အခန်း ၂၅၃
Vol. 26 Ch. 253
အခန်း (၂၅၃) - အမတဂိုဏ်း ဟုတ်လား ...ငါ့အမြင်တော့ လိမ်လည်တဲ့ အဖွဲ့အစည်းနဲ့ ပိုတူတယ်
စစ်ဆေးရေးမှူး၏ အလင်းပုံရိပ်သည် ဖောက်ခွဲခံလိုက်ရသော ဆပ်ပြာပူဖောင်း တစ်ခုကဲ့သို့ အလင်းမှုန်များအဖြစ် ပေါက်ကွဲသွားပြီး အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။ ထိုဖိအားကြီးသည်လည်း ၎င်းနှင့်အတူ လွင့်စင်ပျောက်ကွယ်သွားလေ၏။
တောင်ကြားထဲတွင်၊ ပျက်စီးနေသော နံရံများကြားမှ တိုက်ခတ်လာသော လေတိုက်သံများသာ ကျန်ရစ်တော့သည်။
လင်ထျန်းယွီ၏ မျက်လုံးများမှာ အရောင်ကင်းမဲ့နေကာ ပါးစပ်မှလည်း ရူးသွားသည့်အလား တစ်ခုခုကို ရေရွတ်နေသည်။
" ကိုယ့်အားကိုးရာ ပုဂ္ဂိုလ်ကြီးက တစ်ဖက်လူရဲ့ " တရားမဝင် ဝင်လာတာ" ဆိုတဲ့ စကားတစ်ခွန်းနဲ့ ယင်ကောင်ရိုက်သလို ရိုက်လွှတ်ခံလိုက်ရသတဲ့လား ....ဒီလောက်ထိ ယုတ္တိမဲ့တဲ့ အကြောင်းကို ဘယ်သူ့ကိုများ သွားပြောရမှာလဲ"
အသက်ရှင်ကျန်ရစ်သော ဥပဒေ စိုးမိုးရေး အဖွဲ့ဝင် နှစ်ဦးမှာလည်း နေရာမှာတင် တောင့်တင်းစွာ ရပ်နေကြပြီး၊ ကျောတစ်ခုလုံးမှာလည်း ချွေးအေးများဖြင့် စိုရွှဲနေပြီ ဖြစ်၏။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး အပြန်အလှန် နားလည်မှု တစ်ခုခု ရရှိသွားသကဲ့သို့ တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။
သူတို့သည် မှော်လက်နက်များကို သိမ်းဆည်းလိုက်ပြီး အနည်းငယ် ရှုပ်ပွနေသော ဝတ်ရုံများကို သပ်ရပ်အောင် ပြင်ဆင်ကာ ရှောင်ရှန်း၏ ရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။
ထို့နောက် လူတိုင်း၏ မှင်သက်နေသော အကြည့်များအောက်တွင် ၊ ဒူးထောက်ကာ ကျယ်လောင်စွာဖြင့် အော်ပြောလေ၏။
"ကျွန်တော်တို့ မျက်စိမပါလို့ ထိုက်တောင်ကို မမြင်မိတာပါ.. လမ်းမှားကို ရောက်ခဲ့ပြီး လူဆိုးတွေကို အားပေးအားမြှောက် လုပ်မိမလို့ ဖြစ်သွားခဲ့တယ်...ကံကောင်းလို့ အိမ်ရှေ့စံမင်းသားရဲ့ သတိပေးချက်ကြောင့် ကျွန်တော်တို့ အမှားကို သိမြင်သွားပါပြီ"
"ကျေးဇူးပြုပြီး အိမ်ရှေ့စံမင်းသား ကျွန်တော်တို့ကို လက်ခံပေးပါ...ကျွန်တော်တို့က အမှောင်ကနေ အလင်းကို ကူးပြောင်းပြီး 'အချောင်ခိုသူ ကိုယ်ရံတော်တပ်' ထဲ ဝင်ချင်ပါတယ်...အိမ်ရှေ့စံမင်းသားရဲ့ ကြီးကျယ်ခမ်းနားတဲ့ လုပ်ငန်းကြီးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ချင်ပါတယ်... ရေမီးမရှောင် အသက်စွန့်ဖို့ ဝန်မလေးပါဘူး"
