အခန်း ၂၅၁
Vol. 26 Ch. 251
အခန်း (၂၅၁) - တောင်းပန်ပါတယ်၊ ငါက ပြဿနာလာရှာတာ
ဧည့်ကြိုတမန် အဘိုးအို၏ ပါးစပ်မှ သွေးများစီးကျနေသာ်လည်း ၊ သူ၏ မျက်နှာပေါ်တွင် အမုန်းတရား နှင့် ဝမ်းသာမှုများ ရောယှက်နေသော ရက်စက်သည့် အပြုံးတစ်ခု ထင်ဟပ်လာ၏။
အရေးပေါ် အချက်ပြ သင်္ကေတ ပေးပို့ပြီးနောက် ဆယ်စက္ကန့်မျှပင် မကြာမီ၊ တောင်ကြား အထက်ရှိ ဟင်းလင်းပြင်သည် ပြင်းထန်စွာ ပုံပျက်လာပြီး၊ ထို့နောက် အလွန် ထက်မြက်သော စွမ်းအားတစ်ခုက ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ အနက်ရောင် အပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာစေသည်။
အထဲမှ လူရိပ် သုံးခု ခြေလှမ်းထွက်လာသည်နှင့် ကြီးမားသော ဖိအားများက တောင်ကြီးတစ်လုံးကဲ့သို့ ကျဆင်းလာရာ ၊ ယခုလေးတင်မှ အသိစိတ် ပြန်လည် ရရှိလာသော လူငယ် ကျင့်ကြံသူများကို ထပ်မံ၍ တုန်ယင်သွားစေသည်။
ရောက်လာသူများသည် တူညီသော အဖြူရောင် ဝတ်ရုံများကို ဝတ်ဆင်ထားပြီး၊ လည်ပင်းနှင့် လက်ကောက်ဝတ်များတွင် မိုးတိမ်ပုံစံ မှင်ကြောင်ထိုးထားကာ ဤယိုယွင်းနေသော တောင်ကြားနှင့် လုံးဝ မအပ်စပ်သည့် အမတအရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
ဦးဆောင်သူ လူငယ် ကျင့်ကြံသူမှ။ ချောမောသော မျက်နှာထားရှိပြီး အေးစက်သော အမူအရာ ရှိကာ၊ ရှေးဟောင်း ကြေးဝါ အမိန့်ပြား တစ်ခုကို ကိုင်ဆောင်ထားသည်။ အမိန့်ပြား၏ အရှေ့ဘက်တွင် နဂါးနှင့် ဖီးနစ်များ ပျံသန်းနေသည့်အလား လှပသော ရှေးဟောင်း စာလုံး နှစ်လုံးကို ထွင်းထုထားသည် - အမတမဟာမိတ်အဖွဲ့။
သူတို့သည် အမတမဟာမိတ်အဖွဲ့၏ ဥပဒေ စိုးမိုးရေး အဖွဲ့ဖြစ်သည်။
"ဘယ်သူက ဒီမှာ လာရိုင်းစိုင်းနေတာလဲ"
ဦးဆောင်သူ လူငယ်က တစ်နေရာလုံးကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ ဧည့်ကြိုတမန်သည် ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ကုန်းရုန်းပြေးသွားပြီး ရှောင်ရှန်းတို့ကို လက်ညှိုးထိုးကာ သနားစရာကောင်းသော အသံဖြင့် တိုင်ကြားလေ၏။
