အခန်း ၂၆၀
Vol. 26 Ch. 260
အခန်း (၂၆၀) - သမိုင်းတစ်လျှောက် အတော်ဆုံး ကန်ထရိုက်တာ
ဧကရာဇ် ရှောင်ယွမ်၏ ပင်ပန်းနွမ်းနယ်နေသော ကျောပြင်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ချေပြီ။
ပတ်ဝန်းကျင်ရှိ အမတ်များနှင့် စစ်သည်များက ရှောင်ရှန်းကို ရိုသေလေးစားမှု နှင့် ကိုးကွယ်လိုသော အကြည့်များဖြင့် ကြည့်ရှုနေကြသည်။
ရှောင်ရှန်းတစ်ယောက်သာ လေထဲတွင် ကြောင်အမ်းစွာဖြင့် ရပ်ကျန်ရစ်ခဲ့သည်။ သူ့ကိုယ်သူ ဆုချီးမြှင့်ခံရသည်ဟု မခံစားရဘဲ၊ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံရကာ အလုပ်ကြမ်းစခန်းသို့ ပို့ဆောင်ခံလိုက်ရသကဲ့သို့ ခံစားနေရသည်။
မြို့တော်ကို ပြန်လည်တည်ဆောက်ရမယ်...ဒုက္ခသည်တွေကို နေရာချပေးရမယ်...ကျန်ရှိနေသေးတဲ့ ပုန်ကန်သူတွေကိုလည်း ရှင်းလင်းရမယ်....
သူ ကြားလိုက်ရသည့် စကားလုံးတိုင်းက တူကြီးတစ်လက်ကဲ့သို့ သူ၏နှလုံးသားကို မမောမပန်း အဆက်မပြတ် ထုနှက်နေလေသည်။
နာရီဝက်အကြာ၊ အရှေ့နန်းဆောင်။
စာလွှာများကို တောင်လိုပုံထားနိုင်သည်ဆိုပါက၊ ယခု ရှောင်ရှန်း၏ မျက်စိရှေ့တွင် ရှိနေသည်မှာ အဆုံးအစမရှိသော တောင်တန်းကြီးတစ်ခုပင်။
မြို့ရိုးပျက်စီးမှု မြေပုံများ၊ ရိက္ခာလိုအပ်ချက်စာရင်းများ၊ ဒုက္ခသည် နေရာချထားရေး စာအုပ်များ၊ ပုန်ကန်သူများ၏ ဆက်သွယ်ရေးကွန်ရက်မှတ်တမ်းများ တစ်လိပ်ပြီးတစ်လိပ်၊ တစ်ပုံပြီးတစ်ပုံ ရှိနေကာ ၊ စက္ကူနှင့် မင်နံ့တို့ ရောနှောနေသော ထို 'ပြဿနာများ' ၏ အနံ့မှာ နန်းဆောင်တစ်ခုလုံးကို လွှမ်းခြုံထား၏။
ရှောင်ရှန်းမှာ ကုလားထိုင်ကြီးပေါ်တွင် ပျော့ခွေလျက် ခေါင်မိုးထုပ်တန်းကို အသာလွတ် ငေးကြည့်နေမိသည်။ သူ့တစ်ကိုယ်လုံးက အရိုးများအထုတ်ခံလိုက်ရသကဲ့သို့ ခွန်အားတစ်စက်မျှ မရှိတော့ဘဲ၊ ချောမောသော မျက်နှာခွံလေးတစ်ခုသာ ကျန်ရစ်တော့သည့် အလားပင်။
မိန်းမစိုးချုပ် ဖူအန်းမှာ ဂရုတစိုက်ဖြင့် ဂျင်ဆင်းလက်ဖက်ရည်တစ်ခွက်ကို ယူလာပေးပြီး အသံတိုးတိုးဖြင့် ဆိုလိုက်သည်။
"အိမ်ရှေ့စံမင်းသား... ဒါက နန်းတွင်းရေးရာဌာနက အခုလေးတင် ပို့လိုက်တဲ့ အနောက်ဘက်မြို့တော်က အဓိကလမ်းမကြီး သုံးခုကို ပြန်လည်တည်ဆောက်မယ့် ဘတ်ဂျက်စာရင်းပါ..."
