← Chapters

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း (၂၅၉) - ဆုချီးမြှင့်မှု

နန်းတော်အနက်ပိုင်းမှ ထွက်ပေါ်လာသော လှုပ်ရှားသံများကို မြို့ရိုးပေါ်ရှိ လူများမှာ သတိမပြုမိကြပေ။

မြို့လမ်းမ၏ အဆုံးသတ်တွင် အမှောင်ထုကို ဖောက်ထွက်လာသည့် နေရောင်ခြည်ပမာ တောက်ပသော ရွှေဝါရောင် အခမ်းအနားကြီး ပေါ်လာချိန်၌မူ ၊ အားလုံး၏ အာရုံစိုက်မှုမှာ ထိုနေရာသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားခဲ့သည်။

တော်ဝင်သက်တော်စောင့်များက လမ်းရှင်းပေးနေပြီး ညီညာသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာ၏။ ရွှေရောင်ထီးတော်အောက်တွင် ဧကရာဇ်ဟောင်း ရှောင်ယွမ်မှာ သာမန်ဝတ်ရုံကို ဆင်မြန်းထားသော်လည်း ၊ ခန့်ညားထည်ဝါသော အရှိန်အဝါများဖြင့် မိန်းမစိုးများနှင့် သက်တော်စောင့်များ ခြံရံလျက် မြို့ရိုးပေါ်သို့ ဖြည်းညင်းစွာ တက်လှမ်းလာသည်။

သူ၏မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေသော်လည်း မျက်ဝန်းများမှာမူ ကြည်လင်နေပြီး ခြေလှမ်းတိုင်းက အားအင်အပြည့်ရှိသည်။ နေ့ရက်အတော်ကြာ အကျဉ်းချခံထားခဲ့ရသူတစ်ဦး၏ စိတ်ဓာတ်ကျဆင်းမှု အရိပ်အယောင်မျှပင် မတွေ့ရချေ။

သူသည် အကျဉ်းစံဘဝမှ လွတ်မြောက်လာသူနှင့် မတူဘဲ၊ စာပေများကို လေ့လာဖတ်ရှုပြီးနောက် လေညင်းခံရန် မြို့ရိုးပေါ်သို့ အေးအေးလူလူ လမ်းလျှောက်ထွက်လာသူနှင့်သာ ပိုတူသည်။

သူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၊ မြို့ရိုးပေါ်ရှိ လူအားလုံးမှာ ချန်ချင်း၏ ကိုယ်ရံတော်များဖြစ်စေ၊ လက်နက်ချသွားသော ပုန်ကန်သူများဖြစ်စေ တပြိုင်နက်တည်း ဒူးထောက်ချလိုက်ကြပြီး တစ်ညီတစ်ညွတ်တည်း ဟစ်ကြွေးလေ၏။

"အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ"

"အရှင်မင်းကြီး"

အမတ်ချုပ်ကြီးမှာ ဧကရာဇ်မင်း ရှောင်ယွမ် အန္တရာယ်ကင်းသည်ကို မြင်လိုက်ရသည်နှင့် ၊ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော သူ၏မျက်နှာကြီးမှာ စိတ်လှုပ်ရှားလွန်း၍ ချက်ချင်းပင် နီရဲလာသည်။

သူသည် အထိန်းအကွပ်မရှိတော့ဘဲ ဖေးမတွဲပေးထားသူများကို ဖယ်ထုတ်လိုက်ကာ မျက်ရည်များကြားမှ လေးဖက်ထောက်၍ အသံတုန်တုန်ယင်ယင်ဖြင့် ဆိုရှာသည်။

"အရှင်မင်းကြီး ဘုန်းတော်ကြီးလှပါပေတယ်....ကျွန်တော်မျိုး အမတ်မင်း..... အရှင်မင်းကြီးရဲ့ ကျေးဇူးကို မဆပ်နိုင်ခဲ့ဘူး၊ တိုင်းပြည်ကို ပြိုလဲလုနီးပါး ဖြစ်အောင် လုပ်မိတော့မလို့..."

