အခန်း ၂၆၃
Vol. 27 Ch. 263
အခန်း (၂၆၃) - သမိုင်းတစ်လျှောက် အင်အားအကြီးဆုံး “ခရီးထွက်” အဖွဲ့
ရှောင်ရှန်း၏ ကောင်းကင်ပြိုမတတ် အံ့သြဖွယ်ရာ ကောင်းသော 'မြေဝယ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုစင်တာ ဆောက်မယ်' ဆိုသည့် စကားကြောင့် အနောက်ဘက်မြို့ လမ်းမကြီးတစ်ခုလုံး ထူးဆန်းသော တိတ်ဆိတ်မှုကြီးထဲသို့ နစ်မြုပ်သွားလေ၏။
လေထုမှာ အေးခဲသွားဟန်ရသည်။ လူတိုင်း၏ အပြုအမှုများမှာ ရပ်တန့်သွားကြသည်။ စူးဝမ်ချင်း၏ ဆေးသေတ္တာကို ကိုင်ထားသော လက်ကလေးမှာ အနည်းငယ် တောင့်တင်းသွားပြီး၊ ယဲ့လင်ရွှမ်း၏ ဓားလက်ကိုင်ကို ဆုပ်ကိုင်ထားသော လက်ဆစ်များမှာလည်း ဖြူဖျော့သွားသည်အထိ တင်းကျပ်စွာ ညှစ်ထားမိသည်။
ဘေးနားတွင် တုန်ယင်နေသော ရှောင်လီပင်လျှင် ထိုစကားကြောင့် တုန်လှုပ်သွားပြီး အအေးဒဏ်ကိုပင် ခဏတာ မေ့လျော့သွားပုံရသည်။
မြေဝယ်မယ်...ဘယ်မှာသွားဝယ်မှာလဲ...မိစ္ဆာနယ်မြေမှာလား...ဘယ်သူ့ဆီက ဝယ်မှာလဲ...မိစ္ဆာတွေဆီကလား...
အဓိပ္ပာယ်မဲ့လွန်းသော မေးခွန်းပေါင်းများစွာက လူအများ၏ ခေါင်းထဲတွင် ဝဲပျံနေသည်။ သူတို့ကိုယ်တိုင်လည်း အဆိပ်သင့်ကာ လျှောက်ကြားနေသလားဟုပင် ထင်မှတ်လာကြသည်
သို့သော် ထိုတိတ်ဆိတ်မှုမှာ သုံးရှိုက်စာမျှသာ ကြာမြင့်ခဲ့သည်။
လူအုပ်ထဲမှ သက်ကြီးရွယ်အိုတစ်ဦး၏ နောက်ကျိနေသော မျက်လုံးများမှာ ရုတ်တရက် ဝင်းလက်သွား၏။ သူသည် ပေါင်ကို အားပါးတရ ရိုက်ချလိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသော အသံဖြင့် အော်ဟစ်လိုက်သည်။
"ဒီလိုကိုး... ဒီလိုကိုး"
သူ၏အော်သံမှာ လူအားလုံး၏ အာရုံများကို လှုပ်နှိုးလိုက်သကဲ့သို့ပင်။
"ကျွန်တော် နားလည်ပြီ....အိမ်ရှေ့မင်းသားက ဉာဏ်ကြီးရှင်ပဲ"
"အမြော်အမြင်ကြီးတယ်ဆိုတာ ဘာလဲ... ဒါကိုမှ အမြော်အမြင်ကြီးတယ်လို့ ခေါ်တာ"
"သာမန်လူတွေက ဆေးသွားတောင်းဖို့လောက်ပဲ စဉ်းစားကြတယ်၊ အဲဒါက တောင်းရမ်းတာပဲ.... အားနည်းချက်ကို ပြတာပဲ၊ အရှင့်သား စဉ်းစားတာက မြေသွား 'ဝယ်' ဖို့၊ ဒါက အရောင်းအဝယ် လုပ်တာ... ငါတို့ သာရှမင်းဆက်ရဲ့ အာဏာစက်ကို မိစ္ဆာနယ်မြေအထိ သွားပြတာပဲ"