"ဆက်မဖတ်ပါနဲ့တော့"
ရှောင်ရှန်းမှာ အားအင်မရှိသော လေသံဖြင့် လက်ကိုယမ်းလိုက်သည်။
"ထပ်ဖတ်ရင်တော့... ဒီလက်ဖက်ရည်ကို ငါ့အသက်ဆက်ဖို့အတွက်ပဲ သုံးရတော့လိမ့်မယ်"
ယခု သူ့ခေါင်းထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။ အဖေဖြစ်သူ၏ ခြေထောက်ရိုက်ချိုးခြင်းကို မခံရဘဲ၊ ဤပူလောင်နေသော မြို့တော်ကြီးကို မည်သို့လွှင့်ပစ်ရမည်နည်း။
ရုတ်တရက်၊ သူ၏ ငါးသေတစ်ကောင်ကဲ့သို့ အသက်မဲ့နေသော မျက်လုံးများထဲတွင် လူလည်ကျသော အလင်းရောင်တစ်ချက် လှစ်ခနဲ့ ဝင်းလက်သွားသည်။
"ရပြီကွ"
'ဖူအန်း၊ သွားစမ်း... မင်းသမီးကြီးကို ငါကိုယ်တော်ဆီကို 'ပင့်' ခဲ့"
ရှောင်ရှန်းတစ်ယောက် ကုလားထိုင်ပေါ်မှ ထရပ်လိုက်ပြီး ၊ ရည်ရွယ်ချက် မကောင်းသော ဖော်ရွေမှုတို့ဖြင့် ဆိုလိုက်သည်။
"ယဉ်ယဉ်ကျေးကျေးလေးနော်... သူ့မောင်လေးက သူ့ကို လွမ်းနေတယ်လို့ သွားပြောလိုက်"
ဆယ့်ငါးမိနစ်ခန့် အကြာတွင်၊ နန်းတွင်းဝတ်စုံကို လဲလှယ်ထားပြီး လည်ပင်းမှ ဒဏ်ရာကို တန်ဖိုးကြီး ဆေးများဖြင့် ဖုံးကွယ်ထားသော ရှောင်နီချန်း ရောက်ရှိလာခဲ့သည်။
သူမသည် 'မင်း ဘာကြံနေပြန်ပြီလဲ' ဟူသော သတိထားသည့် အကြည့်များဖြင့် အရှေ့နန်းဆောင်ထဲသို့ ဝင်ရောက်လာသည်။
သူမသည် ခေါင်းမီးတောက်ကာ ပင်ပန်းနေသော ရှောင်ရှန်းကို တွေ့ရမည်ဟု ထင်ထားခဲ့သော်လည်း၊ အမှန်တကယ်တွင် သူသည် လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေပြီး သူမကို မြင်သည်နှင့် အားတက်သရော လက်ယမ်းပြနေသည်ကို တွေ့လိုက်ရသည်။
"အစ်မတော်၊ မြန်မြန်လာထိုင်"
ရှောင်နီချန်းမှာ ရှုပ်ပွနေသော အခန်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး၊ မျက်နှာထား အေးစက်စွာဖြင့် မလှုပ်မယှက် ရပ်နေလိုက်သည်။
'"ကိစ္စရှိရင် ပြော"
"အာ... အစ်မတော်ကလည်း ဘာလို့ သူစိမ်းတစ်ယောက်လို ဆက်ဆံနေရတာလဲ"
ရှောင်ရှန်းသည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး တောင်ပုံရာပုံ ဖြစ်နေသော စာလွှာများကို လက်ညှိုးထိုးပြကာ ၊ သူ့မျက်နှာပေါ်တွင် အလွန်ရိုးသားသည့် အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။
"ကြည့်လေ... ခမည်းတော်က ဒီစာရွက်စာတမ်းတွေကို ကျွန်တော့်ကို လွှဲပေးသွားတယ်.. ဒါပေမဲ့ ကျွန်တော်ကလေ... အစ်မတော်လည်း သိတဲ့အတိုင်းပဲ၊ သင်္ချာလည်း မတွက်တတ်ဘူး၊ အမြင်အာရုံကလည်း မကောင်းဘူး... ဒီစာရွက်စာတမ်းတွေကို အများကြီး ကြည့်လိုက်ရင် ခေါင်းမူးပြီး မျက်လုံးတွေ ပြာလာရော"
