အခန်း ၂၆၄
Vol. 27 Ch. 264
အခန်း (၂၆၄) - လူသစ်ရွာလေးမှ ကြိုဆိုပါတယ်
ပျံသန်းရေးသင်္ဘောကြီးသည် တိမ်ပင်လယ်အထက်တွင် ဖြတ်သန်းပျံသန်းနေပြီး၊ မြေပြန့်ပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ငြိမ်သက်စွာ ရွေ့လျားနေသည်။
စူးဝမ်ချင်းသည် ဆေးတောင်ကြား၏ ပညာရပ်များကို အသုံးချကာ ခွဲခြမ်းစိတ်ဖြာလျက် ကပ်ရောဂါအဆိပ်၏ မူလသဘာဝကို ရှာဖွေရန် အသည်းအသန် ကြိုးစားနေသည်။
ယဲ့လင်ရွှမ်းသည် ကုန်းပတ်ပေါ်တွင် ရပ်နေပြီး၊ သူမ၏ လက်သည် ခါးရှိ ဓားလက်ကိုင်မှ တစ်ခဏမျှပင် ခွာမသွားဘဲ၊ သိမ်းငှက်တစ်ကောင်ပမာ စူးရှသော အကြည့်များဖြင့် သတိကြီးစွာ အကဲခတ်နေသည်။
ရွေးချယ်ခံရသော 'တော်ဝင် ဆောက်လုပ်ရေး ကြီးကြပ်ရေးအဖွဲ့' မှ သက်တော်စောင့်များကမူ အောက်ဘက်ရှိ တောင်တန်းများနှင့် မြစ်ချောင်းများကို စိတ်လှုပ်ရှားစွာ လက်ညှိုးထိုးပြနေကြပြီး၊ အနာဂတ်တွင် မိစ္ဆာနယ်မြေ၌ တော်ဝင် ကျန်းမာရေး စောင့်ရှောက်မှု စင်တာကြီး တည်ဆောက်တော့မည့် ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများကို စိတ်ကူးယဉ်နေကြသည်။
ပျံသန်းရေးသင်္ဘော တစ်စီးလုံးတွင် ဤကဲ့သို့သော စိုးရိမ်တကြီးပူပန်မှု သို့မဟုတ် မျှော်လင့်တကြီး ဖြစ်နေသော လေထုနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသူမှာ သူတို့၏ အဓိကပုဂ္ဂိုလ်ကြီး ရှောင်ရှန်းပင် ဖြစ်သည်။
သူသည် ထိုကျောက်စိမ်းပြားအစုတ်ကို သိုလှောင်လက်ကောက်၏ အနက်ရှိုင်းဆုံးနေရာသို့ ထိုးထည့်ထားလိုက်သည်မှာ ကြာပြီဖြစ်သည်။ ယခုအခါ မျက်စိရှေ့တွင် မမြင်ရတော့သဖြင့် စိတ်အနှောင့်အယှက် မဖြစ်ရတော့ပေ။
သူသည် အစ်မတော်မှ ပေးထားသော တိမ်ပိုးချည် စောင်ပါးလေးကို ခြုံလျက် ကုန်းပတ်အလယ်ရှိ နူးညံ့သော ကုတင်ပေါ်တွင် ဘေးတစောင်းလှဲကာ အိပ်မောကျနေ၏။
သူ၏နှုတ်ခမ်းထောင့်တွင် သရေများကျလာတတ်ပြီး တစ်ခါတစ်ရံ ပါးစပ်မှ ကျေနပ်အားရသော ယောင်ယမ်းသံလေးများ ထွက်ပေါ်လာရာ ၊ အိပ်မက်ထဲတွင် ရှားပါးအစားအစာများကို စားသောက်နေဟန်ရသည်။
အချိန်မည်မျှ ကြာသွားသည်ကို မသိလိုက်ပေ။ ပျံသန်းရေးသင်္ဘောကြီးက မမြင်ရသော နံရံကြီးတစ်ခုကို အရှိန်ပြင်းစွာ ဝင်တိုက်မိသကဲ့သို့ ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။