"ဟုတ်တယ်...အရှင့်သားရဲ့ မျက်လုံးထဲမှာတော့ အဲဒီမိစ္ဆာနယ်မြေဆိုတာ လုံးဝ ကြောက်စရာမကောင်းဘူးဆိုတာ သက်သေပြနေတာပဲ၊ ငါတို့ မြို့စွန်မှာ မြေတစ်ကွက် သွားဝယ်သလို သာမန်ကိစ္စလေးတစ်ခုလိုပဲ မြင်နေတာ"
"ပြီးတော့ မင်းတို့ စဉ်းစားကြည့်... အရှင့်သားက ဘာလို့ 'ကျန်းမာရေးစောင့်ရှောက်မှုစင်တာ' ဆောက်မယ်လို့ ပြောတာလဲ.... ဒါက ငါတို့လို လူနာတွေကို စိတ်အေးစေချင်လို့ပဲ၊ သူက ငါတို့ကို သေဖို့ စောင့်ခိုင်းတာ မဟုတ်ဘူး...သာယာလှပပြီး အနားယူဖို့ ကောင်းတဲ့နေရာတစ်ခုက ငါတို့ကို စောင့်နေတယ်ဆိုတာ ပြောပြနေတာပဲ... ဒါက ဘယ်လောက်တောင် ကြီးမားတဲ့ ကရုဏာတရားလဲ"
ချက်ချင်းပင် ပြည်သူများ၏ မျက်နှာပေါ်ရှိ အကြောက်တရားနှင့် မျှော်လင့်ချက်မဲ့မှုတို့သည် ရူးသွပ်မတတ် ကိုးကွယ်ယုံကြည်မှုတို့ဖြင့် အစားထိုးခံလိုက်ရသည်။
သူတို့သည် လက်ကိုနောက်ပစ်ကာ တည်ငြိမ်စွာ ရပ်နေသော ရှောင်ရှန်းကို—( အမှန်အားဖြင့် သူသည် လမ်းတွင် ငါးမျှားတံ ယူသွားသင့်မသင့် တွေးတောကာ စိတ်လွင့်နေခြင်းသာ ဖြစ်သည်)—လောကကြီးကို ကယ်တင်ရန် ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါကို ဖူးမျှော်နေသကဲ့သို့ ကြည်ညိုလေးစားမှုများဖြင့် ငေးကြည့်နေကြတော့သည်။
"တကယ်တော့ အရှင့်သားက စောစောကတည်းက ရင်ထဲမှာ အစီအစဉ်တွေ ရှိနေခဲ့တာပဲ....သူက အန္တရာယ်သွားခံတာ မဟုတ်ဘူး၊ အရှုံးမရှိဘဲ အမြတ်ထွက်ဖို့ သေချာနေတဲ့ 'စီးပွားရေး လေ့လာရေးခရီး' ကို သွားတာပဲ"
စူးဝမ်ချင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ပတ်ဝန်းကျင်မှ ပြည်သူများက မိမိတို့ဘာသာ တွေးတောဖန်တီးထားသော ထိုကြီးကျယ်ခမ်းနားသည့် အစီအစဉ်ကြီးကို နားထောင်ရင်း ၊ တစ်ဖန် 'အရာအားလုံး ငါ့လက်ထဲမှာပဲ' ဆိုသည့်ပုံစံဖြင့် အရိုက်ခံချင်စရာကောင်းလောက်အောင် ဟန်လုပ်နေသော ရှောင်ရှန်းကို ပြန်ကြည့်လိုက်နှင့် သူမ ဘာပြောရမှန်းမသိအောင် ဖြစ်သွားရသည်။
ဤအိမ်ရှေ့စံမင်းသား၏ ဦးနှောက်အလုပ်လုပ်ပုံသည် သာမန်လူများနှင့် လုံးဝ တစ်တန်းတည်း မဟုတ်တော့သည်မှာ သူမ သေချာသည်။
"ဟမ်း..."
