အခန်း ၂၄၇
Vol. 25 Ch. 247
အခန်း (၂၄၇) - ဒါက တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုပဲ
အရိုးထဲထိ စိမ့်ဝင်နေသော အေးစက်မှုနှင့် မိစ္ဆာဆန်မှုတို့သည် သူ၏အာရုံခံစားမှုထဲတွင် အမှန်တကယ် စွဲထင်နေပြီး သူ့ကို တစ်ချက် တုန်တက်သွားစေသည်။
ထို့နောက် ချက်ချင်းပင် ယခင်ကတစ်ခါမှ မကြုံဖူးသော သက်တောင့်သက်သာရှိသည့် ခံစားချက်တစ်ခုက နွေးထွေးသော ဒီရေလှိုင်းများအလား ခန္ဓာကိုယ်တစ်ခုလုံးသို့ လွှမ်းခြုံဝင်ရောက်လာခဲ့သည်။
နဂါးသွေးကြော ဆုံမှတ်မှ ပြန်လည်စီးဆင်းလာသော စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ထဲရှိ အတားအဆီးတစ်ခုကို ဖောက်ထွက်သွားခဲ့သည်။
ထိုမျှနှင့် ပျောက်ကွယ်မသွားဘဲ များပြားသော နွေးထွေးသည့် စွမ်းအင်စီးကြောင်းငယ်လေးများအဖြစ် ပြောင်းလဲကာ သူ၏တစ်ကိုယ်လုံးရှိ သွေးကြောများနှင့် အရိုးများကြားတွင် လှည့်လည်သွားလာနေ၏။
သွေးကြောလက်မတိုင်း၊ အရိုးတိုင်းသည် ပြန်လည်မီးဖုတ်ခံရသကဲ့သို့ ပိုမိုကြည်လင်ပြီး ခိုင်မာလာကြသည်။
နတ်အသိစိတ် သမုဒ္ဒရာထဲတွင်လည်း ပိုမိုကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။ မူလက ရေကန်ငယ်လေးတစ်ခုသာ ဖြစ်သော်လည်း ၊ ယခုအခါတွင် သမုဒ္ဒရာကြီးတစ်ခုအဖြစ်သို့ ကျယ်ပြန့်သွားကာ ဝိညာဉ်စွမ်းအားများမှာလည်း ယခင်က တစ်ခါမှ မကြုံဖူးလောက်အောင် ပြည့်ဝခိုင်မာလာသည်။
သူ့အဖို့ အိပ်ဆေးစာအုပ်အဖြစ် သတ်မှတ်ထားသော "အိပ်မက်မဟာကျမ်း" သည် ယခုအခါ ဦးနှောက်ထဲတွင် အလိုအလျောက် စာမျက်နှာများ လှန်လှောနေသည်။ နားလည်ရခက်သော ကျမ်းစာများ အလိုအလျောက် ပေါ်ထွက်လာပြီး၊ မူလက နားမလည်နိုင်သော ဂါထာမန္တန်များနှင့် ပုံစံများသည် ယခုအခါ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။
အိပ်ချင်စိတ်မှာလည်း လုံးဝ ပျောက်ကွယ်သွားသည်။ ရှောင်ရှန်းတစ်ယောက် ရာစုနှစ်တစ်ခုစာလောက် ကောင်းကောင်း အိပ်ပျော်သွားပြီးနောက် နိုးလာချိန်တွင် ကမ္ဘာကြီးက HD ရုပ်ထွက် ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဂူပေါက်အပြင်ဘက်တွင် ချန်ချင်းသည် ဓားရိုးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်မှာ သွေးကြောများပင် ထောင်တတ်နေသည်ကို သူ ရှင်းလင်းစွာ 'မြင်'နိုင်ပြီး ၊ စူးဝမ်ချင်း၏ အနည်းငယ် မြန်ဆန်နေသော နှလုံးခုန်သံများနှင့် ယဲ့လင်ရွှမ်း၏ အေးစက်သော အသွင်အပြင်အောက်တွင် ဖုံးကွယ်ထားသည့် အနည်းငယ်မျှသော စိုးရိမ်မှုကိုပင် သူ "ကြားသိ" နေရသည်။
ဤခံစားချက်က အလွန် ထူးဆန်းသည်။
ရှောင်ရှန်းသည် ဤ "မိလ္လာပိုက် ဖောက်ခြင်း" မှ ရရှိလာသော မျှော်လင့်မထားသည့် အကျိုးအမြတ်များကို ခံစားနေစဉ်မှာပင်၊
သူတော်စင်တောင်တန်း တစ်ခုလုံး ၊ မဟုတ်ဘူး...မိုးမြေ တစ်ခုလုံး ပြင်းထန်စွာ တစ်ချက် တုန်ခါသွားသည်။
"ဝုန်း... ဒိုင်း..."