"ငါတို့ ရောက်ပြီ"
ယဲ့လင်ရွှမ်း၏ အသံက အားလုံး၏ အာရုံကို ပြန်လည်ဆွဲယူလိုက်သည်။
လူတိုင်း အရှေ့ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ အရှေ့ဘက်ရှိ ကောင်းကင်နှင့် မြေကြီးသည် ဧရာမ ပုဆိန်ကြီးတစ်လက်ဖြင့် အကြမ်းပတမ်း ခွဲခြမ်းခံလိုက်ရသကဲ့သို့ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။
ဤဘက်ခြမ်းတွင် စိမ်းလန်းသော တောင်တန်း၊ ကြည်လင်သော ရေပြင်နှင့် နေသာသော ကောင်းကင်ကြီး ရှိနေဆဲဖြစ်သော်လည်း၊ ထိုပွင့်လင်းမြင်သာသော အတားအဆီးနောက်ကွယ်တွင်မူ လုံးဝ ခြားနားလှသော၊ ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခုသာ ရှိနေခဲ့သည်။
ကောင်းကင်ကြီးမှာ မီးခိုးရောင်သန်းလျက် ၊ မြေပြင်တွင် ထူးဆန်းသော သံချေးရောင်များ ပေါက်နေကာ လေထုပင်လျှင် ပုံပျက်နေပုံရပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော လှိုင်းဂယက်များအဖြစ် ရစ်ဝဲနေသည်။
မြေပြင်ပေါ်တွင် ပေါက်ရောက်နေသော အပင်များ၏ ပုံသဏ္ဍာန်မှာ ထူးဆန်းနေကြပြီး ၊ နိမိတ်မကောင်းသော အလင်းရောင်များ ဖြာထွက်နေကာ ပန်းပွင့်ကြီးများမှာလည်း အရုပ်ဆိုးစွာဖြင့် ပွင့်လန်းနေကြသည်။
သွေးညှီနံ့၊ ပုပ်သိုးနံ့နှင့် ရိုင်းစိုင်းကြမ်းတမ်းသော အငွေ့အသက်များ ရောနှောနေသည့် မိစ္ဆာစွမ်းအင်တစ်ခုက ပျံသန်းရေးသင်္ဘော၏ ကာကွယ်ရေးအစီအရင်ကို ဖြတ်ကျော်ကာ ဝင်ရောက်လာသည်။
ထိုအငွေ့အသက်ကြောင့် သက်တော်စောင့်အချို့မှာ ရင်ဘတ်များ အောင့်တက်လာပြီး ခေါင်းများ မူးဝေလာကြသည်။
"ဒါက... မိစ္ဆာနယ်မြေလား"
သက်တော်စောင့်တစ်ဦးက မျက်နှာ ဖြူဖျော့သွားပြီး ခက်ခဲစွာ တံတွေးမျိုချလိုက်သည်။
စူးဝမ်ချင်းသည် ငွေအပ်ကို ထုတ်ယူကာ သူမ၏ လက်ချောင်းထိပ်ကို ဖြည်းညင်းစွာ ဖောက်လိုက်သည်။ ချက်ချင်းပင် ထွက်လာသော သွေးမည်းများကို ငေးကြည့်ရင်း သူမ၏ အသံမှာ လေးနက်သွားသည်။
"ဒီနေရာက မြူခိုးတွေက အဆိပ်ပြင်းတယ်...ဝိညာဉ်စွမ်းအားကိုလည်း တိုက်ရိုက် စားသုံးဖျက်ဆီးနိုင်တယ်...ပျံသန်းရေးသင်္ဘောရဲ့ ကာကွယ်ရေးအစီအရင်က ဒီဒဏ်ကို သိပ်ကြာကြာ ခံနိုင်မှာ မဟုတ်ဘူး"