"ခေါင်းဆောင် လင်၊ ခင်ဗျား ရောက်လာတာ အတော်ပဲ...ဒီ မိစ္ဆာလမ်းစဉ်က လူယုတ်မာတွေက ငါတို့ အမတမဟာမိတ်အဖွဲ့ရဲ့ စမ်းသပ်မှု နယ်မြေထဲကို အတင်း ဝင်လာပြီး၊ ဘာစကားမှ မပြောဘဲ 'အရည်အချင်း ပြုစုပျိုးထောင်ရေး အစီအရင်' ကို ဖျက်ဆီးပစ်လိုက်တယ်"
" သူတို့ရဲ့ ရည်ရွယ်ချက်က ယုတ်မာပြီး ငါတို့ရဲ့ အခြေခံအုတ်မြစ်ကို ထိခိုက်စေဖို့နဲ့ ဒီကမ္ဘာမြေရဲ့ ငြိမ်းချမ်းရေးကို တုန်လှုပ်စေဖို့ ကြံစည်နေတာ သေချာတယ်"
သူ၏ စကားများက အဖြူအမည်းကို ပြောင်းပြန်လှန်ပစ်လိုက်ပြီး၊ သူ့ကိုယ်သူ ဂိုဏ်းကို သစ္စာရှိရှိ ကာကွယ်သော သားကောင်အဖြစ် ပုံဖော်လိုက်သည်။
သို့သော် ချန်ချင်း၏ အနောက်တွင် ရှိနေသော ယဲ့လင်ရွှမ်း၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားခဲ့သည်။ ဓားကိုင်ထားသော သူမ၏ လက်မှာ အနည်းငယ် တုန်ယင်နေသည်။ ကြောက်ရွံ့မှုကြောင့် မဟုတ်ဘဲ မယုံကြည်နိုင်မှုကြောင့် ဖြစ်သည်။
သူမသည် တစ်ဖက်အဖွဲ့၏ ခေါင်းဆောင် ၊ ထိုရင်းနှီးနေသော မျက်နှာကို မြင်လိုက်ရသဖြင့် သူမ တစ်ကိုယ်လုံး အေးစက်သွားခဲ့သည်။
လင်ထျန်းယွီ...သူမ၏ ဂိုဏ်းတွင် နှစ်တစ်ရာအတွင်း တစ်ကြိမ်သာ ပေါ်ထွန်းလာခဲ့သော ပါရမီရှင်တစ်ဦး ဖြစ်ပြီး၊ လွန်ခဲ့သော ငါးနှစ်က ရွေးချယ်ခံရကာ အမတဂိုဏ်းသို့ ဝင်ရောက် ကျင့်ကြံခွင့် ရရှိခဲ့သော သူမ၏ ဂိုဏ်းတူ အစ်ကိုကြီးပင်။
"ဂိုဏ်းတူ အစ်ကိုကြီး..."
သူမ၏ မသိစိတ်မှ ခေါ်လိုက်မိသည်။
လင်ထျန်းယွီ၏ အကြည့်က ယဲ့လင်ရွှမ်းအပေါ်သို့ ကျရောက်သွားချိန် သတိမထားမိလောက်အောင် အနည်းငယ် လှုပ်ခတ်သွားသော်လည်း၊ ချက်ချင်းပင် အေးစက်သော လျစ်လျူရှုမှုဖြင့် အစားထိုးလိုက်သည်။
"ဂိုဏ်းတူ ညီမလေး ယဲ့...မင်းက ဘယ်လိုလုပ်ပြီး ဒီလို လူယုတ်မာတွေနဲ့ ရောနှောနေတာလဲ၊ မြန်မြန် ဒီကို လာခဲ့...သူတို့နဲ့ အဆက်အသွယ် ဖြတ်လိုက်"
သူ၏ လေသံတွင် အတိတ်က သံယောဇဉ် အနည်းငယ်မျှ မပါဝင်ဘဲ၊ အထက်စီးမှ ကြည့်ရှုမှုနှင့် ငြင်းဆို၍မရသော အမိန့်ပေးမှုသာ ပါဝင်သည်။