ရှောင်ရှန်းတစ်ယောက် လူအများ၏ စူးစိုက်ကြည့်မှုများကြောင့် အနည်းငယ် နေရခက်လာကာ လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး၊ ဤနေရာမှ အမြန်လစ်ပြေးရန်အတွက် အဖွဲ့သားရွေးချယ်မှုကို စတင်လိုက်၏။
"သခင်မလေးစူး..."
ရှောင်ရှန်း တစ်ယောက် စူးဝမ်ချင်းကို လှည့်ကြည့်လိုက်သည်။
"မင်းက သမားတော်ဆိုတော့ ဆေးဘက်ဝင်အပင်တွေ ခွဲခြားတာနဲ့ ရောဂါရှာဖွေတာတွေကို တာဝန်ယူပြီး ငါနဲ့အတူ လိုက်ခဲ့"
ဤသည်က ငြင်းစရာမရှိအောင် ခိုင်လုံသော အကြောင်းပြချက်ဖြစ်သဖြင့် စူးဝမ်ချင်းက ခေါင်းညိတ်လိုက်သည်။
"သူရဲကောင်းမလေး ယဲ့..."
ယဲ့လင်ရွှမ်းဘက်သို့ လှည့်လိုက်ပြန်သည်။
"မင်းက သိုင်းပညာ မြင့်မားသူဆိုတော့ လုံခြုံရေး အနေနဲ့ တာဝန်ယူပြီး အတူလိုက်ခဲ့"
ယဲ့လင်ရွှမ်းက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ဘေးနားမှ ရူးသွပ်မတတ် စိတ်လှုပ်ရှားနေသော ပြည်သူများကိုပါ တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချကာ လက်ခံလိုက်သည်။
"ကောင်းပါပြီ"
"'ပြီးတော့ မင်းတို့..."
ရှောင်ရှန်းသည် သူ၏ 'တော်ဝင် ဆောက်လုပ်ရေး ကြီးကြပ်ရေးအဖွဲ့' ကို လက်ညှိုးထိုးလိုက်သည်။
"လက်မြန်ခြေမြန်ရှိပြီး မျက်စိရှင်တဲ့သူ အနည်းငယ်ကို ရွေးပြီး၊ အဲဒီနေရာရဲ့ ဖုန်းရွှေကိုကြည့်ဖို့ မြေပြင်ကွင်းဆင်း လေ့လာရေး လုပ်ရအောင် ငါကိုယ်တော်နဲ့ လိုက်ခဲ့ကြ"
"'အမိန့်တော်အတိုင်းပါ"
သက်တော်စောင့်များက ပြိုင်တူ ဖြေကြားလိုက်ကြသည်။ သူတို့သည် မိစ္ဆာနယ်မြေဆိုသည့် ငရဲခန်းသို့ သွားရမည်ကို လုံးဝမသိကြဘဲ၊ အိမ်ရှေ့မင်းသားမှ သတ်မှတ်ပေးထားသော တော်ဝင်ဥယျာဉ်သစ်တစ်ခုကို သွားရောက် လွှဲပြောင်းယူရတော့မည့်အလား ရင်ကော့ခေါင်းမော့ကာ အလွန်ပင် စိတ်အားထက်သန်နေကြသည်။
ထိုအချိန်မှာပင် တောင်တန်းကြီးတစ်ခုကဲ့သို့ တည်ငြိမ်လေးနက်သော ပုံရိပ်တစ်ခုက လူအုပ်ကြီးကို ဖယ်ရှားကာ ရှောင်ရှန်း၏ ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် ရောက်ရှိလာသည်။ ထို့နောက် ဒူးတစ်ဖက်ထောက်ချလိုက်ပြီး ခေါင်းလောင်းသံကြီးတစ်ခုပမာ ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
"'အရှင့်သား...မိစ္ဆာနယ်မြေဆိုတာ အန္တရာယ်များလွန်းပါတယ်၊ ကလေးကစားစရာ မဟုတ်ပါဘူး၊ ကျွန်တော်မျိုး ချင်ချန်း တပ်သားသုံးထောင်ကို ဦးဆောင်ပြီး အရှင့်သားအတွက် အတားအဆီးမှန်သမျှကို ရှင်းလင်းပေးပါရစေ"
ချင်ချန်း ရောက်ရှိလာပြီ ဖြစ်သည်။ သူသည် သတင်းကြားသည်နှင့် အမြန်ဆုံး အရောက်လာခဲ့ခြင်းဖြစ်ပြီး၊ သူ၏ မျက်နှာထက်တွင် 'စိတ်လိုက်မာန်ပါ မလုပ်ပါနှင့်' ဟူသည့် စိုးရိမ်ပူပန်မှုများနှင့် 'ကျွန်တော် ကိုယ်စားတာဝန်ယူပေးပါ့မည်' ဟူသည့် ပြတ်သားမှုများ ပြည့်နှက်နေသည်။
ရှေ့တန်းထွက်၍ အသက်ပေးတိုက်ခိုက်ပေးလိုသော သူ၏ ရဲရင့်ပြတ်သားသည့် ပုံစံကို ကြည့်ရင်း ၊ ရှောင်ရှန်း၏ မျက်ခွံများမှာ ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားမိသည်။
အသံကျယ်လောင်လွန်းသော စစ်သည်သုံးထောင်ကို ခေါ်သွားရမည်လော။
အဲ့လိုသာဆို သူဘယ်လိုလုပ် အိပ်စက်အနားယူနိုင်တော့မှာတုန်း....
