အခန်း ၂၅၇
Vol. 26 Ch. 257
အခန်း (၂၅၇) - ရန်ဖြစ်ချင်တာလား..အရင်ဆုံး ငွေပေးချေဖို့ စကင်ဖတ်လိုက်
ပေတစ်ရာကျော် မြင့်မားသော ထိုမိစ္ဆာနတ်ဘုရား ရုပ်သေးရုပ်ကြီး မတ်တပ်ရပ်လာသည်နှင့်တစ်ပြိုင်နက် ၊ မြို့တော်တစ်ခုလုံးမှာ ပုံသဏ္ဍာန်မဲ့သော လက်ကြီးတစ်ဖက်၏ ဆုပ်ကိုင်ခြင်းကို ခံလိုက်ရသကဲ့သို့ အလင်းရောင်တို့မှာ မှိုင်းညို့သွားသည်။
ထိုကြောက်မက်ဖွယ်ရာ ကောင်းသော ဖိအားအောက်တွင် ၊ မြို့ပြင်ရှိ ချန်ချင်း၏ လက်အောက်ခံ သံချပ်ကာ မြင်းတပ်သားများနှင့် စီးနင်းထားသော စစ်မြင်းများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြရသည်။
မြင်းစီးသူရဲတို့မှာ အားကုန်ထုတ်၍ ထိန်းချုပ်မှသာ စစ်မြင်းများကို ငြိမ်သက်အောင် ပြုလုပ်နိုင်သော်လည်း၊ လက်နက်ကိုင်ထားသော စစ်သည်တို့၏ လက်များမှာမူ ထိန်းမနိုင်သိန်းမရ တုန်ယင်နေဆဲပင်။
ဤသည်မှာ သက်ရှိတို့၏ ပင်ကိုယ်အသိစိတ်ထဲမှ လာသည့် သေခြင်းတရားနှင့်ဆိုင်သော ကြောက်ရွံ့မှုပင် ဖြစ်သည်။
"'ဟားဟားဟားဟား၊ ရှောင်ရှန်း... မြင်ပြီမလား"
မြို့ရိုးပေါ်တွင် မင်းသား(၃) ရှောင်ကျင်းမှာ ရူးသွပ်စွာ ရယ်မောနေ၏။ သူသည် ကမ္ဘာကြီးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိသော ဤစွမ်းအားများကို ပိုင်ဆိုင်ထားသကဲ့သို့ လက်နှစ်ဖက်ကို ကောင်းကင်သို့ ဆန့်တန်းလိုက်သည်။
"ဒါက 'ကောငိးကင်အရှင်' ပေးသနားထားတဲ့ စွမ်းအားပဲ...ဒါက ကမ္ဘာသစ်ရဲ့ နတ်ဘုရားပဲ....မင်းက ဘာနဲ့များ လာပြီး ငါ့ကို ယှဉ်ပြိုင်မှာလဲ ... မင်းရဲ့ အဲဒီ 'အိမ်လခကောက်မယ်' ဆိုတဲ့ ယုတ္တိမရှိတဲ့ စကားလုံးတွေနဲ့လား"
သူ၏နောက်တွင် ရပ်နေသော အမတဂိုဏ်းမှ ကျင့်ကြံသူများမှာလည်း ရက်စက်ပြီး ရူးသွပ်သော အပြုံးများကို ပြသနေကြသည်။ သူတို့သည် အောင်ပွဲခံရန် သေချာနေပြီမှန်း ယုံကြည်ထားပုံရသည်။
ကုန်းမြင့်ပေါ်တွင်မူ ချန်ချင်း၊ ယဲ့လင်ရွှမ်းနှင့် အခြားသူများ၏ မျက်နှာအမူအရာများမှာ တည်ငြိမ်နေသော်လည်း၊ သူတို့၏ရင်ထဲ၌ ကြီးမားသော အရိပ်မည်းကြီးတစ်ခုက ဖုံးလွှမ်းထားလေ၏။
ဤသို့သော တည်ရှိမှုမှာ သာမန်လူတို့၏ ကိုယ်ခံပညာစွမ်းအားနယ်ပယ်ထက် ကျော်လွန်သည်ဖြစ်ရာ သာမန်လူသား တစ်ယောက်၏ စွမ်းအားဖြင့် ယှဉ်ပြိုင်နိုင်ရန် မဖြစ်နိုင်တော့ပေ။
သို့သော် မုန်တိုင်း၏ ဗဟိုချက်တွင် ရှိနေသူ ရှောင်ရှန်းမှာမူ မျက်မှောင်ကြုတ်လိုက်ရုံမျှသာ ရှိသည်။
"ဆူညံလိုက်တာ"
ရှောင်ရှန်းသည် နားကိုကလော်လိုက်ပြီး ရှောင်ကျင်း၏ ရူးသွပ်သော အော်ဟစ်သံများကို လုံးဝ လျစ်လျူရှုထား၏။ သူသည် လေဟာနယ်နှင့် စကားပြောနေသကဲ့သို့ပင် ပေါ့ပါးစွာ ရေရွတ်လိုက်သည်။
" အိမ်ရာစီမံခန့်ခွဲခ... အာမခံကြေး... ဘိုးဘေးကြီး၊ ခင်ဗျားရဲ့ အတွေးအခေါ်တွေက အတော်လေးကို ရှေ့ရောက်နေပါလား..."