ယဲ့လင်ရွှမ်း၏ ရင်ထဲတွင် တုန်လှုပ်နေမိသည်။ မျက်စိရှေ့မှ ဤလူသည် အတိတ်က သူမကို ဓားရေး သင်ကြားပေးခဲ့သော စိတ်သဘောထားကောင်းသူ ဂိုဏ်းတူ အစ်ကိုကြီး မဟုတ်တော့ပေ။ အမတဂိုဏ်းသည် သူ့ကို အခြားပုံစံတစ်မျိုး အဖြစ် ပြောင်းလဲပစ်လိုက်ပုံရသည်။
လင်ထျန်းယွီသည် သူမကို ဆက်မကြည့်တော့ဘဲ တရားစီရင်မည့် အကြည့်များကို ပြဿနာ၏ အဓိက တရားခံ—အရိုးနဂါး ခေါင်းပေါ်တွင် ပျင်းရိပျင်းတွဲ မှီထိုင်နေပြီး သူ့ကိစ္စ မဟုတ်သည့်အတိုင်း ရှိနေသော လူငယ်လေးအပေါ်သို့ ပို့လွှတ်လိုက်သည်။
"မင်း အစီအရင်ကို ဖျက်ဆီးခဲ့တာလား"
သူက အေးစက်စွာ မေးလိုက်သည်။
ရှောင်ရှန်းသည် ပျင်းရိပျင်းတွဲ သမ်းဝေလိုက်ရင်း အရိုးနဂါးပေါ်မှ လျှောဆင်းလာကာ ဖင်ပေါ်မှ ဖုန်များကို ခါချလိုက်သည်။ ထို့နောက် သူသည် အာဟာရပြတ်လပ်ပြီး မျက်လုံးများ ဟာလာဟင်းလင်း ဖြစ်နေသော ထို "ညလုံးပေါက် လောင်းကစားဝိုင်း ထိုင်နေကြသူ ကျင့်ကြံသူ" များကို လက်ညှိုးထိုးပြကာ ပြောဆိုလိုက်၏။
" သူတို့တွေကို ကြည့်ရတာ မျက်ကွင်းတွေ ညိုပြီး အစာငတ်သေတော့မယ်... ကြည့်လိုက်တာနဲ့ ပိုက်ဆံကုန်နေပြီဆိုတာ သိသာလို့ သူတို့ကို ထမင်းလေး တစ်နပ် ကျွေးပြီး အချိန်လေး ထပ်တိုးပေးလိုက်ရုံပါပဲ"
သူသည် လက်နှစ်ဖက်ကို ဖြန့်ကာ အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် လင်ထျန်းယွီကို ကြည့်ကာ ပြန်မေးလိုက်သည်။
"ဘာလဲ၊ မင်းတို့ အမတဂိုဏ်းရဲ့ အစားအသောက်တွေက အဲဒီလောက်တောင် ဆိုးရွာနေလို့လား... ကလေးတွေကို ဒီလောက်တောင် ငတ်ပြတ်သွားအောင် လုပ်ထားတာ၊ လူမဆန်လွန်းဘူးလား"
"......"
တောင်ကြား တစ်ခုလုံး တိတ်ဆိတ်သွားသည်။
လင်ထျန်းယွီ၏ အနောက်တွင် ရှိနေသော ဥပဒေ စိုးမိုးရေး အဖွဲ့ဝင် နှစ်ဦးမှာ နှုတ်ခမ်းများ မသိမသာ တွန့်ကွေးသွားပြီး ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။
လင်ထျန်းယွီ၏ မျက်နှာမှာ လုံးဝ မည်းနက်နေ၏။
'လူတွေကို လှည့်စားနေတာ....အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေတာပဲ...ဒီလောက်ထိ ယုတ္တိမဲ့တဲ့ ဆင်ခြေမျိုးကို သူ တစ်ခါမှ မမြင်ဖူးဘူး...'