သူမ၏စကားကို သက်သေပြလိုက်သည့်အလား၊ ပျံသန်းရေးသင်္ဘောသည် ထိုအတားအဆီးကို ဖြတ်သန်းသွားသည်နှင့် တစ်ပြိုင်နက် ၊ သင်္ဘောကိုယ်ထည်မှ ဝန်ပိနေသော ညည်းညူသံကြီးများ ထွက်ပေါ်လာခဲ့သည်။ သင်္ဘောမျက်နှာပြင်ရှိ ဝိညာဉ်အလင်းရောင် အကာအကွယ်မှာလည်း ကျောက်ခဲပစ်ချခံလိုက်ရသည့် ရေပြင်ကဲ့သို့ ပြင်းထန်စွာ တုန်ခါနေ၏။
'ကျွီ——'
နားစည်ကွဲမတတ် စူးရှသော အော်သံများစွာက မီးခိုးရောင် တိမ်လွှာများကြားမှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
လူတိုင်း မော့ကြည့်လိုက်ရာ ဆယ်မီတာကျော် ရှည်လျားသော တောင်ပံကို ဖြန့်လျက်၊ သတ္တုရောင်လက်နေသည့် အမွေးအတောင်များနှင့် သံမဏိချိတ်ကဲ့သို့ ထက်မြက်သော ခြေသည်းများရှိသည့် ဧရာမ သိမ်းငှက်ကြီးတစ်အုပ်က အရပ်မျက်နှာအသီးသီးမှ ထိုးဆင်းလာသည်ကို မြင်လိုက်ရသည်။
"သံမဏိအမွေး သိမ်းငှက်မိစ္ဆာတွေပဲ...အဆင့်တစ် မိစ္ဆာသားရဲတွေ၊ သတိထားကြ"
ယဲ့လင်ရွှမ်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဓားကို အသင့်ပြင်ဆင်လိုက်သည်။
သို့သော်လည်း ဤမိစ္ဆာသားရဲများ၏ အရေအတွက်မှာ များလွန်းသည်။
၎င်းတို့သည် သေရမည်ကို မကြောက်ရွံ့ဘဲ ပျံသန်းရေးသင်္ဘောကို အရှိန်ပြင်းစွာ ဝင်တိုက်ကြရာ ၊ တစ်ခါဝင်တိုက်တိုင်း သင်္ဘောတစ်စီးလုံး ပြင်းထန်စွာ လှုပ်ခါသွားသည်။
"ဝုန်း"
ကြီးမားသော ပေါက်ကွဲသံကြီးနှင့်အတူ ပျံသန်းရေးသင်္ဘော၏ အကာအကွယ်သည် သံမဏိအမွေး သိမ်းငှက်မိစ္ဆာတစ်ကောင်၏ အသေခံဝင်တိုက်မှုကြောင့် ဝုန်းခနဲ ပျက်စီးသွားပြီး ကောင်းကင်ယံတွင် အလင်းစက်လေးများအဖြစ် ပြန့်ကျဲသွားသည်။
အကာအကွယ် ကင်းမဲ့သွားသည်နှင့် ၊ တန်ဖိုးကြီး ဝိညာဉ်သစ်သား သင်္ဘောကိုယ်ထည်ပေါ်တွင် ချက်ချင်းပင် ကြီးမားသော အက်ကြောင်းများ ဖြစ်ပေါ်လာ၏။ အမည်းရောင် မီးခိုးများက သင်္ဘောခန်းအတွင်းမှ အလိပ်လိုက် ထွက်ပေါ်လာပြီး ၊ ပျံသန်းရေးသင်္ဘော တစ်စီးလုံး ဟန်ချက်ပျက်ကာ အောက်ဘက်ရှိ အစိမ်းရင့်ရောင် ရွှံ့နွံတောဆီသို့ ဝက်အူရစ်ပုံစံဖြင့် စတင်ပြုတ်ကျလေတော့သည်။
"အရှင့်သားကို ကာကွယ်ကြ"
သက်တော်စောင့်များက အော်ဟစ်လိုက်ပြီး ရှောင်ရှန်း၏ ကုတင်ကို တည်ငြိမ်စေရန် ကမန်းကတမ်း ဝိုင်းဝန်း ကြိုးစားကြသည်။
