အခန်း ၂၄၉
Vol. 25 Ch. 249
အခန်း (၂၄၉) - ငါက အိပ်ဖို့ နေရာတစ်ခု ရှာချင်ရုံလေးပါ
သူတော်စင်တောင်ထိပ်တွင် ဖြာကျလာသော နေရောင်ခြည်နှင့်အတူ လေပြေလေးများ တဖြူးဖြူး တိုက်ခက်နေသည်မှာ စောစောက ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်လောက်သည့် အန္တရာယ်ကြီး တစ်ခု လုံးဝ မဖြစ်ခဲ့ဖူးသည့်အလားပင်။
ချန်ချင်း၊ ယဲ့လင်ရွှမ်းနှင့် စူးဝမ်ချင်းတို့ သုံးဦးမှာ နေရာတွင် တောင့်တောင့်ကြီး ရပ်နေပြီး၊ ဦးနှောက်တစ်ခုလုံး ဗလာကျင်းနေသည်။
ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်သော ကြောက်ခမမ်းလိလိ အနက်ရောင် အလင်းတန်းကြီးမှာ ချေမှုန်းခံလိုက်ရပြီး ၊ နတ်လှေကြီးမှာလည်း ကြောက်လန့်တကြား ထွက်ပြေးသွားလေ၏။
ထို့အပြင် ကောင်းကင်နှင့် မြေကြီးကြားတွင် ရပ်တည်ကာ စကားတစ်ခွန်းတည်းဖြင့် အရာအားလုံးကို ထိန်းချုပ်သွားသော ဘိုးဘေးဧကရာဇ်မင်း၏ ဝိညာဉ်ပုံရိပ်... ဤမြင်ကွင်းတိုင်းက တံဆိပ်တုံးရိုက်နှိပ်လိုက်သကဲ့သို့ သူတို့၏ စိတ်ဝိညာဉ်ထဲ၌ နက်ရှိုင်းစွာ စွဲကျန်ရစ်ခဲ့သည်။
အချိန်အတော်ကြာမှသာ ချန်ချင်း တစ်ယောက် သူ၏အသံကို ပြန်လည်ရှာတွေ့သွားပြီး တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။
သူသည် အရိုးနဂါးခေါင်းပေါ်တွင် ထိုင်လျက် မောမောဖြင့် အသက်ရှုနေသော အိမ်ရှေ့စံမင်းသားကို လှမ်းကြည့်မိလိုက်သည်။ သူ၏ အကြည့်ထဲတွင် အံ့ဩထိတ်လန့်မှုများအပြင် နတ်ဘုရားကို ဖူးမြှော်လိုက်ရသည့်အလား ရိုသေကြည်ညိုလေးစားမှုများ ရှိနေ၏။
' အော်... အိမ်ရှေ့စံမင်းသားရဲ့ စောစောက ကမ္ဘာကြီးကို တုန်လှုပ်စေတဲ့ "လူခေါ်တဲ့" အော်ဟစ်သံက ကြောက်လန့်ပြီး ရူးသွားလို့ ထွက်လာတဲ့စကားတွေ မဟုတ်ဘူးပဲ...'
' အဲ့တာက ဘိုးဘေးဧကရာဇ်မင်းရဲ့ ဝိညာဉ်နဲ့ ကြိုတင်နားလည်မှုယူထားတဲ့ ပူးပေါင်းလုပ်ဆောင်မှုပါလား ...ကောင်းကင်ဘုံရဲ့ ကောင်းချီးကို ရရှိထားသူသာလျှင် သုံးနိုင်တဲ့ နောက်ဆုံးဖဲချပ်ကြီး ဖြစ်နေသကိုး..'
' ပထမဆုံး "တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု" ဆိုတဲ့ "ရုံးသုံးစကား" တွေနဲ့ တစ်ဖက်လူကို ဒေါသထွက်အောင်လုပ်ပြီး တိုက်ခိုက်လာအောင် ဆွဲဆောင်တယ်...ပြီးမှ "မျိုးဆက်ပြတ်တော့မယ်" ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘိုးဘေးဧကရာဇ်မင်းကို မဖြစ်မနေ ဆင်းသက်လာအောင် ဆင့်ခေါ်ပြီး အပြတ်ရှင်းလိုက်တာပဲ...'