"အဓိပ္ပာယ်မရှိတာတွေ"
လင်ထျန်းယွီက ဒေါသတကြီး အော်လိုက်သည်။
"ငါတို့ အမတဂိုဏ်းရဲ့ အရေးကြီးတဲ့ နေရာကို ဖျက်ဆီးပြီးတာတောင် လာပြီး စကားတတ်နေသေးတယ်၊ သူ့ကို ဖမ်းလိုက်"
ထိုစဉ် ၊ စူးဝမ်ချင်း၏ အေးစက်သော စကားသံကို ကြားလိုက်ရပြီး တရားမျှတမှုဟု ထင်ရသော ဤဒေါသမီးတောက်ကို ရေခဲရေ တစ်ဇလုံ လောင်းချလိုက်သကဲ့သို့ ဖြစ်သွားစေသည်။
"ဒါက ဘာ 'အရည်အချင်း ပြုစုပျိုးထောင်ရေး အစီအရင်' မှ မဟုတ်ဘူး"
သူမ ဖြည်းညင်းစွာ ရှေ့တိုးလာပြီး လင်ထျန်းယွီကို ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိဘဲ စိုက်ကြည့်လိုက်သည်။
"ဒါက သာမန်လူတွေရဲ့ ပါရမီနဲ့ ကံကြမ္မာတွေကို လုယူတဲ့ 'အသက်ခိုးယူခြင်း ယုတ်မာတဲ့ အစီအရင်' ပဲ.. အမတဂိုဏ်းရဲ့ စမ်းသပ်မှုဆိုတဲ့ ခေါင်းစဉ်ကို သုံးပြီး ပါရမီပါတဲ့ လူငယ်တွေကို ဒီနေရာကို လာအောင် လှည့်စားတယ်၊ ပြီးတော့ ဒီအစီအရင်ကို သုံးပြီး သူတို့ကို ပိတ်လှောင်ထားတယ် ...နေ့ရောညပါ အနားမပေးဘဲ သူတို့ရဲ့ ခွန်အား၊ စိတ်ဝိညာဉ်နဲ့ ပါရမီ ကံကြမ္မာတွေကို စုပ်ယူပြီး တစ်ချို့လူတွေ ကျင့်ကြံဖို့အတွက် ထောက်ပံ့ပေးနေတာပဲ"
စူးဝမ်ချင်၏ အသံသည် မကျယ်လောင်သော်လည်း စကားလုံးတိုင်းက ရင်ကို စူးနစ်စေသည်။
"အဓိပ္ပာယ်မရှိတာတွေ"
ဧည့်ကြိုတမန်က စူးရှသော အသံဖြင့် ပြန်လည် ချေပလိုက်သည်။
"မင်းမှာ ဘာသက်သေ ရှိလို့လဲ"
"သက်သေ ဟုတ်လား"
စူးဝမ်ချင်းသည် မဲ့ပြုံးပြုံးကာ ရှောင်ရှန်း၏ "ပိုက်ဆံဖြည့်ခြင်း" ကြောင့် ပေါက်ကွဲသွားသော အစီအရင် ကျောက်ပြား အပျက်အစီးများဆီသို့ လက်ညှိုးထိုးပြလိုက်သည်။
"သက်သေက... အဲဒီအောက်မှာ ရှိမနေဘူးလား"
လူတိုင်း၏ အကြည့်များက ထိုနေရာသို့ တပြိုင်နက်တည်း ရောက်ရှိသွားကြသည်။ ပေါက်ကွဲသွားသော ကျောက်ပြား အပိုင်းအစများအောက်တွင် အနက်ရောင် မြေကြီးများ လန်ထွက်နေပြီး၊ ပေါ်လာသည်မှာ အစီအရင်၏ အခြေခံ ကျောက်တုံးများ မဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းသော အရိုးဖြူ အပိုင်းအစများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ချန်ချင်း ရှေ့တိုးသွားကာ ကြီးမားသာ ကျောက်တုံး အပိုင်းအစ တစ်ခုကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ရာ ၊ အလွန်များပြားသော အရိုးစုများသည် နေရောင်အောက်တွင် ပေါ်ထွက်လာလေ၏။
၎င်းတို့သည် အလွှာလိုက် အလွှာလိုက် ရှိနေပြီး မည်မျှများပြားသော လူငယ်များ၏ အရိုးစုများကို မြှုပ်နှံထားမှန်း မသိနိုင်တော့ပေ။ အရိုးစုတိုင်းသည် တင်ပျဉ်ခွေ ထိုင်နေသည့် ပုံစံအတိုင်း ရှိနေပြီး၊ သူတို့၏ အသက်စွမ်းအင်များ အစုပ်ခံရပြီး သေဆုံးသွားသည့် နောက်ဆုံးအချိန်အထိ သူတို့သည် အမြင့်ဆုံး ကျင့်ကြံမှုများကို လုပ်ဆောင်နေသည်ဟု ထင်မှတ်နေခဲ့ကြပုံရသည်။
ခိုင်လုံသော သက်သေအထောက်အထားများ ပေါ်လာခဲ့ချေပြီ။ လင်ထျန်းယွီ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားသည်။
သူ့အနောက်က ဥပဒေ စိုးမိုးရေး အဖွဲ့ဝင် နှစ်ဦးသည်လည်း အံ့ဩတုန်လှုပ်သွားကြသည်။ စမ်းသပ်မှု နယ်မြေနှင့် ပတ်သက်သည့် အမှောင်သတင်းအချို့ကို သူတို့ မကြားဖူးသည်တော့ မဟုတ်ပေ။ သို့သော် ဤမျှ များပြားသော အရိုးဖြူများကို ကိုယ်တိုင် မြင်တွေ့လိုက်ရခြင်း၏ ရိုက်ခတ်မှုသည် စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် ကြီးမားပေသည်။
"ဒါ... ဒါ မဖြစ်နိုင်ဘူး..."
