← Chapters

အခန်း ၂၅၅

Vol. 26 Ch. 255

အခန်း ၂၅၅

Vol. 26 Ch. 255

အခန်း (၂၅၅) - ငါကိုယ်တော်က မြို့တော်က မြေပိုင်ရှင်ကြီးလေ

​"ဒါက မျိုးဖြုတ်တော့မယ်ဆိုတဲ့ သတိပေးချက်ပဲ"

သူမ၏ မျက်နှာမှာ ချက်ချင်းဆိုသလို ဖြူလျော့သွားသည်။

" မြို့တော်မှာရှိတဲ့ ကျွန်မတို့ ဆေးတောင်ကြားရဲ့ လျှို့ဝှက်စခန်း ဖျက်ဆီးခံလိုက်ရပြီဆိုတဲ့ အဓိပ္ပာယ်ပဲ...ဒီသတိပေးချက်ကို အသက်သွင်းနိုင်သူက ကျွန်မဆရာ... ဆေးတောင်ကြားသခင်တစ်ယောက်ပဲ ရှိတယ်"

​မြို့တော်...

​ထိုစကားလုံးနှစ်လုံးက လူတိုင်း၏ရင်ထဲတွင် ကျောက်တုံးကြီးတစ်ခုဖြင့် ဖိထားသကဲ့သို့ လေးလံသွားစေသည်။

​"အိမ်ရှေ့စံမင်းသား..."

​ချန်ချင်းက ရှေ့သို့ခြေတစ်လှမ်း တိုးလာပြီး လေးနက်စွာ ဆိုလိုက်၏။

"မြို့တော်က သာရှတိုင်းပြည်ရဲ့ ဗဟိုချက်မပဲ....အခုလို အပြောင်းအလဲဖြစ်တယ်ဆိုတာ နဂါးဂူ၊ ကျားသိုက်ထဲ ဝင်သွားသလိုပဲ အန္တရာယ်ကြီးပါတယ်... ကျွန်တော်တို့က အခုမှ ခြေကုပ်ယူရုံပဲ ရှိသေးတယ်၊ အခြေမခိုင်မာသေးခင် ကိုယ့်ကိုယ်ကိုယ် အန္တရာယ်တွင်းထဲ ပို့လိုက်တာမျိုး မလုပ်သင့်ဘူး"

​ယဲ့လင်ရွှမ်းသည် လက်ထဲရှိ ဓားရှည်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကာ သူမ၏ကိုယ်မှ အေးစက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်နေ၏။

​"စစ်သူကြီးချန် ပြောတာမှန်တယ်... ရန်သူက မြို့တော်မှာတောင် လှုပ်ရှားရဲတယ်ဆိုတော့ ကျွန်မတို့ ရောက်လာမယ့်အချိန်ကို စောင့်မျှော်ပြီး ပိုက်ကွန်တွေချထားမှာ သေချာတယ်...အန္တရာယ်ကို အရင်ရှောင်ပြီးမှ အခြေအနေကြည့်ပြီး အစီအစဉ်ဆွဲသင့်တယ်"

​လူတိုင်း၏အကြည့်များက ရှောင်ရှန်းဆီသို့ စုပြုံရောက်ရှိသွားသည်။ သူ၏ ထုံးစံအတိုင်း အပျင်းထူပြီး အလုပ်မရှုပ်ချင်သည့် ပုံစံမျိုးဖြင့် 'ဒီမှာ သုံးရက်သုံးညလောက် အိပ်လိုက်မယ်၊ မြို့တော်ဘက်က တိုက်ပွဲတွေပြီးမှ ဆက်ပြောကြတာပေါ့' ဟု ပြောလာလိမ့်မည်ဟု လူတိုင်းက ထင်မှတ်ထားကြသည်။

​သို့သော် ရှောင်ရှန်းသည် လက်ထဲရှိ အသားကင်တုတ်တံကို တစ်ကိုက်ချင်း စားသောက်ပြီးနောက်၊ အင်္ကျီလက်ဖြင့် ပါးစပ်ထောင့်မှ ဆီများကို သုတ်လိုက်သည်။ ထို့နောက် အကြောဆန့်လိုက်ရာ သူ၏ခန္ဓာကိုယ်မှ ဂျွတ်ဂျွတ်နှင့် အရိုးအဆစ်များ၏ မြည်သံထွက်ပေါ်လာ၏။