' ဒီလှုပ်ရှားမှု အစီအစဉ်တစ်ခုလုံးက တစ်ခုနဲ့တစ်ခု ဆက်စပ်နေပြီး အချိန်ကိုက်ဝင်ရောက်မှုကလည်း ကွက်တိပဲ...'
' ရိုင်းစိုင်းပြီး အရှက်မရှိဘူးလို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ အလွန်နက်ရှိုင်းတဲ့ အကြံအစည်တွေပါဝင်နေပြီး လူတွေရဲ့စိတ်၊ အချိန်အခါနဲ့ ဘိုးဘေးဧကရာဇ်မင်းရဲ့ စိတ်နေစိတ်ထားကိုပါ အဆုံးစွန်ထိ တွက်ချက်ထားတာပဲ...ဒါ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စိတ်နေစိတ်ထားလဲ'
ယဲ့လင်ရွှမ်း၏ ဓားကိုင်ထားသော လက်မှာလည်း နောက်ဆုံးတွင် တည်ငြိမ်သွားခဲ့လေပြီ။ သူမ၏ ဓားနှလုံးသားသည်လည်း ဘိုးဘေးဧကရာဇ်မင်း၏ လွှမ်းမိုးချုပ်ကိုင်မှုကြောင့် ကြေမွသွားသော်လည်း ထိုစမ်းသပ်မှုကနေ အသက်ရှင်ကျန်ရစ်ခဲ့သော ထိတ်လန့်တုန်လှုပ်မှုနှင့် အတူ ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။
သူမသည် ရှောင်ရှန်းကို လှမ်းကြည့်မိလိုက်သညမ။ သူမ၏ အေးစက်သော မျက်နှာပေါ်တွင် ယခင်က တစ်ခါမှမဖြစ်ဖူးသော တွေဝေမှုများ ထင်ဟပ်ပေါ်လွင်လာ၏။ သူမ တစ်သက်လုံး လိုက်စားခဲ့သော ဓားအတတ်သည် ဤအိမ်ရှေ့စံမင်းသား၏ နားလည်ရခက်သော အစီအစဉ်ချမှုရှေ့တွင် အလွန်ကို ကလေးဆန်နေသလိုပင်။
' ဒီလူ တကယ်ပဲ ဘယ်လိုလူစားမျိုးလဲ'
သို့သော် ရှောင်ရှန်းမှာမူ ဤရူးသွပ်နေသော အကြည့်များကို အနည်းငယ်မျှ သတိမထားမိပေ။ သူသည် အရိုးနဂါးကျောပေါ်တွင် လှဲလျောင်းနေရင်း ခေါင်းကိုက်နေခဲ့သည်။
ဘိုးဘေးဧကရာဇ်မင်း ထွက်ခွာသွားပြီ ဖြစ်သော်လည်း ၊ ထိုအနက်ရောင် အလင်းတန်းကြီး ချေမွခံလိုက်ရပြီးနောက် ယိုစိမ့်ထွက်လာသော "အဓိကအချက်အလက်" တစ်ခုက ဗိုင်းရပ်စ်ပရိုဂရမ်တစ်ခုကဲ့သို့ သူ၏ ဦးနှောက်ထဲသို့ အတင်းအကျပ် ဝင်ရောက်လာခဲ့သည်။
အဆုံးအစမရှိ ကျယ်ပြောသော ကြယ်တာရာမြေပုံတစ်ခုက သူ၏ နတ်အသိစိတ် သမုဒ္ဒရာထဲတွင် ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး ၊ မရေမတွက်နိုင်သော ကြယ်တာရာများ လင်းလက်နေကာ သူ လုံးဝ နားမလည်နိုင်သော စိမ်းသက်သည့် စကြာဝဠာတစ်ခုကို ဖန်တီးထားသည်။
ကြယ်တာရာမြေပုံ၏ အဆုံးတွင် တည်နေရာတစ်ခုကို မှတ်သားထားပြီး ၎င်း၏ဘေးတွင် ရှေးဟောင်းစာလုံးနှစ်လုံး ရှိနေသည်—ကွေ့ရွှီး။
ဤအရာက ဘိုးဘေးဧကရာဇ်မင်း၏ "သင်ကြားပို့ချမှု" ထက်တောင် ပိုဆိုးသည်။ ယင်ကောင်ထောင်ချီ နားနားတွင် အစည်းအဝေးလုပ်နေသကဲ့သို့ တဝီဝီမြည်နေသည်မှာ ဆူညံလွန်းသဖြင့် နားထင်တွေတောင် ထိုးကိုက်နေ၏။
သူ့အနေဖြင့် ဤအရာကြီးကို ဦးနှောက်ထဲကနေ ကလော်ထုတ်ကာ နေရာတစ်ခုရှာဖွေပြီး အိပ်ရေးဝဝ အိပ်လိုက်ချင်တော့သည်။
