← Chapters

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း (၂၆၂) - တစ်ခုတည်းသော ဖြေဆေး

ရှောင်ရှန်းတစ်ယောက် သူ ယန်ရှင်းနန်းဆောင်မှ မည်သို့ထွက်လာခဲ့မိသည်ကိုပင် မမှတ်မိတော့ချေ။ ​ခမည်းတော်၏ နောက်ဆုံးစကားမှာ မမြင်ရသော ကြိုးတစ်ချောင်းပမာ သူ့လည်ပင်းကို အသံတိတ် ရစ်ပတ်သွားခဲ့သည်။

ထိုကြိုး၏ တစ်ဖက်စွန်းတွင်မူ သာရှမင်းဆက်တစ်ခုလုံး၏ ကံကြမ္မာကြီးကို ချည်နှောင်ထားလေ၏။ သူ နန်းဆောင်တံခါးမှ အပြင်သို့ ခြေလှမ်းလိုက်သည့်အချိန်တွင် ထိုဝန်ထုပ်ဝန်ပိုး၏ လေးလံမှုကို ပိုမိုသိသာစွာ ခံစားလိုက်ရသည်။

​သူသည် ကောင်းကင်ပေါ်ရှိ လမင်းကြီးကို မော့ကြည့်လိုက်သည်။ ထိုအေးစက်စက် လရောင်မှာပင် ယခုအချိန်တွင် အဆမတန် လေးလံနေသလို ခံစားရပြီး သူ့ကို မွန်းကျပ်လာစေသည်။

'ကမ္ဘာကြီးကို ကယ်တင်ရမယ် ဟုတ်လား၊ ဘာတွေလာနောက်နေတာလဲ...'

​သူသည် စားလိုက်သောက်လိုက်ဖြင့် သေမည့်နေ့ကို အေးအေးဆေးဆေး စောင့်မျှော်နေသည့် လူပျင်းမင်းသားတစ်ပါးသာ ဖြစ်သည်။ ဤသို့သော သူရဲကောင်းဆန်သည့် ဇာတ်ညွှန်းမျိုးက သူ့ခေါင်းပေါ်သို့ အဘယ်အကြောင်းကြောင့် ကျရောက်လာသနည်း။

​ ရှောင်ရှန်းတစ်ယောက် စိတ်ရှုပ်စွာဖြင့် ခေါင်းကို ကုတ်လိုက်မိသည်။ သူ၏စိတ်ထဲတွင် ပထမဆုံးအကြိမ်အဖြစ် မည်သည့်အကြံဉာဏ်မှ ထွက်ပေါ်မလာတော့ပေ။ ခမည်းတော်၏ စကားလုံးများမှာ အမှန်တစ်ဝက် အမှားတစ်ဝက်ဖြစ်ပြီး၊ ခြိမ်းခြောက်ခြင်းများ ပါဝင်သလို ဆွဲဆောင်မှုများနှင့်လည်း ပြည့်နှက်နေသည်ကို သူ ကောင်းကောင်းသိသည်။

သို့သော် ပို၍ အတိအကျပြောရလျှင် ၎င်းသည် ဗြောင်ကျကျ အကွက်ဆင်ခြင်းသာ ဖြစ်သည်။ ခမည်းတော်သည် ဖဲချပ်အားလုံးကို စားပွဲပေါ်တွင် ဖြန့်ချထားပြီး၊ အခက်ခဲဆုံးနှင့် အသက်အန္တရာယ် အရှိဆုံး ဖဲချပ်ကို သူ့ရှေ့သို့ တမင်သက်သက် ထိုးပေးလိုက်ခြင်းသာ ဖြစ်သည်။

​သွားမည်ဆိုပါက သေဖို့က ကိုးဆ၊ ရှင်ဖို့က တစ်ဆသာရှိသည်။ မသွားလျှင်ဖြင့် ၊ 'သာရှ' တိုင်းပြည်ကြီး တစိခုလုံးသည် တွင်းနက်ထဲသို့ နစ်မြုပ်သွားသည်ကို ထိုင်ကြည့်နေရုံသာ ရှိပေတော့မည်။

