အခန်း ၂၆၁
Vol. 27 Ch. 261
အခန်း (၂၆၁) - ခမည်းတော်၏ ညသန်းခေါင် သင်ကြားပို့ချမှု
ချန်ချင်း၏အရိပ်မှာ ကောင်းကင်ထောင်၏ အနက်ရှိုင်းဆုံး အမှောင်ထုထဲတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သူသည် မင်းသား(၃)၏ ရူးသွပ်သောစကားများနှင့် မြို့တော်၏ လုံခြုံရေးဆိုင်ရာ အရေးကြီးအချက်အလက်များကို ရင်ထဲတွင် သိမ်းဆည်းထားရင်း ဧကရာဇ်ထံ အစီရင်ခံရန် အချိန်အခါကောင်းကို စောင့်ဆိုင်းနေလေ၏။
ယခုအချိန်၌ အရှေ့နန်းဆောင်သည် မြို့တော်အတွင်း အအေးချမ်းဆုံးနှင့် အသန့်စင်ဆုံးသော နယ်မြေတစ်ခု ဖြစ်သည်ဟု ဆိုရပေမည်။
ရှောင်ရှန်းသည် အသစ်ယူဆောင်လာသော ရွှေကြိုးပတ် သစ်သားလွှဲကုတင်ပေါ်တွင် မှီထိုင်နေသည်။ ဘေးရှိစားပွဲငယ်လေးပေါ်တွင် ရေခဲစိမ်ထားသော ဆီးသီးရည်နှင့် ယခုလေးတင်ဖုတ်ထားသော ပန်းပွင့်ကိတ်မုန့် တစ်ပန်းကန် အသင့်ရှိနေ၏။
သူသည် မျက်လုံးများကို မှိတ်ထားပြီး လွှဲကုတင်၏ စည်းချက်အလိုက် ညင်သာစွာ လွှဲယမ်းနေကာ၊ ပါးစပ်မှ သံစဉ်မမှန်သော သီချင်းလေးတစ်ပုဒ်ကို အေးအေးလူလူ ညည်းဆိုနေ၏။
သူ၏ တစ်ကိုယ်လုံးရှိ မွေးညင်းပေါက်တိုင်းမှ 'တာဝန်ဟူသမျှမှ လွတ်မြောက်သွားခြင်း' ၏ အလွန်အမင်း သက်တောင့်သက်သာရှိမှုကို ထုတ်လွှတ်နေသည့်အလား ထင်မှတ်ရသည်။
မင်းသမီးကြီး၏ လုပ်ကိုင်မှုကို ရှောင်ရှန်း အလွန်စိတ်ချသည်။ သူမသည် မွေးရာပါ အလုပ်ကြိုးစားသူ ဖြစ်သည့်အလျောက်၊ မြို့တော်၏ ပြဿနာများကို သူမထံ 'ကန်ထရိုက်' ပေးအပ်လိုက်ကတည်းက အရှေ့နန်းဆောင်ရှိ စာလွှာတောင်ကြီးမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။ ရှောင်ရှန်းလည်း အိမ်မက်ထဲက အငြိမ်းစားဘဝကို လွယ်ကူစွာပင် ရရှိလိုက်သည်။
' အာဏာ.... တာဝန် ၊ အဲ့တာတွေက ဘာတွေလဲ... ကုတင်ပေါ်မှာ အေးအေးလူလူ လှဲလျောင်းခြင်းထက် သက်တောင့်သက်သာ ရှိပါဦးမလား'
ရှောင်ရှန်းတစ်ယောက် ငိုက်မျဉ်းနေပြီး ၊ အိမ်မက်ထဲတွင် နောက်ထပ် ဘာစားမည်ကို အိမ်မက်မက်တော့မည့် အချိန်မှာပင် ၊ သူ့နားထဲ၌ အသံတိုးတိုးလေးတစ်ခု ထွက်ပေါ်လာ၏။
"အိမ်ရှေ့စံမင်းသား၊ အရှင်မင်းကြီးက ယန်ရှင်းနန်းဆောင်ကို အခုချက်ချင်း လာခဲ့ဖို့ ဆင့်ခေါ်လိုက်ပါတယ်"
