အခန်း ၂၅၂
Vol. 26 Ch. 252
အခန်း (၂၅၂) - စစ်ဆေးရေးမှူး ဟုတ်လား၊ သူ့ကို အောက်ဆင်းပြီး သတင်းပို့ခိုင်းလိုက်
ကောင်းကင်ကြီးသည် ရင်တုန်ဖွယ်ရာ ကောင်းသော ရွှေရောင် ဝဲဂယက်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
လင်ထျန်းယွီတို့ ဆင်းသက်လာစဉ်ကထက် ဆယ်ဆမျှ ပိုမို ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ဝဲဂယက်ထဲမှ ဖြည်းညင်းစွာ ယိုစိမ့်ထွက်လာပြီး၊ ရှေးဟောင်း နတ်ဘုရားတစ်ပါးက အိပ်မောကျနေရာမှ မျက်လုံးဖွင့်လာကာ ဤတောင်ကြားငယ်လေးဆီသို့ အကြည့်ရောက်လာသကဲ့သို့ပင်။
ဤဖိအားအောက်တွင် လောကရှိ အရာအားလုံး ဖိနှိပ်ခံလိုက်ရကာ၊ လူတိုင်းကို စိတ်ဝိညာဉ်များ တုန်ယင်သွားစေသည်။
ချန်ချင်း၏ တစ်ကိုယ်လုံးရှိ ကြွက်သားများ တင်းမာသွားပြီး သွေးနှင့် ချီစွမ်းအင်များကို အမြင့်ဆုံးအထိ လည်ပတ်စေမှသာ ဤဖိအားအောက်တွင် ခက်ခဲစွာ မတ်တပ်ရပ်နိုင်ခဲ့ပြီး၊ သူ့အနောက်တွင် ရှိနေသော ယဲ့လင်ရွှမ်းကို ကာကွယ်ပေးထားခဲ့သည်။
စူးဝမ်ချင်၏ မျက်နှာမှာလည်း ဖြူဖျော့နေကာ လျှို့ဝှက်ကျင့်စဉ်ကို အသက်သွင်းလျက် ခပ်ဖျော့ဖျော့ အလင်းရောင် အလွှာတစ်ခုဖြင့် မိမိကိုယ်ကို ကာကွယ်ထားခဲ့သည်။
အလွန် မာနကြီးသော အရိုးနဂါး "အရိုးအိုကြီး" ပင်လျှင် ၎င်း၏ မောက်မာမှုများကို ရုပ်သိမ်းလိုက်ပြီး မငြိမ်မသက်ဖြင့် ခြေဆောင့်နေကာ၊ မျက်လုံးထဲမှ ဝိညာဉ်မီးတောက် နှစ်ခုမှာ ပြင်းထန်စွာ လှုပ်ခါနေသည်။
အဆိုပါဖိအား၏ အရင်းအမြစ် ဖြစ်သော အလင်းပုံရိပ် တစ်ခုက ရွှေရောင်ဝဲဂယက်ထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာ၏။
၎င်းသည် ရုပ်ခန္ဓာဖြင့် မဟုတ်ဘဲ သန့်စင်သော အလင်းရောင်၊ အလိုဆန္ဒများဖြင့် တည်ဆောက်ထားသော လူသားပုံသဏ္ဍာန် ပုံရိပ် တစ်ခုသာ ဖြစ်သည်။ သူသည် သတ္တဝါ အားလုံးကို အထက်စီးမှ ကြည့်ရှုနေကာ မောက်မာအေးစက်လွန်းသည်။
ထိုသူမှာ လင်ထျန်းယွီ ပြောသော "စစ်ဆေးရေးမှူး" ပင် ဖြစ်သည်။
"ဘာကိစ္စ ရှိလို့၊ ငါ့ရဲ့ ကိုယ်ပွားကို ဆင့်ခေါ်တာလဲ"
စစ်ဆေးရေးမှူး၏ လေသံထဲတွင် ခံစားချက် အနည်းငယ်မျှ မပါဝင်သော်လည်း မိုးမြေ နိယာမများ၏ ပဲ့တင်ထပ်မှုကဲ့သို့ လူတိုင်း၏ စိတ်နှလုံးသားထဲတွင် တိုက်ရိုက် ထွက်ပေါ်လာ၏။
လင်ထျန်းယွီ တစ်ယောက် ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ တွားသွားကာ ဒူးထောက်လိုက်ပြီး ရှောင်ရှန်းကို လက်ညှိုးထိုးပြကာ လည်ချောင်းကွဲမတတ် အော်ဟစ် ငိုယိုလေတော့သည်။