​ရှောင်ရှန်းသည် အရှေ့နန်းဆောင်သို့ ခြေလှမ်းများ လေးကန်စွာဖြင့် ပြန်လာခဲ့ပြီး ဤပြဿနာကြီးအား မည်သို့လွှဲချရမည်ကို စိတ်ထဲတွင် အသည်းအသန် တွက်ချက်နေမိသည်။

'ချန်ချင်း နဲ့ သွားတိုင်ပင်ရမလား မဖြစ်ဘူး... သူက ခေါင်းမာလွန်းတယ်၊ မိစ္ဆာနယ်မြေအကြောင်း သွားပြောမိရင်လည်း ဒဏ္ဍာရီလာ ပုံပြင်တွေ ပြောနေတယ်လို့ ထင်သွားလိမ့်မယ်...'

' အစ်မတော်ဆီ သွားရမလား...ပိုလို့တောင် မဖြစ်ဘူး... ဒီမိန်းမက ရည်မှန်းချက်ကြီးလွန်းတယ် ၊ သူမသာ 'မူလရင်းမြစ် အရာဝတ္ထု' ကို ရရှိသွားရင် ကမ္ဘာကြီးတစ်ခုလုံး ရှောင်နီချန်းဆိုတဲ့ အမည်နာမအောက်ကို ကျရောက်သွားပြန်ဦးမယ်'

သူ စဉ်းစားလေလေ စိတ်ရှုပ်လေလေ ဖြစ်လာသည်။ နောက်ဆုံးတွင် သူသည် မိမိ၏ အသည်းနှလုံးလေး ဒန်းကုလားထိုင်ပေါ်သို့ ပစ်လှဲချလိုက်ကာ အိပ်စက်ခြင်းဖြင့် လက်တွေ့ဘဝကို ရှောင်ပြေးရန် ဆုံးဖြတ်လိုက်၏။

​သို့သော်လည်း ကံမကောင်းစွာဖြင့် သူ အေးချမ်းစွာ အိပ်စက်ခွင့် မရခဲ့ပေ။

​မိုးလင်းခါစအချိန်တွင် အရှေ့နန်းဆောင်၏ တံခါးကြီးကို မိုးချုန်းသံကဲ့သို့ ပြင်းထန်စွာ ထုရိုက်သံများ ပေါ်ထွက်လာ၏။

"အရှင့်သား...အရှင့်သား ၊ ပြဿနာကြီး တက်ပြီ"

မိန်းမစိုးချုပ် ဖူအန်းမှာ အလောတကြီး ပြေးဝင်လာသည်။

"မြို့ထဲမှာ... မြို့ထဲမှာ ကပ်ရောဂါ ဆိုက်နေပါပြီ"

​ရှောင်ရှန်းသည် ဒန်းကုလားထိုင်ပေါ်မှ ထထိုင်လိုက်သည်။ သူ၏မျက်လုံးများမှာ အိပ်ချင်မူးတူးဖြစ်နေဆဲပင်။

" ကပ်ရောဂါ ဟုတ်လား... နန်းတွင်းသမားတော်တွေကို သွားရှာလေ၊ ငါ့ဆီလာပြီး ဘာလုပ်မလို့လဲ၊ ငါက ဆေးကုတတ်တာမှ မဟုတ်တာ"

"နန်းတွင်းသမားတော်တွေလည်း ဘာမှမတတ်နိုင်တော့ပါဘူး"

ဖူအန်း၏အသံမှာ ငိုသံပါနေ၏။

"မနေ့ညကစပြီး အနောက်ဘက်မြို့မှာ လူတွေ ဆက်တိုက် ရောဂါဖြစ်နေကြတာပါ...တစ်ကိုယ်လုံး အေးစက်တုန်ရီပြီး ကယောင်ကတမ်းတွေ ပြောနေကြတယ်၊ သရဲပူးနေသလိုမျိုးပဲ ...အခုဆိုရင် ရောဂါက ပြန့်နှံ့နေပြီ၊ မြို့တော်တစ်ဝက်လောက်က လူတွေ ထိတ်လန့်တုန်လှုပ်ပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေကြပြီ"