လမ်းတစ်လျှောက်လုံး သူတို့၏ စစ်ရေးကြွေးကြော်သံများကို နားထောင်နေရုံနှင့်ပင် ဆူညံလွန်း၍ အသက်တောင် ပျောက်သွားနိုင်သည်။
"မဖြစ်ဘူး"
ရှောင်ရှန်းက လက်ကိုခါယမ်းကာ ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။ ချင်ချန်းက ခေါင်းကိုဆတ်ခနဲမော့ကာ ထပ်မံ၍ တားမြစ်ရန် ပြင်ဆင်လိုက်သည်။
သို့သော် ရှောင်ရှန်းက လက်ဦးမှုရယူကာ ချင်ချန်း၏အနားသို့ တိုးကပ်သွားပြီး လေသံကို လျှော့ချ၍ ပြောလိုက်၏။
"မြို့တော်က မိစ္ဆာနယ်မြေထက် ပိုပြီးအရေးကြီးတယ်.. ငါ ဒီတစ်ခေါက်သွားတာက 'လေ့လာရေးခရီး' ထွက်တာ၊ အိမ်ကို စောင့်ရှောက်ပေးမယ့်သူ လိုအပ်တယ်...တကယ်လို့ ငါထွက်သွားတာနဲ့ တစ်ပြိုင်နက် နောက်ကနေ တစ်ယောက်ယောက်က လာပြီး 'အိမ်ကို ခိုး' သွားရင် ဘယ်လိုလုပ်မလဲ"
သူသည် သဘောတရားတစ်ခုခုကို ထည့်သွင်းပြောဆိုနေဟန်ဖြင့် အစ်မတော် မင်းသမီးကြီး၏ အိမ်တော်ရှိရာဘက်သို့ တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး တိုးတိုးလေး ဆိုလိုက်၏။
"အထူးသဖြင့် ငါ့အစ်မတော်ပဲ... သူမက အခု ဆောက်လုပ်ရေး ရန်ပုံငွေတွေကို ကိုင်ထားတာ.... ပိုက်ဆံသုံးတာ ရေလိုပဲ၊ မင်း ငါ့ကိုယ်စား သေချာစောင့်ကြည့်ပေးထား... ငါပြန်လာတဲ့အချိန်ကျမှ အရှေ့နန်းဆောင်ကြီးကို သူက အကြွေးဆပ်ဖို့ ရောင်းစားပစ်တာမျိုး မဖြစ်စေနဲ့"
ဤစကားများက ချင်ချန်း၏ နားထဲသို့ ရောက်သွားသောအခါ လွင်ပြင်ကျယ်ကြီးထဲတွင် မိုးကြိုးပစ်ချလိုက်သည်နှင့် မခြားနားဘဲ သူ့ကို အကြီးအကျယ် တုန်လှုပ်သွားစေသည်။
'အရှင့်သားက... ဒါ ဘာသဘောလဲ'
အမှန်စစ်စင် ရှောင်ရှန်းသည် မည်သည့် ဆောက်လုပ်ရေး ရန်ပုံငွေကိုမှ စိုးရိမ်နေခြင်းမဟုတ်ပေ။ သူသည် အလွန်သိမ်မွေ့လှပသော နည်းလမ်းတစ်ခုကို သုံးပြီး တိုင်းပြည်ကို ကာကွယ်ရန်၊ လူယုတ်မာများကို နှိမ်နင်းရန်နှင့် အာဏာပိုမိုကြီးထွားလာနေသော မင်းသမီးကြီးကို ထိန်းချုပ်ရန်ဆိုသည့် လေးလံလှသော တာဝန်ကြီးများကို ချင်ချန်းထံသို့ အပြည့်အဝ ယုံကြည်စိတ်ချစွာ လွှဲအပ်လိုက်ခြင်းသာဖြစ်သည်။
