← Chapters

အခန်း ၂၆၅

Vol. 27 Ch. 265

အခန်း ၂၆၅

Vol. 27 Ch. 265

အခန်း (၂၆၅) ပထမဆုံးသော ကုန်ထုတ်စွမ်းအား ဖြစ်လာသည့် ဆား

​"ရှောင်ချောင်" ဟု အမည်ရသည့် မြက်ပင်မိစ္ဆာလေး၏ လမ်းပြမှုအောက်တွင် ရှောင်ရှန်းနှင့်အဖွဲ့မှာ ရွှံ့နွံတော၏ လျှို့ဝှက်သော လမ်းကြောင်းများအတိုင်း ဖြတ်သန်းသွားလာနေကြသည်။

ထိုမိစ္ဆာလေးမှာ နယ်မြေကို ကျွမ်းကျင်ပိုင်နိုင်လွန်းသည်။ အပေါ်ယံကြည့်လျှင် ညီညာနေသော်လည်း အသက်အန္တရာယ်ရှိသော သဲရွှံ့များနှင့် အဆိပ်ရေအိုင်များကို သူသည် အမှားအယွင်းမရှိ အမြဲတမ်း တိကျစွာ ရှောင်ကွင်းသွားနိုင်ခဲ့သည်။

​ညှီစို့စို့ အနံ့ဆိုးများ ထွက်ပေါ်နေသည့် အစိမ်းရင့်ရောင် ရေပြင်တစ်ခုကို ကွေ့ပတ်လိုက်ပြီးနောက်တွင်မူ ရှေ့တည့်တည့်မှ မြင်ကွင်းမှာ ရုတ်ခြည်း ရှင်းလင်းကျယ်ပြန့်သွားသည်။

​ရွှံ့နွံတော၏ အလယ်ဗဟိုတွင် ကျွန်းတစ်ကျွန်းပမာ ထင်ရှားနေသော ဧရာမ အမည်းရောင် ကျောက်ဆောင်နယ်မြေကြီးတစ်ခု ရှိနေသည်။ ကြီးမားသော ကျောက်တုံးမည်းကြီးများကို ဖြစ်သလို စုပုံထားပြီး ရိုးရှင်းသော ခြံစည်းရိုးများ၊ ယိုင်နဲ့နဲ့ အဆောက်အအုံငယ်ကလေးများဖြင့် တည်ဆောက်ထားသည်။ ထိုနေရာမှာ မိစ္ဆာနယ်မြေ၏ အချက်အချာ ကုန်သွယ်ရေးစခန်းတစ်ခုပင် ဖြစ်သည်။

ကုန်သွယ်ရေးစခန်းအတွင်း၌ ပုံသဏ္ဍာန်အမျိုးမျိုး ရှိသော မိစ္ဆာများ အပြည့်ရှိနေသည်။ တစ်ကိုယ်လုံး အကြေးခွံများဖြင့် ဖုံးလွှမ်းနေသော မိစ္ဆာများ ၊ ရှည်လျားသော ကင်းမြီးကောက်အမြီးများဖြင့် နတ်‌ဆိုးများ စသဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်နေသည်။

လေထုထဲတွင် မိစ္ဆာတို့၏ အငွေ့အသက်၊ သွေးညှီနံ့များနှင့် သတ္တုရိုင်းတို့၏ ကန့်နံ့များ စုပြုံရောနှောလျက် ရှိနေ၏။ ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံပွက်လောရိုက်နေပြီး သူတို့၏ အကြည့်တိုင်းတွင် သတိထားမှုနှင့် စူးစမ်းအကဲခတ်မှုများ ပြည့်နှက်နေသည်။

​"လူကြီးမင်း... ဒီနေရာ...ကျောက်မည်း ကုန်သွယ်ရေးစခန်း' ပဲ"

ရှောင်ချောင်က ဆားအိတ်ကို ရင်ခွင်ထဲ၌ တင်းကျပ်စွာ ပွေ့ဖက်လျက် အသံကို နှိမ့်ကာ ရှောင်ရှန်း၏ နောက်သို့ ကပ်ပုန်းလိုက်သည်။

"ဒီမှာက... မိစ္ဆာမျိုးစုံ ရှိတာ ..ခင်ဗျားတို့ အထူးသတိထားကြနော်"

​သူတို့အဖွဲ့ ရောက်ရှိလာခြင်းသည် ပွက်ပွက်ဆူနေသော ဆီအိုးထဲသို့ ရေတစ်စက် ကျသွားသည့်အလား အုံကြွသွားစေသည်။ လူသားတို့၏ ထူးခြားသော အငွေ့အသက်များ၊ သပ်ရပ်သည့် အဝတ်အစားများ၊ အထူးသဖြင့် စူးဝမ်ချင်းနှင့် ယဲ့လင်ရွှမ်းတို့၏ ထိုနေရာနှင့် မအပ်စပ်သော အလှတရားများက မိစ္ဆာအားလုံး၏ အာရုံကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သည်။

ထိုအကြည့်များထဲတွင် စူးစမ်းလိုစိတ်နှင့် အလိုလောဘများသာမက ပိုမိုများပြားသော မလိုမုန်းထားမှုများက ဖုံးကွယ်ခြင်းမရှိဘဲ ထွက်ပေါ်နေသည်။