"စစ်ဆေးရေးမှူးကို လျှောက်တင်ပါတယ်...ဒီကမ္ဘာမြေမှာ မိစ္ဆာကောင်တွေ ဆူပူသောင်းကျန်းနေပြီး၊ ကျွန်တော်တို့ အမတဂိုဏ်းရဲ့ စမ်းသပ်မှုကို ဖျက်ဆီးပစ်ပါတယ်...ဒီလူဟာ အမတဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို စော်ကားလိုက်တာပါ.. ကျေးဇူးပြုပြီး နတ်ဘုရား အပြစ်ဒဏ် ချမှတ်ပေးပြီး ဒီလူယုတ်မာကို သတ်ဖြတ်ကာ ကောင်းကင်ဘုံရဲ့ တရားမျှတမှုကို ဖော်ဆောင်ပေးပါ"
စစ်ဆေးရေးမှူး အလင်းပုံရိပ်၏ "အကြည့်" က ဖြည်းညင်းစွာ ရွေ့လျားသွားပြီး ရှောင်ရှန်းအပေါ်သို့ ကျရောက်သွားသည်။
သူသည် ဤပြဿနာ၏ အမှားအမှန်ကို အနည်းငယ်မျှ စိတ်ဝင်စားပုံ မရသလို၊ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ထိုအရိုးဖြူများကိုလည်း လုံးဝ လျစ်လျူရှုထားသည်။
သူ့အတွက် သာမန်လူတို့၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းတို့မှာ အရေးမပါချေ။ သူ တည်ရှိနေခြင်း၏ အဓိပ္ပာယ်မှာ အမတဂိုဏ်း၏ စည်းမျဉ်းစည်းကမ်းနှင့် အာဏာစက်ကို ထိန်းသိမ်းရန်သာ ဖြစ်သည်။ ယခုအခါ စည်းမျဉ်းစည်းကမ်းများမှာ အနှောင့်အယှက် ပေးခံလိုက်ရချေပြီ။
"အမတဂိုဏ်းရဲ့ စည်းမျဉ်းစည်းကမ်းကို နှောင့်ယှက်သူတိုင်း၊ ဝိညာဉ်တစ်ခုလုံး ပျက်စီးစေရမယ်"
သူ၏ လေသံမှာ သတ်မှတ်ပြီးသား အမှန်တရား တစ်ခုကို ဖော်ပြနေသကဲ့သို့ အလွန် တည်ငြိမ်နေသည်။ သူသည် လက်တစ်ဖက်ကို ဖြည်းညင်းစွာ မြှောက်တင်လိုက်ရာ၊ လက်ဝါးထဲတွင် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော အဖျက်စွမ်းအားအလင်းတစ်ခု စတင် စုဝေးလာ၏။
ချန်ချင်းနှင့် ယဲ့လင်ရွှမ်းတို့၏ ရင်ထဲတွင် သတိပေး ခေါင်းလောင်းများ ပြင်းထန်စွာ မြည်ဟည်းလာပြီး၊ ရန်သူကြီးကို ရင်ဆိုင်ရတော့မည့်အလား အသင့်ပြင်ထားသည်။
ဤတိုက်ခိုက်မှုအောက်တွင် သူတို့ဘက်၌ ထိုထူးဆန်းသော အရိုးနဂါးမှလွဲ၍ မည်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သူတို့ သိထားသည်။
သို့သော် အသက်အန္တရာယ်ဖြင့် ကြုံရတော့မည့် ထိုအချိန်လေးမှာပင်၊ အမြဲတမ်း ပျင်းရိပျင်းတွဲ နေတတ်ပြီး သိပ်မလှုပ်ရှားသော ရှောင်ရှန်းတစ်ယောက် ဒေါသထွက်သွားဟန်ရသည်။