"မဖြစ်ဘူး၊ ပြန်မှရမယ်"

သူသည် ပျင်းရိပျင်းတွဲလေသံဖြင့် ပြောဆိုလိုက်သည်။ ထိုလေသံမှာ 'မနက်ဖြန် မနက်စာကို အရှေ့လမ်းက ဝယ်စားမလား၊ အနောက်လမ်းကပဲ ဝယ်စားမလား' ဟု ဆုံးဖြတ်နေသည့်အတိုင်း ပေါ့ပါးလွန်းသည်။

​လူတိုင်းမှာ မှင်သက်သွားကြသည်။ ရှောင်ရှန်းမှာ ၎င်းတို့၏ ကြောင်အမ်းအမ်း ဖြစ်နေသော မျက်နှာများကို ကြည့်ပြီး၊ လုံးဝ ဖြစ်သင့်ဖြစ်ထိုက်သည်ဟု သူ ယူဆထားသည့် အကြောင်းပြချက်တစ်ခုကို ထပ်ပြောလိုက်သည်။

"ငါ မြို့တော်မှာ အိမ်လခ မကောက်ရသေးတဲ့ အိမ်တွေ အများကြီး ကျန်သေးတယ်လေ... လပေါင်းများစွာ ကြာနေပြီ...တခြားလူတွေကို အလကား နေခွင့်ပေးထားလို့တော့ ဘယ်ဖြစ်မလဲ"

​"........."

​တောင်ကြားတစ်ခုလုံး တိတ်ဆိတ်ငြိမ်ကျသွားပြန်၏။

​'ဒါဘယ်အချိန် ရှိနေပြီလဲ...ကောင်းကင်ကြီး ပြိုကျတော့မယ့်အချိန်မှာ သူက အိမ်လခကို တွေးနေသတဲ့လား...'

​ချန်ချင်းတစ်ယောက် နှုတ်ခမ်းမဲ့သွားပြီး ထပ်မံ အကြံပေးရန် ပြင်လိုက်သော်လည်း၊ ရှောင်ရှန်း၏ လေးနက် မျက်ဝန်းများကို မြင်လိုက်ရသဖြင့် စကားလုံးများမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားခဲ့ရသည်။

ရှောင်ရှန်း၏ မျက်ဝန်းအကြည့်မှာ မည်မျှအရေးကြီးသော ပြဿနာကိုမဆို ဖြေရှင်းနေသကဲ့သို့ လေးနက်စွာ ရှိနေသောကြောင့် ဖြစ်၏။

"မင်းတို့ နားမလည်ကြသေးပါဘူး"

ရှောင်ရှန်းသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် သူ့၏ 'မြေပိုင်ရှင်ကြီး' သီအိုရီကို စတင်ရှင်းပြလေတော့သည်။

"မြို့တော်ဆိုတာ ဘယ်လိုနေရာလဲ... သာရှနဂါးသွေးကြောရဲ့ ဗဟိုချက်မ၊ ဒီတိုင်းပြည်တစ်ခုလုံးရဲ့ ပင်မအရင်းအမြစ်ကြီးလေ... ငါက အိမ်ရှေ့စံမင်းသားဆိုတော့ သီအိုရီအရဆိုရင် ဒီနဂါးသွေးကြောရဲ့ တာဝန်ခံပဲ....အဲ့တော့ မြို့တော်က မြေတစ်လက်မ၊ အုတ်တစ်ချပ်တိုင်းက ဥပဒေအရဆိုရင် ငါ့ပိုင်ဆိုင်မှုတွေချည်းပဲ မဟုတ်ဘူးလား"

​သူသည် စကားကို ခေတ္တရပ်လိုက်ပြီး မြို့တော်တည်ရှိရာအရပ်ကို လက်ညှိုးထိုးပြလိုက်သည်။ သူ၏ လေသံတွင် 'ငါ့နယ်မြေကို ငါပိုင်တယ်' ဟူသော အာဏာရှင်ဆန်သည့် ဟန်ပန်မျိုး အပြည့်ရှိသည်။

