တရာယ်မျှ မရှိခဲ့ပေ။ နောက်ဆုံးတွင် လူတိုင်း သူတော်စင်တောင်၏ တောင်ထိပ်သို့ ရောက်ရှိသွားခဲ့ကြသည်။ တောင်ထိပ်သည် မြက်တစ်ပင်မျှမပေါက်သော ဧရာမစက်ဝိုင်းပုံစံ ကုန်းပြင်မြင့်ကြီးတစ်ခုဖြစ်ပြီး မြေပြင်တွင် အက်ကွဲနေသော အနက်ရောင်မျဉ်းကြောင်းများဖြင့် ပြည့်နှက်နေ၏။

ကုန်းပြင်မြင့်၏ အလယ်ဗဟိုတွင် အောက်ခြေကို မမြင်နိုင်သည့် နက်ရှိုင်းသော ဧရာမဂူပေါက်ကြီးတစ်ခု ရှိနေပြီး ၊ ထူထပ်သော အနက်ရောင် အငွေ့အသက်များက မီးခိုးလုံးကြီးများကဲ့သို့ အထဲမှ လိမ့်တက်လာကာ ကောင်းကင်သို့ ဆန်တတ်လျက် ရှိသည်။

ဤနေရာသည် ညစ်ညမ်းမှု၏ အရင်းအမြစ်ပင် ဖြစ်နိုင်သည်။

​"ဝုန်း—"

​လေးလံပြီး နာကျင်နေသော ဟိန်းဟောက်သံကြီးတစ်ခုက ဂူပေါက်ထဲမှ ထွက်ပေါ်လာပြီး တောင်ထိပ်တစ်ခုလုံးကို တုန်ခါသွားစေသည်။

​ချက်ချင်းပင် ကျောက်တုံးများဖြင့် ဖွဲ့စည်းထားသော ဧရာမလက်ကြီးတစ်ဖက်က ဂူပေါက်အစွန်းမှနေ၍ အပေါ်သို့ ဆွဲတင်တတ်လာပြီးနောက် အခြားလက်တစ်ဖက်လည်း ထွက်ပေါ်လာကာ နောက်ဆုံးတွင် ဧရာမကိုယ်လုံးကြီးတစ်ခု ပေါ်ထွက်လာ၏။

မီတာတစ်ရာခန့် မြင့်မားသော ဘီလူးကြီးတစ်ကောင်က ဂူပေါက်ထဲမှ ဖြည်းညင်းစွာ ထွက်‌လာခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ကျောက်တုံးများ ၊ ရှုပ်ထွေးနေသော ရှေးဟောင်းသစ်ပင် အမြစ်များဖြင့် ဖွဲ့စည်းထားပြီး ကိုယ်ပေါ်တွင် အနက်ရောင် လျှပ်စီးကြောင်းများ ရစ်ပတ်လျက် ရှ်ိနေသည်။

၎င်း၏ ဟာလာဟင်းလင်း မျက်လုံးအိမ်ထဲ၌ ဒေါသမီးတောက်များ ဟုန်းဟုန်းတောက်လျက် ရှ်ိနေသည်။

ဤသည်မှာ ဟေးမု လူမျိုးစု ပြောသော "တောင်စောင့်နတ်" ပင်ဖြစ်ပြီး၊ ဤနဂါးသွေးကြော ဆုံမှတ်၏ အစောင့်အရှောက် ဝိညာဉ်လည်း ဖြစ်သည်။

ယခုအချိန်တွင် ၎င်းသည် အသိဉာဏ်အားလုံးကို ဆုံးရှုံးသွားပြီး မိစ္ဆာစွမ်းအင်များ၏ အပြည့်အဝ တိုက်စားခြင်းကို ခံလိုက်ရကာ တောင်ထိပ်ပေါ်သို့ ခြေချလာသော သက်ရှိတိုင်းကို ကျူးကျော်သူများအဖြစ် သတ်မှတ်ထားသည်။

" ဝေါင်း"