ကောင်းကင်ယံတွင်၊ မူလက ရွှေရောင်အလင်းများ ပြန်လည် တောက်ပနေပြီဖြစ်သော ကောင်းကင်ကြီးသည် မည်သည့် အရိပ်အယောင်မျှ မရှိဘဲ ပျောက်ကွယ်သွားပြီး အလွန် မည်းနက်သော အက်ကွဲကြောင်းကြီး တစ်ခု ပွင့်လာ၏။
ထိုအက်ကွဲကြောင်းသည် ကြောက်မက်ဖွယ်ကောင်းသော အမာရွတ်ကြီး တစ်ခုကဲ့သို့ ကောင်းကင်ယံတွင် တည်ရှိနေသည်။ ထို့နောက် ချက်ချင်းပင်၊ ဧရာမ အရာဝတ္ထုကြီး တစ်ခုက ထိုဟင်းလင်းပြင် အက်ကွဲကြောင်းထဲမှ ဖြည်းညင်းစွာ တိုးထွက်လာသည်။
တောင်ထိပ်ပေါ်တွင် တောင့်စောင့်နတ် ၊ ချန်ချင်း၊ ယဲ့လင်ရွှမ်းနှင့် အခြားသူများလည်း ခေါင်းမော့ကြည့်လိုက်ကြသည်။လူတိုင်း မှင်သက်သွားကြသည်။
ဤသည်မှာ နတ်လှေကြီး တစ်စင်းဖြစ်သည်။
လှေကိုယ်ထည် တစ်ခုလုံး မည်းနက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော ပုံစံရှိသည်။ သူတော်စင်တောင်ကြီးထက် အဆပေါင်းများစွာ ကြီးမားသော ဧရာမ "နတ်လှေကြီး" တစ်စင်း ဖြစ်သည်ဟု ဆိုရမည်။
၎င်းသည် လေထဲတွင် တိတ်ဆိတ်စွာဖြင့် မျောလွင့်နေ၏။ သင်္ဘောကိုယ်ထည်ပေါ်တွင် ရှုပ်ထွေးပြီး ထူးဆန်းသော မိစ္ဆာအမှတ်အသားများ အပြည့်ထွင်းထုထားကာ၊ ၎င်းမှ ထုတ်လွှတ်လိုက်သော ဖိအားကြောင့် တောင်စောင့်နတ်ပင် တစ်ချက် တွန့်သွားသည်။
ကောင်းကင်ကြီးသည်ပင် ၎င်း၏ ရှေ့မှောက်၌ အရောင်အဝါ မှေးမှိန်သွားပြီး၊ ၎င်း၏ အရိပ်အောက်တွင် တုန်ယင်နေဟန်ရှိသည်။
၎င်းသည် သာမန်လူတို့၏ စွမ်းအားထက် ကျော်လွန်သော၊ ပိုမို မြင့်မားသော အဆင့်အတန်းမှ ဆင်းလာသည့် အကြွင်းမဲ့ ဖိနှိပ်မှုပင် ဖြစ်သည်။
အလောင်းကောင် တောင်တန်းများနှင့် သွေးပင်လယ်များကို ဖြတ်ကျော်လာသူ သံမဏိ စစ်သူကြီး ချန်ချင်းပင် ယခုအခါ သူ၏ လက်ဖျားခြေများ အေးစက်နေပြီး ၊ ခွန်အားမဲ့သည့် ခံစားချက်တစ်ခုက သူ၏ရင်ထဲသို့ ဝင်ရောက်လာ၏။