​ရှောင်ရှန်း၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။ နိမိတ်မကောင်းသော ကြိုတင်ခံစားချက်တစ်ခုက သူ၏ ဦးနှောက်ထဲသို့ လျှပ်တစ်ပြက် ဝင်ရောက်လာ၏။

ရှောင်ရှန်း အနောက်ဘက်မြို့သို့ အလျင်အမြန် ရောက်ရှိသွားချိန်တွင် လမ်းမကြီးများမှာ ခြောက်ကပ်နေပြီ ဖြစ်သည်။ ယခင်က စည်ကားခဲ့သော လမ်းမကြီးမှာ ယခုအခါ အိမ်တိုင်း တံခါးများ တင်းကျပ်စွာ ပိတ်ထားကြပြီး၊ လေထဲတွင် ဆေးဖက်ဝင်အပင်များ၏ အနံ့နှင့် အကြောက်တရားတို့ ရောနှောနေသော ထူးဆန်းသည့် အငွေ့အသက်တစ်မျိုး ပျံ့နှံ့နေသည်။

​ယာယီပြုလုပ်ထားသော သီးသန့်စောင့်ကြည့်ရေး ဧရိယာအတွင်း၌ လူနာများဖြင့် ပြည့်နှက်နေ၏။ သူတို့အားလုံး၏ မျက်နှာများမှာ ပြာနှမ်းနေပြီး နှုတ်ခမ်းများ ဖြူလျော့ကာ ခန္ဓာကိုယ်များမှာ ရပ်တန့်မရအောင် တုန်ယင်နေကြသည်။

သမားတော်များမှာ ချွေးသံတရွဲရွဲဖြင့် အပ်စိုက်ခြင်း၊ ဆေးတိုက်ခြင်း စသည့် နည်းလမ်းမျိုးစုံကို အသုံးပြုနေသော်လည်း၊ လူနာများ၏ သေဆုံးခြင်းကိုသာ မျက်မြင်ကိုယ်တွေ့ ကြည့်နေရုံမှလွဲ၍ မည်သို့မျှ မတတ်နိုင်ကြပေ။

​ရှောင်ရှန်း၏ အကြည့်များမှာ ထိုနာကျင်နေသော မျက်နှာများကို ဖြတ်သန်းသွားရင်း မျက်မှောင်ကြုတ်မိသည်။

"ဒါက ရိုးရိုးဖျားနာတာမျိုး မဟုတ်ဘူး..."

​ထိုအချိန်တွင် လူအုပ်နောက်ကွယ်မှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။

"လမ်းနည်းနည်းလောက် ဖယ်ပေးကြပါ"

​လူတိုင်း လှည့်ကြည့်လိုက်ရာ ၊ ဆေးသေတ္တာကိုဆွဲကာ ဆေးတောင်ကြားမှ တပည့်များ ခြံရံလျက် ခပ်သုတ်သုတ် လျှောက်လာသော စူးဝမ်ချင်းကို တွေ့လိုက်ရသည်။ သူမသည် အခြားသူများကို အရေးမစိုက်ဘဲ လူနာတစ်ဦး၏ ကုတင်ရှေ့သို့ တန်းတန်းမတ်မတ် လျှောက်သွားကာ လူနာ၏ လက်ပေါ်မှ သွေးကြောကို စမ်းသပ်လိုက်သည်။

​ခဏအကြာတွင် သူမသည် လက်ကို ပြန်ရုတ်လိုက်သည်။ သူမ၏ မျက်နှာအမူအရာမှာ ယခင်က မဖြစ်ဖူးလောက်အောင်ပင် လေးနက်သွားလေ၏။

​"'အရှင့်သား၊ ခဏလောက် သီးသန့်စကားပြောလို့ရမလား"

​သူတို့နှစ်ဦး လူသူကင်းရှင်းသော ထောင့်တစ်နေရာသို့ ရောက်ရှိသွားချိန်တွင် စူးဝမ်ချင်းက လိုရင်းကိုသာ ဆိုလိုက်သည်။

"'ဒါက ရောဂါမဟုတ်ဘူး"

​ရှောင်ရှန်း၏ စိတ်ထဲရှိ နိမိတ်မကောင်းသော ကြိုတင်ခံစားချက်မှာ ပို၍ ပြင်းထန်လာသည်။

"'ဒါဆိုရင်...'"