"အမတ်ကြီး အမြန်ထပါ"

ဧကရာဇ် ရှောင်ယွမ်သည် ကိုယ်တိုင် ရှေ့တိုးလာပြီး အမတ်ချုပ်ကြီးကို လက်နှစ်ဖက်ဖြင့် တွဲထူလိုက်သည်။

"အမတ်ကြီး ပင်ပန်းသွားပြီ...ဒီမြို့တွင်း မြို့ပြင်မှာ ဖြစ်ပျက်သမျှအားလုံးကို ငါကိုယ်တော် အကုန်လုံး မြင်တွေ့ပြီးပြီ"

စကားတစ်ခွန်းတည်းဖြင့် အဓိပ္ပာယ်များစွာကို လွှမ်းခြုံထားလေ၏။ ချန်ချင်းမှာ ခေါင်းငုံ့ထားလျက် ရင်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်နေမိသည်။

'မြင်တွေ့ပြီးပြီ ဟုတ်လား... သူတစ်ချိန်လုံး လျှို့ဝှက်နည်းလမ်းတစ်ခုခုနဲ့ စောင့်ကြည့်နေခဲ့တယ်လို့ ဆိုလိုတာလား'

ရှောင်နီချန်းသည်လည်း တုန်လှုပ်သွားသည်။ လွန်စွာ တည်ငြိမ်နေသော ဖခင်ဖြစ်သူ၏ မျက်လုံးများကို ကြည့်ရင်း သူမ တစ်ကိုယ်လုံး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ထိုနေရာတွင် ရှောင်ရှန်းတစ်ယောက်သာလျှင် ဖခင်ဖြစ်သူ ထွက်ပေါ်လာပြီး သွက်လက်ကျန်းမာနေသည်ကို မြင်လိုက်ရသဖြင့် ရင်ထဲရှိ အလေးအပင်များ ပြုတ်ကျသွားသည့်အတိုင်း ခံစားနေမိသည်။

"သိပ်ကောင်းတာပဲ...အကျပ်အတည်းလည်း ပြေလည်သွားပြီ၊ ခေါင်းဆောင်လည်း ပြန်ရောက်လာပြီဆိုတော့ ကိုယ်စားလှယ်ဖြစ်တဲ့ ငါက အနားယူပြီး နှုတ်ထွက်စာ တင်လို့ရပြီပေါ့"

'ဒါ ရာထူးကနေ အနားယူခွင့် လျှောက်ထားဖို့အတွက် အကောင်းဆုံးအခွင့်အရေးပဲ'

ရှောင်ရှန်းသည် အခွင့်အရေးကို ချက်ချင်း ဖမ်းဆုပ်လိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ သူသည် အားအင်မရှိဟန်ဆောင်ကာ ဦးညွှတ်လိုက်ပြီး ၊ သူ၏ အကျွမ်းကျင်ဆုံး အချောင်ခိုလိုသူ တစ်ဦး၏ ဟန်ပန်ကို ဖမ်းယူလိုက်သည်။

"ခမည်းတော်... ကြည့်ပါဦး ၊ ဒီပုန်ကန်မှုကြီးလည်း ငြိမ်သက်သွားပြီ၊ အစ်ကို(၃)ကိုလည်း ဖမ်းမိပြီ...ခုလို ဖြစ်လာရတာဟာ သားတော်က အကျင့်စာရိတ္တ မပြည့်စုံဘူး၊ အရည်အချင်းလည်း မရှိဘူး၊ ပညာလည်း မတတ်ဘူးဆိုတာကို သက်သေပြနေတာပါ... "

" တကယ်ကို ကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိပါဘူး...ခမည်းတော် သေချာစဉ်းစားပေးပြီး အိမ်ရှေ့စံအမိန့်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ တောင်းဆိုပါတယ်၊ ဒါမှ သားတော်လည်း စောစောစီးစီး အနားယူ...'

'အနားယူ' ဟူသော စကားလုံး နှစ်လုံးပင် အဆုံးမသတ်ရသေးခင်မှာပင် ကျယ်လောင်သော ရယ်မောသံတစ်ခုက သူ၏ စကားများကို ဖြတ်တောက်လိုက်သည်။

"ဆူညံလိုက်တာ"

ဧကရာဇ် ရှောင်ယွမ်၏ ရယ်မောသံမှာ အားမာန်အပြည့်နှင့် ပွင့်လင်းလွန်းလှသဖြင့် မြို့ရိုးတစ်ခွင်လုံး ပဲ့တင်ထပ်သွားပြီး လူတိုင်းကို မှင်သက်သွားစေသည်။