ရှောင်ရှန်းသည် နည်းနည်းမျှ မကြည့်ဘဲ အမြင်မှားသည်ဟုသာ သတ်မှတ်ကာ မပီမသလေသံဖြင့် ပြန်ပြောလိုက်သည်။
"မသွားဘူး... ငါ အိပ်ပျော်နေပြီ ၊ အိပ်မက်ထဲမှာ နိုင်ငံရေးကိစ္စတွေ လုပ်နေရတာ အရမ်းအလုပ်များတယ်လို့ သွားပြောလိုက်"
မိန်းမစိုးချုပ် ဖူအန်း၏ မျက်နှာငယ်လေးမှာ ပို၍နီးကပ်လာပြီး အသံကို ပိုမိုနှိမ့်ချကာ ပြောလာပြန်၏။
"အိမ်ရှေ့စံမင်းသား... အရှင်မင်းကြီး ကိုယ်တိုင် အမိန့်ပေးတာပါ... တိုင်ပင်စရာ အရေးကြီးကိစ္စ ရှိတယ်လို့ မိန့်လိုက်ပါတယ်"
ရှောင်ရှန်း၏ လွှဲကုတင်မှာ ရပ်တန့်သွားသည်။ သူသည် မလိုလားစွာပင် မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ ၊ မျက်စိရှေ့တွင် ခမည်းတော်၏ အနားမှ အိုမင်းရင့်ကျက်သော မိန်းမစိုးကြီးကို မြင်လိုက်ရပြီး၊ ရင်ထဲတွင် အလွန်နိမိတ်မကောင်းသည့် ကြိုတင်ခံစားချက်တစ်ခု တန်းခနဲ ပေါ်လာ၏။
' ညသန်းခေါင်ယံကြီးမှာ... ဒီအဘိုးကြီးက မအိပ်ဘဲ သူ့ကို ဘာလို့ ခေါ်တာလဲ ဒါမှမဟုတ် စိတ်ပြောင်းသွားပြီး စောစောက ပစ်ချခဲ့တဲ့ ပြဿနာပုံကြီးကို သူ့ဆီ ပြန်ပေးခိုင်းဖို့များလား....'
" ငါ သိပြီ..."
သူသည် အားမရှိသော လေသံဖြင့် လွှဲကုတင်ပေါ်မှ ထလာပြီး အကြောဆန့်လိုက်ရာ သူ၏အရိုးအဆစ်များမှာ ဂျွတ်ခနဲ့ မြည်သွားသည်။ အချိန်အတော်ကြာ မသုံးစွဲရသေးသော သံချေးတက်နေသည့် စက်ကြီးတစ်လုံးပမာ အသံထွက်နေလေ၏။
လရောင်မှာ ရေပြင်ကဲ့သို့ ကြည်လင်နေပြီး ညလေညင်းမှာ အေးမြလှသည်။ ရှောင်ရှန်းသည် မီးပုံးကိုင်ထားသော ဖူအန်း၏နောက်မှ လိုက်ပါသွားပြီး တိတ်ဆိတ်နေသော နန်းတွင်းလမ်းမများကို ဖြတ်ကျော်လာခဲ့သည်။
ဖူအန်းသည် သူ့ကို ယန်ရှင်းနန်းဆောင် တံခါးဝအထိ ပို့ဆောင်ပေးပြီးနောက် အရိုအသေပြုကာ ပြန်လည်ထွက်ခွာသွားသည်။ ယခုအခါ ရှောင်ရှန်းသည် တင်းကျပ်စွာ ပိတ်ထားသော နန်းဆောင်တံခါးကြီး၏ ရှေ့တွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။
သူသည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် တံခါးကို တွန်းဖွင့်လိုက်သည်။ နန်းဆောင်အတွင်းတွင် မီးအိမ်တစ်လုံးသာ ထွန်းညှိထား၍ အလင်းရောင်မှာ မှိန်ပျပျသာရှိသည်။ အလယ်တည့်တည့်၌ ထိုင်နေသော လူရိပ်တစ်ခုမှလွဲ၍ အခြားသူ တစ်ယောက်မျှ မရှိပေ။
"သားတော်၊ ခမည်းတော်ကို အရိုအသေပြုပါတယ်...'"