ရှောင်ရှန်းမှာ ဤရုတ်တရက် ဖြစ်ရပ်ကြောင့် ကြောင်အသွားပြီး စကားပြောရန်ပင် အချိန်မရလိုက်ခင်၊ ချန်ချင်းက ရှေ့တစ်လှမ်း တက်လိုက်ပြီး ၎င်းတို့နှစ်ဦးကို သတိကြီးစွာဖြင့် ကြည့်လိုက်သည်။ ယဲ့လင်ရွှမ်းသည်လည်း ဓားကို ဓားအိမ်ထဲသို့ မထည့်သေးဘဲ သံသယများဖြင့် စောင့်ကြည့်နေ၏။
"အိမ်ရှေ့စံမင်းသား၊ လူ့စိတ်ဆိုတာ ခန့်မှန်းရခက်ပါတယ်...အလွယ်တကူ မယုံသင့်ဘူး"
ချန်ချင်းမှ အသံနှိမ့်ကာ ပြောဆိုလိုက်သည်။
ရှောင်ရှန်းက လက်ယမ်းလိုက်ပြီး မြေကြီးပေါ်တွင် ဒူးထောက်နေသော သူတို့နှစ်ဦးကို စိတ်ဝင်တစား ကြည့်ရှုလိုက်သည်။
"ရပြီ ရပြီ၊ ရေမီးမရှောင်တာတွေ လာမပြောနဲ့...ကြားရတာနဲ့တင် ပူတယ်...အရင်ထကြ ၊ အဖွဲ့ထဲ ဝင်ချင်ရင်တော့ အပေါင်ပစ္စည်း တစ်ခုခုတော့ ပေးရမှာပေါ့...မင်းတို့ရဲ့ အဲဒီ 'အမတဂိုဏ်း' ဆိုတဲ့ဟာရဲ့ နောက်ခံအကြောင်း အကုန်လုံးကို ငါ့ကို ပြောပြစမ်း"
နှစ်ယောက်သား ထိုစကားကို ကြားသည်နှင့် အလွန် ဝမ်းသာသွားပြီး သူတို့ကို အခွင့်အရေး ပေးလိုက်ခြင်း ဖြစ်ကြောင်း သိလိုက်သည်။
အသက်အနည်းငယ် ပိုကြီးသော တစ်ဦးက ချက်ချင်း စကားစလိုက်ပြီး အတွင်းရေးများ အားလုံးကို ဖွင့်ချလေတော့သည်။
"အိမ်ရှေ့စံမင်းသား သေချာ စဉ်းစားကြည့်ပါ...အခုခေတ် အမတဂိုဏ်းက ရှေးခေတ်ကလို တရားမျှတမှုကို ထိန်းသိမ်းတဲ့ အဖွဲ့အစည်း မဟုတ်တော့ပါဘူး"
"လက်ရှိမှာ 'ကောင်းကင်အရှင်' လို့ သူ့ကိုယ်သူ ခေါ်တဲ့ ထိပ်တန်း အစွမ်းထက်သူ တစ်ယောက်က ထိန်းချုပ်နေတာပါ ...ဒီလူက ရည်မှန်းချက် အရမ်းကြီးပြီး၊ 'ကောင်းကင်ဘုံကို ပို့ဆောင်ပေးမယ်' ဆိုတဲ့ ခေါင်းစဉ်နဲ့ အောက်ကမ္ဘာ နေရာအနှံ့အပြားမှာ စမ်းသပ်မှု နယ်မြေတွေ ဖန်တီးပြီး တပည့်တွေ အများကြီး လက်ခံနေတာပါ"
" သူတို့ကို နတ်ဘုရားဖြစ်အောင်...သေမင်းနဲ့ ကင်းလွတ်အောင် လုပ်ပေးမယ်ဆိုပြီး ကတိတွေ ပေးနေတာပါ"
ရှောင်ရှန်းက မေးစေ့ကို ပွတ်သပ်ရင်း စကားတစ်ခွန်း ဖြတ်ပြောလိုက်သည်။
"မျှော်လင့်ချက်တွေ ပေးနေတယ်ပေါ့လေ"
ထိုအဖွဲ့ဝင်မှာ ခဏမျှ ကြောင်အသွားပြီးနောက် အားတက်သရော ခေါင်းညိတ်လိုက်သည်။