၎င်းမှာ ရန်သူ မဟုတ်ဘဲ၊ ကောင်းကင်ကပ်ဘေးကြီးပင်။ သူ ခေါ် ဆောင်လာသော အကောင်းဆုံး စစ်သည် သုံးထောင်ပင် မဆိုနှင့်၊ သာရှမင်းဆက် တစ်ခုလုံး၏ အင်အားကို ပေါင်းစပ်လိုက်လျှင်ပင် ဤနတ်လှေကြီး၏ ရှေ့တွင် ပုရွက်ဆိတ် တစ်ကောင်အဆင့်မျှသာ ရှိပေလိမ့်မည်။
ယဲ့လင်ရွှမ်း၏ ဓားကိုင်ထားသော လက်မှာလည်း ပထမဆုံးအကြိမ်အဖြစ် ထိန်းမနိုင်သိမ်းမရ အနည်းငယ် တုန်ယင်လာသည်။ သူမ အလွန် ဂုဏ်ယူဝင့်ကြွားခဲ့သော ဓားအတတ်သည် ဤနတ်လှေကြီး၏ ရှေ့မှောက်တွင် အလွန် ရယ်စရာကောင်းပြီး သေးသိမ်လှသည်။
စူးဝမ်ချင်၏ မျက်နှာသည်လည်း စက္ကူကဲ့သို့ ဖြူဖျော့နေပြီး တီးတိုးရေရွတ်လိုက်သည်။
"ပြင်ပလောကက အရာက... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ရှောင်ရှန်း တစ်ယောက်တည်းကသာ ခဏတာ အံ့ဩသွားပြီးနောက်၊ ယခုလေးတင် အဆမတန် တိုးပွားလာသော သူ၏ စိတ်ဝိညာဉ်စွမ်းအားကြောင့် ဤနတ်လှေကြီးနှင့် စောစောက ထိုမိစ္ဆာစွမ်းအင် ကျောက်သလင်းတုံးတို့ကြားရှိ တူညီသော မူလဇစ်မြစ်ကို ချက်ချင်း ဖမ်းဆုပ်နိုင်ခဲ့သည်။
သူ သဘောပေါက်သွားခဲ့ချေပြီ။
' ဒီနတ်လှေစုတ်ကြီးက သူ့အိမ်က မိလ္လာကန်ထဲကို အမှိုက်တွေ ပစ်ချသွားတဲ့ အဓိက တရားခံပဲ..'
ဖော်ပြ၍မရနိုင်သော အမျက်ဒေါသက သူ့ရင်ထဲမှ တလိပ်လိပ် ဆောင့်တတ်လာ၏။ သူ ဒေါသထွက်နေသည်မှာ တစ်ဖက်လူ၏ အစွမ်းထက်မှုကြောင့် မဟုတ် ၊ ထိုအရာက သူ့အဖို့ မည်သည့် သဘောတရားမှ မရှိပေ။
သူ ဒေါသထွက်နေရခြင်းမှာ အကြောင်းပြချက်တစ်ခုတည်းသာ ရှိသည်။
'ဒီလိုတော့ ဘယ်ဖြစ်မလဲ...ငါ့ ရှောင်မိသားစုရဲ့ မြေပေါ်မှာ ကြည့်လိုက်တာနဲ့ ခွင့်ပြုချက်မရှိမှန်းသိသာတဲ့ ဒီလိုတရားမဝင် အဆောက်အအုံကြီးကို လာဆောက်ထားတယ်...'
