← Chapters

အခန်း ၂၅၈

Vol. 26 Ch. 258

အခန်း ၂၅၈

Vol. 26 Ch. 258

အခန်း (၂၅၈) - အစ်မတော်၊ အိမ်လခ ပေးရမယ့် အချိန်ရောက်ပြီ

"ရှောင်ရှန်း"

" မင်းက အတော်လေး တန်ခိုးကြီးတယ် မဟုတ်လား.... မင်းမှာ အရည်အချင်းတွေ ရှိတယ် မဟုတ်လား... အခုချက်ချင်း မင်းရဲ့ကျင့်စဉ်တွေကို ဖျက်ဆီးပြီး တစ်လှမ်းချင်းစီ လျှောက်လာခဲ့ ...မဟုတ်ရင်တော့ မင်း ဂုဏ်ယူရဆုံး အစ်မတော်လေး သွေးသံရဲရဲနဲ့ သေဆုံးသွားတာကို မင်း မျက်စိရှေ့မှာတင် ဖန်တီးပြမယ်"

မိစ္ဆာဓားမှာ သူမ၏ လည်ပင်းထက် အနည်းငယ် ပို၍ နက်ဝင်သွားသဖြင့် ရှောင်နီချန်းမှာ နာကျင်စွာဖြင့် ညည်းတွားရင်း မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် သူမ၏ မျက်ဝန်းများမှာ နှင်းစက်များပမာ အေးစက်လျက်ပင် ရှိနေသည်။

သူမသည် ရှောင်ကျင်းကို ဂရုမစိုက်ဘဲ မြို့အောက်တွင် ရှိနေသော ရှောင်ရှန်းကိုသာ ကြည့်ကာ အော်ဟစ်လိုက်သည်။

"ငါ့ကို ဂရုမစိုက်နဲ့"

​သူမ၏ အသံမှာ မကျယ်လောင်သော်လည်း၊ ငြင်းဆို၍မရနိုင်သော ပြတ်သားမှုတို့ ပါဝင်နေသည်။

"သူ ငါ့ကို သတ်ရဲမှာ မဟုတ်ဘူး... ငါ့ကိုသာ သတ်လိုက်မယ်ဆိုရင် သူ ခုလို စကားပြောဖို့ နောက်ဆုံး အရင်းအနှီးလေးတောင် ရှိတော့မှာ မဟုတ်ဘူး"

​ဤစကားမှာ ရှောင်ရှန်းကို ပြောပြခြင်းဖြစ်သလို ရှောင်ကျင်းအပေါ် စိတ်ပိုင်းဆိုင်ရာ ဖိအားပေးခြင်းလည်း ဖြစ်သည်။ အကြံအစည်ကြီးမားသော မင်းသမီးတစ်ပါးအနေဖြင့် မိမိ၏တန်ဖိုးကို မည်သူ့ထက်မဆို သူမ ပိုမိုသိရှိသည်။

ချန်ချင်းသည် ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသော်လည်း နည်းနည်းလေးမှ လှုပ်ရှားဝံ့ပေ။ ယဲ့လင်ရွှမ်းမှာလည်း ထိုနည်းတူစွာ ရှိနေပြီး ၊ သူမသည် လေးမြှားပေါ်တွင် အသင့်ချိန်ရွယ်ထားသော မြှားတစ်စင်းပမာ အမှားအယွင်းမရှိသော အချိန်အခါကောင်းကို စောင့်ဆိုင်းနေ၏။

​လူတိုင်းက ရှောင်ရှန်းတစ်ယောက် ဒေါသထွက်ခြင်း နှင့် အလျှော့ပေးခြင်းတို့ကြားမှ ခက်ခဲသော ရွေးချယ်မှုတစ်ခုကို ပြုလုပ်ရလိမ့်မည်ဟု ထင်မှတ်ထားကြသည်။