​"'ဒါက အဆိပ်ပဲ....ကျွန်မ တစ်ခါမှ မမြင်ဖူးတဲ့ ဝိညာဉ်အဆိပ်တစ်မျိုးပဲ"

စူးဝမ်ချင်း၏ အသံမှာ အလွန် တိုးညှင်းသွားသည်။

"'သူက လူရဲ့ ရုပ်ခန္ဓာကို မထိခိုက်စေဘဲ ဝိညာဉ်နဲ့ အသက်စွမ်းအင်ကို တိုက်ရိုက် စားသုံးပြီး ဖျက်ဆီးပစ်တာ... မူလဇစ်မြစ်ကတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းသား (၃) မြို့ထဲမှာ ချထားခဲ့တဲ့ မိစ္ဆာအစီအရင်တွေကြောင့် ဖြစ်ဖို့များတယ်...သူတို့ကို ဖျက်ဆီးပစ်လိုက်ပေမဲ့ ကျန်ရှိနေတဲ့ မိစ္ဆာစွမ်းအင်တွေက လေထဲကို ပျံ့နှံ့သွားပြီး ဒီလိုပုံစံမဲ့ အဆိပ်အဖြစ် ပြောင်းလဲသွားတာပဲ"

​ရှောင်ရှန်း၏ မျက်နှာမှာ လုံးဝ မှုန်ကုပ်သွားသည်။ သူသည် ခမည်းတော် ပြောခဲ့သော စကားတစ်ခွန်းကို ပြန်သတိရလိုက်သည်။ 'နဂါးသွေးကြောကို ညစ်ညမ်းစေခြင်း' ဆိုသည်မှာ တော်ဝင်မိသားစုကိုသာ ရည်ရွယ်သည်မဟုတ်ဘဲ မြို့တော်အတွင်းရှိ လူတိုင်းကို အသက်အန္တရာယ်ခြိမ်းခြောက်နေသည့် ပိုမိုကြီးမားသော အစီအစဉ်တစ်ရပ် ဖြစ်နေခဲ့သည်။

​"ဖြေရှင်းနည်းရော ရှိလား"

သူသည် အရေးအကြီးဆုံး မေးခွန်းကို မေးလိုက်သည်။

​စူးဝမ်ချင်းမှာ တိတ်ဆိတ်သွားသည်။ သူမသည် ရင်ဘတ်ထဲမှ အရောင်ဝါကျင့်ကျင့် ရှေးဟောင်းစာအုပ်တစ်အုပ်ကို ထုတ်ယူကာ စာမျက်နှာတစ်ခုကို လှန်၍ ရှောင်ရှန်းအား ပြသလိုက်သည်။

ထိုစာမျက်နှာပေါ်တွင် ရောင်စုံရှိသော ပွင့်ဖတ်များဖြင့် ထူးဆန်းသော ကြာပန်းတစ်ပွင့်ကို ရေးဆွဲထားပြီး၊ ဘေးတွင်လည်း စာလုံးသေးသေးလေးများဖြင့် မှတ်စုများ ရေးသားထားသည်။

"ကျွန်မ ဆေးတောင်ကြားမှာရှိတဲ့ မှတ်တမ်းပေါင်းစုံကို လှန်လှောရှာဖွေပြီးပြီ၊ ဒီမှတ်တမ်းတစ်ခုပဲ တွေ့ရတယ်"

စူးဝမ်ချင်း၏ လေသံတွင် မျှော်လင့်ချက်မဲ့နေသော အရိပ်အယောင်များဖြင့် လွှမ်းခြုံနေသည်။