' ပြီးတော့ နေရာတကာကို မိလ္လာရေတွေ ပစ်ချပြီး ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတယ်...ကောင်းမွန်လှတဲ့ ရှုခင်းနေရာလေးကို အနံ့အသက်ဆိုးတွေနဲ့ ပြည့်နှက်သွားအောင် လုပ်ထားသေးတယ်... '
'ဥပဒေဆိုတာ မရှိတော့ဘူးလား ၊ တရားမျှတမှုဆိုတာ မရှိတော့ဘူးလား..ဒါက သူ လှဲအိပ်နေတဲ့ ကုတင်ဘေးမှာ အချိန်ပြည့် ဆောက်လုပ်ရေး လုပ်နေတာထက်တောင် ပိုဆိုးသေးတယ်'
"အားလုံး မကြောက်ကြနဲ့"
ရှောင်ရှန်းတစ်ယောက် အရိုးနဂါးကို စီးနင်းကာ ဂူပေါက်ထဲမှ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး လူတိုင်း၏ ရှေ့တွင် ရပ်တန့်လိုက်သည်။
သူ၏ အားမာန်အပြည့်နှင့် ကျယ်လောင်သော အော်ဟစ်သံကြောင့် ချန်ချင်းနှင့် အခြားသူများသည် ထိုမျှော်လင့်ချက်မဲ့စေသော ဖိအားထဲမှ အနည်းငယ် ရုန်းထွက်နိုင်ခဲ့သည်။
လူတိုင်း ခေါင်းမော့ကြည့်လိုက်ရာ သူတို့၏ အိမ်ရှေ့စံမင်းသားသည် အရိုးနဂါး၏ ခေါင်းပေါ်တွင် ခါးထောက်ရပ်နေပြီး ၊ ကောင်းကင်ယံရှိ ထိုဧရာမ အရာဝတ္ထုကြီးကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိဘဲ ကိုယ့်အိမ်က ဟင်းသီးဟင်းရွက်ခင်းကို တောဝက်တစ်ကောင် ဖျက်ဆီးလိုက်လို့ ဒေါသထွက်နေသော စိုက်ခင်းပိုင်ရှင်တစ်ယောက်လို ရှိနေ၏။
နောက်အခိုက်အတန့်တွင် ရှောင်ရှန်းတစ်ယောက် လူတိုင်း မျှော်လင့်မထားသော လုပ်ရပ်တစ်ခုကို လုပ်ဆောင်လိုက်သည်။
သူသည် မျက်လုံးမှိတ်လိုက်ပြီး ယခုလေးတင် အဆင့်တက်ပြီးနောက် ရရှိလာသော သမုဒ္ဒရာကြီးပမာ စိတ်ဝိညာဉ်စွမ်းအားများကို ချန်လှပ်ထားခြင်းမရှိ လှုံ့ဆော်လိုက်ကာ သဏ္ဍာန်မဲ့ မြှားများအဖြစ် ပြောင်းလဲ၍ ကောင်းကင်ယံရှိ အနက်ရောင် နတ်လှေကြီးဆီသို့ ချိန်ရွယ်ထားသည်။
"အပေါ်က လူတွေ နားထောင်စမ်း"
ကြီးကျယ်ခမ်းနားပြီး အာဏာစက်ပါဝင်ကာ တရားဝင်ရုံးသုံးလေသံများ ပြည့်နှက်နေသည့် "နတ်အသိစိတ်" တစ်ခုက နတ်လှေကြီးတည်ရှိရာ ပတ်ဝန်းကျင်၌ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
"မင်းတို့ရဲ့ လှေကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု၊ တမင်သက်သက် နဂါးသွေးကြောကို ဖျက်ဆီးမှု၊ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေမှုနဲ့ အများပြည်သူ လုံခြုံရေးကို အန္တရာယ်ပြုမှု စတဲ့ ကြီးလေးတဲ့ ပြစ်မှုတွေနဲ့ စွပ်စွဲလိုက်တယ်"
" ငါကိုယ်တော်ဟာ သာရှမင်းဆက်ရဲ့ အိမ်ရှေ့စံမင်းသားပဲ....ဒီကမ္ဘာမြေကို ကိုယ်စားပြုပြီး မင်းတို့ရဲ့ လှေကို ချက်ချင်း အင်ဂျင်ပိတ်ပြီး တရားမဝင်လုပ်ရပ် အားလုံးကို ရပ်တန့်ရန် နဲ့ နေရာမှာတင် အစစ်ဆေးခံယူဖို့ အမိန့်ပေးလိုက်တယ်"
"မဟုတ်ရင် ငါကိုယ်တော်ဟာ မင်းတို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး နောက်ဆက်တွဲ ဖြစ်လာမယ့် ဆိုးကျိုးတွေကို မင်းတို့ဘာသာ တာဝန်ယူခိုင်းမယ်"
"......"