လူတိုင်း၏ အံ့ဩမှင်သက်နေသော အကြည့်များအောက်တွင် ရှောင်ရှန်းတစ်ယောက် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူသည် မည်သည့် နက်နဲသော ဂါထာမန္တန်ကိုမျှ ရွတ်ဆိုခြင်းမရှိ၊ ရှုပ်ထွေးသော အစီအရင်များကိုလည်း ဖန်တီးခြင်းမရှိဘဲ အသာယာ လက်မြှောက်လိုက်ခြင်းသာ ဖြစ်သည်။
သို့သော် ထိုအခိုက်အတန့်တွင် သာရှတိုင်းပြည်တစ်ခုလုံး၏ နဂါးသွေးကြော၊ မြေအောက်အနက်ရှိုင်းဆုံးနေရာတွင် နှစ်ပေါင်းများစွာ အိပ်မောကျနေခဲ့သော 'တိုင်းပြည်ကံကြမ္မာ' သည် အရင်းနှီးဆုံး ခေါ်သံကို ကြားလိုက်ရသကဲ့သို့ နိုးထလာခဲ့သည်။
ယခင်က တစ်ခါမျှ မဖြစ်ပေါ်ဖူးသော နာခံမှုဖြင့် တောက်ပသည့် ရွှေရောင်အလင်းတန်း သန်းပေါင်းများစွာအဖြစ် ပြောင်းလဲသွားပြီး ရှောင်ရှန်း၏ လက်ဝါးထဲသို့ ရူးသွပ်စွာ စုဝေးလာ၏။
ထို့နောက် ရွှေရောင်အလင်းတန်းများသည် ကောင်းကင်ယံသို့ တရှိန်ထိုး ထိုးတက်လေရာ ၊ ပေတစ်ရာကျော် မြင့်မားသော မိစ္ဆာနတ်ဘုရားရုပ်ကြီး၏ ရှေ့တွင်၊ ထူးခြားသော ပုံသဏ္ဍာန်ကို ရေးဆွဲကာ ဖော်ပြလာခဲ့သည်။
၎င်းသည် နတ်ဘုရားလက်နက်မျိုး မဟုတ်သလို၊ ရှေးဟောင်းနတ်သားရဲတို့၏ အမှတ်အသား တံဆိပ်လည်း မဟုတ်ပေ။
၎င်းမှာ မရေမတွက်နိုင်သော ရွှေရောင် မှော်သင်္ကေတတို့ဖြင့် ရှုပ်ထွေးစွာ ဖွဲ့စည်းထားပြီး၊ လေးထောင့်ကျကျ နှင့် အလယ်တွင် အစက်အပြောက်တုံးလေးများ ပါဝင်နေသည့် ဧရာမပုံစံကြီး တစ်ခုပင် ဖြစ်သည်။
မြင့်မြတ်သော ရွှေရောင်အလင်းများ တောက်ပနေသည့် ထိုဧရာမ 'QR ကုဒ်' ကြီးမှာ လေထဲတွင် ရုတ်တရက် ပေါ်ထွက်လာပြီး၊ တစ်ကမ္ဘာလုံးကို 'ငါ့ကို စကင်ဖတ်ပါ' ဟု ခေါ်ဆိုနေသည့်အလား ထူးဆန်းသော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။
စစ်မြေပြင်တစ်ခုလုံးမှာ သေမင်းတမန်များ လာရောက်လည်ပတ်သကဲ့သို့ တိတ်ဆိတ်ငြိမ်ကျသွားသည်။ ရူးသွပ်နေသော ရှောင်ကျင်းပင်လျှင် အံ့အားသင့်လွန်၍ စကားမဲ့နေပြီး ၊ စိတ်လှုပ်ရှားနေသော ချန်ချင်းနှင့် တကွ လူတိုင်းမှာ စိတ်ကူးယဉ်ရန်ပင် မဖြစ်နိုင်သည့် မယုံနိုင်စရာကောင်းသော မြင်ကွင်းကြောင့် ဦးနှောက်များ ဗလာကျင်းသွားကြသည်။
"ဟေး"
ရှောင်ရှန်းက ပေါ့ပေါ့ပါးပါးပင် အော်ခေါ်လိုက်သည်။