'ဒါက ဘယ်လောက်တောင် ကြီးမားတဲ့ ယုံကြည်မှုမျိုးလဲ....ဘယ်လောက်တောင် အားကိုးအားထားပြုခြင်းမျိုးလဲ'
အမည်မသိ မိစ္ဆာနယ်မြေသို့ သွားရောက်ကာ ရှေ့တန်းမှ တိုက်ခိုက်ရသည်ထက်၊ မြို့တော်တွင် နေရစ်ပြီး တိုင်းပြည်၏ တည်ငြိမ်မှုကို ထိန်းသိမ်းရခြင်းမှာ ပို၍ ခက်ခဲကြမ်းတမ်းသော၊ ပို၍ အဓိကကျသော တာဝန်ကြီးဖြစ်သည် မဟုတ်လော။
ချင်ချန်းသည် ရှောင်ရှန်း၏ 'နက်ရှိုင်းသော ရည်ရွယ်ချက်' ကို ချက်ချင်းပင် နားလည်သွားသည်။ ရင်ဘတ်ထဲမှ ပူနွေးသော ရေစီးကြောင်းတစ်ခုက မျက်လုံးများဆီသို့ တိုက်ရိုက် တက်လာသည်။ သူသည် စိတ်လှုပ်ရှားမှုကို အတင်းအောင့်ထားလိုက်ပြီး လည်ချောင်းတွင် ဆို့နင့်လာကာ နောက်ဆုံးတွင် သူ၏ ခံစားချက်အားလုံးကို လေးလံသော ဦးညွှတ်ခစားမှုတစ်ခုအဖြစ် ပုံဖော်ပြလိုက်လေသည်။
"ကျွန်တော်မျိုး... အမိန့်ကို ခံယူပါ့မယ်၊ အရှင့်သား လွှဲအပ်လိုက်တဲ့ တာဝန်ကို အလဟဿ မဖြစ်စေရပါဘူး"
အကြီးမားဆုံးသော 'ပြဿနာ' ဖြစ်သည့် ချင်ချန်းကို ဖယ်ရှားလိုက်နိုင်သဖြင့် ရှောင်ရှန်း၏ ရင်ထဲတွင် ရှိနေသော ကျောက်တုံးကြီးမှာ ပျောက်ကွယ်သွားပြီး အလွန်ပင် ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် သူ သက်ပြင်းမချရသေးခင်မှာပင် အေးစက်စက် အရှိန်အဝါတစ်ခုက မွှေးပျံ့သော လေပြေတစ်ခုနှင့်အတူ သူ့ရှေ့သို့ ရောက်လာပြန်သည်။
ထိုသူမှာ ရှောင်နီချန်းပင် ဖြစ်သည်။ သူမသည် သပ်ရပ်သော မြင်းစီးဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားပြီး ဓားတစ်ချောင်းပမာ ထက်မြက်စူးရှသော မျက်လုံးများဖြင့် သူ့ကို အထက်အောက် အကဲခတ်ကြည့်ရှုနေသည်။ သူမ၏ အကြည့်တို့မှာ ရှောင်ရှန်း၏ အတွေးများကိုပင် ဖောက်ထွင်းမြင်ချင်နေသကဲ့သို့ စူးရှလှသည်။
"နင် မိစ္ဆာနယ်မြေကို သွားမလို့လား"
"အင်းလေ..."