​သို့သော် ရှောင်ရှန်းသည် အဝတ်အစားပေါ်မှ ဖုန်မှုန့်များကို အသာယာ ခါထုတ်လိုက်ပြီးနောက်၊ သေမင်းတမန်များ လာရောက်လည်ပတ်သကဲ့သို့ တိတ်ဆိတ်နေသော အကြည့်များအောက်တွင် မြို့ရိုးဆီသို့ စတင် လျှောက်လှမ်းလိုက်သည်။

သူ၏ခြေလှမ်းများမှာ မိမိအိမ်၏ နောက်ဖေးဥယျာဉ်အတွင်း လမ်းလျှောက်နေသကဲ့သို့ ပေါ့ပါးပြီး၊ ရှောင်ကျင်း၏ 'ကျင့်စဉ်ကို ဖျက်ဆီးပစ်လိုက်' ဟူသော အော်ဟစ်ခြိမ်းခြောက်သံကို လုံးဝ ဂရုမစိုက်ပုံရသည်။

"'ဟုတ်တယ်၊ လာခဲ့..မြန်မြန်လာခဲ့"

ရှောင်ကျင်း၏ မျက်ဝန်းထဲ၌ မိမိ၏အကြံအစည် အောင်မြင်တော့မည့်အလား ဝမ်းမြောက်သော အရိပ်အယောင်များ ထင်ဟပ်နေပြီး ၊ သူသည် ဓားမြှောင်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ ​

ထိုစဉ် ၊ ရှောင်ရှန်းသည် မြို့ရိုးအောက်သို့ တစ်လှမ်းချင်း ရောက်ရှိလာ၏။ ပိုမိုနီးကပ်လာသည်နှင့်အမျှ ၊ ရှောင်နီချန်း၏ နဖူးပေါ်မှ စီးကျလာသော ချွေးစေးများနှင့် တည်ငြိမ်အောင် ဟန်ဆောင်ထားသော်လည်း အနည်းငယ် တုန်ယင်နေသည့် သူမ၏ မျက်တောင်စများကိုပင် သူ ရှင်းလင်းစွာ မြင်နေရသည်။

​သူသည် ရပ်တန့်လိုက်ပြီး ခေါင်းမော့ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် လူတိုင်း၏ ရင်ခုန်သံများမှာ ရပ်တန့်လုမတတ်ပင်။

​သူသည် မင်းသား(၃)ကို လုံးဝ လျစ်လျူရှုကာ မင်းသမီးကြီး ရှောင်နီချန်းကိုသာ တိုက်ရိုက် ကြည့်ရှုလိုက်သည်။ ထို့နောက် လွန်စွာ လေးနက်သော မျက်နှာထားဖြင့် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ဆိုလေ၏။

"အစ်မတော်... မကြောက်ပါနဲ့"

​သူ၏လေသံမှာ အလွန်ကို ရိုးသားလွန်းလှသဖြင့် ကြက်သီးဖြန်းဖြန်း ထမိသည်။

"ကျွန်တော်က ကယ်တင်ဖို့ လာတာ မဟုတ်ဘူး... အိမ်လခလာကောက်တာပါ "

"......"

တစ်ခဏအတွင်းမှာပင် အချိန်များ ရပ်တန့်သွားသည့်အလား။ မျက်နှာအမူအရာ တင်းမာထားသော ရှောင်ကျင်းပင် မဆိုနှင့် ၊ ဖမ်းဆီးခံထားရသော ရှောင်နီချန်းကိုယ်တိုင်ပင် မယုံကြည်နိုင်ဖြစ်နေမိသည်။

' ​အိမ်လခ... ကောက်တယ် ဟုတ်လား'

​ရှောင်ရှန်းသည် သူတို့၏ ကြောင်အမ်းအမ်းဖြစ်နေသော တုံ့ပြန်မှုများကို လုံးဝ လျစ်လျူရှုထားသည်။ သူသည် အကြွေးလာတောင်းသည့် အိမ်ရှင်တစ်ယောက်ပမာ အလွန် တည်ငြိမ်သော လေသံဖြင့် ဆက်ပြောပြန်၏။