ရှောင်နီချန်းမှာ မျက်ခုံးတစ်ချက်တွန့်သွားပြီး သူဆက်ပြောမည့် စကားကို စိတ်ရှည်လက်ရှည် စောင့်နေလိုက်သည်။
"စောစောက မြို့ရိုးပေါ်မှာ ကျွန်တော်တို့ အိမ်လခကိစ္စ ပြောဖြစ်ကြတယ်မလား"
ရှောင်ရှန်းသည် စကားလမ်းကြောင်းကို ရုတ်တရက် လွှဲလိုက်ပြီး ၊ သူ၏လေသံမှာ ကပ်စေးနှဲသော စာရင်းကိုင်တစ်ယောက်ပမာ ပြောင်းလဲသွားသည်။
"မင်းသမီးကြီးအိမ်တော်က အဲဒီလောက်ကြီးတာ... ဆယ်နှစ်ကျော်စာ အိမ်လခဆိုတော့ အတိုးပေါ် အတိုးဆင့်ပြီး နည်းတဲ့ ပိုက်ဆံမျိုးမဟုတ်ဘူး.. အစ်မတော်က ရာထူးအဆင့်အတန်း မြင့်မားပေမဲ့ ချက်ချင်းလက်ငင်း ငွေသားအများကြီး မထုတ်နိုင်ဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်"
ရှောင်နီချန်း၏ မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားပြီး အင်္ကျီလက်ထဲမှ လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်မိသည်။
" အဲ့တော့ ဘာဖြစ်လဲ"
သူမသည် စကားလုံး သုံးလုံးကို အံကြိတ်ကာ ညှစ်ထုတ်လိုက်သည်။
"ဒါကြောင့်လေ... ကျွန်တော်က မောင်လေးတစ်ယောက်အနေနဲ့ အစ်မတော်အတွက် စဉ်းစားပေးရမှာပေါ့"
ရှောင်ရှန်းက ပေါင်ကို တစ်ချက်ပုတ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ သူသည် စာလွှာပုံကြီးရှေ့သို့ လျှောက်သွားကာ လက်နှစ်ဖက်ကို ဖြန့်ပြီး အလွန်အဖိုးတန်သော ရတနာတစ်ပါးကို ပြသနေသည့်အလား ပုံဖော်ပြလိုက်သည်။
"ဒီလိုလုပ်... အစ်မတော်က နည်းနည်းလေး ပင်ပန်းခံပြီး ဒီကိစ္စတွေကို ဖြေရှင်းပေးလိုက်...မြို့ရိုးပြင်တာပဲဖြစ်ဖြစ်၊ ရိက္ခာဝေတာပဲဖြစ်ဖြစ်၊ ပုန်ကန်သူတွေကို ဖမ်းဆီးတာပဲဖြစ်ဖြစ်... အားလုံး အစ်မတော် သဘောပဲ"
သူသည် ရှောင်နီချန်းကို ကြည့်ကာ လူလည်ကျသော မြေခွေးတစ်ကောင်ပမာ ပြုံးလိုက်သည်။
"ဒါကို အစ်မတော် အလုပ်လုပ်ပြီး အကြွေးဆပ်တယ်လို့ သတ်မှတ်လိုက်မယ်လေ... အစ်မတော် ကြည့်၊ ဒါကို 'အလုပ်နဲ့ အိမ်လခလဲခြင်း' လို့ ခေါ်တယ်... ဘယ်လောက်တန်လိုက်သလဲ"
" အစ်မတော်ရဲ့ အကြွေးပြဿနာလည်း ဖြေရှင်းပြီးသား ဖြစ်သလို...ကျွန်တော့်ရဲ့ အပူကိုလည်း သက်သာစေတယ်၊ တစ်ချက်ခုတ် နှစ်ချက်ပြတ်... ပြီးပြည့်စုံတယ် မဟုတ်လား"
ရှောင်နီချန်းမှာ မှင်သက်သွားသည်။ ရှောင်ရှန်း၏ အရှက်မရှိပြီး ယုတ္တိကင်းမဲ့လွန်းသော စကားများကြောင့် သူမ ခဏတာမျှ စကားမပြောနိုင် ဖြစ်သွားရသည်။
'အလုပ်နဲ့ အိမ်လခ လဲမယ် ဟုတ်လား...'