​"အခု တစ်ယောက်ယောက်က ငါ့နယ်မြေမှာ လာပြီး ပြဿနာရှာတယ်၊ ရှုပ်ပွအောင်လုပ်တယ်ဆိုတာ အိမ်ငှားက အိမ်လခလည်း မပေးဘဲ ငါ့အိမ်ကို ဖျက်ဆီးနေတာနဲ့ အတူတူပဲလေ...ဒီလောကမှာ ဒီလောက်ထိ ယုတ္တိမဲ့တဲ့ကိစ္စ ဘယ်မှာရှိလို့လဲ... အဲ့တော့ တကယ့်အိမ်ပိုင်ရှင်က ဘယ်သူလဲဆိုတာကို သူတို့ကို သိအောင် လုပ်ပေးရလိမ့်မယ်"

​ဤမျှ ယုတ္တိမရှိသော စကားများကြောင့် ယဲ့လင်ရွှမ်းနှင့် စူးဝမ်ချင်းတို့မှာ အံ့အားသင့်လွန်း၍ စကားပင် မဆိုနိုင်ကြတော့ဘဲ မိမိတို့၏ အိမ်ရှေ့စံမင်းသားကြီးမှာ ရူးသွပ်သွားပြီဟုပင် ထင်မှတ်လိုက်ကြသည်။

​သို့သော် ချန်ချင်းမှာမူ ထိုစကားများကို ကြားလိုက်သည်နှင့် ခန္ဓာကိုယ် တစ်ချက် တုန်ခါသွားကာ မျက်လုံးထဲတွင် ထူးခြားသော အလင်းရောင်များဖြင့် တောက်ပလာလေ၏။

သူ သဘောပေါက်သွားချေပြီ။

အိမ်ရှေ့စံမင်းသား၏ စကားထဲမှ နက်နဲသော အဓိပ္ပာယ်ကို သူ လုံးဝ သဘောပေါက်သွားပြီဖြစ်သည်။ ​ရှောင်ရှန်းဆိုလိုသည်မှာ "အိမ်လခ" ဟူသော စကားလုံးနောက်ကွယ်တွင် "တိုင်းပြည်၏ အခြေခံ" ကို တင်စားပြောဆိုခြင်းဖြစ်ကြောင်း သူ နားလည်လိုက်သည်။

ဤသည်မှာ 'မြေပိုင်ရှင်' ၏သဘောထားဖြင့် 'ဧကရာဇ်မင်း၏အာဏာ' ကို ကိုယ်စားပြုလိုက်ခြင်းပင်။ 'အိမ်လခကောက်ခံခြင်း' ဟူသော စကားလုံးနောက်ကွယ်တွင် 'ပုန်ကန်မှုကို နှိမ်နင်းပြီး တိုင်းပြည်အာဏာကို ပြန်လည်သိမ်းပိုက်ခြင်း' ဟူသည့် လေးနက်သော နည်းဗျူဟာများ ပုန်းကွယ်နေသည်။

​တိုင်းပြည်၏ကံကြမ္မာကို ခြိမ်းခြောက်နေသည့် ကောင်းကင်ဘုံအဆင့် ကပ်ဆိုးကြီးကိုပင် အိမ်နီးချင်းပြဿနာလေးတစ်ခုကို ဖြေရှင်းသကဲ့သို့ 'အိမ်လခကောက်မည်' ဟု ပေါ့ပေါ့ပါးပါး ပြောဆိုနိုင်သည်မှာ မည်မျှကြီးမားသော စိတ်သဘောထားနည်း။ မည်မျှကြီးကျယ်ခမ်းနားသော ရဲစွမ်းသတ္တိမျိုး ဖြစ်လေသနည်း။

​အိမ်ရှေ့စံမင်းသား၏ ကျယ်ပြန့်လှသော ဉာဏ်အမျှော်အမြင်သည် သူ မော့ကြည့်၍ပင် မမီနိုင်သည့်၊ သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သော အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေချေပြီ။