" ထိုင် "
တည်ငြိမ်၍ အားမာန်ပါသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံတွင် နေ့ခင်းက ခံစားခဲ့ရသည့် အိုမင်းမစွမ်းဖြစ်နေသော ပင်ပန်းနွမ်းနယ်မှု အနည်းငယ်မျှပင် မရှိတော့ချေ။
အောက်ခြေကို မမြင်နိုင်လောက်အောင် နက်ရှိုင်းသော ရေတွင်းဟောင်းတစ်ခုပမာ ထိုအသံသည် ရှောင်ရှန်း၏ ရင်ထဲကို ဒိန်းခနဲ ဖြစ်သွားစေသည်။
သူခေါင်းမော့လိုက်ပြီး မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင် နဂါးပလ္လင်ပေါ်မှ လူကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
ရင်းနှီးနေကျ မျက်နှာသွင်ပြင်ပင် ဖြစ်သော်လည်း မျက်ဝန်းများကမူ လုံးဝ ပြောင်းလဲသွားချေပြီ။ နေ့ခင်းက မြင်တွေ့ခဲ့ရသော နောက်ကျိမှုနှင့် ပင်ပန်းနွမ်းနယ်မှုတို့မှာ ပျောက်ကွယ်သွားပြီး၊ သိမ်းငှက်တစ်ကောင်ကဲ့သို့ ထက်မြက်စူးရှသော ထိုးထွင်းသိမြင်မှုတို့ဖြင့် အစားထိုး ဝင်ရောက်လာသည်။
ထိုအကြည့်မှာ ရှောင်ရှန်းကို အပြင်မှ အတွင်းအထိ အားလုံးဖောက်ထွင်း မြင်နေရသည့်အလား ထင်မှတ်ရသည်။
ဤသည်မှာ ရက်ရှည်လများ အကျယ်ချုပ် ချခံထားရကာ ခွန်အားကုန်ခမ်းနေသည့် ဧကရာဇ်ဟောင်း လုံးဝ မဟုတ်တော့ပေ။ သူသည် အရာအားလုံးကို လက်တစ်ကမ်းတွင် ထိန်းချုပ်ထားနိုင်သည့် အာဏာရှင်ဧကရာဇ်တစ်ပါး အဖြစ် ရှိနေ၏။
ရှောင်ရှန်း၏ စိတ်ထဲက အကြံအစည်များမှာလည်း ထိုစူးရှသော အကြည့်အောက်တွင် ပုန်းအောင်းစရာနေရာ မရှိတော့ချေ။
"ငါကိုယ်တော် မင်းကို ဘာကြောင့် အလိုလိုက်ခဲ့တာလဲ၊ ပြီးတော့ ရှောင်ကျင်းကိုရော ဘာကြောင့် သည်းခံခဲ့တာလဲဆိုတာကို မင်း စိတ်မဝင်စားဘူးလား"
ဧကရာဇ် ရှောင်ယွမ်က တိုက်ရိုက်ပင် မေးခွန်းထုတ်လိုက်သည်။ သူ၏ အသံမှာ ကျယ်ဝန်းသော နန်းဆောင်အတွင်း ပဲ့တင်ထပ်သွားသည်။
ရှောင်ရှန်း၏ ရင်ထဲတွင် တဒုတ်ဒုတ် ခုန်နေသော်လည်း၊ ပါးစပ်ကမူ လူပျင်းတစ်ယောက်၏ ဟန်ပန်ကို မပျက်စေဘဲ ပြန်လည်ဖြေကြားသည်။
" စိတ်မဝင်စားပါဘူး... သားတော်က ဉာဏ်နည်းတော့ အများကြီးတွေးရင် ခေါင်းကိုက်လို့ပါ"
ဧကရာဇ် ရှောင်ယွမ်၏ နှုတ်ခမ်းထောင့်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လွင်လာ၏။
"မင်းက မြို့တော်က ပြဿနာအဝဝကို မင်းရဲ့အစ်မတော်ဆီ လွှဲပေးပြီး ကိုယ်တိုင်ကတော့ အရှေ့နန်းဆောင်မှာ ပုန်းပြီး ဇိမ်ခံနေတာ၊ ဒီလို စာရင်းတွက်တာမျိုးတော့ မင်း မညံ့ပါဘူး၊ ဟုတ်တယ်မလား"
ရှောင်ရှန်းမှာ ဟန်လုပ်၍သာ ရယ်မောလိုက်ပြီး စကားကို ဆက်မပြောတော့ပေ။