ရှောင်ရှန်းသည် နဂါးချီစွမ်းအင်ဖြင့် ဖန်တီးထားသော ထိုရွှေရောင် လော်စပီကာကြီးကို ကိုင်ကာ ဧရာမ မိစ္ဆာနတ်ဘုရားရုပ်ကြီးကို လှမ်းအော်လိုက်သည်။
"ဟေ့... အသစ်ရောက်လာတဲ့ကောင်၊ စည်းကမ်းနားမလည်ဘူးလား"
"ရန်ဖြစ်ချင်ရင် ရတယ်... ဒါပေမဲ့ အရင်ဆုံး ငွေပေးချေဖို့ စကင်ဖတ်လိုက်"
သူသည် ဆက်လက်၍ ဈေးနှုန်းများကို တည်ငြိမ်စွာဖြင့် ရေရွတ်ပြလေတော့သည်။
" ဒီဆိုင်မှာ လူကြီးလူငယ်မရွေး ဈေးနှုန်း ရှင်းလင်းစွာ သတ်မှတ်ထားတယ်..နေရာအသုံးပြုခ တစ်ခဏစာအတွက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သိန်း... သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကြေး၊ ဆူညံသံကြောင့် အနှောင့်အယှက်ဖြစ်မှုကြေးတွေကတော့ သီးသန့် ပေးချေရမယ်"
" ဖြစ်နိုင်ခြေရှိတဲ့ စိတ်ပိုင်းဆိုင်ရာ နစ်နာကြေးကတော့ ဈေးညှိနှိုင်းဆဲပဲ... ငွေပေးချေမှုအနေနဲ့ နဂါးသွေးကြောရွှေတုံး၊ ဝိညာဉ်ကျောက်တုံး၊ အဖိုးတန်ဆေးဖက်ဝင်အပင်တွေအထိ လက်ခံတယ်.... အရင်ငွေပေး၊ ပြီးမှ လက်ပါ... အဲ့လိုမှ မဟုတ်ရင် အတင်းအဓမ္မ အသုံးပြုမှုလို့ သတ်မှတ်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေကို ကိုယ့်ဘာသာ တာဝန်ယူရမယ်"
သူသည် နောက်ဆုံးတွင် ဆိုင်ရှင်တစ်ယောက်၏ အပြုံးဖြင့် ၊ 'နောက်ဆုံးအဓိပ္ပာယ်ဖွင့်ဆိုပိုင်ခွင့်မှာ ဤဆိုင်တွင်ရှိသည်' ဟုပါ ထပ်မံ ဖြည့်စွက်လိုက်သေးသည်။
မင်းသား(၃) ရှောင်ကျင်း၏ ရူးသွပ်သော ရယ်မောသံမှာ လည်ပင်းညှစ်ခံလိုက်ရသည့် ဘဲတစ်ကောင်ပမာ ရုတ်တရက် ရပ်တန့်သွားသည်။
သူသည် လေထဲတွင် လွင့်မျောနေသော ထိုရွှေရောင် 'QR ကုဒ်' ကြီးကို တစ်ချက်ကြည့်လိုက်၊ တစ်ဖန် အောက်တွင် လော်စပီကာကြီးကို ကိုင်ကာ ဈေးရောင်းနေသည့် ရှောင်ရှန်းကို တစ်ချက်ပြန်ကြည့်လိုက်ဖြင့် ၊ မိမိ၏ စွမ်းအားများ မြင့်တက်လာခြင်းကြောင့် အမြင်မှားနေခြင်းများလားဟုပင် ပြန်လည် တွေးတောနေမိသည်။
"ဝုန်း—"
မိစ္ဆာနတ်ဘုရား ရုပ်သေးရုပ်ကြီးမှာမူ 'ငွေပေးချေခြင်း' ဆိုသည့် သဘောတရားကို နားမလည်ရှာပေ။ သခင်ဖြစ်သူ၏ တိုက်ခိုက်ရန် အမိန့်ကိုသာ နာခံလျက် ဧရာမ လက်မောင်းကြီးကို မြင့်မြင့် မြှောက်လိုက်သည်။