"အစ်မတော် နေတဲ့ မင်းသမီးကြီး အိမ်တော်က မြေ ၃၆ ဧက ကျယ်တယ်... ရေကန်တွေ၊ သစ်ပင်တွေနဲ့ နေရာကောင်းလေးပဲ...အဲဒီမြေက တော်ဝင်မိသားစုပိုင်တာဆိုတော့ စည်းကမ်းအရ အခုဆို ကျွန်တော့်ပိုင်ဆိုင်မှု ဖြစ်နေပြီလေ"

​သူသည် လက်ချောင်းများကို တစ်ချောင်းချင်းစီ ချိုးကာ တိကျစွာ တွက်ချက်ပြရင်း။

"အစ်မတော် အိမ်ထောင်ကျပြီး အိမ်ခွဲနေကတည်းက ဆယ်နှစ်ကျော်လောက် ရှိနေပြီမလား.... အိမ်လခတစ်ပြားမှ မပေးဖူးဘူး၊ ရေဖိုး အထွေထွေစရိတ်တွေကစ နန်းတော်စာရင်းကနေပဲ ရှင်းနေတာ... ဒီနေ့ အတော်ပဲ ၊ လူစုံနေတော့ ကျွန်တော်တို့ အရင်းရော၊ အတိုးပါပေါင်းပြီး ဒီစာရင်းကို ရှင်းလိုက်ကြရအောင်"

ထိုစကားလုံးများသည် အလွန် ရှင်းလင်းပြတ်သားစွာဖြင့် လူတိုင်း၏ နားထဲသို့ တိုးဝင်သွားသည်။

​ချန်ချင်းတစ်ယောက် ပါးစပ်အဟောင်းသားဖြင့် ကြောင်အမ်းစွာ ရပ်ကြည့်နေမိသည်။ အမြဲတမ်း ရေခဲတုံးပမာ တည်ငြိမ်လွန်းသည့် ယဲ့လင်ရွှမ်း၏ မျက်နှာပေါ်တွင်ပင် အံ့အားသင့်နေသော အမူအရာများကို အတိုင်းသား မြင်နေရ၏။

'ရူးနေပြီ... အိမ်ရှေ့စံမင်းသား သေချာပေါက် ရူးသွားပြီပဲ'

'​အခု ဘယ်အချိန်ရောက်နေပြီလဲ...ဒီလောက်ထိ ကြီးမားတဲ့ အန္တရာယ်ကို ရင်ဆိုင်နေရချိန်မှာတောင် သူက... အတိတ်က အိမ်လခတွေကို လာရှင်းနေတာလား'

​ရှောင်နီချန်းမှာလည်း ကြောင်အနေ၏။ သူမ၏ ဦးနှောက်ထဲတွင် ဖြစ်နိုင်ခြေအမျိုးမျိုးကို ကြိုတင်တွေးတောထားခဲ့သည်။

ရှောင်ရှန်းတစ်ယောက် သူမကိုကယ်တင်ရန် အရှက်ခွဲခံပြီး အလျှော့ပေးလိုက်လေမလား၊ သို့မဟုတ် အကြင်နာမဲ့စွာပင် သူမကို စတေးလိုက်လေမလား၊ သို့မဟုတ် နားလည်ရခက်သော နည်းလမ်း တစ်မျိုးမျိုးဖြင့် ဤအခြေအနေကို ပြောင်းပြန်လှန်ပစ်လေမလား စသည်ဖြင့် တွေးထင်ထားခဲ့သည်။

သို့သော်လည်း၊ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးထင်ထားခဲ့မိပေ။ သူမ၏ ဂုဏ်သိက္ခာ၊ ဉာဏ်ပညာ နှင့် ယခုအခိုက်အတန့် 'ဓားစာခံ' တစ်ဦး၏ ဝမ်းနည်းဖွယ် ခံစားချက်တို့သည် ရှောင်ရှန်း၏ စကားအနည်းငယ်ကြောင့် အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