"ထားပါတော့... ဒီအကြောင်းတွေကို မင်း သိထားသင့်ပြီ"
ဧကရာဇ် ရှောင်ယွမ်၏ အကြည့်များသည် အချိန်ကာလကို ဖောက်ထွင်းကာ အလွန်ဝေးကွာလှသော အတိတ်ဆီသို့ ငေးကြည့်နေသကဲ့သို့ နက်ရှိုင်းသွားသည်။
" ငါတို့ သာရှနိုင်ငံရဲ့ ရှောင်မိသားစုဟာ သာမန်တော်ဝင်မျိုးနွယ် မဟုတ်ဘူး...ငါတို့ရဲ့ သွေးဆက်တွေက ရှေးဟောင်းခေတ်က 'လူသားဧကရာဇ်' ရဲ့ အမွေအနှစ်ဆီကနေ ဆင်းသက်လာတာပဲ"
"လူသားဧကရာဇ်လား"
ရှောင်ရှန်း တစ်ယောက် အံ့အားသင့်သွားသည်။ ဤစကားလုံးကို ကျွေ့ရှန်းစားသောက်ဆိုင်ရှိ ပုံပြင်ပြောဆရာကြီးထံမှ ကြားဖူးသော်လည်း၊ ထိုသည်မှာ နတ်ဘုရား ဒဏ္ဍာရီလာ ပုံပြင်များသာ ဖြစ်သည်ဟု သူမှတ်ယူထားခဲ့သည်။
ရှေးဟောင်းခေတ်ကာလက လူသားဧကရာဇ်သည် ကောင်းကင်နှင့်မြေကြီးကို အုပ်စိုးကာ လူသားတို့ကို စောင့်ရှောက်ခဲ့သည်။ သူသည် နတ်ဘုရားတို့ကို ရိုသေခြင်းမရှိ၊ ကောင်းကင်နှင့် မြေကြီးကို ကိုးကွယ်ခြင်းလည်း မရှိဘဲ၊ ကိုယ်ပိုင်သွေးဆက်၏ စွမ်းအားကိုသာ ယုံကြည်ခဲ့သည်။
ဧကရာဇ် ရှောင်ယွမ်၏ အသံမှာ တိုးညှင်းသော်လည်း ခွန်အားအပြည့်ရှိသည်။
"ဒီစွမ်းအားက တိမ်တိုက်တွေပေါ်မှာ အထက်စီးကနေ စိုးမိုးနေတဲ့ 'အထက်လောက အမတဂိုဏ်း' တွေအတွက်တော့ အိပ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့တယ်... သူတို့က ငါတို့ကို လူ့လောကရဲ့ 'မိစ္ဆာ' တွေလို့ တံဆိပ်ခတ်ပြီး အမြစ်ပြတ်ချေမှုန်းဖို့ နည်းလမ်းပေါင်းစုံ သုံးခဲ့ကြတယ်"
"အဲဒီအမတဂိုဏ်းနဲ့ ' ကောင်းကင်အရှင်' တို့ရဲ့ နောက်ဆုံးရည်မှန်းချက်က ဘာလဲသိလား...သူတို့က ငါတို့လူသားဧကရာဇ်ရဲ့ သွေးဆက်ကို ဖြတ်တောက်ချင်တာ....သာရှတိုင်းပြည်ရဲ့ ကံကြမ္မာကို ခိုးယူပြီးတော့ ဒီလူ့လောကတစ်ခုလုံးကို သူတို့မွေးထားတဲ့ တိရစ္ဆာန်တွေရဲ့ စားကျက်မြေအဖြစ် ပြောင်းပစ်ဖို့ ကြံစည်နေကြတာပဲ"
ရှောင်ရှန်း၏ နှလုံးခုန်သံမှာ ထိန်းမနိုင်သိမ်းမရ မြန်ဆန်စွာ ခုန်ပေါက်နေ၏။ သူသည် မင်းသား (၃) ရှောင်ကျင်း၏ 'မိစ္ဆာနတ်ဘုရား ရုပ်သေးရုပ်' ကို သတိရမိပြီး၊ ထိုထူးဆန်းသော အမတဂိုဏ်းမှ လူယုတ်မာများကို ပြန်လည်အမှတ်ရလိုက်သည်။
ဤမျှကြောက်မက်ဖွယ်ကောင်းသော အမှန်တရားကြီးက သူ၏ နောက်ကွယ်တွင် ရှိနေလိမ့်မည်ဟု လုံးဝ မတွေးထင်ထားခဲ့ပေ။
"ရှောင်ကျင်း ပြောသွားတဲ့ 'နဂါးသွေးကြောကို ညစ်ညမ်းစေတယ်' ဆိုတဲ့စကားက ကောင်းကင်အရှင်ရဲ့ အကြံအစည်ပဲ...."
