အခန်း ၂၄၆
Vol. 25 Ch. 246
အခန်း (၂၄၆) - သန့်စင်တာ.. မဟုတ်ဘူး၊ မိလ္လာပိုက် ဖောက်နေတာ
"အား... နာတယ်..."
ပြတ်တောင်းပြတ်တောင်းဖြင့် ကလေးငယ်တစ်ဦး အိပ်မက်ယောင်နေသည့်အလား အသိစိတ်တစ်ခုက ရှောင်ရှန်း၏ ဦးနှောက်ထဲသို့ ရောက်ရှိလာသည်။
ထိုအသိစိတ်သည် အလွန်အားနည်းပြီး နာကျင်မှု နှင့် ကမောက်ကမဖြစ်နေသော်လည်း ၊ အဓိက ဆိုလိုရင်းကတော့ အလွန် ရှင်းလင်းသည်။ ၎င်းသည် တမင်တကာ ရူးသွပ်နေခြင်း မဟုတ်သလို၊ ကိုယ့် "အိမ်" ကိုလည်း မဖျက်ဆီးလိုပေ။
၎င်း၏ ခန္ဓာကိုယ်ထဲတွင် "ဆိုးညစ်သော အရာ" တစ်ခုက ပိတ်ဆို့နေသဖြင့် စွမ်းအင်များ ပုံမှန် မစီးဆင်းနိုင်ဘဲ၊ သွေးကြောများ အသေချည်ခံထားရသကဲ့သို့ ပေါက်ကွဲထွက်မတတ် ခံစားရခက်နေခြင်းသာ ဖြစ်သည်။
ရှောင်ရှန်း ခဏတာ မှင်သက်သွားပြီးနောက် ချက်ချင်း သဘောပေါက်သွားသည်။ သူ့မျက်စိရှေ့က မျက်နှာငယ်လေးနှင့် ကျောက်တုံးဘီလူးကြီးကို ကြည့်ကာ၊ ဘိုးဘေးကြီးပြောခဲ့သော "နဂါးသွေးကြော ဆုံမှတ် ညစ်ညမ်းခံနေရပြီ" ဟူသော စကားနှင့် ဆက်စပ်တွေးကြည့်လိုက်ရာ သူ့စိတ်ထဲတွင် ကောက်ချက်တစ်ခု ချနိုင်ခဲ့သည်။
သူသည် နောက်လှည့်လိုက်ပြီး အချိန်မရွေး အသက်ပေးတိုက်ခိုက်ရန် ပြင်ဆင်ထားကြသော ချန်ချင်းနှင့် ယဲ့လင်ရွှမ်းတို့ကို ပြောကြားလိုက်သည်။
"အားလုံး လက်နက်တွေ သိမ်းလိုက်ကြတော့...ငါ သဘောပေါက်သွားပြီ"
ချန်ချင်းက ဓားကို သတိဖြင့် ဆုပ်ကိုင်ထားဆဲပင်။
" အရှင့်သား.. ဘာကို ဆိုလိုတာလဲ"
ရှောင်ရှန်းက ချောင်းတစ်ချက်ဟန့်ကာ ပညာရှင်တစ်ဦး၏ လေသံမျိုးဖြင့် ရှင်းပြလိုက်သည်။
"ဒီလူကောင်ကြီးက နေမကောင်းဖြစ်နေတာ မဟုတ်ဘူး၊ ပိတ်မိနေတာ.."