တောင်စောင့်နတ်၏ ဟိန်းဟောက်သံနှင့်အတူ၊ သောင်းနဲ့ချီသော အလေးချိန် ပါဝင်သည့် ဧရာမ ကျောက်လက်သီးကြီးက ရှောင်ရှန်းတို့ ရှိနေသော နေရာဆီသို့ ပြင်းထန်စွာ ပစ်ဝင်လာခဲ့သည်။

လက်သီးလေပွေ မရောက်လာသေးခင်မှာပင် ၊ ထိုကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် "အချောင်ခိုသူ ကိုယ်ရံတော်တပ်" မှ လူငယ်များ၏ မျက်နှာများမှာ ဖြူဖျော့သွားကြသည်။

ချန်ချင်းနှင့် ယဲ့လင်ရွှမ်းတို့သည်ပင် ချက်ချင်း မျက်နှာပျက်သွားကြပြီး ပူးပေါင်း ခုခံရန် ပြင်ဆင်လိုက်ကြသည်။

"အားလုံး မလှုပ်နဲ့"

ရှောင်ရှန်းသည် ထူးဆန်းစွာပင် တည်ငြိမ်နေပြီး သူတို့ကို တားမြစ်လိုက်သည်။ သူသည် ကောင်းကင်ပြင်ကြီးကို ဖုံးလွှမ်းထားသော ထိုလက်သီးကြီးကို မော့ကြည့်ရင်း ၊ အခြားသူများ၏ အမြင်တွင် အလွန်ရယ်စရာကောင်းသော အတွေးတစ်ခုက သူ၏ ဦးနှောက်ထဲ ရုတ်တရက် ထွက်ပေါ်လာ၏။

' ​ဒီကောင်ကြီးက ငါ့မြေပေါ်မှာ နေပြီးတော့ အခု အရူးထပြီး ဖျက်ဆီးနေတာပဲ... ဒါက ပတ်ဝန်းကျင်ကို ထိခိုက်စေရုံမကဘဲ အိမ်ရှင်ဖြစ်တဲ့ ငါ့ကိုပါ ပြဿနာလာရှင်းခိုင်းနေတာ...'

'​ဒါက အိမ်ငှားလူမိုက် မဟုတ်လို့ ဘာလဲ...ကောင်းကောင်း ပြောမရမှတော့ အိမ်ရှင်ရဲ့ စည်းမျဉ်းတွေနဲ့ပဲ ဖြေရှင်းရတော့မှာပေါ့...'

​ရှောင်ရှန်းသည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက် ၊ ဘိုးဘေးဧကရာဇ်မင်း သင်ပေးထားသည့်အတိုင်း မျက်လုံးမှိတ်ကာ နတ်အသိစိတ်ကို နဂါးသွေးကြောစွမ်းအားနှင့် ချိတ်ဆက်လိုက်သည်။

​ဤတစ်ကြိမ်တွင် သူသည် စားပွဲတစ်လုံးကို ခိုင်ခံ့အောင် လုပ်ရန် မတွေးတော့ဘဲ အတွေးတစ်ခုကို ကမ္ဘာမြေ၏ ပဲ့တင်ထပ်မှုမှတစ်ဆင့် ဒေါသထွက်နေသော တောင်စောင့်နတ်ထံသို့ တိုက်ရိုက် ပေးပို့လိုက်သည်။

​"ဟေ့.. လူကောင်ကြီး"

​မည်သည့်ဘာသာစကားနှင့်မျှ မသက်ဆိုင်ဘဲ တစ်ဖက်လူကို ရှင်းလင်းစွာ နားလည်စေနိုင်သော "နတ်အသိစိတ်" တစ်ခုက တောင်စောင့်နတ်၏ နတ်အသိစိတ်ထဲတွင် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

​"နားထောင်စမ်း၊ အခုမင်းရပ်နေတဲ့ မြေကြီး၊ နင်းထားတဲ့ကျောက်တုံးက ငါ့အိမ်ကပဲ...မြေဂရန်မှာ ငါရှောင်မိသားစု နာမည်ရေးထားတယ်"