'သာရှတိုငိးပြည်ရဲ့ အမြင့်မြတ်ဆုံး မင်းသမီးကြီးဖြစ်သူ သူမကို အလုပ်ကြမ်းသမားတစ်ယောက်လို သဘောထားပြီး ၊ ဒီလောက် ရှုပ်ပွနေတဲ့ ပြဿနာတွေကို ဖြေရှင်းခိုင်းသတဲ့လား'
ဒေါသမီးတောက်တို့မှာ ခေါင်းပေါ်အထိ တိုက်ရိုက် ထိုးတက်လာပြီး သူမ ပေါက်ကွဲတော့မည့် အချိန် ၊ ပါးစပ်ဖျားသို့ ရောက်နေသော စကားလုံးများမှာ ရုတ်တရက်ပင် ရပ်တန့်သွားခဲ့သည်။
သူမသည် မျက်စိရှေ့က စာလွှာပင်လယ်ကြီးကို တစ်ချက် ကြည့်လိုက်သည်။ ထိုအချိန်တွင် 'ပြဿနာ' ဟူသော အနံ့မှာ သူမ၏ နှာခေါင်းထဲ၌ အခြားအရာတစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်။
အာဏာ၏ အနံ့။
ခမည်းတော်သည် အာဏာစက်ကို ရှောင်ရှန်း၏လက်ထဲသို့ ပုံအပ်ပေးခဲ့သည်။ သို့သော် အာဏာကို မြွေဆိုးတစ်ကောင်ပမာ ရှောင်ဖယ်နေသော ရှောင်ရှန်းကမူ အလွန်ပင် ယုတ္တိမဲ့ပြီး အရှက်ခွဲရာရောက်သော နည်းလမ်းဖြင့် ဤအာဏာကို 'ကန်ထရိုက်' အဖြစ် ချုပ်ဆိုရန် ကြိုးစားနေ၏။
'ဒါတွေက ပြဿနာတွေ ဘယ်ဟုတ်မလဲ...'
ဤသည်မှာ ဌာနခြောက်ခုမှ လူများကို စည်းရုံးရန်၊ ကိုယ့်လူများကို နေရာချထားရန်နှင့် နန်းတော်ထဲတွင် အကြွင်းမဲ့ဩဇာအာဏာ တည်ဆောက်ရန်အတွက် အကောင်းဆုံးအခွင့်အရေးပင်။
ဤကိစ္စကို သပ်သပ်ရပ်ရပ်နှင့် အောင်မြင်စွာ လုပ်ဆောင်နိုင်မည်ဆိုပါက ၊ သူမ ရှောင်နီချန်း၏ နေရာကို မည်သူမျှ လှုပ်ခါနိုင်တော့မည်မဟုတ်ပေ။
ဤအချက်ကို သဘောပေါက်သွားသည်နှင့် ၊ ရှောင်နီချန်း၏ ရင်ထဲရှိ ဒေါသမီးတို့မှာ ပူလောင်ပြင်းပြသော ရည်မှန်းချက်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူမသည် ရှောင်ရှန်း၏ ရိုးသားဟန်ဆောင်နေသော မျက်နှာပေးကို ကြည့်ရင်း ၊ သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ အပေါ်သို့ ကွေးတက်လာတော့မည့် နှုတ်ခမ်းထောင့်များကို ဖိနှိပ်ထားရင်း အေးစက်သောပုံစံကို ပြန်လည်ဖမ်းဆုပ်ကာ အေးစက်စွာဖြင့် ရယ်မောလိုက်သည်။
"ရတယ်လေ"
ရှောင်ရှန်း၏ မျက်လုံးများ တောက်ပသွားသည်။
"ဒါပေမဲ့..."