သူသည် ရှောင်ရှန်း၏ ရှေ့သို့ လျှောက်သွားကာ အပြစ်တင်ခြင်း အနည်းငယ်မျှမရှိဘဲ၊ သူ၏ပခုံးကို အားပြင်းပြင်းဖြင့် ပုတ်လိုက်သည်။ သူ၏မျက်ဝန်းထဲ၌ ချီးကျူးဂုဏ်ပြုလိုသည့် အရိပ်အယောင်များနှင့် နောက်ပြောင်လိုသည့် အငွေ့အသက်တို့ဖြင့် ပြည့်နှက်နေ၏။

"အိမ်ရှေ့စံမင်းသားက ဒီတစ်ခေါက် အန္တရာယ်ကြုံရချိန်မှာ မတုန်လှုပ်ဘဲ ပြတ်သားတဲ့နည်းလမ်းတွေကို သုံးခဲ့တယ်....စစ်သည်တစ်ယောက်လေးတောင် မသုံးဘဲ မြို့တော်ရဲ့အကျပ်အတည်းကို ဖြေရှင်းနိုင်ခဲ့တယ်"

" တိုင်းပြည်အတွက် ကောင်းကင်လောက်ကြီးမားတဲ့ ကျေးဇူးကို ပြုခဲ့တာပဲ...ငါကိုယ်တော် အရမ်းကျေနပ်တယ်"

​ရှောင်ရှန်း၏ မျက်နှာပေါ်ရှိ အမူအရာမှာ ချက်ချင်းဆိုသလို တောင့်တင်းသွားသည်။

'​နေပါဦး... ဇာတ်ညွှန်းက မမှန်ဘူးလေ ၊ စစ်သည်တစ်ယောက်တောင် မသုံးဘူး... ကျွန်တော့်ရဲ့ ဖျက်သိမ်းရေးအဖွဲ့က စစ်သည်တွေ မဟုတ်ဘူးလား....ပြတ်သားတဲ့နည်းလမ်း ဟုတ်လား... ကျွန်တော်က အိမ်လခလာကောက်ရုံလေးပါ ခမည်းတော်ရယ်...'

ဧကရာဇ် ​ရှောင်ယွမ်မှာမူ ဖြစ်ပျက်နေသည့် ရှောင်ရှန်း၏ မျက်နှာအမူအရာကို မမြင်သကဲ့သို့ပင်၊ အမတ်များနှင့် စစ်သည်များဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ လေသံမှာ ရုတ်တရက် မြင့်တက်လာပြီး ဧကရာဇ်တစ်ပါး၏ အာဏာစက်များဖြင့် ပြည့်နှက်သွားသည်။

"ငါကိုယ်တော်ရဲ့ အမိန့်ကို ထုတ်ပြန်လိုက်..အိမ်ရှေ့စံမင်းသား ရှောင်ရှန်းဟာ အရည်အချင်းတွေကို ဖုံးကွယ်ထားနိုင်ပြီး အတုမရှိတဲ့ ဉာဏ်ပညာတွေ ရှိတယ်...အန္တရာယ်ရှိတဲ့အချိန်မှာ တိုင်းပြည်ကို ကယ်တင်နိုင်ခဲ့တယ်..သူ့ရဲ့ဂုဏ်ကျေးဇူးတွေကို တစ်လောကလုံးသိအောင် ကြေညာရမယ်...ထိုက်ကျူဘုရားကျောင်းက ကျောက်စာတိုင်မှာ ထွင်းထုထားပြီး သတင်းမှားတွေကို ရှင်းလင်းကာ ပြည်သူတွေကို စိတ်အေးချမ်းမှု ပေးရမယ်"

​ဤစကားကို ပြောလိုက်သည်နှင့် ၊ နေရာတစ်ခုလုံး အံ့အားသင့်ကာ တိတ်ဆိတ်သွားကြသည်။

အမတ်များနှင့် စစ်သည်များသည် လေးစားမှုနှင့် ကြောက်ရွံ့မှုတို့ ရောထွေးနေသော အကြည့်များဖြင့် ရှောင်ရှန်းကို ကြည့်လာကြသည်။

'အော်... လတ်စသတ်တော့ ဒီလိုကိုး...'