အရှက်ရသော ခံစားချက် ၊ အမျက်ဒေါသတို့သည် သူမ၏ ရင်ထဲမှနေ၍ ခေါင်းထိပ်အထိ တလိပ်လိပ် ဆောင့်တတ်လာတော့၏။ သူမအနေဖြင့် သေသေချာချာ ထိန်းသိမ်းထားခဲ့သော တည်ငြိမ်မှု နှင့် တွက်ချက်မှုများမှာ ဤအခိုက်အတန့်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။

"ရှောင်ရှန်း"

အမျက်ဒေါသများ ပါဝင်သည့် ​စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။

သူမ၏ လည်ပင်းပေါ်တွင် ဓားထောက်ထားသည်ကိုပင် မေ့လျော့သွားပြီး၊ အချိန်မရွေး အသက်ဆုံးရှုံးနိုင်သည့် ဓားစာခံတစ်ယောက်ဖြစ်နေသည်ကိုလည်း သတိမမူမိတော့ချေ။

ရှောင်နီချန်းတစ်ယောက် မျက်လုံးများ ပြူးကျယ်စွာဖြင့် ရှောင်ရှန်းကို စူးစူးရဲရဲ စိုက်ကြည့်ကာ ကျိန်ဆဲလေတော့သည်။

​"နင့်လိုလူယုတ်မာ... အရှက်မရှိတဲ့ကောင်၊ အခု ဘယ်အချိန်ရှိနေပြီလဲဆိုတာ နင်သိလား...နင့်ဦးနှောက်ထဲမှာ အဲဒီပိုက်ဆံနည်းနည်းကလွဲပြီး တခြားဘာမှ မရှိတော့ဘူးလား၊ ငါ....."

​သူမသည် အမြီးအနင်းခံလိုက်ရသည့် ကြောင်တစ်ကောင်ပမာ လုံးဝ ပေါက်ကွဲနေလေ၏။

​သူမသည် စိတ်လှုပ်ရှားစွာ အော်ဟစ်ဆဲဆိုရင်း ခန္ဓာကိုယ်ကို ရှေ့သို့ ကုန်းလိုက်မိသည့် ထိုတစ်ခဏလေးမှာပင်၊ သူမနှင့် သူမကို ဓားစားခံအဖြစ် ဖမ်းဆီးထားသော မင်းသား(၃) ရှောင်ကျင်းကြား၌ သေးငယ်လွန်းပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားမည့် ဟာကွက်လေးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ထိုဟာကွက်လေးမှာ သတိထားမိရန်ပင် ခက်ခဲလောက်အောင် သေးငယ်လှသော်လည်း ၊ ရှောင်ရှန်းအတွက်မူ လုံလောက်ခဲ့လေပြီ။

​'ဝှစ်—'

​ဓားအလင်းတစ်ချက် လက်ခနဲ ဝင်းလက်သွားသည်။ ​အလွန် လျင်မြန်လွန်းသော ထိုဓားချက်မှာ နှစ်ပေါင်းထောင်ချီ စောင့်ဆိုင်းနေခဲ့သည့် လရောင်တစ်ခုပမာ တောက်ပနေသည်။

၎င်းမှာ အသံမထွက် ၊ မည်သည့် အရိပ်အယောင်မျှ မရှိဘဲ ဒေါသကြောင့် ဖြစ်ပေါ်လာသည့် ထိုသေးငယ်လှသော ဟာကွက်လေးထဲမှတစ်ဆင့် တိကျစွာပင် ဖြတ်ပြေးသွားခဲ့သည်။

လေတိုက်သံ တစ်စွန်းတစ်စမျှ မထွက်ပေါ်ခဲ့သလို၊ သတ်ဖြတ်လိုသော အငွေ့အသက် အနည်းငယ်မျှပင် မပါဝင်ခဲ့ချေ။

"အား"

မင်းသား(၃) ရှောင်ကျင်းမှာ နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။ သူ ဓားကိုင်ထားသော ညာလက်ကောက်ဝတ်တွင် သွေးစက်လေး တစ်စက် စီးကျလာပြီး၊ ပြင်းထန်သော နာကျင်မှုကြောင့် လက်မှာ အားပျော့သွားကာ မိစ္ဆာဓားမှာ 'ချွင်' ဟူသော အသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