တောင်ထိပ်ပေါ်တွင် တစ်ဖန် တိတ်ဆိတ်သွားရပြန်၏။
ချန်ချင်းတစ်ယောက် ပါးစပ်ဟလိုက်သော်လည်း စကားတစ်ခွန်းမျှ ထွက်မလာပေ။
ယဲ့လင်ရွှမ်းနှင့် စူးဝမ်ချင်တို့မှာလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး၊ သူမတို့၏ မျက်ဝန်းထဲ၌ တွေဝေမှု နှင့် ယုတ္တိမဲ့သော အရိပ်အယောင်များ အတိုင်းသား ထင်ဟပ်နေလေ၏။
'အကြမ်းဖက် အဖွဲ့အစည်း....တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု..စစ်ဆေးခံရမယ် ဟုတ်လား'
' ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ နတ်လှေကြီး တစ်စင်းကို... အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဥပဒေ စိုးမိုးရေး လုပ်နေတာလား ၊ ဒါက သတ္တိကောင်းတာလား ဒါမှမဟုတ် ရူးနေတာလား'
တစ်ချိန်တည်းမှာပင်၊ အနက်ရောင် နတ်လှေကြီး အတွင်းပိုင်းရှိ ကျယ်ဝန်းသော ခန်းမကြီး တစ်ခုထဲတွင်။
အနက်ရောင် သံချပ်ကာများကို ဝတ်ဆင်ထားပြီး နက်ရှိုင်းသော အရှိန်အဝါများ ရှိသည့် ကျင့်ကြံသူ အနည်းငယ်သည် ရေမှန်တစ်ချပ်မှတစ်ဆင့် အောက်ဘက်ရှိ မြင်ကွင်းကို စောင့်ကြည့်နေကြသည်။
မိစ္ဆာစွမ်းအင် အူတိုင် သန့်စင်ခံလိုက်ရပြီး နဂါးသွေးကြော ဆုံမှတ် ပုံမှန် ပြန်ဖြစ်သွားသည်ကို မြင်ပြီးနောက် သူတို့အားလုံး အံ့ဩထိတ်လန့်နေကြသည်။
သို့သော် ရှောင်ရှန်း၏ ထို "တရားဝင် ရုံးသုံးလေသံ" ပြည့်နှက်နေသော နတ်အသိစိတ် သတိပေးချက်က သူတို့၏ ဦးနှောက်ထဲ ထွက်ပေါ်လာချိန်၌ ၊
မြင်ကွင်းမျိုးစုံကို အမြဲ တွေ့ကြုံနေကျ ဤအထက်လောက မှ ကျင့်ကြံသူများမှာ အုပ်စုလိုက် ကြောင်အမ်းသွားကြသည်။
"သူ... သူ ဘာတွေ ပြောနေတာလဲ"
လူငယ် ကျင့်ကြံသူ တစ်ဦးက မသိစိတ်မှ မေးမြန်းလိုက်သည်။
"ငါတို့ကို... သတိပေးနေတာ ထင်တယ်"
အခြားတစ်ဦးကလည်း မသေချာသော လေသံဖြင့် ပြန်ဖြေသည်။
ခေါင်းဆောင်ဖြစ်သူ ကျင့်ကြံသူမှာ မျက်ခုံးများ တွန့်ချိုးသွားသည်။ သူတို့သည် မရေမတွက်နိုင်သော အောက်ကမ္ဘာများသို့ ဆင်းသက်ခဲ့ဖူးပြီး၊ အမျိုးမျိုးသော တာဝန်များကို ထမ်းဆောင်ခဲ့ဖူးသည်။