ဧကရာဇ် ရှောင်ယွမ်၏ မျက်ဝန်းတို့မှာ အေးစက်သွားသည်။
" သူက မိစ္ဆာစွမ်းအင်တွေ ထိုးဖောက်ဝင်ရောက်စေပြီး ငါတို့တော်ဝင်မိသားစုရဲ့ သွေးဆက်ကို အရင်းအမြစ်ကနေ တိုက်စားဖို့ ကြိုးစားနေတာ...ငါတို့ကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အားနည်းသွားစေပြီး နောက်ဆုံးမှာတော့ သာမန်လူသားတွေအဖြစ် လုံးဝပြောင်းလဲသွားအောင် လုပ်ဖို့ပဲ....အဲဒီအချိန်ကျရင် သာရှတိုင်းပြည်ရဲ့ ကံကြမ္မာ 'နဂါးသွေးကြော' ဟာ ပိုင်ရှင်မဲ့ ဖြစ်သွားပြီး၊ သူ ကြိုက်သလို လုယူလို့ ရသွားတော့မှာပေါ့"
"ဒါဆို..."
ရှောင်ရှန်းတစ်ယောက် ပထမဆုံးအကြိမ်အဖြစ် ဤကိစ္စရပ်မှာ အလွန် ခက်ခဲနက်နဲနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
"ဖြေဆေးရော ရှိသေးလား"
"ရှိတယ်..."
ရှောင်ယွမ်၏ အကြည့်တို့မှာ မီးတောက်တစ်ခုပမာ သူ့ကို စူးစိုက်ကြည့်နေသည်။
"တစ်ခုတည်းသော ဖြေရှင်းနည်းက လူ့လောကမှာလည်း မရှိဘူး၊ အမတလောကမှာလည်း မရှိဘူး... အမတနဲ့ သေမျိုး နှစ်လောကလုံးရဲ့ တားမြစ်ချက် ၊ ကမောက်ကမ ဖြစ်နေတဲ့ နေရာတစ်ခု... အဲဒီ 'မိစ္ဆာနယ်မြေ' အနက်ပိုင်းမှာပဲ ရှိတယ်"
ရှောင်ရှန်း၏ မျက်ဝန်းတို့မှာ ထိတ်လန့်မှုကြောင့် ပြင်းထန်စွာ ကျုံ့သွားလေ၏။
" မိစ္ဆာနယ်မြေရဲ့ နိယာမတွေက ကမောက်ကမဖြစ်နေပြီး သီးခြားကမ္ဘာတစ်ခုအဖြစ် တည်ရှိနေတာ....ကောင်းကင်အရှင်ရဲ့ စွမ်းအားတွေလည်း အဲဒီမှာ အများကြီး ကန့်သတ်ခံရတယ်... အရေးအကြီးဆုံးကတော့ နဂါးသွေးကြော ညစ်ညမ်းမှုကို သန့်စင်ပေးနိုင်တဲ့ တစ်ခုတည်းသော 'မူလရင်းမြစ် အရာဝတ္ထု' က အဲဒီနေရာမှာ ရှိနေတာပဲ..."