" အရှင့်သား ၊ ဘာမှမဖြစ်ဘူးမလား"
စူးဝမ်ချင်းက အရင်ဆုံး သတိပြန်ဝင်လာပြီး ခပ်သုတ်သုတ် ရှေ့တိုးလာကာ သူ့ကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူမ၏ သွယ်လျလှပသော လက်ချောင်းလေးများဖြင့် ရှောင်ရှန်း၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ရှုလိုက်သည်။
ဘိုးဘေးဧကရာဇ်မင်းကို ဆင့်ခေါ်လိုက်ခြင်းကြောင့် သူ၏စွမ်းအားများ အလွန်အကျွံကုန်ခမ်းသွားခြင်းရှိမရှိကို စစ်ဆေးကြည့်ရှုခြင်းသာ ဖြစ်သည်။
သို့သော် သူမ၏ လက်ချောင်းထိပ်က ရှောင်ရှန်း၏အရေပြားနှင့် အထိတွင် သူမ၏မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ အေးစက်ကာ သေခြင်းတရားနှင့် သက်ဆိုင်သော ၊ နိယာမတရားများ ပျက်စီးနေသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည့် အားနည်းသော စွမ်းအင်တစ်ခုက ရှောင်ရှန်း၏ ခန္ဓာကိုယ်ထဲမှ လက်ခနဲ ဖြတ်ပြေးသွားသည်။
တစ်ချိန်တည်းမှာပင်၊ သူမ အာရုံခံမိလိုက်သည်မှာ ရှောင်ရှန်း၏ နတ်အသိစိတ် သမုဒ္ဒရာထဲရှိ အလွန် ရှင်းလင်းလွန်းနေသော ကြယ်တာရာမြေပုံနှင့် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို အေးစက်သွားစေသော ထိုတည်နေရာပင် ဖြစ်သည်။
"ကွေ့ရွှီး လမ်းညွှန်"
စူးဝမ်ချင်း အသံထွက်လာသည်အထိ အော်လိုက်မိပြီး ၊ အသံပင် ပြောင်းလဲသွားခဲ့သည်။
"အရှင့်သားက... ပြင်ပလောက မိစ္ဆာလှေကြီးရဲ့ လမ်းညွှန်ကို ကြားဖြတ်ယူလိုက်တာလား"
သူမ၏အော်သံက မကျယ်လောင်သော်လည်း ချန်ချင်းနှင့် ယဲ့လင်ရွှမ်းတို့၏ နားထဲတွင် မိုးကြိုးတစ်စင်းပစ်ချလိုက်သကဲ့သို့ ဖြစ်ခဲ့ရသည်။
' လမ်းညွှန်... အဲ့တာက ဘာလဲ ဒါပေမယ့် "ပြင်ပလောက မိစ္ဆာလှေကြီး" ဆိုတဲ့ စကားလုံးလေးလုံးကို ကြားလိုက်တာနဲ့တင် ဒီအရာက လုံးဝ ကောင်းတဲ့အရာ မဟုတ်ဘူးဆိုတာ သိသာတယ်....အိမ်ရှေ့စံမင်းသားက ရန်သူတွေကို နောက်ဆုတ်သွားအောင် လုပ်နိုင်ရုံတင်မကဘူး၊ သူတို့ဆီကနေ... ပစ္စည်းပါ သိမ်းယူလိုက်တာလား'
ရှောင်ရှန်းမှာ သူမ၏အော်သံကြောင့် မျက်ခွံများကို အားမရှိစွာ ပင့်ကြည့်လိုက်ကာ အံ့ဩထိတ်လန့်မှုများ ပြည့်နှက်နေသော သူမ၏ မျက်နှာကို ကြည့်ရင်း စိတ်ရှုပ်စွာဖြင့် လက်ယမ်းပြလိုက်သည်။
"ဘာလမ်းညွှန်လဲ... ဆူညံနေတာပဲ"
သူက ညည်းညူလိုက်သည်။
"ငါ့ဦးနှောက်ထဲမှာ ပစ္စည်းတစ်ခုပိုလာတယ်လို့ပဲ ခံစားရတယ်...နေရာယူတယ်၊ တဝီဝီနဲ့ ဆူညံနေလို့ အိပ်လို့တောင်မရဘူး... ငါ သိတာတော့ နေရာတစ်ခုရှာပြီး အဲ့တာကို လွှင့်ပစ်ချင်တာပဲ"
"......"