​ချန်ချင်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရှောင်ရှန်းအား လေးစားစွာဖြင့် ဦးညွှတ်လိုက်သည်။

" ကျွန်တော်မျိုးရဲ့ ဉာဏ်ပညာနည်းပါးမှုအတွက် ခွင့်လွှတ်တော်မူပါ... အရှင့်သားရဲ့ အမြော်အမြင်က အလွန်ကို ကြီးမားလှပါတယ်... ကျွန်တော်မျိုး အိမ်ရှေ့စံမင်းသားရဲ့ 'အိမ်လခကောက်ခံရာ' လုပ်ငန်းကြီးမှာ ရှေ့ပြေးတပ်သားအဖြစ် အသက်ကိုပင် စွန့်လွှတ်ကာ ရေမီးမရှောင် ဆောင်ရွက်သွားပါ့မယ်"

​ချန်ချင်း၏ ဤ 'ဘာသာပြန်' ရှင်းပြချက်ကြောင့် ရှောင်ရှန်းအား ကြည့်ရှုသည့် လူတိုင်း၏ အကြည့်များက တစ်ဖန် ပြောင်းလဲသွားကြပြန်သည်။

'အော်... ဒါကမှ အိမ်ရှေ့စံမင်းသားရဲ့ ရည်ရွယ်ချက် အစစ်ကိုး'

​ရှောင်ရှန်းမှာမူ ကျေနပ်စွာပင် ခေါင်းညိတ်လိုက်ပြီး 'လောင်ချန် ကမှ ငါ့ကို တကယ်နားလည်တဲ့သူပဲ' ဟု တွေးနေမိ၏။

​"'ရပြီ၊ ရေမီးမရှောင်တာတွေ လုပ်မနေနဲ့တော့....ငါတို့က ယဉ်ကျေးတဲ့နည်းလမ်းနဲ့ အိမ်လခသွားကောက်မှာ၊ ဓားပြသွားတိုက်မှာ မဟုတ်ဘူး"

ရှောင်ရှန်းက လက်ကိုခါယမ်းကာ အဖွဲ့ဝင်များကို ရွေးချယ်လိုက်သည်။

" လောင်ချန်... မင်းရဲ့ အတော်ဆုံး ကိုယ်ရံတော်တွေကို ခေါ်ခဲ့... သူရဲကောင်းမယ် ယဲ့... မင်းရဲ့ဓားက မြန်တယ်မလား၊ အထူအပါး နားမလည်တဲ့ကောင်တွေကို ရှင်းပေး...စူး မိန်းကလေး၊ မင်းက ဒီကိစ္စမှာ နစ်နာသူဆိုတော့ လမ်းပြပေး.... အသစ်ရောက်လာတဲ့ လက်ဝဲလက်ယာအစောင့်နှစ်ယောက်၊ မင်းတို့က အမတဂိုဏ်းအကြောင်း သိတယ်ဆိုတော့ အကြံပေးလုပ်ကြ"

​ရှောင်ရှန်း၏အကြည့်သည် နောက်ဆုံးတွင် ထောင့်တစ်နေရာ၌ အရိုးကို ကိုက်နေဆဲဖြစ်သော အရိုးမိစ္ဆာသခင်ကြီးထံသို့ ရောက်ရှိသွားသည်။

​"အရိုးအိုကြီး...မင်းလည်း လိုက်ခဲ့"

​အရိုးမိစ္ဆာသခင်ကြီးမှာ မှင်သက်သွားပြီး ကမန်းကတန်း လက်ယမ်းပြသည်။

" အိမ်ရှေ့စံမင်းသား... ကျွန်တော် ဒီပုံစံနဲ့ မြို့တော်သွားရင် လူတွေလန့်ပြီး သေကုန်မှာကို စိုးရတယ်..."

​"ဘာကြောက်စရာရှိလို့လဲ"

ရှောင်ရှန်းက နှုတ်ခမ်းမဲ့လိုက်သည်။

"'မင်းက အခုဆို 'သာရှတော်ဝင်ကျင့်ကြံခြင်း ပထမသင်တန်းကျောင်း' ရဲ့ လူမိုက်နှိမ်နင်းရေးအဖွဲ့ ခေါင်းဆောင်ပဲ...အစိုးရကတောင် အသိအမှတ်ပြုထားတဲ့ အကျင့်ဆိုးကနေ အကျင့်ကောင်းပြောင်းသွားတဲ့ နမူနာကောင်းတစ်ယောက်လေ...."