သတင်းအချက်အလက်များက များပြားလွန်းသဖြင့် ရှောင်ရှန်း၏ ဦးနှောက် ခံနိုင်ရည်စွမ်းအားကိုပင် ကျော်လွန်သွားခဲ့သည်။
သူ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ထိုအချက်အလက်များကို ခြေဖျက်ကာ ခေါင်းမော့လိုက်သည်။ ထို့နောက် အလွန်ရိုးသားသော မျက်နှာအမူအရာကို ဖော်ဆောင်လျက် သူ၏ 'ယုတ္တိအရှိဆုံး' ဟု ထင်ရသော ဖြေရှင်းနည်းကို အဆိုပြုလေ၏။
"အရမ်းအလုပ်ရှုပ်တာပဲ ခမည်းတော်... ကြည့်ပါဦး... ခမည်းတော် အခု စိတ်ဓာတ်တွေ ဒီလောက် တတ်ကြွပြီး အကြည့်တွေကလည်း ဒီလောက် ထက်မြက်နေတာ.. ကြည့်လိုက်တာနဲ့တင် အရည်အချင်းတွေကို ဖုံးကွယ်ထားတဲ့ ပညာရှင်ကြီးမှန်း သိသာပါတယ်...ကမ္ဘာကြီးကို ကယ်တင်မယ့် ဒီလိုကိစ္စမျိုးကို ခမည်းတော်ကိုယ်တိုင် သွားရင် ပိုမသေချာဘူးလား"
သူသည် ဤစကားကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲပြောနေဟန်ဖြင့် ဟန်ဆောင်လိုက်သည်။
ဤစကားကို ကြားလိုက်ရသောအခါ ဘုန်းတန်ခိုးကြီးမားလှသည့် ဧကရာဇ် ရှောင်ယွမ်၏ မျက်နှာပေါ်၌ ရှားရှားပါးပါး ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာရသည်။ ထိုအပြုံးထဲတွင် ကူကယ်ရာမဲ့သော အရိပ်အယောင်များပင် ပါဝင်နေသေးသည်။
"'ငါကိုယ်တော် သွားလို့ မရဘူး"
ဧကရာဇ် ရှောင်ယွမ်က ခေါင်းခါလိုက်သည်။
"'ငါ့ရဲ့ ဒီလူသားဧကရာဇ် သွေးဆက်ကြီး တစ်ခုလုံးက ညအမှောင်ထဲက မီးရှူးတိုင်လိုမျိုး ထင်ရှားလွန်းနေတယ်....ကောင်းကင်အရှင်ရဲ့ စွမ်းအားနဲ့ အသေအချာ မှတ်သားခံထားရပြီးသား ....ဆိုတော့ ငါကိုယ်တော်သာ ဒီနဂါးသွေးကြော ဗဟိုချက်နေရာကနေ ခြေတစ်လှမ်း ထွက်ရဲတာနဲ့ ချက်ချင်းပဲ သူ့ရဲ့ မိုးကြိုးလို တိုက်ခိုက်မှုတွေ ရောက်လာမှာ... အဲဒီအချိန်ကျရင် အကုန်လုံး ပျက်စီးသွားလိမ့်မယ်"
"မင်းကတော့... ငါတို့မျိုးဆက်ရဲ့ အကြီးမားဆုံးသော အပြောင်းအလဲပဲ"
"ကျွန်တော်လား"
ရှောင်ရှန်းတစ်ယောက် သူ့ကိုယ်သူ ပြန်ညွှန်ပြကာ လုံးဝမယုံကြည်နိုင်သော ပုံစံဖြင့် မေးလိုက်သည်။
"မင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက 'မွေးရာပါ တာအိုသန္ဓေသားလောင်း' လို့ခေါ်တယ်"
ဧကရာဇ် ရှောင်ယွမ်က စကားလုံးတစ်လုံးချင်းစီကို သေချာစွာ ပြောလိုက်သည်။
"မွေးကတည်းက တာအိုသဘောတရားနှင့် ကိုက်ညီပြီး ကောင်းကင်ဘုံရဲ့ အလိုတော် စုံစမ်းမှုအားလုံးကို တားဆီးပေးနိုင်တဲ့ စွမ်းအားမျိုးပဲ... ကောင်းကင်အရှင်ရဲ့ အမြင်မှာ မင်းက လမ်းဘေးက ကျောက်တုံးတစ်တုံးလိုပဲ၊ ဘာထူးခြားမှုမှ မရှိဘူး... ဒါကြောင့်မို့လို့... မင်းက မိစ္ဆာနယ်မြေထဲကို ခိုးဝင်ပြီး 'မူလရင်းမြစ် အရာဝတ္ထု' ကို ရှာတွေ့နိုင်မယ့် တစ်ဦးတည်းသောသူပဲ"