"ဒီအဆိပ်နာမည်က 'ဝိညာဉ်စား အဆိပ်မှုန့်' တဲ့... အလွန်တရာ အဆိပ်ပြင်းပြီး သူ့ကို နှိမ်နင်းနိုင်တဲ့ တစ်ခုတည်းသောအရာကတော့ 'ရောင်စုံ ဝိညာဉ်သန့်စင်ကြာ' လို့ခေါ်တဲ့ သဘာဝရတနာတစ်မျိုးပဲ..ဒီအရာက အလွန်စွမ်းအားကြီးပြီး သန့်စင်လွန်းတာကြောင့် လောကမှာရှိတဲ့ ဝိညာဉ်အဆိပ်မှန်သမျှကို နှိမ်နင်းနိုင်တဲ့ အစွမ်းရှိတယ်"

​ရှောင်ရှန်း၏ ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်လေး သန်းလာသည်။

"'ဒီအရာကို ဘယ်နေရာမှာ ရှာလို့ရမလဲ"

​စူးဝမ်ချင်း၏ အကြည့်က စာမျက်နှာအဆုံးသို့ ရွှေ့သွားသည်။ ထိုနေရာတွင် ရေးသားထားသော စာလုံးအနည်းငယ်မှာ ရှောင်ရှန်း၏ ယခုလေးတင် လောင်ကျွမ်းလာသော မျှော်လင့်ချက်များကို ရေအေးတစ်ခွက်ဖြင့် ပက်ဖျန်းလိုက်သကဲ့သို့ ဖြစ်သွားစေသည်။

​"'မိစ္ဆာနယ်မြေ၊ မြူဆိပ်တောင်ကြား"

​မိစ္ဆာနယ်မြေပဲ ထပ်ဖြစ်နေပြန်ပြီ...

​မမြင်ရသော ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ပင် သဲလွန်စအားလုံး၊ အသက်ရှင်ရာ လမ်းကြောင်းအားလုံးမှာ နောက်ဆုံးတွင် သူ မသွားချင်ဆုံးဖြစ်သော ထိုနေရာသို့သာ ညွှန်ပြနေတော့သည်။

ရှောင်ရှန်းတစ်ယောက် ခေါင်းများ ကွဲထွက်မတတ် ကိုက်ခဲလာသည်။ သီးသန့်စောင့်ကြည့်ရေး နယ်မြေတွင် အဆက်မပြတ် တိုးပွားလာနေသော လူနာများကို ကြည့်ကာ၊ နားထဲသို့ ဝင်ရောက်လာသည့် ဖိနှိပ်ခံထားရသော ငိုသံများကို နားထောင်ရင်း သူ၏စိတ်ထဲ၌ အဆုံးစွန်ထိ စိတ်ရှုပ်ထွေးလာ၏။

​ကယ်မှာလား၊ ဒါမှမဟုတ် မကယ်ဘဲနေမှာလား...

ဤသည်မှာ အလွန်ကြီးမားသော ပြဿနာတစ်ခုပင် ဖြစ်သည်။

မိစ္ဆာနယ်မြေကို သွားမည်ဆိုပါက သေဖို့က ကိုးဆ၊ ရှင်ဖို့က တစ်ဆသာရှိပြီး အန္တရာယ်များလှသည်။ မသွားပြန်လျှင်လည်း မြို့တော်ကြီးတစ်ခုလုံး ဝိညာဉ်မဲ့ လမ်းလျှောက်နေသည့် အလောင်းကောင်များအဖြစ် ပြောင်းလဲသွားသည်ကို ထိုင်ကြည့်နေရတော့မည်။

​သူ၏အကြည့်က သက်တော်စောင့်တပ်ဖွဲ့ဆီသို့ မတော်တဆ ရောက်ရှိသွားရာ ရုတ်တရက် မျက်မှောင်ကြုတ်သွားမိသည်။ သူ့အတွက် ရင်းနှီးကျွမ်းဝင်နေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရခြင်း ဖြစ်သည်။

၎င်းမှာ သူ၏ 'တော်ဝင် ဆောက်လုပ်ရေး ကြီးကြပ်ရေးအဖွဲ့' ထဲက အပျင်းဆုံး အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရှောင်လီပင်။