ဒူးထောက် တောင်းပန်သူများကိုလည်း မြင်ဖူးသလို၊ သေသည်အထိ ခုခံကြသူများကိုလည်း မြင်ဖူးသည်။ ထို့အပြင် သူတို့ကို နတ်ဘုရားများအဖြစ် သတ်မှတ်ပြီး ရိုသေကိုင်းရှိုင်းကြသူများကိုလည်း မြင်ဖူးသည်။
သို့သော် အောက်လောကမှ ပုရွက်ဆိတ်များက ဤသို့သော "အစိုးရက သူခိုးဖမ်းသည့်" လေသံမျိုးဖြင့် သတိပေးခြင်းခံရသည်မှာ သမိုင်းတွင် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
'တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု ဆိုတာ ဘာလဲ... သူတို့က "ကောင်းကင်လမ်းစဉ် မဟာမိတ်အဖွဲ့" ရဲ့ အမိန့်နဲ့ လာတာဆိုတော့ ကောင်းကင်ဘုံရဲ့ အလိုတော်ပဲလေ...ဘယ်လိုလုပ်ပြီး"တရားမဝင်" တာ ဖြစ်နိုင်မှာလဲ'
'အများပြည်သူ လုံခြုံရေးကို အန္တရာယ်ပြုမှု ဆိုတာကရော ဘာလဲ...သူတို့က "ရှင်းလင်းရေး အစီအစဉ်" ကို အကောင်အထည်ဖော်နေတာလေ... ဒီလောကက အညစ်အကြေးတွေကို ရှင်းလင်းပေးနေတာ ဘယ်လိုလုပ်ပြီး "အန္တရာယ်ပြု" တာ ဖြစ်နိုင်မှာလဲ'
'ပြီးတော့ ဟို "အကြမ်းဖက် အဖွဲ့အစည်း" ဆိုတာက... အဲ့တာကရော ဘာခွေးစကားလဲ..'
သူတို့မှာ ယခင်က တစ်ခါမှ မကြားဖူးသော စကားလုံးများကြောင့် ခဏတာ စဉ်းစားရခက်နေစဉ်မှာပင် ၊ ပို၍ ကြောက်မက်ဖွယ်ကောင်းသော ကိစ္စတစ်ခု ဖြစ်ပေါ်လာ၏။
ရှောင်ရှန်း၏ ထို "အာဏာစက်" ပြည့်နှက်နေသော အမိန့်စကားဖြစ်သည့် "စစ်ဆေးခံပါ" ဟူသော စကားသည် မှော်အတတ်များ ပါဝင်သော မန္တာန်တစ်ခုအလား ဤကမ္ဘာမြေ၏ အနက်ရှိုင်းဆုံး ဖယ်ရှားရေးဆိုင်ရာ နိယာမတရားကို အမှန်တကယ်ပင် လှုံ့ဆော်လိုက်ခြင်းဖြစ်သည်။
နတ်လှေကြီး တည်ရှိရာ ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်သည် ပြင်းထန်စွာ ပုံပျက်လာပြီး ဆူပွက်လာ၏။ ပုံသဏ္ဍာန်မဲ့သော နိယာမဆိုင်ရာ သံကြိုးများက အရပ်မျက်နှာ အနှံ့မှ ရစ်ပတ်လာပြီး ဖိတ်ခေါ်မထားသော ဤဧည့်သည်ကို အားကုန်သုံး၍ "တွန်းထုတ်" နေသကဲ့သို့ပင်။
နတ်လှေကြီး၏ ခိုင်မာသော ကိုယ်ထည်သည် နိယာမ စွမ်းအားများ၏ ဖိညှစ်မှုအောက်တွင် "တဂျစ်ဂျစ်" မြည်ကာ နားစည်ကွဲမတတ် အသံများ ထွက်ပေါ်လာခဲ့သည်။