ထို့နောက် တောင်များကိုပင် ခွဲပစ်နိုင်စွမ်းရှိသည့် ထိုပုဆိန်ကြီးဖြင့် မိစ္ဆာစွမ်းအင်များ တရဟော လွင့်ပျံ့နေသော ကောင်းကင်ယံကို ဆုတ်ဖြဲကာ ကုန်းမြင့်ပေါ်သို့ အားကုန်ခုတ်ချလိုက်သည်။
သို့သော် ပုဆိန်လှုပ်ရှားလိုက်သည့် ထိုအခိုက်အတန့်မှာပင် ကောင်းကင်ယံရှိ ရွှေရောင် 'QR ကုဒ်' မှ တောက်ပသော အလင်းတန်းများ ရုတ်ချည်း ထွက်ပေါ်လာ၏။
'QR ကုဒ်' အတွင်းမှ ပစ်ထွက်လာသော ရွှေရောင်နိယာမ သံကြိုးများမှာ မိစ္ဆာနတ်ဘုရား ရုပ်သေးရုပ်ကြီးအား တစ်ကိုယ်လုံး ရစ်ပတ်ချုပ်နှောင်လိုက်သည်။ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ အတားအဆီးမဟုတ်၊ ပိုမို မြင့်မားသော အဆင့်အတန်းရှိသည့် 'လောက နိယာမစည်းမျဉ်း' တို့ဖြင့် သော့ခတ်လိုက်ခြင်းပင် ဖြစ်သည်။
မိစ္ဆာနတ်ဘုရား ရုပ်ကြီး၏ လှုပ်ရှားမှုမှာ ချက်ချင်း ရပ်တန့်သွားသည်။ ကမ္ဘာကြီး တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်သော ထိုပုဆိန်ခုတ်ချက်မှာ အနှေးပြကွက်တစ်ခုပမာ ပြောင်းလဲသွားပြီး တစ်လက်မချင်း အောက်သို့ ရွေ့လျားသွားလေ၏။
ထိုမိစ္ဆာနတ်ဘုရား ရုပ်သေးရုပ်ကြီးအနေဖြင့် တိုက်ခိုက်ရန် အားထုတ်လေလေ၊ သူ၏ခန္ဓာကိုယ်ထဲရှိ မိစ္ဆာစွမ်းအင်များမှာ ထိုရွှေရောင်သံကြိုးများ၏ အတင်းအကျပ် စုပ်ယူခြင်းကို ခံလိုက်ရလေလေ ဖြစ်သည်။
စုပ်ယူလိုက်သမျှ စွမ်းအင်တို့မှာ ထိုဧရာမ 'QR ကုဒ်' ကြီးဆီသို့ အဆက်မပြတ် စီးဝင်သွားပြီး ပို၍ ထိန်လင်း တောက်ပလာစေသည်။
ဤအခြေအနေကို အွန်လိုင်းဂိမ်းကြီးတစ်ခုတွင် ပိုက်ဆံမဖြည့်နိုင်သဖြင့် စနစ်က အတင်းအကျပ် 'လိုင်းကျ' စေခြင်းခံလိုက်ရသည့် ကစားသမားတစ်ယောက်နှယ် ခိုင်းနှိုင်းရပေမည်။ ၎င်း၏ တိုက်ခိုက်မှု အရှိန်မှာ ဒေါသထွက်စရာကောင်းလောက်အောင် နှောင့်နှေးနေခဲ့သည်။
" လုပ်လေ...လုပ်တော့လေ"
ရှောင်ကျင်းမှာ မိစ္ဆာနတ်ဘုရား ရုပ်သေးရုပ်ကြီးအား တိုက်ခိုက်မှုကို အဆုံးသတ်ရန် ရူးသွပ်စွာဖြင့် အော်ဟစ်အမိန့်ပေးနေ၏။ သို့သော် သူနှင့် ရုပ်သေးရုပ်ကြီးကြားရှိ စွမ်းအင်ချိတ်ဆက်မှု နေရာ၌ ဧရာမ ရေစုပ်စက်ကြီးတစ်ခု တပ်ဆင်ထားသကဲ့သို့ ခံစားနေရသည်။
ရုပ်သေးရုပ်ကြီးအတွင်းရှိ မိစ္ဆာစွမ်းအင်များမှာ သူ နားမလည်နိုင်သည့် အမြန်နှုန်းဖြင့် ရူးသွပ်စွာ ယိုစိမ့်ထွက်သွားပြီး၊ ထိုစွမ်းအင်များအားလုံးမှာ 'QR ကုဒ်' ကြီး၏ တောက်ပသော အလင်းရောင်များအဖြစ် ပြောင်းလဲနေ၏။