ယဲ့လင်ရွှမ်းနှင့် စူးဝမ်ချင်းတို့၏ မျက်နှာများမှာလည်း သိသိသာသာ ပြောင်းလဲသွားသည်။ ယဲ့လင်ရွှမ်းက ဓားဖြင့် ဟန့်တားလျက်၊ စူးဝမ်ချင်းကလည်း ဆေးမှုန့်များ ကြဲချရင်း မိစ္ဆာသားရဲများ၏ တိုက်ခိုက်မှုကို နှောင့်နှေးစေရန် ကြိုးစားနေခဲ့သည်။
သို့သော်လည်း အသေခံတိုက်ခိုက်မှုများအောက်တွင် သူတို့၏ ကြိုးစားအားထုတ်မှုများမှာ မလုံလောက်ခဲ့ပေ။
ပြင်းထန်သော လှုပ်ခါမှုနှင့် နားစည်ကွဲမတတ် ဆူညံသံများက နောက်ဆုံးတွင် အိပ်မောကျနေသော လူတစ်ယောက်ကို အပြီးတိုင် လှုပ်နှိုးခဲ့သည်။
ရှောင်ရှန်းတစ်ယောက် ရုတ်တရက် ထထိုင်လိုက်ရာ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး မျက်လုံးများမှာလည်း အိပ်ချင်မူးတူး ဖြစ်နေ၏။ သူသည် ပထမဆုံး ဟိုဘက်ဒီဘက် ယိမ်းယိုင်နေသော လူများကို တွေဝေစွာ ကြည့်လိုက်ပြီးနောက်၊ ကျိုးပဲ့နေသော ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို ငေးကြည့်လိုက်သည်။
အပြင်တွင် ဝဲပျံကာ စူးရှစွာ အော်ဟစ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော မျက်နှာရှိသည့် သံမဏိအမွေး သိမ်းငှက်မိစ္ဆာများကို သူ မြင်လိုက်ရသည်။
အိပ်မက်လှလှ မက်နေစဉ် အကြမ်းပတမ်း ဆွဲထုတ်ခံလိုက်ရပါက ၊ မည်သူမဆို စိတ်ကြည်လင်နိုင်မည် မဟုတ်ပေ။
ရှောင်ရှန်းတစ်ယောက် ဒေါသမီးလျှံများ ပေါက်ကွဲလျက် ၊ အနီးနားက သင်္ဘောပျဉ်ပြားကို နှုတ်သီးဖြင့် ထိုးဆိတ်နေသော သိမ်းငှက်မိစ္ဆာတစ်ကောင်ကို ကြည့်ကာ လည်ချောင်းကွဲမတတ် အော်ဟစ်လိုက်သည်။
"မနက်စောစောစီးစီး ဘာတွေလာဆူနေတာလဲ.... လူကို အိပ်ခွင့်မပေးတော့ဘူးလား"
သူ၏ အော်ဟစ်သံသည် ဒေါသထွက်၍ အော်ဟစ်လိုက်ခြင်းသာ ဖြစ်ပြီး၊ မည်သည့် ဝိညာဉ်စွမ်းအားကိုမှ အသုံးမပြုထားပေ။ ထို့ကြောင့် လေတိုက်သံများနှင့် မိစ္ဆာသားရဲများ၏ ဆူညံအော်ဟစ်သံများကြားတွင် လုံးဝ သတိထားမိစရာ အကြောင်းမရှိပေ။
သို့သော်လည်း သူ့ အသံထွက်လာသည့် ထိုအခိုက်အတန့်မှာပင် ထူးဆန်းသော မြင်ကွင်းတစ်ခု ရုတ်တရက် ပေါ်ပေါက်လာတော့သည်။
မူလက အလွန်တရာ ရက်စက်ကြမ်းကြုတ်ပြီး သေရမည်ကိုပင် မကြောက်ရွံ့သော ထိုသံမဏိအမွေး သိမ်းငှက်မိစ္ဆာအုပ်ကြီးသည် မမြင်ရသော ကောင်းကင်မိုးကြိုးတစ်စင်း ခေါင်းတည့်တည့်သို့ ပစ်ချခံလိုက်ရသည့်အလား လှုပ်ရှားမှုအားလုံး ချက်ချင်းလက်ငင်း ရပ်တန့်သွားကြသည်။