"ပိတ်မိနေတာလား"
စူးဝမ်ချင်နှင့် ယဲ့လင်ရွှမ်းတို့က တပြိုင်နက်တည်း မေးလိုက်ကြပြီး ၊ သူ၏ စဉ်းစားပုံကို မလိုက်နိုင်ကြသည်မှာ ထင်ရှားသည်။
"ဟုတ်တယ်၊ ပိတ်မိနေတာ"
ရှောင်ရှန်းသည် အနက်ရောင်အငွေ့များ ထွက်နေသော ဂူပေါက်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။
"မင်းတို့ ကြည့်လိုက်၊ ဒီနဂါးသွေးကြော ဆုံမှတ်ဆိုတာ ရှင်းရှင်းပြောရရင် စွမ်းအင် ဖြန့်ဝေတဲ့ နေရာတစ်ခုပဲ... အခုဆိုရင် ဆိုးညစ်တဲ့ အရာတစ်ခုက အဲဒီဗဟိုချက်ကို ပိတ်ဆို့ထားတယ်... စွမ်းအင်က ဝင်လို့လည်းမရ၊ ထွက်လို့လည်းမရ ဖြစ်ပြီး ပိတ်မိနေတော့ အရူးမထဘဲ နေမလား"
သူ ပြောလေလေ သူ၏ တင်စားချက်က ပို၍ မှန်ကန်သည်ဟု ခံစားရလေလေဖြစ်ကာ ဆက်ရှင်းပြသည်။
"ရိုးရိုးလေး ပြောရရင်၊ ဒီသူတော်စင်တောင်ဟာ နဂါးသွေးကြောစနစ်ထဲက မိလ္လာကန်ကြီးတစ်ခုလိုပဲ...အခု မိလ္လာကန် ပိတ်ဆို့သွားလို့ ရေညစ်တွေက လျှံကျနေတာ... ငါတို့လုပ်ရမှာက မိလ္လာကန်ကို တိုက်ဖျက်ဖို့မဟုတ်ဘဲ ပိတ်ဆို့နေတာကို ဖယ်ရှားပေးဖို့ပဲ"
"......"
နေရာတစ်ခုလုံး တိတ်ဆိတ်သွား၏။
ချန်ချင်းကဲ့သို့သော သံမဏိ စစ်သူကြီးပင် သူ၏ မျက်နှာပေါ်ရှိ ကြွက်သားများ အကြိမ်အနည်းငယ် လှုပ်သွားပြီး ဓားကို ဆုပ်ကိုင်ထားသော လက်သည်ပင် တင်းလိုက် လျော့လိုက် ဖြစ်နေသည်။
သူအနေဖြင့် ပြန်လည် ချေပလိုသော်လည်း၊ ဤတင်စားချက်က ကြည့်ရသည်မှာ... တကယ့်ကို ယုတ္တိရှိနေသလိုပင်။
"အချောင်ခိုသူ ကိုယ်ရံတော်တပ်" မှ လူငယ်များမှာမူ အသက်အောင့်ထားရလွန်း၍ မျက်နှာများ နီရဲနေကြပြီး၊ ရယ်ချင်သော်လည်း မရယ်ရဲဘဲ မိမိတို့၏ အိမ်ရှေ့စံမင်းသားကို အလွန် လေးစားကြည်ညိုသော အကြည့်များဖြင့်သာ ကြည့်နေနိုင်ကြတော့သည်။
ဤမျှ တင်းမာပြီး အန္တရာယ်များသော အချိန်မျိုးတွင်၊ နဂါးသွေးကြော သန့်စင်ခြင်းကဲ့သို့ မြင့်မြတ်သော ကိစ္စကို "မိလ္လာပိုက် ဖောက်ခြင်း" ဟု တင်စားနိုင်သော အိမ်ရှေ့စံမင်းသား၏ အဆင့်အတန်းမှာ သူတို့ ခန့်မှန်းနိုင်သည့် အရာမဟုတ်ချေ။
ယဲ့လင်ရွှမ်းသည် ဓားကိုပိုက်ထားရင်း၊ ငယ်စဉ်ကတည်းက တည်ဆောက်လာခဲ့သော သူမ၏ ကမ္ဘာ့အမြင်ကြီးသည် ရှောင်ရှန်း၏ ဤစကားကြောင့် ပြိုကွဲမတတ် ခံစားလိုက်ရသည်။ သူမ၏ အေးစက်လှပသော မျက်နှာပေါ်တွင် အနည်းငယ်သော တွေဝေမှုများပင် ထင်ဟပ်နေလေ၏။