"မြင်ပြီလား"
ရှောင်ရှန်း တစ်ယောက် 'QR ကုဒ်' ၏အလယ်တွင် စွမ်းအင်များ ပိုမိုပြည့်ဝလာသည်ကို ကျေနပ်စွာဖြင့် ကြည့်ရှုရင်း၊ အနောက်တွင် ကျောက်ရုပ်သဖွယ် အံ့ဩနေကြသော ချန်ချင်းတို့ဘက်သို့ လှည့်ကာ မေးငေါ့ပြလိုက်သည်။
" နောက်ဆို ငါတို့ ရန်ဖြစ်ဖို့ ထွက်လာရင်လည်း ဒီလို စီးပွားရေးပုံစံနဲ့သွားရမယ်... အရှုံးခံပြီး အလုပ်လုပ်နေလို့ ဘယ်ဖြစ်မလဲ"
ချန်ချင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူ၏ ကမ္ဘာ့အမြင်မှာ ယနေ့တစ်နေ့တည်းနှင့် အကြိမ်ကြိမ် အမှုန့်ချေခံလိုက်ရသကဲ့သို့ ခံစားခဲ့ရသည်။
'အော်... စစ်ပွဲဆိုတာ ဒီလိုမျိုးလည်း ဖြစ်နိုင်တာပဲလား'
'ဖူး—'
မင်းသား (၃) ရှောင်ကျင်းမှာ သွေးမည်းများကို အန်ချလိုက်ရပြီး မျက်နှာမှာ စက္ကူအလား ဖြူဖျော့သွားသည်။
မိစ္ဆာစွမ်းအင်များ လုံးဝ စုပ်ယူခံလိုက်ရသည်နှင့်တစ်ပြိုင်နက်၊ ပေတစ်ရာကျော် မြင့်မားသော မိစ္ဆာနတ်ဘုရား ရုပ်သေးရုပ်ကြီးပေါ်မှ အငွေ့အသက်များမှာလည်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
၎င်း၏ ဧရာမ ကိုယ်လုံးကြီးမှာ လေတိုက်စားခံထားရသည့် ကျောက်ဆောင်တစ်ခုပမာ အက်ကွဲကြောင်းများ တစ်စတစ် ပေါ်ထွက်လာပြီး အဆုံးတွင် မြေပြင်ပေါ်သို့ ဒူးတစ်ဖက် ထောက်ကျသွားကာ အသက်မရှိသော ကျောက်တုံးပုံကြီးတစ်ခုအဖြစ်သာ ကျန်ရစ်တော့သည်။
မင်းသား(၃)၏ နောက်ဆုံးနှင့် အကြီးမားဆုံးသော ဖဲချပ်ကြီးမှာ ရန်သူကို မထိလိုက်ရသေးခင်မှာပင် ၊ ရှောင်ရှန်း၏ 'နဂါးသွေးကြောအကောင့်' ထဲသို့ ပိုက်ဆံအမြောက်အမြား ဖြည့်စွက်ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ရသည်။
"ဖျက်သိမ်းရေးအဖွဲ့... မြို့ထဲဝင်၊ ရှင်းလင်းမယ်"
ရှောင်ရှန်းသည် အရေးမပါသော ကိစ္စလေးတစ်ခုကို ပြီးမြောက်သွားသကဲ့သို့ ပေါ့ပေါ့ပါးပါး လက်ယမ်းပြလိုက်သည်။
"အမိန့်တိုင်းပါ"
ချန်ချင်းသည် အံ့ဩမှင်သက်ရာမှ သတိပြန်လည်လာပြီးနောက်၊ ရှောင်ရှန်းအား ရူးသွပ်မတတ် လေးစားသည့်အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ကျားတစ်ကောင်ပမာ ဟိန်းဟောက်ကာ လှံရှည်ကို ရှေ့သို့ ညွှန်ပြလိုက်သည်။