"ဟုတ် ဟုတ် ဟုတ်ပါတယ်... မျှော်လင့်ချက်တွေ ပေးနေတာပါ ... တကယ်တမ်းကျတော့ ဒီ 'စမ်းသပ်မှု နယ်မြေ' တွေဆိုတာ ဥပမာ ဒီနေရာလိုမျိုး နေရာတွေက အောက်ကမ္ဘာရဲ့ သယံဇာတတွေကို လုယူဖို့ သုံးတဲ့ စခန်းတွေချည်းပဲ"
" ပါရမီပါတဲ့ လူငယ်တွေ လှည့်စားခံရပြီး ဝင်လာတယ်...အစီအရင်ထဲမှာ ပိတ်လှောင်ခံရပြီး နေ့ရောညပါ ပါရမီတွေ၊ ကံကြမ္မာတွေ၊ စိတ်ဝိညာဉ် အရင်းအမြစ်တွေကို အစုပ်ခံရပြီး အထက်လောကကို အဆက်မပြတ် ပို့ပေးနေရတယ်... ပြောရရင် အဲဒီ ' ကောင်းကင်အရှင်' နဲ့ သူ့လက်အောက်က အဓိက အဖွဲ့ဝင်တွေ ကျင့်ကြံဖို့အတွက် ထောက်ပံ့ပေးနေရတာပါ"
"ဒါက ကျင့်ကြံခြင်း မျက်နှာဖုံးစွပ်ထားတဲ့ ကွန်ရက်ချိတ်ဆက် လိမ်လည်တဲ့ အဖွဲ့အစည်းကြီးပဲ မဟုတ်ဘူးလား"
ရှောင်ရှန်းက ပေါင်ကို ရိုက်ချလိုက်ပြီး ချက်ချင်း သဘောပေါက်သွားသည်။
"မျှော်လင့်ချက်ပေးတာက စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု... လူစုတာက အောက်ခြေအဆင့်ကို ချဲ့ထွင်တာ... 'တပည့်' တွေကို လက်ခံတာက ဉာဏ်ရည်ခွန် ကောက်တာပဲ...နောက်ဆုံးတော့ ပိရမစ်ထိပ်က လူတွေပဲ ဝအောင် စားရပြီး၊ အောက်ခြေက လူတွေကတော့ အရိုးတောင် မကျန်ဘူး...ဒီအကြံအစည်က အရမ်းကို အောက်တနိးကျလွန်းတယ်"
သူ၏ ဤပြောင်မြောက်သော အကျဉ်းချုပ် စကားများကြောင့် ထို "ဝန်ထမ်းဟောင်း" နှစ်ဦးမှာ အလွန် သဘောတူသည့်အလား ခေါင်းတဆက်ဆက် ညိတ်နေလေ၏။
သို့သော် ဘေးနားရှိ စူးဝမ်ချင်းမှာ ဤအရာများကို ဂရုမစိုက်နိုင်ပေ။ သူမသည် စစ်ဆေးရေးမှူး နောက်ဆုံး ပြောသွားခဲ့သော "လူသားဧကရာဇ် သွေးဆက်" ဟူသည့် စကားကြောင့် တုန်လှုပ်နေဆဲ ဖြစ်သည်။
သူမ ဂိုဏ်း၏ ရှေးဟောင်း ကျမ်းစာအုပ်များထဲတွင် ဤသို့ မှတ်တမ်းတင်ထ၏။ ရှေးဟောင်းခေတ် အဆုံးတွင် လူ့လောက၌ အမြင့်မြတ်ဆုံး အရှင်သခင် တစ်ပါး ရှိခဲ့ဖူးသည်။ သူသည် ကောင်းကင်နှင့် မြေကြီးကို မရိုသေ၊ နတ်ဘုရားများကို မကိုးကွယ်ဘဲ၊ သာမန်လူသား ခန္ဓာကိုယ်ဖြင့် လူအများ၏ ဆန္ဒများကို စုစည်းကာ မိုးမြေ၏ ကံကြမ္မာကို ပုံဖော်ပြီး "လူသား ဧကရာဇ်" အဆင့်ကို ရရှိခဲ့သည်။
သူသည် ကောင်းကင်လမ်းစဉ်နှင့်ပင် တန်းတူ ရင်ပေါင်တန်းနိုင်ပြီး သက်ရှိအားလုံးကို အုပ်ချုပ်နိုင်ခဲ့သည်။
' သာရှတော်ဝင် မိသားစုက... အဲဒီ မေ့လျော့ခံထားရတဲ့ လူသားဧကရာဇ်ရဲ့ မျိုးဆက်များလား...'