၎င်းတို့၏ မျက်လုံးများထဲရှိ သွေးဆာနေသော ရူးသွပ်မှုများ အားလုံး လွင့်စင်သွားပြီး၊ နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ မြစ်ဖျားခံလာသော အကြောက်တရားတို့ဖြင့် အစားထိုးခံလိုက်ရ၏။
အောက်တန်းစား လက်အောက်ခံများအဖြစ် သူတို့သည် အမြင့်မြတ်ဆုံးသော ဘုရင်မင်းမြတ်၏ ပြစ်တင်ကြိမ်းမောင်းသံကို ကြားလိုက်ရသကဲ့သို့ပင်။
၎င်းမှာ လူသားဧကရာဇ်၏ အသွေးအသားထဲတွင် ကိန်းဝပ်နေတတ်သည့်၊ သက်ရှိအားလုံးကို အုပ်စိုးနိုင်သော အမြင့်မြတ်ဆုံးသော ဖိအားတစ်ခုပင် ဖြစ်သည်။ ရှောင်ရှန်း၏ မသိစိတ်မှ အနည်းငယ် ယိုစိမ့်ထွက်လာခြင်းမျှသာ ဖြစ်သော်လည်း၊ ဉာဏ်အလင်းမရရှိသေးသော ဤမိစ္ဆာသားရဲများအတွက်မူ နတ်ဘုရား၏ ပြစ်ဒဏ် ကျရောက်လာသည်နှင့် မခြားနားပေ။
"ကျွီ……"
ခေါင်းဆောင်ဖြစ်သော သိမ်းငှက်မိစ္ဆာက ငိုသံပါပါ ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေသော ထူးဆန်းသည့် အသံတစ်ခုကို ပြုလုပ်လိုက်သည်။ ထို့နောက် တောင်ပံတစ်ချက် ခတ်ကာ နောက်ကြောင်းလှည့် ထွက်ပြေးလေတော့သည်။
ခေါင်းဆောင် ထွက်ပြေးသွားသည်နှင့် ကျန်ရှိနေသော သိမ်းငှက်မိစ္ဆာများမှာလည်း ချက်ချင်းပင် အရပ်မျက်နှာ အသီးသီးသို့ ထွက်ပြေးကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်ကြီးကို ဖုံးလွှမ်းထားသော အန္တရာယ်များ ရုတ်ချည်းကင်းစင်သွားပြီးနောက် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားသည်။ မီးခိုးလုံးများ ဝေနေကာ ပျက်စီးတော့မည့် ပျံသန်းရေး သင်္ဘောတစ်စင်းသာ ကျန်ရစ်တော့သည်။
သင်္ဘောပေါ်ရှိ လူတိုင်း အံ့အားသင့်ကာ မှင်သက်နေမိသည်။
"အရှင်... အရှင့်သားက... အရှင့်သားက..."
သက်တော်စောင့်တစ်ဦးမှာ စကားပင် ကောင်းကောင်း မပြောနိုင်ဘဲ ထစ်ငေါ့နေသည်။
သို့သော် ရှောင်ရှန်းသည် သူတို့ကို လုံးဝ အရေးမစိုက်ပေ။
သူသည် ထိုသို့အော်ဟစ်ပြီးနောက် တစ်ချက် သမ်းဝေလိုက်ပြီး နူးညံ့သော ကုတင်ပေါ်သို့ ပြန်လှဲချသည်။ ထို့နောက် စောင်ကို ခေါင်းမြီးခြုံလိုက်ပြီး အိပ်ချင်မူးတူးဖြင့် တိုးတိုးလေး ညည်းတွားလိုက်၏။
"တော်သေးတာပေါ့၊ တိတ်ဆိတ်သွားလို့... အခုမှပဲ သေချာပြန်အိပ်လို့ ရတော့မယ်"
လူတိုင်း မည်သည့်စကားမှ မဆိုနိုင်တော့ဘဲ ငေးမောနေမိကြသည်။
ဒိုင်း—!