ရှောင်ရှန်းက ပျင်းရိပျင်းတွဲဖြင့် ဖြေလိုက်သည်။
" စီမံကိန်းတစ်ခုကို သွားလေ့လာမလို့"
ရှောင်နီချန်းသည် ချင်ချန်းကဲ့သို့ မတားမြစ်သလို၊ ပြည်သူများကဲ့သို့လည်း မျက်ကန်းယုံကြည်မှု မရှိပေ။ သူမသည် ရှောင်ရှန်းကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် သူမ၏ လက်ကောက်ဝတ်မှ ရိုးရှင်းပုံရသော သိုလှောင်လက်ကောက်တစ်ကွင်းကို ချွတ်ကာ ကမ်းပေးလိုက်သည်။
"နင် မြေသွားဝယ်ဝယ်၊ ပျော်ပွဲစားထွက်ထွက် ငါဂရုမစိုက်ဘူး... ဒါလေး ယူသွား"
ရှောင်ရှန်းက ဇဝေဇဝါဖြင့် လှမ်းယူလိုက်ပြီး အာရုံခံကြည့်လိုက်ရာ မေးရိုးပြုတ်ကျမတတ် အံ့သြသွားရသည်။
ထိုလက်ကောက်၏ နေရာလွတ်အတွင်းတွင် ဈေးကွက်၌ ရွှေတစ်ထောင်ပေးလျှင်ပင် ဝယ်ရခက်သော ဆေးစွမ်းကောင်းများ၊ ဖျက်ဆီး၍မရနိုင်သော မှော်လက်နက် ချပ်ဝတ်တန်ဆာများသာမက မြို့တော်တစ်ဝက်ခန့်ကိုပင် ဝယ်ယူနိုင်လောက်သည့် ရွှေသေတ္တာများနှင့် ဝိညာဉ်ကျောက်မျက်ရတနာ အပုံလိုက်ကြီး ရှိနေသည်ကို တွေ့လိုက်ရသည်။
"အစ်မတော်၊ ဒါက..."
"ဒါက နင့်ရဲ့ ဒီတစ်ခေါက် 'စီးပွားရေးလေ့လာရေး' ခရီးစဉ်အတွက် ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုပဲ"
ရှောင်နီချန်း၏ လေသံတွင် မည်သည့်လှိုင်းဂယက်အနည်းငယ်မျှပင် မရှိဘဲ သာမန်စီးပွားရေး ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ တည်ငြိမ်ပေသည်။
"ငါ အကျိုးအမြတ် ပြန်လိုချင်တယ်...တကယ်လို့ နင် အဲဒီနေရာကနေ တန်ဖိုးရှိတဲ့ အရာတစ်ခုခုကို ယူလာနိုင်ခဲ့ရင်... ငါ့ဝေစုအတွက် ငါသေချာပေါက် ပြန်ယူမယ်"
သူမ၏ မျက်ဝန်းများမှာ အလွန်ရှုပ်ထွေးနေသည်။ အနက်ရှိုင်းဆုံးနေရာတွင် ဖုံးကွယ်ထားသော စိုးရိမ်ပူပန်မှု အငွေ့အသက်များ ရှိနေသော်လည်း၊ ပိုမိုများပြားသည်မှာ ကုန်သည်တစ်ယောက်၏ ပါးနပ်မှု နှင့် လောင်းကစားသမားတစ်ယောက်၏ မျှော်လင့်ချက်တို့ပင် ဖြစ်သည်။