' ပြီးတော့ ရှောင်ရှန်း၊ အပြင်ပန်းမှာ ပျင်းရိပြီး ပြဿနာကို ကြောက်တတ်တဲ့ အရှင့်သားရဲ့ "ကံကောင်းမှု" တွေ၊ မိုးမြေရဲ့ အလိုဆန္ဒကို လှုံ့ဆော်နိုင်တဲ့ သူရဲ့ စကားလုံးနဲ့ အပြုအမူတွေက ကံကောင်းခြင်းကြောင့် မဟုတ်ဘဲ သူ့ရဲ့ သွေးကြော အနက်ရှိုင်းဆုံးမှာ အိပ်မောကျနေတဲ့ "လူသားဧကရာဇ်" စွမ်းအားကို မသိမသာ ထိတွေ့မိနေတာများလား...'
ထိုအချိန်တွင်၊ ရှောင်ရှန်းသည် "စီးပွားရေး ခွဲခြမ်းစိတ်ဖြာခြင်း" မုဒ်မှနေ၍ "ဈေးကွက် စည်းကမ်းထိန်းသိမ်းရေး" မုဒ်သို့ ပြောင်းလဲသွားပြီ ဖြစ်၏။
သူသည် လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး၊ ဝင်လာခါစ အဖွဲ့ဝင် နှစ်ဦးနှင့် တောင်ကြားထဲရှိ ယခုလေးတင် ကယ်တင်ခံလိုက်ရသော မျက်လုံးလေး ကလည်ကလည် ဖြစ်နေရှာသည့် လူငယ် ကျင့်ကြံသူများကို ပြောကြားလိုက်သည်။
"ဒီနေ့ကစပြီး ဒီနေရာကို ငါ အုပ်ချုပ်မယ်"
ထို့နောက် ထိုအဖွဲ့ဝင် နှစ်ဦးကို လက်ညှိုးထိုးပြလိုက်ရင်း။
"မင်းတို့ နှစ်ယောက်က နောက်ဆို ဒီ 'ရှောင်ဝမ့်ချွမ်း ဌာနခွဲ' ရဲ့ လက်ဝဲ လက်ယာ အစောင့်တွေပဲ....နေ့စဉ် ကိစ္စတွေကို မင်းတို့ တာဝန်ယူရမယ်"
ထို့နောက် သူသည် အရိုးပေါ် အရေတင်နေသော လူငယ်များကို ထပ်ကြည့်လိုက်သည်။
"မင်းတို့လည်း မသွားကြနဲ့တော့...အရင်က အလိမ်ခံရတာက မင်းတို့ လူမှုရေး အတွေ့အကြုံ နည်းလို့ပဲ... အခု ငါက မင်းတို့ကို အလုပ်ပြန်ဝင်ဖို့ အခွင့်အရေး တစ်ခု ပေးမယ်...."
" ငါ ကြေညာတယ်....'သာရှ တော်ဝင် ကျင့်ကြံခြင်း ပထမ သင်တန်းကျောင်း'ကို ဒီကနေ့စပြီး တရားဝင် ဖွင့်လှစ်လိုက်ပြီ"
"ဖူး..."
ယဲ့လင်ရွှမ်းမှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။
'နာမည်ကို နားထောင်ရတာနဲ့တင် လိမ်လည်တဲ့ အဖွဲ့အစည်းကြနေတာပဲ....'