လင်ထျန်းယွီတစ်ယောက် နှုတ်ခမ်းများပင် တုန်ယင်နေသော်လည်း အတင်းငြင်းဆန်နေဆဲပင်။
"ဒါက သေချာပေါက် ဒီလူယုတ်မာတွေက အမတဂိုဏ်းကို အသရေဖျက်ဖို့ ဖန်တီးထားတဲ့ မျက်လှည့် ပညာတွေပဲ"
ဤကိစ္စသာ အတည်ဖြစ်သွားပါက အမတဂိုဏ်း၏ ဂုဏ်သိက္ခာကို တုန်လှုပ်စေမည့် ကြီးမားသော အရှုပ်တော်ပုံကြီး ဖြစ်လာမည်ကို သူ သိသည်။ မည်သို့ပင်ဖြစ်စေ၊ သတင်းကို ပိတ်ဆို့ရန် ဤလူများကို အရင်ဆုံး ဖမ်းဆီးရမည် ဖြစ်သည်။
"ခေါင်းမာလိုက်တာ"
လင်ထျန်းယွီ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ လှစ်ဟသွားပြီး ဆက်မပြောတော့ပေ။ သူ၏ မှော်လက်နက်ဖြစ်သော အပြာရောင် အလင်းများ တောက်ပနေသည့် ဓားပျံတစ်လက်ကို ချက်ချင်း ထုတ်ယူလိုက်သည်။
ဓားပျံသည် "ဝီ" ဟူသော အသံနှင့်အတူ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှောင်ရှန်းဆီသို့ တိုက်ရိုက် ပြေးဝင်လာ၏။
သူ့အနေဖြင့် ဤအရာအားလုံး၏ အဓိက တရားခံကို အရင်ဆုံး ခုတ်သတ်ရပေမည်။ ရှောင်ရှန်းသည် အရှိန်ပြင်းပြင်း ပြေးဝင်လာသော ထိုဓားပျံကို ကြည့်ရင်း စိတ်ရှုပ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
'ဘာလို့ ထပ်တိုက်ကြပြန်ပြီလဲ... ဒီလူတွေက လူကို အေးအေးဆေးဆေး နေခွင့် မပေးနိုင်ဘူးလား..'
သူသည် ဘေးနားက အရိုးနဂါး "အရိုးအိုကြီး" ကို စိတ်မရှည်စွာဖြင့် လက်ယမ်းပြလိုက်သည်။
"အရိုးအိုကြီး...ယင်ကောင် ရှိတယ်၊ တစ်ချက် မှုတ်လိုက်"
"ဝုန်း—"
အရိုးနဂါး "အရိုးအိုကြီး" သည် ဤစကားကို စောင့်နေပုံရသည်။ ၎င်း၏ ဧရာမ ခေါင်းကြီးသည် ရုတ်တရက် မော့တက်လာပြီး သူ၏ ဧရာမ ပါးစပ်ကြီးကို ဟလိုက်သည်။
သေခြင်းတရား၏ အငွေ့အသက်များ၊ နဂါးသွေးကြော စွမ်းအားများနှင့် "ကွေ့ရွှီး" လမ်းညွှန်၏ နိယာမ အပိုင်းအစ အနည်းငယ်တို့ ပေါင်းစပ်ထားသော ထူးဆန်းသည့် နဂါးအသက်ရှူငွေ့ တစ်ခုက ချက်ချင်းဆိုသလို ပုံပေါ်လာသည်။
ထိုနဂါးအသက်ရှူငွေ့သည် မင်ရည်ကဲ့သို့ မည်းနက်နေပြီး၊ ယင်း၌ အာဏာရှင်ဆန်ပြီး သေခြင်းတရားကို ဖော်ဆောင်သော ကြောက်ခမမ်းလိလိ အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
နောက်အခိုက်တန့်တွင် ၊ နဂါးအသက်ရှူငွေ့သည် ဝုန်းခနဲ့ ပေါက်ကွဲထွက်ပေါ်လာ၏။
လင်ထျန်းယွီ၏ ဂုဏ်ယူရသော မှော်လက်နက် ဓားပျံသည် ၎င်းနှင့် အထိတွင်၊ ဓားကိုယ်ထည်ပေါ်ရှိ အပြာရောင် အလင်းမှာ လေတိုက်ခံရသော ဖယောင်းတိုင်မီးကဲ့သို့ ပြင်းထန်စွာ အကြိမ်အနည်းငယ် လင်းလက်သွားပြီးနောက် လုံးဝ ဝါးမြိုခံလိုက်ရသည်။
"ဖူး!"