" ဒီခရီးက မင်းရဲ့ လုပ်ငန်းစွမ်းရည်ကို ပထမဆုံး အကဲဖြတ်တာလို့ သတ်မှတ်လိုက်..အဲဒီပြဿနာရှာတဲ့ကောင်တွေထဲမှာ မင်းရဲ့လုပ်ဖော်ကိုင်ဖက်တွေ ဒါမှမဟုတ် တပည့်တွေ အများကြီးပါမှာပဲ...မင်းသွားပြီး သူတို့နဲ့ 'ရင်းရင်းနှီးနှီး' စကားပြောလိုက်ရင် အလုပ်ပိုမြန်မြန်ပြီးတာပေါ့"

​ဤသို့ဖြင့် အလွန်ထူးဆန်းသော 'အိမ်လခကောက်ခံရေး' အဖွဲ့ကြီးမှာ ပုံစံအမျိုးမျိုးဖြင့် ဖွဲ့စည်းပြီးစီးသွားလေ၏။

ရှောင်ရှန်းသည် မိကျောင်းကြီး 'ရှောင်ချွေ့' နှင့် လူအချို့ကို သင်တန်းကျောင်းတွင် ထားရစ်ခဲ့သည်။

'ရုံးခွဲမှာ လူမရှိလို့ မဖြစ်ဘူး' ဟု အကြောင်းပြချက် ပေးခဲ့သော်လည်း၊ တကယ်တမ်းမှာမူ 'အိမ်လခ ကောက်ခံရေး' ခရီးစဉ်အတွက် အခမ်းနားဆုံးသော စီးတော်ယာဉ်အဖွဲ့ကို သူ အသုံးပြုလိုခြင်းကြောင့်သာ ဖြစ်သည်။

​'ဝုန်း—'

​အရိုးနဂါး 'အရိုးအိုကြီး' က အသံဩဩဖြင့် ဟိန်းဟောက်လိုက်ပြီး သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးဖြင့် ကောင်းကင်ကို ဖုံးလွှမ်းထားကာ အရှိန်အဟုန်ဖြင့် ထိုးတက်သွားသည်။ သူသည် လေကြောင်းသယ်ယူ ပို့ဆောင်ရေးနှင့် ရန်သူကို ခြိမ်းခြောက်ရန် တာဝန်ယူထားခြင်း ဖြစ်သည်။

ရေပြင်တွင်မူ ချန်ချင်း၏ ရေတပ်သင်္ဘောများက လမ်းတစ်လျှောက် လုံခြုံရေး တာဝန်ယူပေးထားသည်။ ကုန်းလမ်းတွင်လည်း ချန်ချင်းကိုယ်တိုင် ဦးဆောင်သည့် သွေးနှင့်ချီစွမ်းအင်များ ပြည့်ဝနေသော အနက်ရောင် သံချပ်ကာမြင်းတပ်သား ရာနှင့်ချီက လိုက်ပါလာရာ မြင်းခွာသံများမှာ မိုးခြိမ်းသံပမာ မြည်တမ်းနေလေ၏။

​အရိုးနဂါး၊ အကောင်းဆုံးမြင်းတပ်၊ သိုင်းလောကသူရဲကောင်းမယ် ၊ မိစ္ဆာလမ်းစဉ်ခေါင်းဆောင်၊ အမတဂိုဏ်း သစ္စာဖောက်နှင့် ပျင်းရိသော အိမ်ရှေ့စံမင်းသားတို့ ပါဝင်သည့် ရေ၊ ကုန်း၊ လေ သုံးရပ်လုံးကို ဖြတ်ကျော်မည့် ဤ 'အိမ်လခကောက်ခံရေး' အဖွဲ့ကြီးသည် မြို့တော်ဆီသို့ ခမ်းနားစွာ ချီတက်လာခဲ့သည်။