ရှောင်ရှန်းသည် သူမကို ဂရုမစိုက်ဘဲ လက်ကို နောက်ပစ်လျက် ဟိုလျှောက် ဒီလျှောက် လုပ်ရင်း သင်တန်းကျောင်း၏ အဓိက "လုပ်ငန်း" ကို စတင် ကြေညာတော့၏။
"ငါ့ဆီမှာ စည်းကမ်းတွေ အများကြီး မရှိဘူး...အဓိက သဘောတရား အနည်းငယ်ပဲ ရှိတယ်"
"ပထမ၊ ကျင့်ကြံတာက ကိုယ့်သဘောဆန္ဒအတိုင်းပဲ... လာတာ သွားတာ လွတ်လပ်တယ်၊ သင်ချင်ရင် သင်.. ပြန်ချင်ရင် အချိန်မရွေး လမ်းစရိတ်ထုတ်ပြီး အိမ်ပြန်လို့ရတယ်"
"ဒုတိယ၊ စားစရိတ် နေစရိတ် အငြိမ်းပဲ..လုပ်အားနဲ့အညီ ခွဲဝေမယ်.. ကျင့်ကြံချင်တဲ့သူတွေက ကိုယ့်ဘာသာကို သွားပြီး သားကောင်ပစ်၊ သတ္တုတူးပြီး သယံဇာတနဲ့ လဲလှယ်... အချောင်ခိုချင်တဲ့သူတွေကတော့ ပြဿနာ မရှာသရွေ့ ထမင်းစားဆောင်မှာ ဗိုက်ဝအောင် စားခွင့်ရှိတယ်"
"ငါတို့ရဲ့ နောက်ဆုံး ရည်မှန်းချက်က—အလုပ်လုပ်တာနဲ့ အနားယူတာ မျှတရမယ်...အတူတကွ ချမ်းသာကြွယ်ဝရမယ် ...၉-၉-၆ ကို ပြတ်ပြတ်သားသား ဆန့်ကျင်တယ်"
(မနက်၉ နာရီမှ ည၉ နာရီအထိ တစ်ပါတ် ၆ ရက် အလုပ်လုပ်ခြင်း)
ဤစကားများ ထွက်လာသည်နှင့် နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ စိတ်ဝိညာဉ်ရော ခွန်အားပါ စုပ်ယူခံထားရသော ထိုလူငယ် ကျင့်ကြံသူများမှာ ပထမဆုံးအကြိမ် တွေဝေသွားပြီးနောက် မျက်လုံးများမှာ မယုံကြည်နိုင်လောက်အောင် တောက်ပလာလေ၏။
သူတို့သည် ဤအမှောင်ကျနေသော နေရာတွင် အသုံးချခံ ပစ္စည်းများအဖြစ် သတ်မှတ်ခံခဲ့ရပြီး နေ့ရောညပါ အမြတ်ထုတ်ခံရမှု နှင့် နာကျင်မှုများကို ခံစားခဲ့ရသည်။
သို့သော် မျက်စိရှေ့က သိပ်ပြီး တာဝန်ယူမှု မရှိပုံရသော ဤအိမ်ရှေ့စံမင်းသားကြီးသည် သူတို့ကို ဗိုက်ဝအောင် စားနိုင်သလို ၊ အိပ်ရေးဝအောင်လည်း အိပ်နိုင်ပြီး ထို့အပြင် ကိုယ့်ဘဝကို လွတ်လပ်စွာ ရွေးချယ်နိုင်သည်ဟု ပြောနေသည်။
ဤသည်က မည်သည့် နတ်ဘုရား ကျင့်စဉ်တွေထက်မဆို သူတို့ကို ပိုပြီး စိတ်လှုပ်ရှားစေသည်။
ရာထူးသစ် ရရှိလိုက်သော လက်ဝဲ လက်ယာ အစောင့် နှစ်ဦး အပါအဝင် လူတိုင်း တပြိုင်နက်တည်း ဒူးထောက်ချလိုက်ကြပြီး စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော ငိုသံပါလေးဖြင့် ဆိုလေတော့၏။
"ကျွန်တော်တို့ အိမ်ရှေ့စံမင်းသားနောက်ကို လိုက်ပါရစေ"
ဤ "ဝန်ထမ်းများ" ၏ စိတ်ဓာတ် တက်ကြွနေမှုကို ကြည့်ရင်း ရှောင်ရှန်း တစ်ယောက် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထိုစဉ် သူသည် ရုတ်တရက် စိတ်ကူးတစ်ခု ရလာပြီး တိုင်းပြည်ကံကြမ္မာ စွမ်းအားကို နောက်တစ်ကြိမ် လှုံ့ဆော်လိုက်သည်။