ရှောင်နီချန်းသည် လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး ငြင်းဆို၍မရနိုင်သော လေသံဖြင့် ဆိုလိုက်သည်။
"ငါ အာဏာအပြည့်အဝ လိုချင်တယ်... ဒီနေ့ကစပြီး မြို့တော် ပြန်လည်တည်ဆောက်ရေး နဲ့ ပတ်သက်တဲ့ ကိစ္စရပ်အားလုံးက ငါ့သဘောအတိုင်း ဖြစ်ရမယ် ၊ မင်း... ဘယ်အကြောင်းပြချက်နဲ့မှ ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူး.....ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန... သက်ဆိုင်ရာဌာနအားလုံးက ငါ့ကို အခြေအနေအရပ်ရပ်မှာ ပူးပေါင်းကူညီရမယ်"
"သဘောတူတယ်"
ရှောင်ရှန်းမှာ ဝမ်းသာအားရ ဖြစ်သွားကာ လက်ဝါးချင်းရိုက်ရန်ပင် အသင့်ပြင်လိုက်သည်။
"ဝင်မစွက်ဖက်ရုံတင်မကဘူး၊ အစ်မတော် အလုပ်လုပ်နေတဲ့အချိန်မှာ ပတ်ဝန်းကျင် ပေသုံးရာအတွင်းမှာ ကျွန်တော့်အရိပ်တောင် မတွေ့ရစေရဘူးလို့ ကတိပေးတယ်"
သူ၏ရိုးသားမှုကို သက်သေပြရန်အတွက် ရှောင်ရှန်းသည် 'အချောင်ခိုသူ ကိုယ်ရံတော်တပ်' ကို ချက်ချင်းပင် ဆင့်ခေါ်လိုက်သည်။
"ဒီနေ့ကစပြီး မင်းတို့ကို ကိုယ်ရံတော်တပ်လို့ မခေါ်တော့ဘူး"
ရှောင်ရှန်းသည် လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး မျက်နှာထားကို တည်ကြည်လေးနက်စွာ ပြောင်းလဲကာ ကြေညာလိုက်သည်။
'မင်းတို့က 'တော်ဝင်ဆောက်လုပ်ရေး ကြီးကြပ်ရေးအဖွဲ့' ဖြစ်သွားပြီ...မင်းသမီးကြီးရဲ့ အမိန့်ကိုသာ နာခံရမယ်....မင်းတို့ရဲ့တာဝန်က စီမံကိန်းအားလုံးရဲ့ တိုးတက်မှုနဲ့ အရည်အသွေးကို သွားရောက်ကြီးကြပ်ဖို့ပဲ...အစ်မတော် ညွှန်ပြတဲ့နေရာကိုသွား၊ သေချာစောင့်ကြည့်၊ ဘာအမှားအယွင်းမှ မဖြစ်စေရဘူး"
ကိုယ်ရံတော်တပ်ဖွဲ့ဝင်များမှာ ပထမတွင် တွေဝေသွားကြသော်လည်း၊ မကြာမီမှာပင် အိမ်ရှေ့စံမင်းသား၏ 'နက်ရှိုင်းလှသော' ရည်ရွယ်ချက်ကို သဘောပေါက်သွားကြသည်။
'စောင့်ကြည့်ရမယ် ၊ ကြီးကြပ်ရမယ်....'
' ရှင်းရှင်းပြောရရင်... ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုရှာ ကုလားထိုင်တစ်လုံးချ... နေပူဆာလှုံ အိပ်ငိုက်ရင်းနဲ့ တခြားသူတွေ အလုပ်လုပ်နေတာကို ထိုင်ကြည့်နေရုံသက်သက်ပဲ မဟုတ်လား'
'ဒါက လစာယူပြီး အချောင်ခိုခြင်းရဲ့ အမြင့်ဆုံးအဆင့်ပဲ မဟုတ်ဘူးလား...'