နောက်ဆုံးတွင် ပျံသန်းရေးသင်္ဘောမှာ ပျက်ကျမည့်ကံကို မလွန်ဆန်နိုင်တော့ဘဲ အောက်ခြေရှိ ရွှံ့နွံတောထဲသို့ ပြင်းထန်စွာ ထိုးစိုက်ကျသွားသည်။ ခဏအကြာတွင်မူ အရာအားလုံး ပြန်လည် ငြိမ်သက်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ထိုရွှံ့နွံတောမှာ အလွန်ပျော့အိနေသဖြင့် ထူထဲသောရွှံ့နွံများက မွေ့ရာသဖွယ် အကာအကွယ်ပေးထားလေ၏။ ပျံသန်းရေးသင်္ဘောမှာ ပျက်စီးသွားခဲ့သော်လည်း လူတိုင်း ခေါင်းမူးရီဝေ ဖြစ်ရုံမှတစ်ပါး ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြပေ။
"အရှင့်သားရဲ့ တွက်ချက်မှုက တကယ်ကို အံ့မခန်းပါပဲ"
ရွှံ့တလူလူနှင့် သင်္ဘောအပျက်အစီးကြားမှ တွားသွားထွက်လာသော သက်တော်စောင့်တစ်ဦးက ရွှံ့များဖြင့် ပေကျံနေသော ရှောင်ရှန်းကို ကြည့်လျက် လေးစားအားကျမှုအပြည့်ဖြင့် ဆိုလေသည်။
" ဒီလိုပျော့အိတဲ့ နေရာကိုရွေးပြီး အရေးပေါ်ဆင်းသက်တာမျိုးက ဘယ်သူမှ မလုပ်နိုင်တဲ့ အရာပဲ... ဒီရွှံ့နွံတောက ငါတို့အတွက်ပဲ သီးသန့်ရှိနေသလိုပဲ"
"ဟုတ်တယ်လေ... အရှင့်သားက သင်္ဘောပျက်မယ်ဆိုတာ ကြိုသိနေလို့ ဒီနေရာကို တမင်ခေါ်လာတာပဲ....သိမ်းငှက်မိစ္ဆာတွေကိုလည်း ဖယ်ရှားနိုင်သလို လုံလုံခြုံခြုံလည်း ဆင်းသက်နိုင်ခဲ့တယ်.... ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်လိုက်တာပဲ"
လက်အောက်ငယ်သားများ၏ စိတ်ရင်းအမှန်ဖြင့် ချီးကျူးမြှောက်ပင့်စကားများကို နားထောင်ရင်း ၊ ရှောင်ရှန်းတစ်ယောက် မျက်နှာပေါ်မှ ရွှံ့များကိုသာ ငြီးငွေ့စွာ ဖယ်ရှားလိုက်သည်။
သူ၏ စိတ်ထဲတွင် ပင်ပန်းနွမ်းနယ်နေရုံမှတစ်ပါး အခြားအတွေးမရှိပေ။ ဤအရာအားလုံးမှာ တိုက်ဆိုင်ခြင်းသက်သက် ဖြစ်ကြောင်း သူ အသိဆုံးဖြစ်သည်။
ထိုအချိန်မှာပင် ယဲ့လင်ရွှမ်း၏ မျက်လုံးများက ရုတ်တရက် စူးရှသွားပြီး အော်ဟစ်လိုက်သည်။
"ဘယ်သူလဲ"
လူတိုင်း သူမ၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်ကြသည်။ မလှမ်းမကမ်းရှိ သင်္ဘောအပျက်အစီးဘေးတွင် ခြောက်သွေ့နေသော မြက်ပင်၊ နွယ်ပင်များ ရစ်ပတ်ထားသည့် စာခြောက်ရုပ်နှင့် တူသော ပိန်ပါးပါး ပုံရိပ်ငယ်လေးတစ်ခုကို တွေ့လိုက်ရသည်။
ထိုသူမှာ လက်ထဲတွင် ကျောက်ခဲတစ်လုံး ကိုင်ထားပြီး သင်္ဘောကိုယ်ထည်ပေါ်မှ ဝိညာဉ်အလင်းရောင်တောက်နေသော သတ္တုအစိတ်အပိုင်းလေး တစ်ခုကို ခိုးကြောင်ခိုးဝှက် ကလော်ထုတ်နေခြင်းသာ ဖြစ်သည်။