​ရှောင်ရှန်း၏ ဆုံးဖြတ်ချက်သည် တစ်ဖက်တွင် ယုတ္တိမရှိသော်လည်း၊ တစ်ဖက်တွင်မူ အလွန်မှန်ကန်နေသည်။ လမ်းတစ်လျှောက်တွင် အခြေအနေများမှာ သူတို့ ထင်ထားသည်ထက် ပိုမိုဆိုးရွားနေခဲ့သည်။

သာရှမင်းဆက်၏ အတွင်းပိုင်းဒေသများ၊ ပြည်နယ်များနှင့် မြို့များတွင် မိစ္ဆာစွမ်းအင်များ ယိုစိမ့်နေပြီး မိစ္ဆာကောင်များ သောင်းကျန်းမှုများ ဖြစ်ပေါ်နေသည်။ အမတဂိုဏ်း၏ လျှို့ဝှက်ထိန်းချုပ်မှုကို ခံထားရသည့် ဒေသခံအဖွဲ့အစည်းများနှင့် 'ကွေ့ရွှီး' ၏ ကူးစက်မှုခံထားရသည့် သတ္တဝါတို့က အခွင့်ကောင်းယူ သောင်းကျန်းနေကြရာ၊ တိုင်းပြည်တစ်ခုလုံး ပြိုကွဲလုနီးပါး ဖြစ်နေသည်ကို မြင်တွေ့ခဲ့ရသည်။

တခြားစစ်သူကြီးတစ်ယောက်သာဆိုလျှင် ဤအချိန်တွင် တပ်များကို ခွဲကာ မိစ္ဆာများကို နှိမ်နင်းရင်း အချိန်နှင့်တစ်ပြေးညီ ရုန်းကန်နေရမည်မှာ သေချာသည်။ သို့သော် ရှောင်ရှန်း၏ ဖြေရှင်းပုံမှာမူ အလွန်ရိုးရှင်းပြီး ကြမ်းတမ်းလှသည်။

​မိစ္ဆာများ သောင်းကျန်းနေသည့်နေရာသို့ ရောက်တိုင်း သူသည် စီးတော်ယာဉ်ပေါ်မှ ဆင်းရန်ပင် ဝန်လေးနေတတ်သည်။ သမ်းဝေလိုက်ပြီးနောက် ဘေးမှ အရိုးမိစ္ဆာသခင်ကြီးကိုသာ အမိန့်ပေးလေ့ရှိသည်။

" အရိုးအိုကြီး... သွား၊ အောက်က တရားမဝင် လူစုလူဝေးလုပ်နေတဲ့ကောင်တွေကို သွားစကားပြောကြည့်... နေရာအသုံးပြုခ ပေးပြီးပြီလားလို့ မေးလိုက်...မပေးရသေးရင် ပေးခိုင်း၊ မပေးနိုင်ရင် ထွက်သွားခိုင်းလိုက်"

​ မိစ္ဆာလမ်းစဉ် ခေါင်းဆောင်ဟောင်းကြီးမှာ မျက်နှာငယ်လေးဖြင့် အောက်သို့ ဆင်းလာရှာသည်။ သူ့အနေဖြင့် ဘာမှပင် လုပ်စရာမလို။ 'ကွေ့ရွှီး' ၏ အစွမ်းနှင့် နဂါးသွေးကြောစွမ်းအားတို့ ပေါင်းစပ်ထားသော၊ မိစ္ဆာဆန်ဆန်နှင့် နတ်ဘုရားဆန်ဆန် ရောထွေးနေသည့် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ခပ်အုပ်အုပ်လေး ထုတ်လွှတ်လိုက်ရုံသာ ရှိသေးသည်။

​မိမိကိုယ်ကိုယ် အစွမ်းအထက်ဆုံးဟု ထင်နေကြသော ထိုမိစ္ဆာကောင်ငယ်များမှာ စိတ်ဝိညာဉ်တစ်ခုလုံး ဖိနှိပ်ခံလိုက်ရသဖြင့် ကြောင်ကိုတွေ့သော ကြွက်များပမာ လိမ့်ပိမ့်ပြေးကြလေတော့သည်။