စူးဝမ်ချင်မှာမူ "ဖူး" ခနဲ ရယ်ချလိုက်မိပြီးနောက် ချက်ချင်း ပါးစပ်ကို ပြန်အုပ်လိုက်ရသည်။ သူမသည် ရှောင်ရှန်းကို ရယ်ရခက် ငိုရခက်အကြည့်ဖြင့် ကြည့်နေမိသည်။
"ဒါဆို...အရှင့်သား၊ ကျွန်တော်တို့ ဘယ်လို... ဖောက်ထုတ်ရမလဲ"
ချန်ချင်းတစ်ယောက် ခက်ခက်ခဲခဲဖြင့် ဤစကားလုံးများကို ညှစ်ထုတ်လိုက်ရသည်။
"တာဝန်ခွဲပြီး လုပ်မယ်"
ရှောင်ရှန်းမှာ တက်ကြွနေ၏။ သူသည် တိုက်ခိုက်ရန် လာသည်မဟုတ်ဘဲ ဆောက်လုပ်ရေးအဖွဲ့ကို ဦးဆောင်လာသူ တစ်ဦးကဲ့သို့ အမိန့်ပေးလိုစိတ်များ ပေါက်ကွဲလာသည်။
သူသည် စူးဝမ်ချင်ကို ကြည့်ကာ ဆိုလိုက်၏။
"ဝမ်ချင်၊ မင်းက ဆေးပညာနဲ့ အဆိပ်ပညာ နှစ်ခုစလုံးမှာ ဆရာကျတော့ ဒီလို ညစ်ညမ်းတဲ့ မိစ္ဆာစွမ်းအင်တွေကို ရင်ဆိုင်ဖို့ သေချာပေါက် နည်းလမ်းရှိမှာပဲ... မင်းက အပြင်ဘက်မှာ ထွက်လာတဲ့ မိစ္ဆာအငွေ့အသက်တွေကို ဆေးတွေနဲ့ ခြေဖျက်ပြီး ပျော့ပြောင်းအောင် လုပ်ပေး၊ သူ့ရဲ့ တိုက်စားနိုင်စွမ်းကို လျှော့ချပေးရမယ်... ဒါက မိလ္လာပိုက်ထဲကို 'ပိုက်ဖောက်ဆေး' နည်းနည်း လောင်းထည့်တာနဲ့ တူတယ်"
စူးဝမ်ချင်က ခေါင်းညိတ်လိုက်သည်။ သူမတွင် ဤသို့သော အေးစက်ပြီး မိစ္ဆာဆန်သည့် အငွေ့အသက်များကို နှိမ်နင်းနိုင်သော လျှို့ဝှက်ဆေးအချို့ အမှန်တကယ်ပင် ရှိသည်။
ရှောင်ရှန်းက ချန်ချင်းနှင့် ယဲ့လင်ရွှမ်းတို့ကို ဆက်ကြည့်လိုက်သည်။
"စစ်သူကြီး ချန် နဲ့ သူရဲကောင်းမယ် ယဲ့၊ ခင်ဗျားတို့ နှစ်ယောက်က သိုင်းပညာ မြင့်မားတယ်... ကိုယ်ရံတော်တပ်ကို ဦးဆောင်ပြီး တောင်ထိပ် ပတ်ဝန်းကျင်မှာ မိစ္ဆာအငွေ့အသက် ကူးစက်ခံထားရလို့ ပေါ်လာတဲ့ သတ္တဝါ အသေးစားလေးတွေကို ရှင်းလင်းပေး... သူတို့ ငါတို့ရဲ့ အလုပ်ကို လာမနှောင့်ယှက်စေနဲ့... ဒါက ပြောရရင် 'ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ရှင်းလင်းတာ' ပဲ"
သူတို့နှစ်ဦး အချင်းချင်း ကြည့်လိုက်ကြပြီး၊ ဤစကားလုံးများက ထူးဆန်းနေသော်လည်း တာဝန်က ရှင်းလင်းသဖြင့် ခေါင်းညိတ် လက်ခံလိုက်ကြသည်။
နောက်ဆုံးတွင်၊ ရှောင်ရှန်းက သူ့ကိုယ်သူ လက်ညှိုးထိုးပြကာ လေးနက်မှုအပြည့်ဖြင့် ဆိုလေ၏။
"ငါကတော့ အရေးအကြီးဆုံးနဲ့ အဓိကအကျဆုံး အဆင့်ကို ကိုယ်တိုင် အကောင်အထည်ဖော်မယ်"
စကားကို ခဏရပ်လိုက်ပြီး ဆက်ဆိုလိုက်၏။
"အူတိုင်ကို ဖောက်ချမယ်"
စကားဆုံးသည်နှင့်၊ သူသည် အထက်တွင် ပျံဝဲနေသော အရိုးနဂါး "အရိုးအိုကြီး" ကို လှည့်ကြည့်ကာ လေချွန်လိုက်သည်။