​အစီအစဉ်မှာ အောင်မြင်သွားခဲ့ချေပြီ။

ရှောင်ရှန်း၏ နှုတ်ခမ်းထောင့်များမှာ သတိမထားမိလောက်အောင် အနည်းငယ် ကွေးညွှတ်သွားသည်။ သို့သော် သူသည် ချက်ချင်းပင် ထိုပျင်းရိပျင်းတွဲ 'အကြွေးတောင်းသည့်' မျက်နှာပေးအဖြစ် ပြန်လည်ပြောင်းလဲသွား၏။

​သူသည် မိမိ၏ အစ်မတော်အကြောင်းကို ကောင်းစွာ နားလည်ထားသူ ဖြစ်သည်။ သူမသည် မာနကြီးပြီး ဉာဏ်ကောင်းကာ မိမိ၏ ဂုဏ်သိက္ခာကို အသက်ထက်ပို၍ တန်ဖိုးထားသူဖြစ်သည်။

သူမအတွက် မည်သည့်နှစ်သိမ့်စကား သို့မဟုတ် ကတိကဝတ်မျိုးမဆို အပိုသက်သက်သာ ဖြစ်သည်။ သူမ အသည်းမခံနိုင်ဆုံးသော နည်းလမ်းဖြင့် အရှက်ခွဲကာ ဒေါသပေါက်ကွဲအောင် နှိုးဆွပေးမှသာလျှင်၊ သူမသည် တမင်တကာ ဟာကွက်တစ်ခုကို ဖန်တီးပေးလာလိမ့်မည်ဟု သူ ကြိုတင်တွက်ဆထားခဲ့ခြင်း ဖြစ်သည်။

"ဖမ်းလိုက်"

ချန်ချင်း၏ ဒေါသတကြီး အော်ဟစ်သံမှာ မြေပြင်ပေါ်တွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပဲ့တင်ထပ်သွားသည်။

​သူသည် ကျားသစ်တစ်ကောင်ပမာ လျင်မြန်စွာပင် ရှောင်ကျင်း၏ အနီးသို့ ရောက်ရှိလာ၏။ နာကျင်မှုကြောင့် ဓားကိုင်ထားသော ရှောင်ကျင်း၏လက်မှာ ပြေလျော့ကျသွားသည့် ထိုအခိုက်အတန့်မှာပင်၊ ချန်ချင်း၏ လက်တစ်ဖက်က သူ၏ပခုံးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး အနောက်သို့ အားကုန်လိမ်ချိုးလိုက်သည်။

တစ်ဆက်တည်းမှာပင် အခြားလက်တစ်ဖက်က လည်ပင်းကို ညှစ်၍ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို အေးစက်နေသော မြို့ရိုးပေါ်သို့ အရှိန်ပြင်းစွာ ဖိချလိုက်သည်။

​ဖြေရှင်းရန်မဖြစ်နိုင်သည်ဟု ထင်မှတ်ခဲ့သော ဓားစာခံအကျပ်အတည်းမှာ ဤသို့သော ကြက်ပျံငှက်ပြေး အခြေအနေမျိုးတွင် မျက်စိတစ်မှိတ်အတွင်း ပြေလည်သွားခဲ့သည်။

မြို့ရိုးပေါ်ရှိ ပုန်ကန်သူများမှာမူ 'အိမ်ရှေ့စံမင်းသား၏ အိမ်လခတောင်းသည့်' မှော်ဆန်သော ဇာတ်လမ်းထဲမှ သတိပြန်လည်မလာသေးခင်မှာပင် ၊ သူတို့၏ခေါင်းဆောင်မှာ အကျဉ်းသား ဖြစ်သွားခဲ့ရလေပြီ။

​ရှောင်နီချန်းမှာမူ ရှေ့သို့ကုန်းကာ အော်ဟစ်ဆဲဆိုနေသည့်ပုံစံအတိုင်းပင် နေရာတွင် တောင့်တောင့်ကြီး ကျန်ရစ်နေခဲ့သည်။