"တပ်ဖွဲ့တစ်ခုလုံး... ငါ့နောက်က လိုက်ခဲ့၊ ပုန်ကန်သူတွေကို အမြစ်ပြတ် ရှင်းလင်းမယ်"
ရက်စက်ကြမ်းကြုတ်သော အနက်ရောင်သံချပ်ကာ မြင်းတပ်သား ရာပေါင်းများစွာသည် ယဲ့လင်ရွှမ်း၊ စူးဝမ်ချင်းတို့နှင့်အတူ အနက်ရောင်ဒီရေလှိုင်းကြီးပမာ ကုန်းမြင့်ပေါ်မှ ဆင်းသက်လာကာ ပွင့်ဟနေသော မြို့တံခါးကြီးဆီသို့ ဝင်ရောက်လေတော့၏။
မြို့ရိုးပေါ်ရှိ အမတဂိုဏ်းမှ လူယုတ်မာများနှင့် ပုန်ကန်သူစစ်သည်များမှာ မိစ္ဆာနတ်ဘုရား ရုပ်သေးရုပ်ကြီး ပေါ်လာသည်မှစ၍၊ ငွေပေးချေရသည်အထိ ဖြစ်ပျက်ခဲ့သမျှ လုပ်ငန်းစဉ် တစ်ရပ်လုံးကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူများ ဖြစ်သည်။
၎င်းတို့မှာ ကြောက်လန့်တကြား ဖြစ်နေကြပြီး တိုက်ခိုက်လိုစိတ် မရှိကြတော့ချေ။ ဝံပုလွေနှင့် ကျားများပမာ ရဲရင့်သော မြင်းတပ်သားများကို ရင်ဆိုင်ချိန်တွင် မည်သည့်ခုခံမှုမှ မလုပ်နိုင်တော့ဘဲ လက်နက်ချ အရှုံးပေးကြတော့သည်။
အခြေအနေမှာ သစ်ခြောက်ကို ချိုးသကဲ့သို့ လျင်မြန်စွာပင် ထိန်းချုပ်ခံလိုက်ရသည်။
"မဟုတ်ဘူး... ငါ မရှုံးဘူး၊ ငါ ရှုံးစရာ အကြောင်းမရှိဘူး"
တတိယမင်းသား ရှောင်ကျင်းမှာ မိမိ၏ အင်အားစုများ မျက်စိတစ်မှိတ်အတွင်း ပြိုကွဲသွားသည်ကို ကြည့်ရင်း လုံးဝ ရူးသွပ်သွားခဲ့သည်။ နောက်ဆုတ်စရာ လမ်းမရှိတော့ကြောင်း သိလိုက်ရသည့်နှင့် ၊ သွေးရဲနေသော မျက်လုံးများဖြင့် မြို့ရိုးပေါ်ကို ရူးသွပ်စွာ ကြည့်လိုက်ပြီးနောက်၊ ဘေးတွင် ဖမ်းဆီးထားသော ဓားစာခံကို အင်အားသုံး၍ ဆွဲယူလိုက်သည်။
ထိုသူမှာ... မင်းသမီးကြီး ရှောင်နီချန်ပင် ဖြစ်သည်။
မိစ္ဆာအလင်းတန်းများ တလက်လက် တောက်ပနေသော ဓားမြှောင်တစ်လက်သည် ရှောင်နီချန်း၏ ဖြူဖွေးနုနယ်သော လည်ပင်းပေါ်သို့ အကြင်နာမဲ့စွာ ထောက်ထားလေရာ ၊ ချက်ချင်းဆိုသလို သွေးစက်လေးတစ်ခု စီးကျလာ၏။
"ရှောင်ရှန်း"
ရှောင်ကျင်း၏ မျက်နှာအမူအရာမှာ ပုံပျက်ပန်းပျက်ဖြစ်နေပြီး သူ၏အသံမှာ အက်ကွဲကာ စူးရှနေသည်။
သူသည် မိမိ၏အစ်မအရင်းကို လည်ပင်ဓားထောက်လျက် နောက်သို့ တစ်လှမ်းချင်း ဆုတ်သွားကာ အော်ဟစ်လိုက်သည်။
"မင်း ဒီကိုလာခဲ့.... တစ်ယောက်တည်း လာခဲ့ ၊ မဟုတ်ရင် ငါ သူ့ကို အရင်သတ်ပြီး မင်းနဲ့အတူတူ ငရဲကို ခေါ်သွားမယ်"