အရိုးနဂါးက အသံတစ်ချက်ပေးပြီး ဖြည်းညင်းစွာ ဆင်းသက်လာ၏။ ရှောင်ရှန်းက ခုန်တက်လိုက်ပြီး အရိုးနဂါး၏ ကျောပေါ်တွင် စီးကာ၊ အနက်ရောင်အငွေ့များ ထွက်နေသော ထိုဂူပေါက်ကြီးဆီသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။
ထိုနေရာသည် တောင်စောင့်နတ်၏ "ခန္ဓာကိုယ်အတွင်းပိုင်း" ဖြစ်ပြီး၊ ပိတ်ဆို့နေသော "မိလ္လာကန်" ၏ အူတိုင်လည်း ဖြစ်သည်။
လူတိုင်းက သူ၏ နောက်မဆုတ်တမ်း သွားနေသော ကျောပြင်ကို ကြည့်ရင်း စိတ်ထဲတွင် ရှုပ်ထွေးနေကြသည်။ အလွန် ရဲရင့်ပြီး မြင့်မြတ်လှသော မြင်ကွင်းမျိုး ဖြစ်သော်လည်း၊ "မိလ္လာပိုက် ဖောက်ခြင်း" ဟူသော တင်စားချက်ကို တွေးမိလိုက်တိုင်း မည်သို့မျှ လေးနက်စွာ တွေး၍ မရနိုင်တော့ပေ။
ဂူပေါက်အတွင်းတွင်၊ အနက်ရောင် မိစ္ဆာစွမ်းအင်များသည် မင်ရည်ကဲ့သို့ စေးပျစ်နေပြီး၊ ပြင်းထန်သော တိုက်စားနိုင်စွမ်းနှင့် စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုများ ပါဝင်နေသည်။
သာမန်လူတစ်ယောက် ဝင်လာပါက၊ ချက်ချင်း အသိစိတ်များ တိုက်စားခံရပြီး မိစ္ဆာကောင်အဖြစ် ပြောင်းလဲသွားနိုင်သည်။
သို့သော် ရှောင်ရှန်းတွင် နဂါးသွေးကြော ချီစွမ်းအင် အကာအကွယ် ရှိနေသဖြင့်၊ ဤမိစ္ဆာစွမ်းအင်များ အနားကပ်လာသည်နှင့် သူ၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာသော သန့်စင်သည့် ရွှေရောင်အလင်းတန်းများကြောင့် အနောက်သို့ ဆုတ်ခွာသွားရသည်။
သူသည် အရိုးနဂါးကို စီးကာ အောက်သို့ အဆက်မပြတ် ဆင်းသက်လာခဲ့ရာ၊ ပေရာပေါင်းများစွာ အနက်သို့ ရောက်ရှိသွားပြီး နောက်ဆုံးတွင် ဂူပေါက်၏ အနက်ရှိုင်းဆုံး နေရာသို့ ရောက်ရှိသွားခဲ့သည်။
မျက်စိရှေ့က မြင်ကွင်းကြောင့် သူ မျက်မှောင်ကြုတ်သွားသည်။ ဂူပေါက်၏ အောက်ခြေသည် စွမ်းအင်ဆုံမှတ် ဖြစ်ပြီး၊ မူလက ရွှေရောင် နဂါးသွေးကြော စွမ်းအားများ စီးဆင်းနေရမည့် သွေးကြောနေရာတွင်၊ ယခုအခါ အချင်း ဆယ်ပေခန့်ရှိပြီး နှလုံးသားတစ်ခုကဲ့သို့ အဆက်မပြတ် ခုန်နေသော အနက်ရောင် ကျောက်သလင်းတုံးကြီး တစ်ခုက နေရာယူထားသည်။
ဤကျောက်သလင်းတုံးသည် တစ်ခုလုံး မည်းနက်နေပြီး၊ မျက်နှာပြင်တွင် ထူးဆန်းသော ခရမ်းရောင် မိစ္ဆာစွမ်းအင်စီးကြောင်းများဖြင့် ပြည့်နှက်နေသည်။
ခုန်လှုပ်သွားတိုင်း၊ ဆူနာမီကဲ့သို့ မိစ္ဆာစွမ်းအင်များကို ထုတ်လွှတ်နေပြီး နဂါးသွေးကြော ဆုံမှတ်ကို များစွာ ညစ်ညမ်းစေကာ တိုက်စားနေခဲ့သည်။