ဤတစ်ကြိမ်တွင် သူသည် တိုက်ခိုက်ရန် မဟုတ်ဘဲ "အခြေခံ အဆောက်အအုံ" တည်ဆောက်ရန်ပင် ဖြစ်၏။
ကြီးမားသော နဂါးသွေးကြော ရွှေရောင်အလင်းတန်းများက သူ၏ လက်ဝါးထဲတွင် စုစည်းလာပြီးနောက် ၊ သူသည် တောင်ကြား အဝင်ဝရှိ အပျက်အစီးများဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ရွှေရောင်အလင်းများ လှုပ်ခတ်သွားပြီး ကျောက်တုံးများ လွင့်စင်သွားကာ အသစ်စက်စက် တောင်တံခါး တစ်ခုက မြေကြီးထဲမှ ထွက်ပေါ်လာ၏။
တောင်တံခါး အထက်တွင် ရွှေရောင် တဝင်းဝင်း တောက်ပနေသော ဧရာမ ဆိုင်းဘုတ်ကြီး တစ်ခုကို ချိတ်ဆွဲထားသည်။ အပေါ်တွင် သက်ဝင်လှုပ်ရှားသော စာလုံးကြီးများဖြင့် "သာရှတော်ဝင် ကျင့်ကြံခြင်း ပထမ သင်တန်းကျောင်း" ဟု ရေးသားထားသည်။
ဤဆိုင်းဘုတ်သည် ဆိုင်းဘုတ် သက်သက် မဟုတ်ဘဲ အစိုးရမှ တရားဝင် ထုတ်ပေးထားသော "လုပ်ငန်းလိုင်စင်" တစ်ခုနှင့် ပိုတူသည်။ ၎င်းတွင် ဤကမ္ဘာမြေ၏ အသန့်စင်ဆုံး နိယာမ စွမ်းအားများ ပါဝင်နေပြီး၊ တောင်ကြား တစ်ခုလုံးကို သာရှတိုင်းပြည် ကံကြမ္မာ၏ အကာအကွယ်အောက်သို့ သွတ်သွင်းလိုက်ခြင်း ဖြစ်သည်။
ယနေ့မှစ၍ ဤနေရာသည် "တရားဝင် လုပ်ငန်းခွင်" ဖြစ်ပြီး၊ အမတဂိုဏ်း၏ မကောင်းသော အကြံအစည်ဖြင့် စောင့်ကြည့်မှုများကို ထိရောက်စွာ တားဆီး ခုခံနိုင်မည်ဖြစ်သည်။
"ကဲ... သင်တန်းကျောင်းကြီး ဖွင့်ပွဲ အောင်မြင်ပါစေ"
ရှောင်ရှန်း တစ်ယောက် အားရပါးရ လက်ခုပ်တီးလိုက်သည်။
သူ့အနေဖြင့် တကယ့် အလုပ်တစ်ခုကို ပြီးမြောက်သွားသကဲ့သို့ ခံစားလိုက်ရကာ၊ အိပ်ရေးဝဝ အိပ်ရန် နေရာတစ်ခု ရှာနိုင်တော့မည် ဖြစ်ကြောင်း မှတ်ယူလိုက်လေ၏။
ထိုစဉ် ၊ အသစ်တည်ဆောက်ထားသော တောင်တံခါး အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ကျေးဇူးပြုပြီး... အိမ်ရှေ့စံမင်းသား လက်ခံပေးပါ"
လူတိုင်း အသံလားရာဘက်သို့ လှည့်ကြည့်လိုက်ရာ၊ တစ်ကိုယ်လုံး မည်းတူးနေပြီး အဝတ်အစားများ စုတ်ပြဲကာ အရှိန်အဝါများ အလွန် အားနည်းနေသော လူရိပ်တစ်ခုသည် တောင်တံခါးရှေ့တွင် ရုန်းကန်ကာ ဒူးထောက်နေသည်ကို တွေ့လိုက်ရသည်။
သူ၏ ကိုယ်ပေါ်၌ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာစွမ်းအင် အငွေ့အသက်များ ကျန်ရှိနေသေးသော်လည်း၊ သို့သော် အရင်းအမြစ်များစွာ စုပ်ယူခံလိုက်ရသဖြင့် ခပ်ဖျော့ဖျော့သာ ကျန်တော့သည်။
ချန်ချင်း မျက်မှောင်ကြုတ်သွားမိသည်။
"အရိုးမိစ္ဆာ သခင်"
ရောက်လာသူမှာ စောစောက စစ်မြေပြင်တွင် ရှောင်ရှန်း၏ နဂါးသွေးကြော စွမ်းအားဖြင့် တိုက်ခိုက်ခံရပြီး သေသွားပြီဟု ထင်ခဲ့သော ရန်သူဘက်က တပ်မှူးပင် ဖြစ်နေသည်။