သူက မူလက ဦးနှောက်ထဲရှိ ထို "ကွေ့ရွှီး လမ်းညွှန်" ကို လွှင့်ပစ်ပြီးနောက် အေးချမ်းသော နေရာတစ်ခုရှာကာ အိပ်ရေးဝဝ အိပ်ချင်ရုံသာ ဖြစ်သည်။ သို့သော် ရလဒ်အနေဖြင့် ပထမဆုံး မှောင်ခိုလောင်းကစားဝိုင်း ဖွင့်ထားသူနှင့် တွေ့ရပြီး၊ ထို့နောက် စည်ပင်ဝန်ထမ်း အချို့ ရောက်လာကာ၊ ယခုအခါ စည်ပင်ဝန်ထမ်း ခေါင်းဆောင်ကိုပါ ခေါ်လာပြန်၏။
အထူးသဖြင့် တစ်ဖက်လူ၏ "မင်း ရှင်းပြတာကို နားထောင်ဖို့ ငါ ပျင်းတယ်၊ မင်း သေလိုက်တော့" ဟူသော သဘောထားက သူ့ကို အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်စေသည်။
ထိုဖိအားကြီးကို ရင်ဆိုင်နေရသည့်တိုင် ၊ ရှောင်ရှန်းသည် ကြောက်ရွံ့မှု မရှိသည့်အပြင် စိတ်ရှုပ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ထိုအလင်းပုံရိပ်ကို ကြည့်ရင်း၊ ဦးနှောက်ထဲတွင် အတွေးတစ်ခု လှစ်ခနဲ့ ဖြတ်ပြေးသွားလေ၏။
ထို့နောက် သူသည် ခါးထောက်လိုက်ပြီး ဘိုးဘေးဧကရာဇ်မင်း၏ " သင်ကြားပို့ချမှု" မှ သင်ယူထားသော ပညာအနည်းငယ်ကို အသုံးပြုကာ မိမိ၏ သွေးကြောနှင့် ဆက်စပ်နေသော သာရှ နဂါးသွေးကြောမှ လာသည့် ကြီးမားသော တိုင်းပြည်ကံကြမ္မာကို စမ်းသပ် လှုံ့ဆော်ကြည့်လိုက်သည်။
"ဟေ့..အပေါ်က တစ်ယောက်"
ရှောင်ရှန်း၏ အသံမှာ မကျယ်လောင်သော်လည်း ထူးခြားသော ထိုးဖောက်နိုင်စွမ်း တစ်ခု ပါဝင်နေပြီး၊ အဆိုပါ ဖိအားကြီးကို အတင်းအကျပ် လွှမ်းမိုးသွားခဲ့သည်။
"ဒါက သာရှမင်းဆက်ရဲ့ ပိုင်နက်ပဲ...ငါကိုယ်တော် အနာဂတ် ဧကရာဇ် အုပ်ချုပ်တဲ့ နေရာပဲ..မင်းက ဘယ်သူလဲ ...ဘယ်က လာတာလဲ..ဘယ်ကို သွားမှာလဲ.. ဝင်ခွင့် လက်မှတ် ရှိလား...တရားဝင် အထောက်အထား ရှိလား"
သူက စစ်ဆေးရေးမှူး၏ အလင်းပုံရိပ်ကို လက်ညှိုးထိုးကာ တရားမျှတသော လေသံဖြင့် အော်ဟစ်လိုက်သည်။
"မင်းက ဒီလိုမျိုး အသိမပေးဘဲ အပေါက်တစ်ခု ဖောက်ပြီး ဝင်လာတာ၊ သာရှရဲ့ ဥပဒေအရ ဘယ်လိုခေါ်လဲ သိလား... အဲဒါကို 'တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု' လို့ ခေါ်တယ်...ဒါဟာ ကြီးလေးတဲ့ ပြစ်မှုပဲ"
"ငါကိုယ်တော် အခု သာရှ အိမ်ရှေ့စံမင်းသား အနေနဲ့ မင်းကို အမိန့်ပေးတယ်၊ သုံးစက္ကန့် အတွင်း အဲဒီအပေါ်ကနေ ဆင်းလာပြီး ငါ့ဆီမှာ ကိုယ်ရေးအချက်အလက် လာစာရင်းသွင်း...လာတဲ့ ရည်ရွယ်ချက်ကို ရှင်းပြပြီး စစ်ဆေးခံ ...မဟုတ်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေကို မင်းဘာသာ တာဝန်ယူရမယ်"
"......"