တစ်ချို့မှာမူ ကြောက်လွန်း၍ နေရာမှာပင် ဒူးထောက်လက်နက်ချကာ 'အခကြေးငွေ ထပ်ပေးပါ့မယ်' ဟု ငိုယိုအသက်ချမ်းသာပေးရန် တောင်းပန်ကြ၏။

ဤလုပ်ငန်းစဉ်မှာ အမွှေးတိုင် တစ်တိုင်စာမျှပင် မကြာလိုက်ချေ။ ​လမ်းတစ်လျှောက်မှ ပြည်သူများ၏ မျက်လုံးထဲတွင် ၊ အခြား မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရပြန်သည်။

အိမ်ရှေ့စံမင်းသား၏ တပ်ဖွဲ့ကြီးမှာ ကောင်းကင်တမန်များပမာ ကြွမြန်းလာပြီး၊ ကောင်းကင်တွင် ပျံဝဲနေသော ဧရာမအရိုးနဂါးကြီး၏ ဟိန်းသံတစ်ချက်နှင့်အတူ မြေပြင်ပေါ်ရှိ မိစ္ဆာများမှာ လေတိုက်ခံရသကဲ့သို့ ပျောက်ကွယ်သွားကြသည်။ မရေမတွက်နိုင်သော ပြည်သူတို့မှာ မြေပြင်တွင် ဒူးထောက်ဝတ်ပြုလျက် အမွှေးတိုင်များထွန်းကာ တောင်းဆုပြုလေတော့သည်။

ခဏတာအတွင်းမှာပင် ၊ 'အိမ်ရှေ့စံမင်းသားမှ အရပ်လေးမျက်နှာကို လှည့်လည်ကာ၊ နဂါးဘုန်းတော် ထိန်ထိန်လင်းလျက် ၊ မိစ္ဆာအပေါင်းကို နှိမ်နင်းခြင်း' ဆိုသည့် နာမည်သတင်းမှာ တပ်ဖွဲ့၏ ချီတက်နှုန်းထက် ဆယ်ဆမျှ ပိုမိုမြန်ဆန်စွာဖြင့် မြို့တော်သို့ ပျံ့နှံ့ရောက်ရှိသွားသည်။

​သို့သော် ထိုအချိန်၌ မြို့တော်မှာမူ လောကသစ်တစ်ခုသဖွယ် ပြောင်းလဲနေပြီ ဖြစ်သည်။ မင်းသား(၃) ရှောင်ကျင်းသည် အမတဂိုဏ်းမှ စွမ်းအားရှင်များ နှင့် '‌ ကောင်းကင်အရှင်' ပေးအပ်သော မိစ္ဆာစွမ်းအင်များကို အသုံးပြု၍ နန်းတွင်းအာဏာသိမ်းမှုကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့သည်။

ဧကရာဇ်ဟောင်း ရှောင်ယွမ်မှာ နန်းတော်အတွင်း၌ အကျယ်ချုပ်ကျနေပြီး အသက်ရှင်လျက် ရှိ၊ မရှိ မည်သူမျှ မသိနိုင်တော့ပေ။ အမတ်ချုပ်ကြီးနှင့် မင်းသမီးကြီးအပါအဝင် တော်ဝင်မိသားစုအပေါ် သစ္စာစောင့်သိသူများမှာ သွေးချောင်းစီး သတ်ဖြတ်မှုများကို ခံနေကြရပြီး၊ မြို့တော်တစ်ခုလုံးမှာ အမှောင်ထုနှင့် အကြောက်တရားတို့၏ သားကောင်ဖြစ်နေသည်။

​ရှောင်ရှန်း၏ တပ်ဖွဲ့ကြီးသည် မြို့တော်နှင့် မိုင်သုံးဆယ်အကွာ ကုန်းမြင့်တစ်ခုသို့ ရောက်ရှိလာချိန်တွင် ၊