​အိမ်ရှေ့စံမင်းသား၏ ယခင်က အပြုအမူများနှင့် အဓိပ္ပာယ်မဲ့သော စကားလုံးများမှာ အမှန်တော့ ဟန်ဆောင်မှုသက်သက်သာ ဖြစ်နေခဲ့သည်။ မင်းသား(၃)ကို လှည့်စားရန်၊ သူ၏အာရုံကို လမ်းလွဲစေရန်နှင့် နောက်ဆုံးတွင် မြွေကိုတွင်းထဲမှ ဆွဲထုတ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားသော ပရိယာယ်များပင်။

​အဓိပ္ပာယ်မရှိသော 'ဖျက်သိမ်းရေး အသိပေးချက်' မှာလည်း ပြည်သူတို့ကို စိတ်အေးချမ်းမှုပေးရန် အသုံးပြုခဲ့သော နတ်ဘုရားဆန်ဆန် နည်းလမ်းတစ်ခုသာ ဖြစ်သည်။

စိတ်ကူးပင် မယဉ်နိုင်သော 'ငွေပေးချေရန် စကင်ဖတ်ခြင်း' ဆိုသည်မှာလည်း သွေးတစ်စက်မျှ မစွန်းဘဲ ရန်သူကို ဖြိုခွင်းနိုင်သည့် အမြင့်ဆုံးသော တိုက်ကွက်ကြီးတစ်ခု ဖြစ်နေပြန်၏။

လူအများကြားတွင် 'အိမ်လခလာကောက်ခြင်း' ဟု ပြောကာ မင်းသမီးကြီးကို အရှက်ခွဲခြင်းမှာလည်း တစ်ချက်တည်းနှင့် အသက်အန္တရာယ်ကို ရှင်းလင်းနိုင်မည့် အခွင့်အရေးကို ဖန်တီးလိုက်ခြင်းသာ ဖြစ်သည်။

' ဒါ​ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အကြံအစည်လဲ...ဘယ်လောက်တောင် နက်ရှိုင်းတဲ့ စိတ်နေစိတ်ထားလဲ...ဘယ်လောက်တောင် အံ့ဩစရာကောင်းတဲ့ သည်းခံနိုင်စွမ်းလဲ...'

​သူသည် လူတိုင်းကို မိမိ၏ လက်ဖဝါးပေါ်တွင် ကစားနေသကဲ့သို့ပင်။ ကိုယ့်အစ်မအရင်းကိုပင် စစ်တုရင်နယ်ရုပ်တစ်ရုပ်အဖြစ် အသုံးချရဲသည့် ပြတ်သားမှုနှင့် အေးစက်မှုမှာ တကယ့်ကို မွေးရာပါ ဧကရာဇ်တစ်ပါး၏ စရိုက်လက္ခဏာပင် ဖြစ်သည်။

ရှောင်ရှန်း: "......"

ရှောင်ရှန်း တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်နေရှာသည်။ သူသည် မိမိ၏ဖခင်ကြီး ကိုယ်တိုင် တူးထားသော ဧရာမတွင်းကြီးထဲသို့ ကျရောကိသွားရုံတင်မက ထိုတွင်းထဲသို့ ဘိလပ်မြေများပါ အပြည့် လောင်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူ ရှင်းပြချင်သော်လည်း ပတ်ဝန်းကျင်ရှိ လူအပေါင်းတို့၏ 'ကျွန်တော်တို့ အားလုံး နားလည်ပါတယ်၊ အရှင်မင်းသား ထပ်ပြောစရာ မလိုတော့ပါဘူး' ဟူသော အဓိပ္ပာယ်ပါသည့် အကြည့်များကြောင့် သူ ဘာပြောပြော အလကားသာ ဖြစ်တော့မည်ကို သိလိုက်သည်။

​ရှောင်နီချန်းမှာ ဘေးတွင် တိတ်ဆိတ်စွာဖြင့် ရပ်နေ၏။ သူမသည် ဖခင်ဖြစ်သူကို တစ်လှည့်၊ လောကကြီးကို စိတ်ကုန်နေသည့် မျက်နှာထားဖြင့် ရှိနေသော မောင်ငယ်လေးကို တစ်လှည့် ကြည့်လိုက်ရင်း ရင်ထဲတွင် ကြီးမားသော လှိုင်းလုံးကြီးများ ရိုက်ခတ်နေသည်။