"အမိန့်တော်အတိုင်းပါ"
သူတို့အားလုံးသည် မြင့်မြတ်သော တာဝန်တစ်ခုကို လက်ခံရရှိလိုက်သည့်အလား အသံများမှာ ကျယ်လောင်တက်ကြွနေ၏။
ရှောင်နီချနမှာ ဤလူနောက်များကို ကြည့်ရင်း နှုတ်ခမ်းမဲ့သွားသော်လည်း နောက်ဆုံးတွင် ဘာမှမပြောတော့ပေ။ မည်သို့ပင်ဖြစ်စေ၊ သူမလိုချင်သည်မှာ ရှောင်ရှန်း၏ သဘောထားနှင့် လုပ်ပိုင်ခွင့်သာ ဖြစ်သည်။
ဤအသုံးမကျသော လူများကို နေရာတစ်ခုတွင် သွားထားပြီး မွေးမြူထားလိုက်ပါက ၊ သူမအတွက် အနှောင့်အယှက်ကင်းမည် ဖြစ်သည်။
ဤသို့ဖြင့် သာရှမင်းဆက် သမိုင်းတွင် အထူးဆန်းဆုံးနှင့် အရယ်ရဆုံး မြင်ကွင်းတစ်ခု ပေါ်ထွက်လာတော့၏။
အိမ်ရှေ့စံမင်းသားသည် ပုန်ကန်မှုကို နှိမ်နင်းကာ ကြီးမားသော အောင်ပွဲကို ရယူနိုင်ခဲ့ပြီးနောက်တွင် နောက်တန်းသို့ ချက်ချင်းဆိုသလို ဆုတ်ခွာသွားလေသည်။
သူသည် နေ့စဉ်နေ့တိုင်း အရှေ့နန်းဆောင်၌ သီချင်းနားထောင်၊ ငှက်လေးများနှင့် ဆော့ကစားကာ ဟင်းချက်နည်းများကို လေ့လာရင်း ယခင်ကထက်ပင် ပိုမို အေးချမ်းသာယာသော 'အငြိမ်းစားဘဝ' ကို ဖြတ်သန်းနေလေ၏။
မင်းသမီးကြီးက အုပ်ချုပ်ရေးတာဝန်များကို တိကျပြတ်သားစွာ လွှဲပြောင်းရယူလိုက်သည်။ ရှင်းလင်းပြတ်သားသော အမိန့်အာဏာများက သူမ၏လက်ထဲမှ ဆက်တိုက်ထွက်ပေါ်လာပြီး၊ မြို့တော်တစ်ခုလုံး၏ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များကို စိတ်ကူးမယဉ်နိုင်လောက်အောင် လျင်မြန်သော အရှိန်အဟုန်၊ စနစ်ကျသော ဟန်ချက်များဖြင့် စတင်လည်ပတ်စေခဲ့သည်။
အမတ်ချုပ်ကြီးမှာ ဤကိစ္စကြောင့် ဆံပင်ဖြူမတတ် စိတ်ညစ်နေ၏။ နေ့စဉ် ညီလာခံတက်သည့်အခါတိုင်း နဂါးပလ္လင်ဘေးရှိ အိမ်ရှေ့စံမင်းသား၏ နေရာလွတ်ကို တစ်လှည့်၊ အောက်ခြေတွင် အမိန့်များပေးကာ ဩဇာအာဏာ ကြီးမားလာနေသော မင်းသမီးကြီးကို တစ်လှည့် ကြည့်ရင်း ဒေါသကြောင့် မုတ်ဆိတ်မွေးများပင် တုန်ယင်နေရသည်။
'အိမ်ရှေ့စံမင်းသားက အာဏာကို လက်လွှတ်လိုက်သတဲ့လား၊ ဒါ ဘာအဓိပ္ပာယ်လဲ'
သို့သော်လည်း မင်းသမီးကြီးသည် အလုပ်ကို အလွန် ကောင်းမွန်စွာ စီမံခန့်ခွဲနေပြီး စနစ်ကျကာ အားနည်းချက်ဟူ၍ လုံးဝ မရှိသောကြောင့်၊ သူ့အနေဖြင့် အပြစ်ရှာချင်လျှင်ပင် အကြောင်းပြချက် ရှာမရဖြစ်နေသည်။
မြို့တော်ကြီးသည် ဤကဲ့သို့ ထူးဆန်းသော နည်းလမ်းဖြင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေချိန်တွင် ၊
ကောင်းကင်ထောင်၏ အနက်ရှိုင်းဆုံးနေရာ၌ လေထုမှာ အလွန်ပင် မှိုင်းညို့နေသည်။