သူသည် မသေသေးသည့်အပြင် ထိန်းချုပ်မှု တစ်ခုခုမှ လွတ်မြောက်သွားသကဲ့သို့ အသိစိတ် အနည်းငယ် ပြန်လည် ရရှိလာပုံရသည်။ သူ၏ မျက်လုံးထဲ၌ ယခင်ကကဲ့သို့သော ရူးသွပ်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများ မရှိတော့ဘဲ အဆုံးမဲ့ ကြောက်ရွံ့မှုနှင့် တောင်းပန်မှုများသာ ကျန်ရှိတော့သည်။
"အရှင့်သား.. ကျွန်တော့်ကို ကယ်ပါဦး"
အရိုးမိစ္ဆာ သခင်ကြီး၏ အသံမှာ တုန်ယင်နေသည်။
"'ကွေ့ရွှီး'... 'ကွေ့ရွှီး' က လက်မလွှတ်သေးဘူး..သူက ကျွန်တော်တို့လို 'စွန့်ပစ်ခံ' တွေကို လမ်းညွှန် အဖြစ် သုံးပြီး ဒီကမ္ဘာမြေကို ရှာဖွေနေတယ်"
"သူက ကျွန်တော့်ရဲ့ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံး နေရာကနေ ကျွန်တော့်ကို ခေါ်နေတာကို ခံစားမိတယ်..ကျွန်တော့်ကို အပြတ်အသတ် ဝါးမြိုပြီး ကျွန်တော့်ရဲ့ အကြွင်းအကျန်တွေကနေ တစ်ဆင့် သူ ဆင်းသက်လာတော့မယ်"
"ကျွန်တော်... ကျွန်တော့်မှာ ထွက်ပြေးစရာ နေရာမရှိတော့ဘူး၊ အိမ်ရှေ့စံမင်းသားဆီက...အရှင့်သားရဲ့ အငွေ့အသက်ကပဲ 'ကွေ့ရွှီး' ရဲ့ ခြေရာခံမှုကို တားဆီးပေးနိုင်မှာ...ကျွန်တော် ဒီနေရာကို ရှာတွေ့တာလည်း... အရှင့်သားရဲ့ 'ကွေ့ရွှီး လမ်းညွှန်' ကို အာရုံခံပြီး ရောက်လာတာပါ"
တောင်ကြားထဲတွင်၊ ယခုလေးတင် ပျော်ရွှင်နေသော အခြေအနေသည် ချက်ချင်းပင် ရေခဲမှတ်အောက် ရောက်ရှိသွားသည်။ ရှောင်ရှန်း၏ မျက်နှာမှာလည်း ချက်ချင်း ပျက်ကျသွားသည်။
သူသည် မိမိ၏ နတ်အသိစိတ် သမုဒ္ဒရာထဲတွင် မည်သို့ပင်ခါထုတ်ပါစေ စတစ်ကာလို ကပ်နေသည့် "ကွေ့ရွှီး လမ်းညွှန်" ကို တစ်ချက် ခံစားကြည့်လိုက်ပြီး၊ ထို့နောက် တံခါးဝတွင် ဒူးထောက်နေသော ဤ "ရွေ့လျား ဂျီပီအက်စ်" ကို ပြန်ကြည့်လိုက်၏။
' ဒါဆို သူ အချိန်အကြာကြီး အလုပ်ရှုပ်ခံပြီး အမတဂိုဏ်းရဲ့ ကွန်ရက်ချိတ်ဆက် လိမ်လည်တဲ့ နေရာကို နိုင်ငံတော်ပိုင် အနားယူရေး စခန်းအဖြစ် ပြောင်းလဲလိုက်တာ၊ ဆိုင်ဖွင့်တဲ့ ပထမဆုံးနေ့မှာတင် စကြာဝဠာရဲ့ အလိုရှိ ရာဇဝတ်ကောင်က တံခါးဝလာပြီး နိုင်ငံရေး ခိုလှုံခွင့် လာတောင်းနေတာလား...'
' ငါက အိမ်ရှေ့စံမင်းသားလား ဒါမှမဟုတ် တရားမဝင် ကျူးကျော်သူတွေနဲ့ စကြာဝဠာလောကတစ်ခွင် ထွက်ပြေးလာသူတွေရဲ့ ခိုလှုံရေးစခန်းမှူးလား'
ရှောင်ရှန်းတစ်ယောက် ခေါင်းနားပန်းကြီးသွားသည်။ သူသည် နေရာကောင်းတစ်ခုကို ရှာဖွေကာ အိပ်ရေးဝဝ အိပ်ချင်ရုံမျှသာ။
' ဒါကို ...ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာတုန်း'