သူမသည် အမြဲတမ်း ဉာဏ်ကောင်းပြီး အကြံအစည်များကို ကျွမ်းကျင်သူဟု မိမိကိုယ်ကို ဂုဏ်ယူခဲ့သော်လည်း၊ ယနေ့မှပင် သူမ၏နည်းလမ်းလေးများမှာ ဤသားအဖနှစ်ယောက်ရှေ့တွင် ကလေးကစားစရာများမျှသာ ဖြစ်နေမှန်း သိလိုက်ရသည်။

​တစ်ယောက်က အားနည်းချက်မရှိအောင် သရုပ်ဆောင်သည်၊ တစ်ယောက်က အစွမ်းကုန် လိုက်ဖက်အောင် ကူညီပေးသည်။ ဤလောကကြီးသည် တကယ်တော့ မည်သူ၏ စစ်တုရင်ခုံများ ဖြစ်နေခဲ့သနည်း။

​"'ဒီသားမိုက်ကတော့..."

ဧကရာဇ် ​ရှောင်ယွမ်၏ အကြည့်များသည် ချန်ချင်း၏ ချုပ်နှောင်မှုကို ခံထားရသော မင်းသား(၃) ရှောင်ကျင်းအပေါ်သို့ ရောက်ရှိသွားသည်။ သူ၏မျက်ဝန်းများမှာ နူးညံ့မှုမှ အေးစက်မှုအဖြစ်သို့ ချက်ချင်းပင် ပြောင်းလဲသွားပြီး နွေးထွေးမှု အနည်းငယ်မျှပင် မရှိတော့ပေ။

​"ဒီသားမိုက်ကတော့ ပြင်ပက မိစ္ဆာတွေနဲ့ ပူးပေါင်းပြီး ထီးနန်းကို လုယူဖို့တောင် ကြံစည်ရက်တယ်... သူ့ကို သေဒဏ်ပေးရုံလောက်နဲ့တော့ ငါ မကျေနပ်ဘူး ၊ ချက်ချင်း... ကောင်းကင်ထောင်ရဲ့ အနက်ရှိုင်းဆုံးနေရာကို ခေါ်သွားပြီး သံမဏိသံကြိုးတွေနဲ့ တင်းကျပ်စွာ ချည်နှောင်ထားလိုက်... ဒီကိစ္စကို ချန်ချင်း မင်းကိုယ်တိုင် တာဝန်ယူ စောင့်ကြပ်ရမယ်...ငါ့ရဲ့ တိုက်ရိုက်အမိန့်မပါဘဲ ဘယ်သူမှ သူ့ကို သွားရောက်တွေ့ဆုံခွင့် မရှိစေရဘူး၊ ကြားလား"

ဧကရာဇ်ဟောင်းသည် ခေတ္တရပ်နားကာ ပတ်ဝန်းကျင်ကို အေးစက်စက် အကြည့်တို့ဖြင့် ဝေ့ကြည့်လိုက်ပြီးနောက် လေးနက်သော အသံဖြင့် ဆက်ပြောသည်။

​"သက်တော်စောင့်တွေနဲ့ မြို့စောင့် တပ်ဖွဲ့အားလုံး နားထောင်...မင်းသား(၃)ရဲ့ အပေါင်းအပါတွေအားလုံးကို စနစ်တကျ ပြန်စစ်ဆေးကြ... ပါဝင်ပတ်သက်နေတဲ့သူ ဘယ်သူပဲဖြစ်ဖြစ်၊ ရာထူးကြီးငယ် မခွဲခြားဘဲ အကုန်လုံးကို ချက်ချင်း ဖမ်းဆီးလိုက...ဆွေစဉ်မျိုးဆက် သုံးဆက်လုံးကို ပြင်းထန်စွာ အပြစ်ပေးရမယ်... တစ်ယောက်ကိုမှ အလွတ်မပေးနဲ့၊ ကြားလား"

"အမိန့်တော်အတိုင်းပါ"

​ချန်ချင်းနှင့် တပ်ဖွဲ့ဝင်တို့မှာ တစ်ပြိုင်နက်တည်း အမိန့်ကို နာခံလိုက်ကြသည်။ သူတို့၏ လေသံထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ကိန်းအောင်းနေ၏။