စူးဝမ်ချင်း ဆွံ့အသွားပြီး ခဏတာမျှ ဘာပြောရမှန်း မသိဖြစ်သွားသည်။
ပြင်ပလောက မိစ္ဆာလှေကြီး၏ လမ်းညွှန်မှတ်တိုင်ကို ကြားဖြတ်ရယူနိုင်ခြင်းသည် မည်သည့် ကျင့်ကြံခြင်းဂိုဏ်းတွင်မဆို အမြင့်ဆုံးလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ရန်လုံလောက်ပြီး သွေးထွက်သံယိုတိုက်ပွဲများကိုပင် ဖြစ်ပေါ်စေနိုင်သော အမြင့်ဆုံးရတနာဖြစ်သည်။
သို့သော် ဤအိမ်ရှေ့စံမင်းသားကမူ ၎င်းကို...
' ဆူညံသတဲ့လား ပြီးတော့ အမှိုက်လို လွှင့်ပစ်ချင်နေသေးတယ် ....'
သူမ၏ ဉာဏ်ကောင်းလှသော ဦးနှောက်ကြီးပင် ဤအခိုက်အတန့်တွင် လုံးဝ ရပ်တန့်သွားသည်။ တောင်အောက်တွင် "အချောင်ခိုသူ ကိုယ်ရံတော်တပ်" မှ လူငယ်တစ်ရာကျော်သည် သူတော်စင်တောင်ထိပ်တွင် ဖြစ်ပျက်ခဲ့သမျှကို ကိုယ်တိုင်မျက်မြင် တွေ့ရှိခဲ့ကြသည်။
"အားလုံး မြင်လိုက်ကြလား...အိမ်ရှေ့စံမင်းသားက တစ်ချိန်လုံး အေးဆေးတည်ငြိမ်နေတာပဲ"
"ဟုတ်တယ်....ဒီလောက် ကြီးမားတဲ့ ကောင်းကင်ဘုံရဲ့ အာဏာစက်ကြီးကို ရင်ဆိုင်ရတာတောင် အိမ်ရှေ့စံမင်းသားက ခါးထောက်ပြီးတော့တောင် ရပ်နေသေးတယ်၊ အဲဒီလို တည်ငြိမ်မှုမျိုးကို ငါတို့ မြင်းနဲ့လိုက်ရင်တောင် မီမှာမဟုတ်ဘူး"
"ငါသဘောပေါက်ပြီ... အိမ်ရှေ့စံမင်းသားရဲ့ အစွမ်းထက်မှုက သိုင်းကွက်တွေမှာမဟုတ်ဘဲ သူ့ရဲ့ စိတ်သဘောထားပဲ...အဲဒီ "များများလုပ်တာထက် နည်းနည်းလုပ်တာက ပိုကောင်းတယ်" ဆိုတဲ့ ပျင်းရိမှုကပဲ အန္တရာယ်အားလုံးကို ရင်ဆိုင်ဖို့ အမြင့်ဆုံး စိတ်စွမ်းအားကျင့်စဉ်ပဲ"
ဤသို့ဖြင့် "အချောင်ခိုသူ ကိုယ်ရံတော်တပ်"မှ အဖွဲ့ဝင်များသည် သူတို့၏ အိုင်ဒေါကို ကိုယ်တိုင် စတင် အတုယူကြတော့သည်။
ထိုစဉ် ထူးဆန်းသောကိစ္စတစ်ခု ဖြစ်ပေါ်လာ၏။ သူတို့သည် ဤသို့ လုံးဝ ပြေလျော့ပြီး "ပေါ့ပေါ့ပါးပါး" အခြေအနေထဲသို့ ဝငိရောက်သွားသည်နှင့် ဤသန့်စင်ထားသော ကမ္ဘာကြီးနှင့် သူတို့၏ အာရုံခံစားမှုသည် အရင်ကထက် ပိုရှင်းလင်းလာသည်ကို မထင်မှတ်ဘဲ တွေ့ရှိသွားကြသည်။
တစ်ခဏအတွင်းမှာပင် သူတော်စင်တောင်၏ အောက်ခြေတွင် ဟိုတစ်ယောက် ဒီတစ်ယောက် လှဲလျောင်းနေကြပြီး အလွန်ခမ်းနားလှသော "အုပ်စုလိုက် အချောင်ခိုခြင်း" မြင်ကွင်းကြီးကို ဖန်တီးနေလေ၏။