ယဲ့လင်ရွှမ်း၏ အော်သံကြောင့် ထို "စာခြောက်ရုပ်" မှာ တစ်ကိုယ်လုံး တုန်တက်သွားပြီး လက်ထဲမှ သတ္တုပြားလေးမှာ "ဒေါင်" ခနဲ မြေကြီးပေါ်သို့ ပြုတ်ကျသွား၏။ သူသည် ထိတ်လန့်တကြားဖြင့် ခေါင်းမော့ကြည့်လာသည်။
သူ၏ မျက်နှာသေးသေးလေးမှာ စိမ်းပြာရောင်သန်းနေပြီး မြက်ရွက်ပုံစံ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသည်။ သူ၏ မျက်လုံးဝိုင်းဝိုင်းလေးက ဂနာမငြိမ် ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှုနေသည်။
မိမိကို တွေ့သွားမှန်း သိလိုက်သည်နှင့် ထူးဆန်းသော အသံတစ်ခုဖြင့် အော်ဟစ်ကာ ရွှံ့နွံတော အနက်ပိုင်းသို့ လှည့်ပြေးရန် ကြိုးစားလေသည်။ သို့သော် ယဲ့လင်ရွှမ်းက သူ့ကို အလွတ်မပေးချေ။
သူမ၏ ပုံရိပ်မှာ လျှပ်တစ်ပြက် ဝင်းလက်သွားပြီး သူ၏ ရှေ့ကို ပိတ်ဆို့လိုက်ကာ ဓားသွားဖြင့် ချိန်ရွယ်လိုက်၏။ ထို "စာခြောက်ရုပ်" လေးမှာ ကြောက်လန့်တကြားဖြင့် ခြေထောက်များ ခွေကျသွားပြီး ရွှံ့ထဲတွင် ထိုင်လျက်သား ဖြစ်သွားသည်။
သူသည် လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ကာ နားမလည်နိုင်သော မိစ္ဆာဘာသာစကားဖြင့် အော်ဟစ်လေ၏။
"မ... မသတ်ပါနဲ့၊ ကျွန်... ကျွန်တော်က ဆားလေး နည်းနည်းလောက်... လဲချင်လို့ပါ..."
စူးဝမ်ချင်းမှာ ရိုးရှင်းသော မိစ္ဆာဘာသာစကားအချို့ကို နားလည်သဖြင့် ရှောင်ရှန်း ကြားနိုင်ရန် ချက်ချင်း ဘာသာပြန်ပေးလိုက်သည်။
"ဆား... ဟုတ်လား"
ရှောင်ရှန်း အံ့အားသင့်သွားသည်။
လေတိုက်လျှင်ပင် လဲကျတော့မလို အားနည်းနေပြီး သစ်ရွက်ခြောက်လေးလို တစ်ကိုယ်လုံး တုန်ယင်နေသော ထိုမိစ္ဆာလေးကို သူ ကြည့်လိုက်သည်။
အကြောက်တရားနှင့် တောင့်တမှုများ ရောယှက်နေသော ထိုမိစ္ဆာလေး၏ မျက်လုံးများကို မြင်လိုက်ရချိန်တွင် ရှောင်ရှန်း တစ်ခုခုကို သတိရသွားသည်။ သူသည် စိတ်အာရုံကို စုစည်းလိုက်ပြီး ရှောင်နီချန်း ပေးထားသည့် သိုလှောင်လက်ကောက်ထဲမှ အထုပ်ကြီးတစ်ထုပ်ကို ချက်ချင်း ထုတ်ယူလိုက်သည်။
၎င်းမှာ မင်းသမီးကြီးအိမ်တော်၏ မီးဖိုချောင်တွင် အသုံးပြုလေ့ရှိသည့်၊ ကိုးကြိမ်တိုင်တိုင် သန့်စင်ထားသော နှင်းပွင့်ကဲ့သို့ ဖြူဖွေးသည့် အကောင်းစား နှင်းပွင့်ဆားများပင် ဖြစ်သည်။ အလေးချိန်အားဖြင့် ၂.၅ ကီလိုဂရမ် တိတိ ရှိသော ထိုဆားအထုပ်ကြီးကို မြေပြင်ပေါ်သို့ ချပေးလိုက်သည်။