နေရာတစ်ခုလုံး နောက်ထပ် တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။
ချန်ချင်းမှာ မေးရိုး ပြုတ်ထွက်မတတ် ပါးစပ်အဟောင်းသား ဖြစ်နေပြီး ၊ယဲ့လင်ရွှမ်း၏ ဓားကိုင်ထားသော လက်မှာလည်း တစ်ချက် တုန်သွားကာ လွတ်ကျမတတ် ဖြစ်ခဲ့ရသည်။
လောကကြီးကို ထိုးထွင်းသိမြင်သော စူးဝမ်ချင်၏ ကြည်လင်သော မျက်ဝန်းထဲ၌ပင် တွေဝေမှုများ ပြည့်နှက်နေသည်။
'ဒီလိုမျိုးလည်း... ရသေးတာလား'
လင်ထျန်းယွီနှင့် ဧည့်ကြိုတမန်တို့မှာလည်း ကြောင်အမ်းသွားကြသည်။
'အမတဂိုဏ်းရဲ့ စစ်ဆေးရေးမှူး တစ်ယောက်ကို "တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု" နဲ့ စွပ်စွဲနေတာလား ..ဒီလူ ရူးသွားတာလား...'
သို့သော် သူတို့၏ တုံ့ပြန်မှုများထက် ပို၍ ပြင်းထန်သည်မှာ ဤကမ္ဘာမြေကြီးပင် ဖြစ်သည်။
ရှောင်ရှန်းဘက်မှ "သာရှ အိမ်ရှေ့စံမင်းသား" အနေဖြင့် ထို "တရားဝင် ရုံးသုံး" စကားများကို ပြောလိုက်သောအခါ ကမ္ဘာကြီး တစ်ခုလုံး၏ နိယာမများက လှုံ့ဆော်ခံလိုက်ရပုံပေါ်သည်။
ပုံသဏ္ဍာန်မဲ့ ကြီးမားသော ဖယ်ရှားရေး စွမ်းအားတစ်ခုက အရပ်မျက်နှာ အနှံ့မှ အလိုအလျောက် ဖြစ်ပေါ်လာပြီး၊ ထိုစစ်ဆေးရေးမှူး၏ အလင်းပုံရိပ်ပေါ်သို့ တပြိုင်နက်တည်း သက်ရောက်သွားသည်။
စစ်ဆေးရေးမှူး၏ လက်ဝါးထဲရှိ အရာခပ်သိမ်းကို ဖျက်ဆီးပစ်နိုင်သော အဖျက်စွမ်းအား အလင်းတန်းသည် လင်းလိုက်မှိန်လိုက် ဖြစ်လာပြီး ပြိုကွဲတော့မည့် အရိပ်အယောင်များ ပြသလာ၏။
ကမ္ဘာကြီး တစ်ခုလုံးက သူ့ကို ရန်သူအဖြစ် သတ်မှတ်နေသကဲ့သို့ပင်။
"ဟင်"
စစ်ဆေးရေးမှူးမှာ အံ့ဩထိတ်လန့်သွားသည်။ သူနှင့် ဤကမ္ဘာမြေကြားရှိ ဆက်သွယ်မှုသည် အလိုဆန္ဒ တစ်ခုကြောင့် အတင်းအကျပ် ဖြတ်တောက်ခံလိုက်ရသည်ကို တွေ့ရှိလိုက်ရသည်။
'ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...သာမန် လူသားကမ္ဘာက မင်းသား တစ်ပါးက ဘယ်လို အခွင့်အရေးမျိုးနဲ့ ကမ္ဘာမြေရဲ့ အလိုဆန္ဒကို လှုံ့ဆော်ပြီး အထက်လောကရဲ့ နတ်ဘုရားကို ဖိနှိပ်နိုင်ရတာလဲ...'
'သူက ဒီကမ္ဘာရဲ့ "ကောင်းကင်လမ်းစဉ်" က ရွေးချယ်ထားတဲ့သူများလား ဒါမှမဟုတ် သူတောင် မသိတဲ့ လျှို့ဝှက် စွမ်းအားရှင်ကြီး တစ်ယောက်ယောက်က သာမန်လူလို ဟန်ဆောင်ထားတာများလား..'