တစ်ချိန်တည်းမှာပင် ၎င်းသည် ယုတ်မာသော အကျိတ်တစ်ခုကဲ့သို့ စွမ်းအင်များ၏ ပုံမှန်စီးဆင်းမှုကို အသေပိတ်ဆို့ထားသည်။
"မင်းလို လိပ်မသားကောင်ကြောင့် ငါ ဒီလောက်ဝေးကြီး လာရတာပဲ"
ရှောင်ရှန်းတစ်ယောက် ထိုအရုပ်ဆိုးအကျည်းတန်သော ကျောက်သလင်းတုံးကို ကြည့်ကာ ကျိန်ဆဲလိုက်သည်။
သူသည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး၊ အရိုးနဂါး ကျောပေါ်မှ ခုန်ဆင်းကာ ကျောက်သလင်းတုံး ရှေ့တွင် တည်ငြိမ်စွာ ရပ်လိုက်သည်။
ဘိုးဘေးဧကရာဇ်မင်း ပြောခဲ့သော "မွေးရာပါ တာအိုသန္ဓေသားလောင်း" ၏ အဓိက စွမ်းရည်တစ်ခုမှာ ဝါးမြိုခြင်းနှင့် ပြောင်းလဲခြင်း ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်ထဲရှိ နဂါးသွေးကြော စွမ်းအားသည် ဤနေရာနှင့် မူလဇစ်မြစ် တူညီသဖြင့် ၎င်းသည် သန့်စင်နိုင်စွမ်းရှိသော အသန့်စင်ဆုံး စွမ်းအင် ဖြစ်သည်ဟု ဆိုနိုင်သည်။
သူသည် ညာလက်ကို ဆန့်ထုတ်လိုက်ရာ ၊ လက်ဝါးပြင်တွင် ရွှေရောင်အလင်းတန်းများ ပြင်းထန်စွာ တောက်ပလာ၏။
"ပွင့်နေရင် မနာဘူး၊ နာနေရင် မပွင့်ဘူး...ဒီနေ့ ငါကိုယ်တော် မင်းကို အကုန်အစင် ဖောက်ချပစ်မယ်"
ရှောင်ရှန်းသည် သူ၏ လက်ဝါးကို ထိုခုန်လှုပ်နေသော အနက်ရောင် ကျောက်သလင်းတုံးပေါ်သို့ ပြင်းထန်စွာ ဖိချလိုက်သည်။
"ပွင့်စမ်း"
စကားသံနှင့်အတူ ၊ သူ၏ ခန္ဓာကိုယ်ထဲရှိ နဂါးသွေးကြော စွမ်းအားများသည် ချန်လှပ်ထားခြင်းမရှိ ပေါက်ကွဲထွက်လာ၏။
စောစောက စားပွဲခြေထောက်ကို ခိုင်မာအောင် လုပ်ရာတွင် သုံးခဲ့သော စွမ်းအားသည် ချောင်းငယ်လေး တစ်ခုဟု သုံးနှုန်းရမည်ဆိုပါက ၊ ယခုအခါ သူ အားကုန်ထုတ်၍ လှုံ့ဆော်လိုက်သည်မှာ ဆည်ကျိုးပေါက်လာသော မြစ်ကြီးတစ်စင်းပင် ဖြစ်သည်။
ကြီးမားသော ရွှေရောင် နဂါးသွေးကြော စွမ်းအားသည် ဖျက်ဆီး၍မရနိုင်သော ရေအားပြင်း ပိုက်ခေါင်းကြီး တစ်ခုနှင့် တူပြီး မိစ္ဆာစွမ်းအင် အူတိုင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားလေ၏။
"ရှဲ—"
ရွှေရောင်အလင်းနှင့် အနက်ရောင်အငွေ့များ ပြင်းထန်စွာ တိုက်မိကြပြီး နားစည်ကွဲမတတ် ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။
အနက်ရောင် ကျောက်သလင်းတုံးသည် ပြင်းထန်စွာ တုန်ခါသွားပြီး၊ ၎င်း၏ မျက်နှာပြင်ရှိ မိစ္ဆာစွမ်းအင်များသည် ရူးသွပ်စွာ လင်းလက်နေကာ မရမက ခုခံနေဟန်ရသည်။