ထိုအချိန်တွင် ဟေးမုလူမျိုးစုခေါင်းဆောင်သည် လူမျိုးစုတစ်ခုလုံးကို ဦးဆောင်ကာ ခြေတစ်လှမ်း လှမ်းတိုင်း တစ်ခါဦးချလျက် ရိုသေကိုင်းရှိုင်းစွာဖြင့် တောင်ထိပ်သို့ တက်လာခဲ့သည်။
"အပြစ်သား ဟေးမုစန်း..အိမ်ရှေ့စံမင်းသားကို အရိုအသေပေးပါတယ်၊ တောင်စောင့်နတ်ကို ကာကွယ်ပေးသူကို အရိုအသေပေးပါတယ်"
လူမျိုးစုခေါင်းဆောင်မှာ စိတ်လှုပ်ရှားလွန်း၍ မျက်ရည်များပင် စီးကျလာပြီး ရှောင်ရှန်းကို မြေကြီးပေါ်တွင် ဝပ်တွားလျက် ကန်တော့လေ၏။
"အိမ်ရှေ့စံမင်းသားက ငါတို့လူမျိုးစုရဲ့ သူတော်စင်တောင်အတွက် ခုလို သန့်စင်ပေးခဲ့တာ....ဒီလို ဒုတိယအသက်ကို ပေးတဲ့ ကျေးဇူးတရားကို ဟေးမုလူမျိုးစုတစ်ခုလုံး ထာဝရမေ့မှာ မဟုတ်ပါဘူး"
လူမျိုးစုခေါင်းဆောင်က ရှေးဟောင်းသစ်သားသေတ္တာလေးတစ်လုံးကို လက်နှစ်ဖက်ဖြင့် မြှောက်ကိုင်ကာ ပေးကမ်းလာသည်။
"ဒါက ကျွန်တော်တို့လူမျိုးစု ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ အမြင့်ဆုံးရတနာ—စိတ်ငြိမ်ကျောက်တုံးပါ...တောင်စောင့်နတ်ရဲ့ နှလုံးသားတစ်စိတ်တစ်ပိုင်းလို့ ဆိုကြပြီး ကိုယ်ပေါ်မှာဆောင်ထားရင် စိတ်ကိုတည်ငြိမ်စေပြီး ပြင်ပက မကောင်းဆိုးဝါးအနှောင့်အယှက်တွေအားလုံးကို တားဆီးပေးနိုင်ပါတယ်"
လာပြန်ပြီလား ကျောက်တုံး...
ရှောင်ရှန်းသည် မူလက သိပ်စိတ်မဝင်စားသော်လည်း "စိတ်ကို တည်ငြိမ်စေပြီး အနှောင့်အယှက်တွေကို တားဆီးပေးတယ်" ဟူသော စကားကို ကြားလိုက်ရသဖြင့် သူ၏မျက်လုံးများမှာ ချက်ချင်းလက်ငင်း တောက်ပသွားသည်။
သူသည် သစ်သားသေတ္တာကို ယူဖွင့်ကြည့်လိုက်ရာ အထဲတွင် လက်မအရွယ်အစားခန့်သာရှိပြီး တစ်ခုလုံးမည်းနက်နေကာ သာမန်ကြည့်လျှင် မထင်ရှားသော ကျောက်စရစ်ခဲလေးတစ်လုံး ရှိနေသည်။
သူသည် စမ်းသပ်သည့်အနေဖြင့် ကျောက်တုံးကို လက်ဖဝါးထဲတွင် ဆုပ်ကိုင်လိုက်သည်။ အေးမြပြီး နူးညံ့သော အထိအတွေ့ တစ်ခုကို ခံစားလိုက်ရပြီး တစ်ခဏအတွင်းမှာပင် သူ၏ဦးနှောက်ထဲရှိ တဝီဝီမြည်နေသော "ကွေ့ရွှီး" ကြယ်တာရာမြေပုံသည် အသံပိတ်ခလုတ်ကို နှိပ်လိုက်သကဲ့သို့ ဆူညံသံများအားလုံး ချက်ချင်းဆိုသလို ရပ်တန့်သွားသည်။
ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ရှောင်ရှန်း တစ်ယောက် သက်တောင့်သက်သာရှိလွန်းသဖြင့် ညည်းတွားသံပင်ထွက်မတတ်ဖြစ်သွားသည်။
တကယ့်ကို ရတနာကောင်းပဲ...