စစ်ဆေးရေးမှူးမှာ အံ့ဩထိတ်လန့်နေပြီး အတားအဆီးကို အတင်းအကျပ် ဖောက်ထွက်ရန် ကြိုးစားနေချိန်တွင်၊ ရှောင်ရှန်း၏ ရင်ဘတ်မှ နဂါးတက်တူးသည် ရုတ်တရက် အနည်းငယ် ပူနွေးလာ၏။
ဘိုးဘေးဧကရာဇ်မင်း၏ အားမာန်အပြည့်နှင့် အသုံးမကျသော မြေးမြစ်ကို ရွံရှာသည့် အရိပ်အယောင် ပါဝင်သော အသိစိတ်က သူ၏ ဦးနှောက်ထဲတွင် တိုက်ရိုက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
"ကောင်စုတ်လေး ကြောင်ကြည့်မနေနဲ့လေ...သူနဲ့ ဘာစကားတွေ သွားပြောနေတာလဲ...မင်းက ဒီမြေရဲ့ အရှင်သခင်ကွ...တိုင်းပြည် ကံကြမ္မာနဲ့ သူ့ကို ဖိနှိပ်လိုက်လေ...'တိုင်းပြည် နယ်စပ်ကို နှောင့်ယှက်မှု၊ အတင်းအကျပ် နှင်ထုတ်မှု' ဆိုတဲ့ ဝန်ဆောင်မှု အပြည့်အစုံကို ပေးလိုက်စမ်း"
ကျွမ်းကျင်သူတစ်ဦး၏ လမ်းညွှန်မှု ရောက်ရှိလာချေပြီ။
ရှောင်ရှန်း တစ်ယောက် စိတ်ဓာတ် တက်ကြွသွားပြီး သင်ပေးသည့်အတိုင်း လုပ်ချလေတော့သည်။ သူသည် ချက်ချင်းဆိုသလို
စဉ်းစားမိသွားပြီး တန်ထျန်း(ချက်အောက်)အမှတ် အတွင်းရှိ ကြီးမားသော နဂါးသွေးကြောကို လှုံ့ဆော်ကာ ညာလက်ကို မြှောက်လိုက်သည်။
ရွှေရောင်အလင်းတန်းများက သူ၏ လက်ဝါး၌ စုစည်းလာပြီး၊ တစ်ခဏအတွင်းမှာပင် နဂါးနှင့် ကျားများ ရစ်ပတ်နေကာ အလွန် ဘုန်းတန်ခိုးကြီးမားသော ရွှေရောင် တံဆိပ်တုံးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဤသည်မှာ သာရှမင်းဆက် တိုင်းပြည်ကံကြမ္မာ၏ သင်္ကေတ—တိုင်းပြည် တံဆိပ်တုံး၏ ပုံရိပ်ယောင်ပင် ဖြစ်သည်။
"ကောင်းကင်ဘုံရဲ့ အလိုတော်အရ"
ရှောင်ရှန်းသည် တံဆိပ်တုံးပုံရိပ်ကို မြှောက်ကိုင်ကာ အံ့ဩထိတ်လန့်နေသော အလင်းပုံရိပ်ဆီသို့ ပြဇာတ်ထဲမှ လေသံမျိုးဖြင့် အတုယူကာ ပြင်းထန်စွာ ရာဇသံပေးလိုက်၏။
"ပြည်နှင်ဒဏ် ပေးစေ"
ဝုန်း—
တံဆိပ်တုံး၏ ပုံရိပ် လက်ထဲမှ ထွက်သွားသည်နှင့် တပြိုင်နက်၊ ဤကမ္ဘာမြေ၏ ဖယ်ရှားရေး စွမ်းအားနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားပြီး နိယာမများဖြင့် ဖွဲ့စည်းထားသော ရွှေရောင် သံကြိုးတစ်ချောင်းအဖြစ် ပြောင်းလဲသွားကာ စစ်ဆေးရေးမှူး၏ အလင်းပုံရိပ်ပေါ်သို့ ချက်ချင်းလက်ငင်း ရစ်ပတ်လေတော့၏။
"ဒါက... လူသားဧကရာဇ်ရဲ့ စွမ်းအားပဲ"
စစ်ဆေးရေးမှူး၏ အလင်းပုံရိပ်သည် ထိုနိယာမ သံကြိုး၏ တင်းတင်းကြပ်ကြပ် ချည်နှောင်ခြင်းကို ခံလိုက်ရကာ ဖောက်ခွဲခံလိုက်ရသော ပူဖောင်းတစ်လုံးကဲ့သို့ ပြင်းထန်စွာ ပုံပျက်သွားပြီးနောက် ပေါက်ကွဲသွားကာ လေထဲတွင် အလင်းမှုန်များအဖြစ် ပျောက်ကွယ်သွားလေတော့သည်။