​"မင်းက ဒီမှာသရဲလို အော်ဟစ်နေတာ...ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတယ်၊ ပန်းပင်လေးတွေ မြက်လေးတွေတောင် လန့်ဖျပ်ကုန်ပြီ.. ဒါက အိမ်ရာစီမံခန့်ခွဲခနဲ့ စိတ်ပိုင်းဆိုင်ရာ နစ်နာကြေးတွေကို ပေးဆောင်ရလိမ့်မယ်....အရေးအကြီးဆုံးက မင်းက ငါအိမ်ရှင်ရဲ့ စိတ်ခံစားချက်ကို ထိခိုက်စေတယ်"

​"ငါသုံးအထိရေမယ်၊ မင်းထပ်ပြီး လက်ပါမယ်ဆိုရင် ငါ ခုချက်ချင်း မြို့တော်စည်ပင်ကိုခေါ်ပြီး မင်းရဲ့ ဒီတရားမဝင် အဆောက်အအုံကို အတင်း ဖျက်ခိုင်းပစ်မယ်ဆိုတာ မင်း ယုံလား"

​ဤကွဲပြားခြားနားပြီး စီးပွားရေးဆန်သော "နတ်အသိစိတ်" သည် ကမောက်ကမဖြစ်နေပြီး ရူးသွပ်နေသော တောင်စောင့်နတ်၏ နတ်အသိစိတ်သမုဒ္ဒရာထဲသို့ မိုးကြိုးတစ်စင်း ပစ်ချလိုက်သကဲ့သို့ပင်။

​တောင်ကိုပင် ဖြိုခွဲနိုင်လောက်သည့် ဧရာမကျောက်လက်သီးကြီးမှာ ရှောင်ရှန်း၏ခေါင်းပေါ်နှင့် ပေအနည်းငယ်မျှသာ ကွာဝေးတော့သည့်အချိန်တွင် ရုတ်တရက် တန့်သွားပြီး လေထဲ၌ပင် ငြိမ်သက်သွားသည်။

​ပင်ကိုယ်အသိစိတ်၏ ရက်စက်ကြမ်းကြုတ်မှုနှင့် နဂါးသွေးကြောမှ လာသော ခုခံရန်မဖြစ်နိုင်သည့် "စာချုပ်အရ ဖိနှိပ်မှု" ခံစားချက်တို့သည် ၎င်း၏ ကမောက်ကမဖြစ်နေသော နတ်အသိစိတ်ထဲတွင် ပြင်းထန်စွာ ဆင်နွှဲနေကြသည်။

​"မြေဂရန်" နှင့် "အိမ်ရာစီမံခန့်ခွဲခ" ဆိုသည်မှာ ဘာမှန်း သူနားမလည်နိုင်သော်လည်း ၊ "ပေးဖို့ ကျန်နေတာ" နှင့် "အတင်းဖျက်ခိုင်းမယ်" ဟူသော စကားလုံးနှစ်လုံးသည် သူ ခိုလှုံရာနေရာ ဆုံးရှုံးရတော့မည့် အဆုံးစွန်သော ကြောက်ရွံ့မှုမျိုးကို ပေးစွမ်းနေခဲ့သည်။

​လူတိုင်း၏ အံ့ဩမှင်သက်နေသော အကြည့်များအောက်တွင် မီတာတစ်ရာမြင့်မားပြီး ဘုန်းတန်ခိုးကြီးမားသော ထိုတောင်စောင့်နတ်၏ လှုပ်ရှားမှုများမှာ တောင့်တင်းသွားခဲ့သည်။

​၎င်း၏ ကျောက်တုံးများဖြင့် ဖွဲ့စည်းထားသော ဧရာမမျက်နှာကြီးပေါ်ရှိ ဒေါသမီးတောက်များ လောင်ကျွမ်းနေသော မျက်လုံးအိမ်နှစ်ခုမှ မီးတောက်များသည် တဖြည်းဖြည်း ငြိမ်းသတ်သွားပြီး လူသားဆန်ဆန် ဝမ်းနည်းနေသည့် အရိပ်အယောင်တစ်ခု ထင်ဟပ်လာလေ၏။

All Chapters