သူတို့အားလုံး မြင်လိုက်ရသော မြင်ကွင်းကြောင့် စကားပင်မဆိုနိုင်အောင် အံ့အားသင့်သွားကြရသည်။ ​ယခင်က ခမ်းနားတင့်တယ်ခဲ့သော ကမ္ဘာ့နံပါတ်တစ် မြို့တော်ကြီးမှာ ယခုအခါ နိမိတ်မကောင်းသော ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်နေသည့် မိစ္ဆာစွမ်းအင် အကာအကွယ်ကြီးဖြင့် လွှမ်းခြုံခံထားရသည်။

ထိုအကာအကွယ်ပေါ်တွင် မကျွတ်လွတ်သော ဝိညာဉ်ပေါင်းများစွာ၏ မျက်နှာများ မသဲမကွဲ ပေါ်လာတတ်ပြီး အသံတိတ် ညည်းတွားနေကြသည်။ ထူထပ်လှသော မိစ္ဆာစွမ်းအင်များကြောင့် ကောင်းကင်ယံမှာလည်း ခရမ်းရောင်ရင့်ရင့် ပြောင်းလဲသွားပြီး၊ လူ့လောကအတွင်းသို့ ဆင်းသက်လာသည့် မိစ္ဆာနယ်မြေနှင့်ပင် ဆင်တူနေ၏။

မြို့ရိုးပေါ်ရှိ သာရှမင်းဆက် နဂါးအလံများမှာ ပြောင်းလဲသွားပြီး၊ ထူးဆန်းသော ဂါထာမန္တန်များ ရေးဆွဲထားသည့် အနက်ရောင်အလံများက နေရာယူထားသည်။

​လူတစ်ဦးသည် မိစ္ဆာအစီအရင်ဖြင့် ပြုပြင်ထားသည့် အနက်ရောင်မိစ္ဆာနဂါးပုံ ထိုးထားသော ဝတ်ရုံကို ဝတ်ဆင်ကာ မြို့ရိုးပေါ်သို့ ဖြည်းညင်းစွာ တက်လှမ်းလာသည်။

သူ၏နောက်တွင် အေးစက်စက် အငွေ့အသက်များကို ထုတ်လွှတ်နေသည့် အမတဂိုဏ်းမှ ပုဂ္ဂိုလ်အချို့က လိုက်ပါလာကြသည်။ ထိုသူမှာ မင်းသား(၃) ရှောင်ကျင်းပင် ဖြစ်သည်။

​သူသည် ရှောင်ရှန်း ရောက်လာမည်ကို ကြိုတင်သိရှိထားပုံရသည်။ သူ၏မျက်နှာပေါ်တွင် အာဏာမက်မောနေသည့် ရက်စက်သော အပြုံးတစ်ခုက လွှမ်းခြုံထားသည်။ သူသည် အဝေးရှိ ကုန်းမြင့်ပေါ်မှ ရှောင်ရှန်းကို တိတိကျကျ စိုက်ကြည့်နေ၏။

"ညီတော်(၇)... ငါ့ရဲ့ ချစ်လှစွာသော ညီတော်(၇)....မင်း နောက်ဆုံးတော့ သေဖို့ရောက်လာပြီပေါ့"

​ရှောင်ကျင်း၏ လေသံထဲတွင် မိစ္ဆာစွမ်းအင်များ ပါဝင်နေသဖြင့် မိုးခြိမ်းသံအလား မြို့ပြင်ရှိ လူတိုင်း၏ နားထဲတွင် ဟိန်းထွက်သွားသည်။

"မလောပါနဲ့ဦး... ရောက်လာမှတော့ မြို့ထဲအရင်ဝင်ပြီး လက်ဖက်ရည်တစ်ခွက်လောက် သောက်ရအောင်...ခမည်းတော်ကိုယ်တိုင် မင်းအတွက် ပြင်ဆင်ပေးထားတဲ့ 'ထီးနန်းလွှဲပြောင်းပွဲ' က မင်းကို စောင့်ကြိုနေတယ်"

​သူသည် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ရူးသွပ်စွာ ရယ်မောလိုက်သည်။ သူ၏ရယ်သံမှာ အောင်ပွဲခံလိုစိတ်နှင့် အာဏာအပေါ် ယစ်မူးနေသည့် လေသံမျိူး ဖြစ်ပေသည်။

All Chapters