တစ်ချိန်တည်းမှာပင် ရှောင်ရှန်း၏ ခန္ဓာကိုယ်ထဲရှိ "မွေးရာပါ တာအိုသန္ဓေသား" သည်လည်း အရှိန်အဟုန်ဖြင့် စတင်လည်ပတ်လာပြီး၊ စွမ်းအားအပြည့်ဖွင့်ထားသော ဧရာမ ရေစုပ်စက်ကြီး တစ်ခုကဲ့သို့ သူ၏ လက်ဝါးမှတစ်ဆင့် ထိုကျောက်သလင်းတုံးထဲရှိ သန့်စင်သော မိစ္ဆာစွမ်းအင်များကို ရူးသွပ်စွာ ဝါးမြိုပစ်လေ၏။
တစ်ဖက်တွင် အားပြင်းပြင်းဖြင့် ရိုက်ချနေပြီး၊ တစ်ဖက်တွင် အတင်းအကျပ် စုပ်ယူနေသည်။
ရိုးရှင်းပြီး ကြမ်းတမ်းလှသော၊ "ရုပ်ပိုင်းဆိုင်ရာ သန့်စင်ရေးနည်းလမ်း" ဟုပင် ခေါ်ဆိုနိုင်သည့် ဤပေါင်းစပ် တိုက်ခိုက်မှုအောက်တွင် ဖျက်ဆီးရန် မဖြစ်နိုင်သည်ဟု မှတ်ယူရသော ထိုမိစ္ဆာစွမ်းအင် အူတိုင်သည် အဆုံးတွင် မခံနိုင်တော့ချေ။
"ဂျွတ်" ဟူသော အက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ကျောက်သလင်းတုံး မျက်နှာပြင်တွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာ၏။ ထို့နောက် အက်ကွဲကြောင်းများက ပင့်ကူအိမ်အလား ပြန့်နှံ့သွားသည်။
နောက်ဆုံးတွင်၊ မကျေချမ်းသော ညည်းတွားသံတစ်ခုနှင့်အတူ မိစ္ဆာစွမ်းအင် အူတိုင် တစ်ခုလုံး ပေါက်ကွဲကာ ကွဲကြေသွား၏။
မရေမတွက်နိုင်သော အနက်ရောင် အပိုင်းအစများသည် အရပ်မျက်နှာ အနှံ့သို့ လွင့်စဉ်မသွားခင်မှာပင် ၊ "မွေးရာပါ တာအိုသန္ဓေသားလောင်း" ၏ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူအားကြောင့် တစ်စက်မျှမကျန် ဝါးမြိုခံလိုက်ရသည်။
ပိတ်ဆို့နေသော အရာများကို အပြတ်အသတ် ရှင်းလင်းပစ်လိုက်နိုင်ပြီ ဖြစ်သည်။
"ဝုန်း—"
အပြင်ဘက်တွင်၊ တောင်စောင့်နတ်၏ ဧရာမ ကိုယ်လုံးကြီးသည် ပြင်းထန်စွာ တစ်ချက် တုန်ခါသွားပြီးနောက် ကောင်းကင်သို့ မော့ကာ အသံရှည်ကြီးဖြင့် ဟိန်းဟောက်လိုက်သည်။
သို့သော် ဤတစ်ကြိမ် ဟိန်းဟောက်သံတွင် နာကျင်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများ မပါဝင်တော့ဘဲ အချိန်အကြာကြီး ပျောက်ဆုံးနေခဲ့သော သက်တောင့်သက်သာဖြစ်မှုနှင့် ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေသည်။
၎င်း၏ ကိုယ်ပေါ်တွင် ရစ်ပတ်နေခဲ့သော အနက်ရောင် လျှပ်စီးကြောင်းများ အားလုံး ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်ကို ဖွဲ့စည်းထားသော ကျောက်တုံးများသည်လည်း နူးညံ့တောက်ပသော အရောင်အဝါများကို ပြန်လည် ရရှိလာကြသည်။