ဓားပျံ၏ အလင်းရောင် မှေးမှိန်သွားပြီး ညည်းတွားသံနှင့်အတူ နောက်သို့ လွင့်စင်သွားကာ လင်ထျန်းယွီ၏ ရင်ဘတ်ကို ပြင်းထန်စွာ ဝင်တိုက်ခဲ့သည်။
လင်ထျန်းယွီမှာ သွေးအန်ချလိုက်ရပြီး၊ သူတစ်ကိုယ်လုံး နောက်သို့ ပေပေါင်းများစွာ လွင့်ထွက်သွားကာ မြေကြီးပေါ်တွင် ကြီးမားသော တွင်းကြီးတစ်ခု ဖြစ်သွားသည်အထိ ပြုတ်ကျသွားသည်။
ထိုနဂါးအသက်ရှူငွေ့၏ အရှိန်သည် လျော့ကျမသွားဘဲ အခြား ဥပဒေ စိုးမိုးရေး အဖွဲ့ဝင် နှစ်ဦးပေါ်တွင်လည်း သက်ရောက်မှုရှိခဲ့သည်။
တစ်ချက်တည်းဖြင့် အနိုင်အရှုံး ရလဒ်မှာ သိသာသွားသည်။ ထိုဥပဒေ စိုးမိုးရေး အဖွဲ့ဝင် နှစ်ဦးစလုံး နေရာမှာပင် တောင့်တင်းနေပြီး၊ ချွေးအေးများ ချက်ချင်း ထွက်လာကာ ကျောပြင်တစ်ခုလုံး စိုရွှဲသွားသည်။ မျက်နှာထက်တွင် သေဘေးမှ လွတ်မြောက်လာခြင်း၏ မယုံကြည်နိုင်မှုများ အပြည့် ရှိနေ၏။
ဤသည်မှာ သူတို့ နားလည်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေသည်။
တောင်ကြားထဲတွင် ထပ်မံ၍ တိတ်ဆိတ်သွားပြန်သည်။
ရှောင်ရှန်းသည် အရေးမပါသော ကိစ္စလေး တစ်ခုကို လုပ်ခဲ့သကဲ့သို့ လက်ခုပ်တီးလိုက်သည်။ ထို့နောက် ကြက်သေ သေနေသော ထို ဥပဒေ စိုးမိုးရေး အဖွဲ့ဝင် နှစ်ဦးရှေ့သို့ လမ်းလျှောက်သွားပြီး အထက်အောက် အကဲခတ်ကြည့်ကာ ဆိုလေ၏။
"မြင်ပြီလား"
သူက မြေတွင်းထဲတွင် အချိန်အကြာကြီး မထနိုင်သေးသော လင်ထျန်းယွီကို မေးငေါ့ပြလိုက်သည်။
"ဘယ်အဖွဲ့အစည်းမဆို လက်အောက်ငယ်သားတွေပဲ အချိန်ပိုဆင်းရတာ... ပြဿနာတစ်ခုခု ဖြစ်ရင် ခေါင်းဆောင်က ဘယ်သူ့ထက်မဆို ပိုမြန်မြန် ပြေးတယ်၊ နောက်ဆုံးတော့ မင်းတို့ပဲ တာဝန်ယူရမှာ"
သူသည် စကားကို ခေတ္တရပ်လိုက်ပြီး အလွန် ဖော်ရွေသော အပြုံးဖြင့် ။
"အဲဒီအစား အလုပ်ပြောင်းပြီး ငါကိုယ်တော့်နောက် လိုက်ခဲ့တာ ပိုကောင်းမယ်... အာမခံငါးမျိုးနဲ့ အငြိမ်းစားရန်ပုံငွေလည်း ပါမယ်၊ စားစရိတ် နေစရိတ် အငြိမ်းပဲ ..နေ့တိုင်းလည်း ကြိုက်တဲ့အချိန် အိပ်လို့ရမယ် ...ဘယ်လိုလဲ၊ စဉ်းစားကြည့်ပါဦး"
"......"