ရွှေရောင် ဝဲဂယက်သည်လည်း ထောက်တိုင် ပျောက်ဆုံးသွားသဖြင့် ပြိုကွဲသွားပြီး ကောင်းကင်ကြီးမှာ တစ်ဖန် ပြန်လည် ကြည်လင်လာ၏ ။
အဝေးရှိ အမတနန်းဆောင်အတွင်း၊
တင်ပျဉ်ခွေလျက်သား အားထုတ်နေသော ဘုန်းတန်ခိုးကြီးမားသည့် လူရိပ်တစ်ခုသည် မျက်လုံးများ ပွင့်လာပြီး ရွှေရောင် သွေးများကို အန်ချလိုက်ရာ သူ၏ အရှိန်အဝါမှာ ချက်ချင်းဆိုသလို အားနည်းသွားသည်။
သူ၏ မျက်နှာပေါ်၌ မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။
သူ၏ နိယာမ ကိုယ်ပွားသည် အောက်ကမ္ဘာရှိ မိုးမြေ၏ အလိုဆန္ဒကြောင့် "တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု" ဟူသော ပြစ်မှုဖြင့် အတင်းအကျပ် ပြန်လည် ပို့ဆောင်ခံလိုက်ရလေသလော။
ထို့အပြင် နိယာမ တန်ပြန်ရိုက်ခတ်မှုကြောင့် သူ့ကို အတွင်းဒဏ်ရာပါ ရရှိစေခဲ့သည်။
တောင်ကြားထဲတွင် တိတ်ဆိတ်နေ၏။
လင်ထျန်းယွီနှင့် ဧည့်ကြိုတမန်တို့မှာ မြေကြီးပေါ်တွင် ပျော့ခွေလဲကျနေကာ ၊ အသက်ရှင်ကျန်ရစ်သော ဥပဒေ စိုးမိုးရေး အဖွဲ့ဝင် နှစ်ဦးမှာလည်း အချင်းချင်း ကြည့်လိုက်ကြသည်။
ရှောင်ရှန်းကို ကြည့်နေသော သူတို့၏ အကြည့်ထဲ၌ နောက်ဆုံးကျန်ရှိနေသော ရန်လိုမှုများ ပျောက်ကွယ်သွားပြီး အလွန်အမင်း ရူးသွပ်သော ရိုသေလေးစားမှုနှင့် မျှော်လင့်ချက်များ အစားထိုး ဝင်ရောက်လာ၏။
အထက်ကမ္ဘာက နတ်ဘုရားကိုတောင် မျက်နှာချင်းဆိုင် ရင်ဆိုင်ရဲပြီး အနိုင်ရခဲ့တဲ့ ခေါင်းဆောင်မျိုးနောက်ကို လိုက်ရတာ... အနာဂတ်မှာ ဘယ်လောက်တောင် တောက်ပလိမ့်မလဲ....
စစ်ဆေးရေးမှူး၏ အလင်းပုံရိပ် လုံးဝ ပျောက်ကွယ်မသွားမီ နောက်ဆုံးအချိန်လေးတွင်၊ မကျေချမ်းသော အော်ဟစ်သံက ရှောင်ရှန်းနှင့် စူးဝမ်ချင်းတို့၏ ဦးနှောက်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
" ဒါ 'လူသားဧကရာဇ်' ရဲ့ သွေးဆက်ပဲ... ဒီကိစ္စကို... 'ကောင်းကင်အရှင်' ကို မဖြစ်မနေ အစီရင်ခံရမယ်..."
အသံမှာ ရုတ်တရက် ရပ်တန့်သွားသည်။ သို့သော် ရှောင်ရှန်းသည် နောက်ဆုံး စကားကို သိပ်ဂရုမစိုက်ပေ။
သို့သော် သူ့ဘေးနားက စူးဝမ်ချင်းမှာမူ "လူသားဧကရာဇ်" ဟူသော စကားလုံး နှစ်လုံးကို ကြားလိုက်ရချိန်တွင် တစ်ကိုယ်လုံး တုန်တက်သွားပြီး၊ မျက်လုံးထဲ၌ ယခင်က တစ်ခါမှ မဖြစ်ဖူးသော လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသည်။
၎င်းသည် သူမ ဂိုဏ်း၏ ရှေးအကျဆုံးနှင့် အလျှို့ဝှက်ဆုံး ကျမ်းစာများထဲတွင်သာ ရှိသော စကားလုံး တစ်လုံးဖြစ်သည်။ တားမြစ်ချက် တစ်ခုကို ကိုယ်စားပြုသလို အဆုံးမရှိသော ဂုဏ်ကျက်သရေကိုလည်း ကိုယ်စားပြုသည့် ရှေးဟောင်း ဒဏ္ဍာရီ တစ်ခုပင်။