ယခုအချိန်တွင် ရှောင်လီသည် တိုင်တစ်တိုင်ကို မှီထားပြီး မျက်နှာတစ်ခုလုံး ဖြူဖပ်နေကာ ခန္ဓာကိုယ်မှာလည်း တုန်ယင်လျက် ပါးစပ်မှ 'အေးလိုက်တာ... သိပ်အေးတာပဲ...' ဟု ရေရွတ်နေသည်။

အခြားသက်တော်စောင့်တစ်ဦးက ရှောင်လီကို တွဲကူပေးရင်း စိုးရိမ်တကြီးဖြင့် အော်ပြောလိုက်သည်။

"အရှင့်သား ရှောင်လီလည်း... ရှောင်လီလည်း ဒီရောဂါ ဖြစ်နေပြီ"

​ရှောင်ရှန်း၏ နှလုံးသားမှာ တစ်စုံတစ်ခုဖြင့် အပြင်းအထန် ဆွဲညှစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ပြဿနာမှာ ယခုဆိုလျှင် သူ၏အရှေ့တည့်တည့်၊ တံခါးဝအထိ ရောက်ရှိလာခဲ့ချေပြီ။

​သူ စိတ်ထဲတွင် လွန်ဆွဲနေစဉ်မှာပင် ရဲရင့်ပြတ်သားသော ပုံရိပ်တစ်ခုက သူ့ရှေ့သို့ ရောက်ရှိလာ၏။ ထိုသူမှာ ယဲ့လင်ရွှမ်းပင်။

သူမသည် ကိုယ်ကြပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးရှိ ဓားလက်ကိုင်ကို ဖိကိုင်ထားကာ သူမ၏မျက်ဝန်းတို့မှာ ကြည်လင်ပြတ်သားလျက် ရှိသည်။

"အရှင့်သား... ကျွန်မ သွားမယ်"

သူမ၏အသံမှာ မကျယ်လောင်သော်လည်း အလွန်ပင် ပြတ်သားလှသည်။

​ရှောင်ရှန်း အံ့အားသင့်သွားသည်။

"အဲဒါ ဘယ်လိုနေရာမျိုးလဲဆိုတာ မင်း သိလို့လား"

"မသိဘူး"

ယဲ့လင်ရွှမ်းက ခေါင်းခါလိုက်သည်။ သို့သော် သူမ၏ မျက်ဝန်းတို့တွင် တုန်လှုပ်ခြင်းဟူ၍ အလျဉ်းမရှိ။

"ဒါပေမဲ့ ဆက်မသွားဘူးဆိုရင် မြို့ထဲကလူတွေ အကုန်သေကြရတော့မယ်ဆိုတာတော့ ကျွန်မ သိတယ်... ကျွန်မရဲ့ ဒီအသက်ကို အရှင့်သားကပဲ ကယ်တင်ပေးခဲ့တာပါ... အခုဆိုရင် အရှင့်သားအတွက်ရော၊ ဒီမြို့လုံးကျွတ်က ပြည်သူတွေအတွက်ပါ ကျွန်မ တစ်ခုခု လုပ်ပေးရမယ့်အချိန် ရောက်ပါပြီ... ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကြာပန်းကို ကျွန်မ ယူလာပေးပါ့မယ်"

​သူမ၏ ပြတ်သားသော ကျောပြင်ကို ကြည့်ရင်း ရှောင်ရှန်း တစ်ယောက် ပါးစပ်ဟလိုက်သော်လည်း စကားလုံးများက လည်ချောင်းထဲတွင် တစ်ဆို့နေ၏။

ကိုယ့်အတွက်နဲ့ ​မိန်းကလေးတစ်ယောက်ကို အဲဒီလို ငရဲခန်းနဲ့တူတဲ့ နေရာမျိုးကို အသက်သွားစွန့်ခိုင်းရမှာလား....