သံမဏိသံကြိုးများဖြင့် တင်းကျပ်စွာ ချည်နှောင်ခံထားရသော မင်းသား ရှောင်ကျင်းအား ချန်ချင်း ကိုယ်တိုင် စစ်ဆေးမေးမြန်းနေ၏။
ဤအချိန်၌ ရှောင်ကျင်းမှာ မင်းသားတစ်ပါး၏ ဂုဏ်သိက္ခာဟူ၍ အစအနမျှပင် မရှိတော့ပေ။ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး မျက်ဝန်းများက ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်နေကာ၊ တစ်ခါတစ်ရံ ရယ်လိုက်၊ တစ်ခါတစ်ရံ ငိုလိုက်ဖြင့် အသိစိတ်ကင်းမဲ့လို့ နေသည်။
"အလကားပါ... မင်းတို့ အကုန်လုံး သေကြရမှာ"
ရှောင်ကျင်း တစ်ယောက် ရူးသွပ်စွာ အော်ဟစ်နေပြီး အရိုးပေါ် အရေတင်နေသည့် သူ၏မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ရှိနေသည်။
"မင်းတို့ နိုင်သွားပြီလို့ ထင်နေကြတာလား၊ ခမည်းတော်... အဲဒီအဘိုးကြီး၊ ကောင်းကင်အရှင် ဆိုတာ ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ သူ လုံးဝမသိဘူး..."
ချန်ချင်းသည် မျက်နှာထား တည်ငြိမ်စွာဖြင့် ဘာမျှပြန်မပြောဘဲ တိတ်ဆိတ်စွာပင် နားထောင်နေသည်။
"နဂါးသွေးကြော... သာရှတိုင်းပြည်ရဲ့ နဂါးသွေးကြောက စောစောကတည်းက ညစ်ညမ်းနေပြီ...ဟားဟားဟားဟား"
ရှောင်ကျင်း၏ ရယ်မောသံမှာ ကျယ်ဝန်းသော ထောင်ခန်းထဲတွင် ပဲ့တင်ထပ်နေပြီး နားထဲတွင် အလွန်ပင် စူးရှလှသည်။
"အဲ့တာက နည်းနည်းချင်းစီ ပုပ်လာပြီး ခြောက်သွေ့သွားလိမ့်မယ်...မြို့တော်တစ်ခုလုံး၊ သာရှတစ်နိုင်ငံလုံး သေမင်းနယ်မြေ ဖြစ်သွားလိမ့်မယ်...ဘယ်သူမှ လွတ်မှာ မဟုတ်ဘူး"
သူသည် နီရဲသော မျက်ဝန်းများဖြင့် ချန်ချင်းကို စူးစိုက်ကြည့်လိုက်သည်။
"ငါ မင်းတို့ကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်... တစ်ခုတည်းသော ဖြေဆေး... တစ်ခုတည်းသော မျှော်လင့်ချက်က... မိစ္ဆာနယ်မြေ အနက်ပိုင်းမှာ ရှိတယ်... ဟားဟား... မင်းတို့ သွားလေ..အဲဒီ မိစ္ဆာကောင်တွေကို သွားတောင်းပန်ကြလေ၊ ဟားဟားဟားဟား..."
ရယ်မောသံမှာ ရုတ်တရက် ရပ်တန့်သွားပြီး ၊ ရှောင်ကျင်းမှာ ခေါင်းတစ်ချက်စောင်းကာ သတိလစ်သွားခဲ့သည်။
ချန်ချင်းမှာ ထိုနေရာတွင် ရပ်လျက် မျက်မှောင်ကြုတ်လိုက်သည်။ ရူးသွပ်သော စကားများ၊ ရူးသွပ်သူတစ်ယောက်၏ ယုတ္တိမရှိသော စကားများသာ ဖြစ်နိုင်သည်။
သို့သော် ဘာကြောင့်မှန်းမသိ၊ 'နဂါးသွေးကြောက စောစောကတည်းက ညစ်ညမ်းနေပြီ' ဆိုသည့်စကားမှာ အဆိပ်သုတ်ထားသော ရေခဲအပ်တစ်ချောင်းပမာ သူ၏ ရင်ထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားခဲ့သည်။