နှစ်ယောက်သား ရှုပ်ထွေးစွာဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။
'ဒါက ဘယ်လိုတောင်လဲ... သူတို့ ခေါင်းဆောင်ရဲ့ ရှေ့မှာတင် အရှက်မရှိ လူလုနေတာလား'
သို့သော် "နေ့တိုင်းလည်း ကြိုက်တဲ့အချိန် အိပ်လို့ရမယ်" ဆိုသော စကားက သေလောက်အောင် ဆွဲဆောင်မှု ရှိနေပြီး၊ သူတို့ကို အရှက်မဲ့စွာဖြင့် စိတ်ဝင်စားသွားစေခဲ့သည်ကိုတော့ ဝန်ခံရပေလိမ့်မည်။
"မင်း... မင်း ရဲတင်းလိုက်တာ"
လင်ထျန်းယွီ တစ်ယောက် ရုန်းကန်ကာ ထလာပြီး ၊ ရှောင်ရှန်း၏ စကားကို ကြားလိုက်ရသဖြင့် ဒေါသထွက်လွန်း၍ သွေးများ ထပ်အန်ချလိုက်ရပြန်သည်။
'လူပုံအလယ်မှာ တစ်ကွက်တည်းနဲ့ အနိုင်ယူခံလိုက်ရရုံတင် မကဘူး၊ ကိုယ့်မျက်စိအောက်မှာတင် လူပါ အလုခံရသေးတယ်...သူ လင်ထျန်းယွီ အမတဂိုဏ်းရဲ့ ဥပဒေ စိုးမိုးရေး အဖွဲ့ခေါင်းဆောင် အနေနဲ့ ဒီလို အရှက်ခွဲခံရတာမျိုး ဘယ်တုန်းက ကြုံဖူးလို့လဲ'
အမျက်ဒေါသနှင့် အမုန်းတရားများက သူ၏ အသိစိတ်ကို ဖုံးလွှမ်းသွားလေ၏။
"မင်း ငါ့ကို အတင်းအကျပ် လုပ်တာပဲ"
သူသည် ရင်ဘက်ထဲမှ အရေးပေါ် အချက်ပြ သင်္ကေတနှင့် ကွဲပြားခြားနားသော ရွှေရောင် အဆောင် တစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းပေါ်တွင် ရွှေရောင် အလင်းများ စီးဆင်းနေပြီး၊ သူ၏ ကျင့်ကြံမှုထက် အဆပေါင်းများစွာ သာလွန်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
ထို့နောက် သူသည် ကျယ်လောင်စွာဖြင့် ရွတ်ဆိုလိုက်သည်။
"တပည့် လင်ထျန်းယွီ၊ 'စစ်ဆေးရေးမှူး' ကိုယ်တိုင် ဆင်းသက်လာဖို့ ရိုသေစွာ ပင့်ဖိတ်ပါတယ်"
ရွှေရောင်အဆောင်သည် ရုတ်တရက် လောင်ကျွမ်းသွားပြီး တောက်ပသော ရွှေရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ ထိုးတက်သွားသည်။ ၎င်းသည် အဆင့်အတန်း မြင့်မားသော ဖြစ်တည်မှုနှင့် ဆက်သွယ်ခဲ့ပုံရသည်။
စောစောက ဥပဒေ စိုးမိုးရေး အဖွဲ့ ဆင်းသက်လာစဉ်ကထက် ဆယ်ဆမျှ ပိုမို ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ဟင်းလင်းပြင် အက်ကွဲကြောင်းထဲမှ ဖြည်းညင်းစွာ ယိုစိမ့်ထွက်လာ၏။