ဘေးနားရှိ စူးဝမ်ချင်းက လေးနက်စွာဖြင့် ပြောလိုက်သည်။
"အိမ်ရှေ့စံမင်းသား၊ ဒီ 'ကွေ့ရွှီး လမ်းညွှန်' က လုံးဝသာမန်အရာမဟုတ်ဘူး... အလုံခြုံဆုံးနေရာတစ်ခုကို အမြန်ရှာပြီး အဲ့တာကို အပြတ်အသတ် ချိတ်ပိတ်ထားဖို့ ဒါမှမဟုတ် ဖျက်ဆီးပစ်ဖို့ လိုတယ်"
ရှောင်ရှန်းတစ်ယောက် ဤစကားကို ကြားသည်နှင့် ၎င်းကိုလွှင့်ပစ်ရန် ဆုံးဖြတ်ချက်သည် ပို၍ပင် ခိုင်မာသွားသည်။
"အလုံခြုံဆုံးနေရာ ဟုတ်လား.. ဒီအရာကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ နေရာမျိုးလား"
ရှောင်ရှန်း ကိုယ့်မေးစေ့ကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။ သူသည် ချက်ချင်းလက်ငင်း ဆုံးဖြတ်ချက်ချလိုက်ပြီး ချောင်းတစ်ချက်ဟန့်ကာ ချန်ချင်းတို့ကို လေးနက်စွာဖြင့် ကြေညာလိုက်သည်။
"စစ်သူကြီး ချန်၊ အမိန့်ပေးလိုက်"
"ကျွန်တော်မျိုး ရှိပါတယ်"
"ငါကိုယ်တော် မနေ့ညက စိတ်ဝိညာဉ်လွင့်ပြီး ကောင်းကင်ကို လေ့လာကြည့်တော့၊ ဘိုးဘေးဧကရာဇ်မင်းရဲ့ လမ်းညွှန်မှုအရ တောင်ဘက်မှာ ဖုန်းရွှေကောင်းတဲ့ နေရာတစ်ခုကို တွေ့ခဲ့တယ်...သဘာဝစွမ်းအင်တွေ ပြည့်ဝနေပြီး ငါကိုယ်တော်... အနားယူဖို့ အသင့်တော်ဆုံးပဲ"
သူက ခေတ္တရပ်လိုက်ပြီး တောင်ဘက်ကောင်းကင်ယံကို လက်ညှိုးထိုးပြလိုက်သည်။
"တပ်မကြီး ချီတက်စို့... ပစ်မှတ်... ဖုန်းရွှေကောင်းတဲ့နေရာ"
ချန်ချင်းနှင့် ယဲ့လင်ရွှမ်းတို့လည်း စိတ်ဓာတ်တက်ကြွသွားကြသည်။
'အိမ်ရှေ့စံမင်းသား ထပ်ပြီးလှုပ်ရှားတော့မယ်..'
စူးဝမ်ချင်း တစ်ယောက်တည်းကသာ ရှောင်ရှန်းပြောသော "တောင်ဘက်" ဟူသည့် စကားလုံးနှစ်လုံးကို ကြားလိုက်ရချိန်တွင် ရင်ထဲ၌ ဒိန်းခနဲဖြစ်သွားသည်။
ဒဏ္ဍာရီလာ နေရာအမည်တစ်ခုက သူမ၏ ဦးနှောက်ထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပေါ်ထွက်လာသည်။
၎င်း၏အမည်မှာ—"ရှောင်ဝမ့်ချွမ်း"(မေ့လျော့ခြင်းမြစ်ငယ်) ပင်တည်း။