' အော်... ငါ့ရဲ့ 'ငပျင်းတစ်ကောင်ရဲ့ ကံကြမ္မာ' ဆိုတာ ဒါကိုး '
ရှောင်ရှန်း၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ကျသွားသည်။ သူ ယခုမှပင် သဘောပေါက်သွားတော့သည်။ သူသည် မွေးကတည်းကပင် 'အလုပ်ကြမ်း' လုပ်ရန်အတွက် သတ်မှတ်ခံထားရသူ ဖြစ်နေခဲ့သည်။
သူသည် ပါးစပ်ကို ဟလိုက်ပြီး နောက်ဆုံးအနေဖြင့် ရုန်းကန်ကြည့်ရန် ကြိုးစားလိုက်သည်။ ရဲစွမ်းသတ္တိရှိသော စစ်သူကြီး ချန်ချင်းဖြစ်စေ၊ ဉာဏ်ပညာပြည့်ဝသော အစ်မတော် ရှောင်နီချန်းဖြစ်စေ... မည်သူမဆို သူ့အစား သွားရောက်ထောက်ခံပေးရန် စိတ်ကူးလိုက်သည်။
သို့သော် ဧကရာဇ် ရှောင်ယွမ်သည် သူ၏စိတ်ကူးကို ဖတ်မိသွားသကဲ့သို့ပင်၊ သူစကားမပြောခင်မှာပင် သက်ပြင်းတစ်ချက် ချလိုက်သည်။
တစ်ချိန်တည်းမှာပင် ၊ ဧကရာဇ်တစ်ပါး၏ ထက်မြက်စူးရှသော အရှိန်အဝါတို့မှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး၊ အရင်က ပင်ပန်းနွမ်းနယ်နေသော အဘိုးအိုပုံစံအတိုင်း ပြန်လည်ရောက်ရှိသွားခဲ့သည်။
"'ထားလိုက်ပါတော့... ငါကိုယ်တော်က သားကို အတင်းအကျပ် လုပ်ခိုင်းသလို ဖြစ်နေတာပဲ"
သူသည် လက်ကို အားမလိုအားမရ ယမ်းလိုက်ပြီး သူ၏လေသံ၌ အထီးကျန်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ လွှမ်းခြုံနေ၏။
"မိစ္ဆာနယ်မြေဆိုတာ အသက်ရှင်ဖို့ ခက်ခဲလွန်းတဲ့နေရာပဲ....ငါကိုယ်တော်က ဘယ်လိုလုပ်ပြီး ကိုယ့်သားကို ဒီလိုအန္တရာယ်ကြီးတဲ့ နေရာကို သွားဖို့ အတင်းခိုင်းရက်မှာလဲ၊ မင်း... မြို့တော်မှာပဲ အေးအေးချမ်းချမ်း အိမ်ရှေ့စံမင်းသားဘဝနဲ့ နေလိုက်ပါတော့"
သူသည် ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် ခါးကုန်းကုန်းဖြင့် အတွင်းဆောင်သို့ လျှောက်သွားကာ ဝမ်းနည်းစရာကောင်းသော ကျောပြင်တစ်ခုကိုသာ ချန်ထားခဲ့သည်။
"ဒီလောကကြီး... ဘာပဲဖြစ်ဖြစ် ငါကိုယ်တော်ရဲ့ လက်ထက်မှာပဲ ပျက်စီးသွားပါစေတော့"
ထိုစကားသံမှာ အလွန်တိုးညှင်းသော်လည်း ရှောင်ရှန်း၏ရင်ဝကို သံတူကြီးတစ်လက်ဖြင့် ထုနှက်လိုက်သကဲ့သို့ ပြင်းထန်လှသည်။ သူသည် နေရာတွင် ကြောင်အမ်းအမ်းဖြင့် ရပ်နေမိသည်။
ထိုလွတ်နေသော နဂါးပလ္လင်ကို ငေးကြည့်ရင်း ယန်ရှင်းနန်းဆောင်တစ်ခုလုံး၏ အလေးချိန်နှင့်အတူ သာရှတိုင်းပြည်တစ်ခုလုံး၏ ကံကြမ္မာသည် 'အချောင်ခိုချင်ရုံသာ' ရှိသော သူ့ပခုံးပေါ်သို့ ရုတ်တရက် ဖိချလာသကဲ့သို့ ခံစားလိုက်ရသည်။
ဒီတစ်ခေါက် ပြဿနာကတော့...
ကြည့်ရသည်မှာ ရှောင်လွှဲလို့ မရတော့သည့်အဆုံး၊ သူကိုယ်တိုင်ပင် ရင်ဆိုင်ရတော့မည့်ပုံပေါက်ပေသည်။