ပုန်ကန်သူများကို ရှင်းလင်းပြီးနောက် မြို့ရိုးပေါ်ရှိ လေထုမှာ ထပ်မံ၍ လေးနက်သွားပြန်သည်။ ဧကရာဇ်မင်း ရှောင်ယွမ်သည် ခွန်အားများ ကုန်ခမ်းသွားသကဲ့သို့ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

သူသည် နောက်သို့လှည့်ကာ ရှောင်ရှန်းဘေးသို့ ရောက်လာပြီးနောက် ထိုဖော်ရွေသော အပြုံးကို နောက်တစ်ကြိမ် ပြသလိုက်ပြန်သည်။

"ရှန်းအာ..."

​ရှောင်ရှန်းတစ်ကိုယ်လုံး တုန်တက်သွားသည်။ အလွန် နိမိတ်မကောင်းသော ကြိုတင်ခံစားချက်တစ်ခုက သူ၏ရင်ထဲသို့ ဝင်ရောက်လာ၏။ သူ ထင်သည့်အတိုင်းပင် ဧကရာဇ် ရှောင်ယွမ်သည် သူ၏ ပခုံးကို အဓိပ္ပာယ်ပါပါ ပုတ်လိုက်ပြီးနောက်၊ ရှောင်ရှန်းကို ခိုက်ခိုက်တုန်သွားစေမည့် စကားကို ဆိုလိုက်လေ၏။

"အိမ်ရှေ့စံမင်းသားမှာ ဒီလောက် အရည်အချင်းရှိနေတာပဲ...ဒီမြို့တော်မှာ ကြီးမားတဲ့ ဆူပူမှုကြီးပြီးသွားတော့ အကုန်လုံးကို အသစ်ကနေ ပြန်စရတော့မယ်"

"ဒုက္ခသည်တွေကို နေရာချပေးရမယ်...ကျန်နေတဲ့ အပေါင်းအပါတွေကို ရှင်းရမယ်.. စည်းကမ်းတွေ ပြန်ချရမယ်...အိမ်တော်တွေ ပြန်ဆောက်ရမယ်... ကိစ္စတိုင်းက အရမ်းကို ရှုပ်ထွေးတဲ့ ပြဿနာတွေချည်းပဲ"

"ငါကိုယ်တော်လည်း အိုပြီ၊ ခန္ဓာကိုယ်လည်း ပင်ပန်းနေပြီ၊ ခွန်အားလည်း မရှိတော့ဘူး... ဒီကိစ္စတွေကို... မင်းကိုပဲ အကုန်လုံး လွှဲပေးလိုက်တော့မယ်"

ထို​စကားဆုံးသည်နှင့် ရှောင်ရှန်းကို ပြန်လည်ချေပရန် အခွင့်အရေးအနည်းငယ်မျှ မပေးဘဲ၊ မိန်းမစိုးများ ခြံရံလျက် လက်ယမ်းကာ နန်းတော်ထဲသို့ ပြန်လှည့်သွားတော့သည်။ ပင်ပန်းနွမ်းနယ်နေဟန်ရှိသော်လည်း ကျေနပ်နေသည့် ကျောပြင်ကိုသာ ချန်ထားခဲ့သည်။

"ငါကိုယ်တော်... ပြန်ပြီး အနားယူတော့မယ်"

​မြို့ရိုးပေါ်တွင် အရာအားလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ ရှောင်ရှန်း တစ်ယောက်တည်းသာလျှင် လေထဲတွင် ကြောင်အမ်းစွာဖြင့် ရပ်နေခဲ့သည်။

သူ၏လက်ထဲသို့ ပူလောင်နေသော ကန်စွန်းဥကြီးတစ်လုံးကို အတင်း ထိုးထည့်ပေးလိုက်သလိုမျိုး... မဟုတ်ဘူး ၊ ပူလောင်နေသော မြို့တော်ကြီးတစ်ခုလုံးကို သူ၏လက်ထဲသို့ အတင်းအဓမ္မ ထည့်ပေးလိုက်သကဲ့သို့ပင်။

'လတ်စသတ်တော့ ကြောက်စရာ အကောင်းဆုံး ဆုချီးမြှင့်မှုဆိုတာ ဒါပါပဲလား.....'

All Chapters