မျက်စိကျိန်းစရာကောင်းသော ရွှေရောင်အလင်းတန်းများက ၎င်း၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး ကောင်းကင်သို့ ထိုးတက်သွားကာ၊ သူတော်စင်တောင်၏ အထက်တွင် နေ့ရက်အတော်ကြာ ဖုံးလွှမ်းနေခဲ့သော မှိုင်းညို့နေမှုများကို ဖယ်ရှားပစ်ခဲ့လေ၏။
သူတော်စင်တောင်တန်းတစ်ခုလုံး ရွှေရောင်အလင်းများဖြင့် ပြန်လည် တောက်ပလာသည်။
ဂူနက်ထဲတွင်၊ ရှောင်ရှန်းသည် လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သက်ပြင်း တစ်ချက် ချလိုက်သည်။
မိစ္ဆာစွမ်းအင် အူတိုင်ကို သန့်စင်ပစ်လိုက်သည့် တစ်ခဏအတွင်းမှာပင်၊ "မိလ္လာပိုက် ဖောက်ပေးခြင်းအတွက် ဆုကြေး" အဖြစ် နဂါးသွေးကြော စွမ်းအင်တစ်ခုသည် ဆုံမှတ်မှနေ၍ ပြန်လည် စီးဆင်းလာပြီး၊ သူ၏ လက်မောင်းမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ တဟုန်ထိုး ဝင်ရောက်လာ၏။
ဤစွမ်းအင်သည် အလွန်သန့်စင်ပြီး ကြီးမားလှကာ၊ သူ၏ ခန္ဓာကိုယ်ထဲရှိ အတားအဆီးတစ်ခုကို ချက်ချင်းပင် ဖောက်ထွက်သွားသည်။
ရှောင်ရှန်း တစ်ယောက် ပေါင်ထောင်ချီလေးသော သံကြိုးကြီးကို ချွတ်ချလိုက်ရသကဲ့သို့ မိမိ၏ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားသည်ကို ခံစားလိုက်ရသည်။ သူ၏ အာရုံခံစားမှုများမှာလည်း ယခင်ကထက် ပိုမို ထက်မြက် ရှင်းလင်းလာသည်။
ကျင့်ကြံအဆင့်၏ အဟန့်အတားသည် ဤသို့ အလွယ်တကူပင် ဖောက်ထွက်သွားပြီး၊ သူ့ကို အသစ်စက်စက် အဆင့်တစ်ခုသို့ တရားဝင် ခြေချနိုင်စေခဲ့သည်။
သို့သော် ဤအပြောင်းအလဲကို သူ သေချာ မခံစားရသေးခင်မှာပင်၊ မိစ္ဆာစွမ်းအင် အူတိုင်၏ နောက်ဆုံးကျန်ရှိနေသော အငွေ့အသက်ကို "မွေးရာပါ တာအိုသန္ဓေသား" က ဝါးမြိုလိုက်သဖြင့် ဤကမ္ဘာနှင့် မသက်ဆိုင်သော ကျန်ရစ်နေသည့် ပုံရိပ်တစ်ခုက သူ၏ ဦးနှောက်ထဲတွင် ရုတ်တရက် လက်ခနဲ ပေါ်ထွက်လာ၏။
၎င်းသည် အဆုံးအစမရှိသော ဟင်းလင်းပြင်ကြီးတစ်ခု ဖြစ်ပြီး၊ တစ်ခုလုံး မည်းနက်နေကာ ကြောက်မက်ဖွယ်ကောင်းသော ပုံစံရှိသည်။
တောင်ကြီးတစ်လုံးထက်ပင် ကြီးမားသော ဧရာမ "နတ်လှေကြီး" တစ်စင်းက လေဟာနယ် အက်ကွဲကြောင်းတစ်ခုထဲတွင် တိတ်ဆိတ်စွာဖြင့် မျောလွင့်နေသည်။
စောစောက ထိုမိစ္ဆာစွမ်းအင် ကျောက်သလင်းသည် ဤနတ်လှေကြီး၏ လှေဦးပိုင်းမှ "ကျရောက်"လာခြင်း ဖြစ်သည်။