"မကောင်းတော့ဘူး...ဒီကမ္ဘာမြေရဲ့ အသိစိတ် လန့်နိုးသွားပြီ"
ခေါင်းဆောင်ဖြစ်သူ ကျင့်ကြံသူမှာ မျက်နှာပျက်သွားသည်။
"ဒီလောကရဲ့ နဂါးသွေးကြောက အခုလေးတင် ပြန်လည် နိုးထလာတာဆိုတော့ အသိစိတ်က အသက်ဝင်ဆုံး အခြေအနေမှာ ရှိနေတယ် ၊ ငါတို့ရဲ့ ဖုံးကွယ်ရေး အစီအရင်က အလုပ်မလုပ်တော့ဘူး"
"သခင်ကြီး အခုမှ မသွားရင် ...ကျွန်တော်တို့ ကမ္ဘာ့နိယာမတွေရဲ့ ဆုတ်ဖြဲတာကို ခံရတော့မယ်"
"နတ်လှေကြီးကို စက်နှိုးလိုက်တော့ မြန်မြန်လုပ်...ဒီကျိန်ဆဲချင်စရာကောင်းတဲ့ နေရာကနေ ချက်ချင်း ထွက်သွားမယ်"
ခေါင်းဆောင်ဖြစ်သူ ကျင့်ကြံသူက ချက်ချင်း ဆုံးဖြတ်ချက်ချကာ ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။
သို့သော် ထွက်မပြေးမီ၊ ရေမှန်ထဲမှနေ၍ အမုန်းတရားနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော သူ၏ အကြည့်သည် အရိုးနဂါး၏ ခေါင်းပေါ်တွင် ရပ်ကာ ခါးထောက်နေသည့် အဓိက တရားခံထံသို့ ကျရောက်နေခဲ့သည်။
' အထူးအပါးနားမလည်တဲ့ အောက်လောကက ပုရွက်ဆိတ် တစ်ကောင်က သူတို့ရဲ့ နှစ်ပေါင်းများစွာ ကြိုးစားပြင်ဆင်ထားမှုတွေကို ဖျက်ဆီးပစ်လိုက်တာပဲ...'
"ဒီအတိုင်း အလွတ်ပေးလိုက်လို့ မဖြစ်ဘူး"
သူသည် အံကြိတ်ကာ ဆိုလိုက်သည်။
" အဖျက်အလင်းတန်း ကို ဖွင့်ပြီး ဟိုတောင်ပေါ်ကို ပစ်ချလိုက်စမ်း...သူ့ကိုရော ဒီကမ္ဘာကြီးကိုပါ ဒီနေ့အတွက် ပေးဆပ်ရမယ့် တန်ဖိုးကို မှတ်မိသွားအောင် လုပ်ပေးမယ်"
အမိန့်ချမှတ်လိုက်သည်နှင့် လှေဦးပိုင်းရှိ ဧရာမ အစီအရင် တစ်ခုသည် ချက်ချင်းဆိုသလို အသက်ဝင်ကာ တောက်ပလာ၏။ အလွန်များပြားသော စွမ်းအင်များ ရူးသွပ်စွာ စုဝေးလာပြီး ၊ တောင်တန်းများကို အငွေ့ပျံသွားစေနိုင်ကာ ကမ္ဘာမြေကို ဆုတ်ဖြဲပစ်နိုင်သည့် မည်းနက်သော အလင်းတန်းကြီး တစ်ခုက အလျင်အမြန် ဖြစ်ပေါ်လာသည်။
သေမင်းတမန်၏ အရိပ်သည် သူတော်စင်တောင်တန်းတစ်ခုလုံးကို ချက်ချင်းဆိုသလို ဖုံးလွှမ်းသွားလေ၏။