ရှောင်ရှန်းသည် လက်ထဲမှ သိုလှောင်လက်ကောက်ကို စမ်းသပ်ကြည့်လိုက်ရာ ထိုပစ္စည်း၏ လေးလံမှုကို ခံစားလိုက်ရသည်။ အစ်မတော်သည် ဤနည်းလမ်းကို အသုံးပြုကာ သူမ ပေးနိုင်သမျှ အထောက်အပံ့အားလုံးကို မိမိအား ပေးအပ်လိုက်ခြင်းဖြစ်ကြောင်း သူကောင်းကောင်း သိသည်။
သူသည် ရှားရှားပါးပါး ပြုံးဖြီးဖြီး မလုပ်တော့ဘဲ တည်ငြိမ်စွာဖြင့်သာ ခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးပဲ"
မထွက်ခွာမီ နောက်ဆုံးညတွင် ဧကရာဇ်ရှောင်ယွမ်သည် သူ့ကို ရန်ရှင်းနန်းဆောင်သို့ ထပ်မံဆင့်ခေါ်ခဲ့သည်။ အလင်းရောင် မှိန်ပျပျရှိသော ထိုနန်းဆောင်ကြီးထဲတွင် အထီးကျန်ဆန်စွာ တည်ရှိနေသော နဂါးပလ္လင်ကြီးမှာမူ အရင်အတိုင်းပင် ရှိနေဆဲပင်။
အိုမင်းရင့်ရော်နေပြီဖြစ်သော ဧကရာဇ်မင်းကြီးသည် စကားအများကြီး မပြောဘဲ ကျောက်စိမ်းပြားတစ်ချပ်ကိုသာ ကမ်းပေးလိုက်သည်။ ထိုကျောက်စိမ်းပြားမှာ မီးခိုးရောင်သန်းနေပြီး၊ အနားသတ်များတွင် ပဲ့နေသည့်နေရာအနည်းငယ်ရှိကာ အပေါ်မှ ထွင်းထုထားသော ပုံစံများမှာလည်း ဝေဝါးနေ၏။
ကြည့်ရသည်မှာ လမ်းဘေးဈေးသည်ဆီမှ ကြေးပြားသုံးပြားဖြင့် ဝယ်လာသော အမှိုက်နှင့်ပင် တူနေသည်။
"ဒါက ဘိုးဘေးတွေဆီက ဆင်းသက်လာတာ၊ ကြီးကြီးမားမား အသုံးဝင်တာတော့ မဟုတ်ဘူး.... အမှတ်တရအနေနဲ့ပေါ့"
ခမည်းတော်၏ အသံတွင် ပင်ပန်းနွမ်းနယ်မှုတို့ ရောယှက်နေသည်။
"ယူသွားပါ... တကယ်လို့ လမ်းပျောက်သွားခဲ့ရင်တောင်၊ အနည်းဆုံးတော့ ကိုယ်က သာရှမင်းဆက်ရဲ့ သားမြေးဆိုတာကို သိနိုင်တာပေါ့"
ရှောင်ရှန်း လှမ်းယူလိုက်ရာ ထိုအရာ၌ မည်သည့် ထူးခြားသော အရှိန်အဝါမျိုးမှ မတွေ့ရပေ။ သူသည် ရင်ဘက်ထဲသို့ ပေါ့ပေါ့ပါးပါး ထည့်လိုက်ရင်း စိတ်ထဲတွင် ကျိန်ဆဲလိုက်၏။
' ဒီအဘိုးကြီးက ပိုပိုပြီး ကပ်စေးနှဲလာတယ်...'