ရှောင်ရှန်းတစ်ယောက် ထိုမျှလောက်ထိ အောက်တန်းမကျပေ။

​ လေထုမှာ အလေးနက်ဆုံး အခြေအနေသို့ ရောက်ရှိနေချိန်တွင် တွဲကူခံထားရသော သက်တော်စောင့် ရှောင်လီမှာ ရုတ်တရက် ကယောင်ကတမ်း စကားများ စတင်ပြောဆိုလာခဲ့သည်။ သူ၏မျက်နှာပေါ်၌ အရူးတစ်ယောက်ကဲ့သို့ အပြုံးတစ်ခု ပေါ်ထွက်လာကာ ရေရွတ်နေ၏။

"သိပ်... သိပ်နွေးတာပဲ..."

"နေရောင်က သိပ်နွေးတယ်... ကိုယ်ပေါ်ကို နေရောင်ကျနေတော့ နည်းနည်းမှ မအေးတော့ဘူး..."

"မြက်ခင်းပြင်လည်း ရှိတယ်... သိပ်နူးညံ့တဲ့ မြက်ခင်းပြင်ပဲ... အဲဒီပေါ်မှာ လှဲအိပ်လိုက်ရရင် သိပ်ဇိမ်ကျမှာပဲ..."

"တစ်ရေးလောက် အိပ်လိုက်ရင်... ရောဂါပျောက်သွားမှာပါ..."

​ဤသို့သော ကယောင်ကတမ်း စကားလုံးများသည် ဘေးလူများ နားထောင်ရာတွင် သေလုမျောပါး ဖြစ်နေသူတစ်ဦး၏ ယောင်ယမ်းသံမျှသာ ဖြစ်သည်။ သို့သော် ရှောင်ရှန်း၏ နားထဲသို့ ရောက်လာချိန်တွင် မိုးကြိုးပစ်ချလိုက်သည်နှင့် မခြားနားပေ။

​နေရောင်က သိပ်နွေးတယ်...မြက်ခင်းပြင်က သိပ်နူးညံ့တယ်.....အိပ်ဖို့ သင့်တော်တယ်...

​ဤစကားလုံး သုံးခွန်းမှာ ရွှေသော့သုံးချောင်းပမာ သူ၏ ပျင်းရိနေသော ဦးနှောက်အတွင်းရှိ ကမ္ဘာသစ်တစ်ခု၏ တံခါးကြီးကို ချက်ချင်းပင် ဖွင့်ဟပေးလိုက်သည်။

မူလက စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသော သူ၏ မျက်ဝန်းတစ်စုံမှာ တောက်ပလာလေ၏။

' မိစ္ဆာနယ်မြေ...မြူဆိပ်တောင်ကြားတဲ့လား၊ နာမည်ကြားရတာတော့ အတော် ကြောက်စရာကောင်းမယ့်ပုံပဲ ဒါပေမဲ့... တကယ်လို့သာ အဲဒီနေရာက ဆောင်းရာသီမှာ နွေးထွေးပြီး နွေရာသီမှာ အေးမြနေတဲ့၊ စိမ်းလမ်းစိုပြည်တဲ့ မြက်ခင်းပြင်တွေရှိပြီး ဘယ်သူမှ လာမနှောင့်ယှက်တဲ့ 'အပျင်းထူချင်သူတွေ အတွက် နတ်ဘုံနတ်နန်း' များ ဖြစ်မနေနိုင်ဘူးလား'

​ရဲတင်းပြီး ယုတ္တိမရှိသော အတွေးတစ်ခုက သူ့ခေါင်းထဲ၌ ရူးသွပ်စွာ ပေါက်ဖွားလာခဲ့သည်။

"ငါကိုယ်တော် သိပြီ"

​သူသည် လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး ခါးကို မတ်မတ်ထားလိုက်သည်။ ထို့နောက် လောကီအာရုံ ကင်းကွာနေသော ပညာရှိကြီးတစ်ဦး၏ ဟန်အမူအရာကို အစွမ်းကုန် ဖမ်းလိုက်ပြီး လူအားလုံးကို ဝေ့ကြည့်ကာ ကျယ်လောင်သော အသံဖြင့် ကြေညာလေ၏။