"ဒီလောက်ဆို လောက်လား"
ရှောင်ရှန်းက ဆားထုပ်ကို ပစ်ပေးလိုက်သည်။
မြက်ပင်မိစ္ဆာလေးမှာ တွန့်ဆုတ်မနေတော့ဘဲ ဆားထုပ်ကို အမြန် လှမ်းဖမ်းလိုက်သည်။ အိတ်ထဲရှိ ဖြူဖွေးနူးညံ့သော ဆားခဲများကို မြင်လိုက်ရသည်နှင့် ၊ သူ၏မျက်လုံးများမှာ ကြေးခေါင်းလောင်းနှစ်လုံးကဲ့သို့ ပြူးကျယ်သွားပြီး ပါးစပ်မှာလည်း ကြက်ဥတစ်လုံးစာမျှ ဟသွားကာ နှုတ်ခမ်းထောင့်မှ သရေများပင် ယိုကျလာလေ၏။
မိစ္ဆာနယ်မြေတွင်၊ အထူးသဖြင့် ဤကဲ့သို့ ခေါင်းပါးသော ရွှံ့နွံတောဒေသတွင် ဆားဆိုသည်မှာ ရွှေထက်ပင် တန်ဖိုးကြီးမားပြီး အသုံးဝင်သော ငွေကြေးတစ်ခုဖြစ်သည်။
"လောက်တယ်... အရမ်းလောက်တယ်... တကယ်ကို လောက်တယ်"
မြက်ပင်မိစ္ဆာလေးမှာ စိတ်လှုပ်ရှားလွန်း၍ စကားလုံးများပင် အစီအစဉ် မကျတော့ပေ။ သူသည် ဆားထုပ်ကို ရင်ခွင်ထဲသို့ တင်းကျပ်စွာ ပွေ့ဖက်ထားရင်း ရှောင်ရှန်းကို ခေါင်းတညိတ်ညိတ်နှင့် ကျေးဇူးတင်ပြနေသည်။
ရှောင်ရှန်းက အပိုစကားမပြောတော့ဘဲ တိုက်ရိုက်ပင် အပေးအယူလုပ်လိုက်သည်။
"ငါတို့ကို နားခိုလို့ရပြီး လုံခြုံတဲ့နေရာတစ်ခုကို ခေါ်သွားပေး.. အဲဒီနေရာရောက်ရင် ဒီဆားတွေအကုန် မင်းအပိုင်ပဲ"
ထိုစကားကို ကြားသည်နှင့် မြက်ပင်မိစ္ဆာလေး၏ ခေါင်းညိတ်မှုမှာ ပိုမို မြန်ဆန်လာခဲ့သည်။ သူသည် ဆားထုပ်ကို တင်းကျပ်စွာ ပွေ့ဖက်လျက် မြေပြင်မှ သွက်လက်စွာ ထရပ်လိုက်ပြီး ကပ်ဖားသော မျက်နှာအမူအရာလေးဖြင့် ရွှံ့နွံတောအနက်ပိုင်းမှ နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
"လူကြီးမင်းတို့... ကျွန်တော့်နောက်ကိုသာ လိုက်ခဲ့ကြ...ကျွန်တော်သိတဲ့ နေရာက တကယ်လုံခြုံတယ်... အဲဒီဘက်မှာ ကျွန်တော်တို့ မြက်ပင်မိစ္ဆာ မျိုးနွယ်စုရဲ့ ရွာလေးရှိတယ်...အဲဒီမှာ သံမဏိအမွေး သိမ်းငှက်တွေလည်း မရှိဘူး၊ အဆိပ်ရွှံ့မိကျောင်းတွေလည်း မလာဘူး... နားခိုဖို့အတွက် အကောင်းဆုံး... အကောင်းဆုံးပဲ"
ရှေ့မှ ဆားထုပ်ကို တင်းကျပ်စွာ ပွေ့ဖက်ပြီး ပျော်ရွှင်စွာဖြင့် ခုန်ပေါက်ကာ လမ်းပြနေသည့် ပုံရိပ်သေးသေးလေးကို ကြည့်ရင်း ရှောင်ရှန်းတစ်ယောက် စိတ်ကျေနပ်သွားသည်။ သူ၏ "မိစ္ဆာနယ်မြေ စီးပွားရေး လေ့လာရေးခရီးစဉ်" မှာ အတော်လေး ကောင်းမွန်သော အစပျိုးမှုတစ်ခုကို ရရှိသွားလေပြီ။ အနည်းဆုံးတော့ သူသည် အရေးကြီးသော လမ်းပြတစ်ယောက်ကို ရှာတွေ့နိုင်ခဲ့သည်။