နောက်တစ်နေ့ နံနက်ခင်း။
မြို့တော်၏ အရှေ့ဘက်တံခါးဝတွင် လူအုပ်ကြီးဖြင့် ပြည့်နှက်နေသည်။ အလွန်တရာ ခမ်းနားထည်ဝါလှသော ပျံသန်းရေး သင်္ဘောကြီး တစ်စင်းသည် လေထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်တန့်နေသည်။
ဤသင်္ဘောမှာ မင်းသမီးကြီး၏ ကိုယ်ပိုင်ယာဉ်ဖြစ်ပြီး တစ်စီးလုံးကို တန်ဖိုးကြီးမားသော ဝိညာဉ်သစ်သားများဖြင့် တည်ဆောက်ထားကာ သင်္ဘောကိုယ်ထည်၏ မျဉ်းကြောင်းများမှာ ချောမွေ့လှပပေသည်။
ကုန်းပတ်ပေါ်တွင် နူးညံ့သော ထိုင်ခုံများနှင့် လက်ဖက်ရည်သောက်စားပွဲပင် ပြင်ဆင်ထားရာ ၎င်းကို သယ်ယူပို့ဆောင်ရေးယာဉ်ဟု ခေါ်ဆိုမည့်အစား၊ ပျံသန်းနိုင်သော အပန်းဖြေအိမ်တော်ကြီးဟု ဆိုလျှင် ပို၍မှန်ကန်ပေလိမ့်မည်။
မြို့လုံးကျွတ် ပြည်သူများ၏ 'အိမ်ရှေ့မင်းသားကို အရိုအသေပြုလျက် ပို့ဆောင်လိုက်ပါသည်' ဟူသော တောင်ပြိုမတတ် အော်ဟစ်နှုတ်ဆက်သံများကြားတွင် ၊
ရှောင်ရှန်းတစ်ယောက် သူ၏ 'အထက်တန်းစား ခရီးထွက်အဖွဲ့' ကို ခေါ်ဆောင်ကာ ပျံသန်းရေးသင်္ဘောပေါ်သို့ တက်ရောက်သွားခဲ့သည်။
စူးဝမ်ချင်းက နောက်ကွယ်တွင် တဖြည်းဖြည်း ဝေးကွာကျန်ရစ်ခဲ့သော မြို့တော်ကို ငေးကြည့်ရင်း စိတ်နှလုံးသားတစ်ခုလုံး လေးလံနေမိသည်။
ယဲ့လင်ရွှမ်းက ဓားလက်ကိုင်ကို တင်းကျပ်စွာ ဖိကိုင်ထားပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်ကာ အသင့်အနေအထား ပြင်ဆင်ထားသည်။ သက်တော်စောင့်များကမူ ကုန်းပတ်ပေါ်တွင် စိတ်လှုပ်ရှားစွာ ဟိုပြေးဒီပြေး လုပ်နေကြပြီး အောက်ဘက်ရှိ ပြည်သူများကို လက်ပြနှုတ်ဆက်နေကြသည်။
သို့သော် သူတို့၏ ခေါင်းဆောင်၊ သာရှမင်းဆက်၏ လူအများ ကြည်ညိုလေးစားရသော ကယ်တင်ရှင်ကြီး အိမ်ရှေ့စံမင်းသား ရှောင်ရှန်းမှာမူ အလယ်ဗဟိုရှိ နူးညံ့သော ကုတင်ပေါ်တွင် ဇိမ်ကျကျ လှဲလျောင်းနေလေ၏။
သူသည် စောင်ပါးလေးတစ်ထည်ကို ခြုံထားကာ လက်ထဲတွင် ခမည်းတော်ပေးလိုက်သော ကျောက်စိမ်းပြားအစုတ်ကို ဟိုဘက်ဒီဘက် လှန်လှောကြည့်ရှုနေသည်။
"ဒီပစ္စည်းက ပုံပန်းသဏ္ဍာန်လည်း မကျဘူး၊ ကိုင်ရတာလည်း စူးတယ်... စာရွက်ဖိတဲ့ခဲအဖြစ် သုံးဖို့တောင် ရုပ်ဆိုးလွန်းတယ်..."
သူသည် တစ်ချက် ညည်းတွားလိုက်ပြီး ကျောက်စိမ်းပြားကို ဘေးသို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်သည်။ ထို့နောက် စောင်ကို ခေါင်းမြီးခြုံလိုက်ပြီး တစ်ဖက်သို့ လှည့်အိပ်လိုက်၏။
"ဘယ်သူမှ ဆူညံမနေကြနဲ့တော့၊ ငါကိုယ်တော် အိပ်ရေးဝအောင် အိပ်ဦးမယ်.... မိစ္ဆာနယ်မြေ ရောက်မှပဲ ငါ့ကို နှိုးကြ"
ပျံသန်းရေးသင်္ဘောကြီးသည် တိမ်တိုက်များကို ဖြိုခွင်းလျက် မိစ္ဆာများ ပြည့်နှက်နေပြီး အန္တရာယ်များ ဝန်းရံနေသည့် ထိုအမည်မသိ နယ်မြေဆီသို့ ခမ်းနားထည်ဝါစွာ ပျံသန်းသွားလေတော့သည်။