"ငါကိုယ်တော် မနေ့ညက နက္ခတ်တာရာတွေကို ကြည့်ပြီး တွက်ချက်လိုက်တဲ့အခါ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ကို ကြိုတင်သိမြင်ခဲ့တယ်...အခု ကြုံတွေ့နေရတဲ့ ဘေးအန္တရာယ်က သဘာဝဘေးအန္တရာယ် မဟုတ်ဘူး တကယ်တော့ လူလုပ်တဲ့ ဘေးအန္တရာယ်ပဲ ပြီးတော့ ဒီပြဿနာကို ဖြေရှင်းမယ့်နည်းလမ်းကလည်း ကံကြမ္မာရဲ့ အဆုံးအဖြတ်အတိုင်း အတိအကျ ရှိနေပြီးသားပဲ"

​လူတိုင်း သူ၏ 'နတ်ဝင်သည်' လိုလို စကားများကြောင့် အံ့အားသင့်ကာ မှင်သက်သွားကြသည်။ ရှောင်ရှန်းသည် လက်ကို နောက်ပစ်လိုက်ပြီး လူအားလုံး၏ ဇဝေဇဝါဖြစ်မှု၊ အံ့ဩမှုနှင့် ကြည်ညိုလေးစားမှု အကြည့်များကို ရင်ဆိုင်ရင်း ကရုဏာသက်နေသော လေသံဖြင့် ဆက်လက် ဟောပြောပြန်၏။

​"'အဲဒီ မိစ္ဆာနယ်မြေဆိုတာ အပေါ်ယံကြည့်ရင် အန္တရာယ်များပုံရပေမယ့်၊ တကယ်တော့ ဖုန်းရွှေကောင်းတဲ့ ရတနာမြေပဲ... ဝိညာဉ်စွမ်းအင်တွေ ပြည့်ဝနေပြီး... ကျန်းမာရေး စောင့်ရှောက်ဖို့ အသင့်တော်ဆုံးပဲ"

​သူသည် သီးသန့် စောင့်ကြည့်ရေး ဧရိယာထဲရှိ နာကျင်နေသော ပြည်သူများကို ငေးကြည့်လိုက်သည်။ ထို့နောက် မည်သူမျှ ငြင်းဆန်၍မရနိုင်သော ဆုံးဖြတ်ချက်မျိုးဖြင့် အမိန့်ပေးလိုက်၏။

​"'ငါကိုယ်တော် ပြည်သူတွေ ဒီလိုဒုက္ခမျိုးကို ထပ်ပြီး ခံစားနေရတာကို မကြည့်ရက်တော့ဘူး... ဒါကြောင့် ကိုယ်တိုင်ကိုယ်ကျ မိစ္ဆာနယ်မြေကို သွားဖို့ ဆုံးဖြတ်လိုက်ပြီ"

​"ငါတို့ က ဆေးသွားတောင်းမှာ မဟုတ်ဘူး"

သူသည် စကားကို ခဏရပ်လိုက်ပြီး စူးဝမ်ချင်းနှင့် ယဲ့လင်ရွှမ်း အပါအဝင် လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေမည့် စကားတစ်ခွန်းကို ကြုံးဝါးလိုက်သည်။

​"'ငါတို့က အဲဒီမြေကို သွား 'ဝယ်' မှာ၊ အဲဒီ ဖုန်းရွှေကောင်းတဲ့ ရတနာမြေကို ဝယ်ယူပြီး ငါတို့ သာရှတိုင်းပြည်ရဲ့ 'တော်ဝင် ကျန်းမာရေးစောင့်ရှောက်မှုစင်တာ' အဖြစ် တည်ဆောက်မယ်.... လူနာအားလုံး အဲဒီကိုသွားပြီး နေရောင်ခြည်နဲ့ မြက်ခင်းပြင်တွေကို ခံစားရင်း အေးအေးဆေးဆေးနဲ့ ကျန်းမာရေး ပြန်ကောင်းလာအောင် လုပ်ပေးမယ်"

All Chapters