သူမသည် ကိုယ့်လည်ပင်းကို စမ်းသပ်ကြည့်လိုက်သည်။ ထိုသွေးစလေးကြောင့် ရရှိသော အနည်းငယ် စူးရှသည့် နာကျင်မှုမှလွဲ၍ သူမသည် ဘေးကင်းလုံခြုံနေသည်ကို တွေ့လိုက်ရသည်။

​သူမသည် ချန်ချင်း၏ ဖမ်းဆီးခြင်းကို ခံထားရပြီး၊ မျက်နှာတွင် နာကျင်မှုနှင့် မကျေနပ်မှုများ ပြည့်နှက်နေသော ရှောင်ကျင်းကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့ချလိုက်ပြီး မြို့အောက်တွင် လက်ကို ဆန့်တန်းလျက် 'မင်း ပိုက်ဆံမပေးရသေးဘူးလေ' ဟူသည့် မျက်နှာပေးဖြင့် ရှိနေသေးသော ရှောင်ရှန်းကို ပြန်လည် ကြည့်ရှုလိုက်သည်။

​လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော အချိန်တိုလေးအတွင်းမှာပင် သူမ အရာအားလုံးကို သဘောပေါက်သွားခဲ့သည်။

​အစအဆုံး... သူမသည် ငါးစာ ဖြစ်နေခဲ့သည်။

မိမိ၏ အယုတ်တမာ မောင်လေးသည် အဆိုးရွားဆုံး နှင့် သူမ သည်းမခံနိုင်ဆုံး နည်းလမ်းကို အသုံးချခဲ့ခြင်း ဖြစ်သည်။ သူမကို စစ်တုရင်ခုံပေါ်မှ နယ်ရုပ်တစ်ရုပ်လို၊ ရန်သူ၏ဟာကွက်ကို ပေါ်လာအောင် ဆွဲဆောင်မည့် အသက်ဝင်လှုပ်ရှားနေသော နယ်ရုပ်တစ်ရုပ်အဖြစ် အသုံးချခဲ့ခြင်းပင် ဖြစ်သည်။

ရှုပ်ထွေးသော ခံစားချက်များက သူမ၏ ရင်ထဲသို့ လှိုင်းလုံးများပမာ လှိမ့်ဝင်လာ၏။ သေဘေးမှ လွတ်မြောက်လာခြင်းကြောင့် ရရှိသော ဝမ်းသာမှု၊ အသုံးချခံလိုက်ရခြင်း၏ ဒေါသ၊ ထို့အပြင် စောစောက သူမ၏ အထိန်းအကွပ်မဲ့ အပြုအမူအတွက် ဖြစ်ပေါ်လာသည့် ရှက်ရွံ့မှုတို့မှာ ရောထွေးစွာ ဖြစ်ပေါ်လျက် ရှိသည်။

သို့သော် ထိုအရာအားလုံးထက် ယခင်က သူမ အထင်သေးခဲ့ရသော 'အသုံးမကျသော ' ဤမောင်ငယ်လေးအပေါ် ထားရှိသည့် သဘောထားသည် ယခုအခါတွင် စိမ်းသက်မှုနှင့် နားလည်ရခက်သော ခံစားချက်များ ဖြည့်စွက်ပါဝင်လာ၏။

​သူသည် သူမ၏ စိတ်နေစိတ်ထားကို တိကျစွာ တွက်ချက်ထားခဲ့သည်။ သူမ၏ တုံ့ပြန်မှုများကိုလည်း အမိအရ ဖမ်းဆုပ်နိုင်ခဲ့သည်။ နောက်ဆုံး၌ သူမသည် အမျက်ဒေါသကြောင့် အန္တရာယ်ကိုပင် မေ့လျော့သွားလိမ့်မည် ဆိုသည်အထိ အစအဆုံး အကွက်ချစီစဉ်ထားခဲ့သည်။

ဒီကောင်လေး...

မြို့တော်၏ အရှုပ်အထွေးများ အဆုံးသတ်သွားပြီး နောက်ဆက်တွဲ ကိစ္စများကို စတင် ဖြေရှင်းနေစဉ်အတောအတွင်း ၊

နန်းတော်၏ အနက်ရှိုင်းဆုံး နေရာ ၊ တစ်နှစ်ပတ်လုံး တိတ်ဆိတ်နေပြီး ဧကရာဇ်ဟောင်း အကျယ်ချုပ် ချခံထားရသည်ဟု သတင်းထွက်နေသော ယန်ရှင်းနန်းဆောင်၌။

နန်းဆောင်တံခါးပေါ်တွင် မင်းသား(၃) ဖန်တီးထားခဲ့သည့် မိစ္ဆာစွမ်းအင် ချိတ်ပိတ်မှုတို့မှာ လေတိုက်ခံထားရသည့် ဖယောင်းတိုင်မီးပမာ အကြိမ်အနည်းငယ် လင်းလိုက်မှိန်လိုက် ဖြစ်သွားပြီးနောက်၊ အသံတိတ်စွာပင် ပြာအဖြစ် ပြောင်းလဲပျောက်ကွယ်သွားသည်။

​'ကျွိ...'

​လေးလံလှသော တံခါးကြီးမှာ ဖြည်းညင်းစွာ ပွင့်ဟလာသည်။ အမှောင်ထုထဲမှ လူရိပ်တစ်ခု လျှောက်ထွက်လာ၏။

ထိုသူသည် တောက်ပသော အဝါရောင်ဝတ်စုံကို ဆင်မြန်းထားပြီး၊ ခန္ဓာကိုယ်မှာ အနည်းငယ် ကုန်းညွတ်နေသော်လည်း တောင်ကြီးတစ်လုံးပမာ တည်ငြိမ်အေးဆေးသော အရှိန်အဝါအပြည့်ရှိသည့် ဧကရာဇ်ဟောင်း ရှောင်ယွမ်ပင် ဖြစ်သည်။

​သူ၏မျက်နှာပေါ်တွင် အကျဉ်းချခံရမှုကြောင့် စိတ်ဓာတ်ကျခြင်း သို့မဟုတ် ဒေါသထွက်ခြင်း စသော အရိပ်အယောင်ဟူ၍ အနည်းငယ်မျှ မရှိပေ။

ပြဇာတ်ကောင်းတစ်ပုဒ်ကို အဆုံးထိ ကြည့်ရှုပြီးနောက် ကျေနပ်နေသည့် အမူအရာမျိုးသာ ရှိနေသည်။ သူသည် နန်းဆောင်တံခါးမှ ထွက်လာပြီးနောက် ခေါင်းမော့ကာ မြို့ရိုးဘက်သို့ ငေးကြည့်လိုက်သည်။

သူ၏ မျက်လုံးများက အရာအားလုံးကို ထိုးထွင်းသိမြင်နိုင်သည့် နက်ရှိုင်းသော အလင်းရောင်များဖြင့် တောက်ပနေခဲ့သည်။

​သူသည် ရှောင်ရှန်းရှိရာ အရပ်ကို လှမ်းကြည့်နေရင်း၊ ထူထပ်သော နန်းတော်နံရံများကို ဖောက်ထွင်းမြင်နေရသည့်အလား သမီးဖြစ်သူနှင့် 'စာရင်းရှင်း' နေသော သားငယ်ကို မြင်ယောင်နေပုံရသည်။

"သရုပ်ဆောင်တာ မဆိုးဘူး..."

​သူ၏တီးတိုးရေရွတ်သံမှာ လေထဲတွင် ပျံ့လွင့်သွားသည်။

"ငါ အဘိုးကြီးတစ်ယောက်အနေနဲ့ အပြင်ထွက်ပြီး နောက်ဆက်တွဲ ပြဿနာတွေကို ရှင်းပေးရမယ့်အချိန် ရောက်ပြီပဲ"

All Chapters