​"ရပ်လိုက်စမ်း"

ကျယ်လောင်သော အမိန့်သံနှင့်အတူ ၊ မိစ္ဆာမျိုးနွယ် တစ်စုက သူတို့၏ လမ်းကို ပိတ်ဆို့ရပ်လိုက်သည်။

​ခေါင်းဆောင်ဖြစ်သူမှာ အရပ်သုံးမီတာနီးပါး မြင့်မားသော ဝံပုလွေမိစ္ဆာကြီးပင် ဖြစ်သည်။ ကျားကဲ့သို့သော ကျောပြင်၊ ဝက်ဝံကဲ့သို့သော ခါးနှင့် တစ်ကိုယ်လုံးတွင် ကြွက်သားအဖုအထစ်များဖြင့် ပြည့်နှက်နေသည်။

ဘယ်ဘက်မျက်လုံးမှ နှုတ်ခမ်းထောင့်အထိ ရှည်လျားစွာ ဖြတ်သွားသော ကြောက်မက်ဖွယ်ရာ အမာရွတ်ကြီးက သူ၏ မူလကတည်းက ကြမ်းတမ်းသောမျက်နှာကို ပို၍ ရက်စက်ယုတ်မာဟန် အဖြစ် ပေါ်လွင်စေသည်။

​သူ့အနောက်တွင် အလားတူ သန်မာထွားကျိုင်းသည့် ဝံပုလွေမိစ္ဆာ ခုနစ်၊ ရှစ်ကောင်ခန့်က အရိုးနှင့် ကျောက်တုံးများဖြင့် ပြုလုပ်ထားသော လက်နက်များကို ကိုင်ဆောင်ကာ မကောင်းသော အကြံအစည်များဖြင့် ရှောင်ရှန်းတို့ကို ဝိုင်းရံလိုက်ကြသည်။

​ယဲ့လင်ရွှမ်း၏ လက်သည် ဓားလက်ကိုင်ပေါ်သို့ ချက်ချင်း ရောက်ရှိသွားပြီး အတွင်းအားများကို အသက်သွင်းလိုက်သည်။ သူမ၏ မျက်လုံးများက စူးရဲတောက်ပလာကာ ၊ သက်တော်စောင့် စစ်သည်များကလည်း ချက်ချင်းဆိုသလို တိုက်ခိုက်ရေးပုံစံ ဖွဲ့စည်းလိုက်ကြသည်။

ရှောင်ရှန်းနှင့် စူးဝမ်ချင်းတို့ကို အလယ်တွင် ဝိုင်းရံကာကွယ်လိုက်သဖြင့် လေထုမှာ ပို၍ တင်းမာသွားခဲ့သည်။

​သို့သော်လည်း အလယ်ဗဟိုတွင် အကာအကွယ်ပေးခံထားရသော ရှောင်ရှန်းသည် စိတ်အေးလက်အေးပင် လက်ယမ်းပြကာ တိုက်ခိုက်ရန် ပြင်ဆင်နေကြသူများကို တားဆီးလိုက်သည်။

သူသည် တစ်ချက်တည်းနှင့် နွားတစ်ကောင်ကိုပင် သတ်ပစ်နိုင်သည့် ဝံပုလွေမိစ္ဆာအုပ်ကြီးကို အရေးမစိုက်၊ မမြင်သကဲ့သို့ ပြုမူလိုက်သည်။ ထို့နောက် ဝံပုလွေခေါင်းဆောင်ကို တစ်ချက်မျှသာ အကဲခတ်လိုက်ပြီးနောက် သိုလှောင်လက်ကောက်ထဲမှ ဆားအိတ်တစ်အိတ်ကို အေးဆေးစွာ ထုတ်ယူလိုက်သည်။

​မိစ္ဆာအားလုံး၏ သံသယဖြစ်နေသော အကြည့်များကြားတွင် ရှောင်ရှန်းတစ်ယောက် အလျင်စလိုမရှိဘဲ အိတ်ကို အနည်းငယ် ဆွဲဖြဲလိုက်သည်။

သူသည် ရှောင်ချောင်ကဲ့သို့ စိတ်လှုပ်ရှားခြင်းမရှိဘဲ လက်ချောင်းနှစ်ချောင်းဖြင့် နှင်းပွင့်ကဲ့သို့ ဖြူဖွေးသော ဆားခဲလေးအနည်းငယ်ကို ကောက်ယူလိုက်သည်။ ထို့နောက် ပါးစပ်ထဲသို့ ထည့်ကာ ဖြည်းညင်းစွာ အရသာခံပြလိုက်သည်။

​"အင်း... အရသာ မဆိုးဘူး"

​ဤရိုးရှင်းသော လုပ်ရပ်နှင့် ပေါ့ပေါ့ပါးပါး မှတ်ချက်စကားတစ်ခွန်းကြောင့် ကုန်သွယ်ရေးစခန်းတစ်ခုလုံး၏ လေထုမှာ ရုတ်တရက် အေးခဲသွားဟန်ရသည်။

​သန့်စင်သော ဆားနံ့မွှေးမွှေးလေးက လေပြေနှင့်အတူ ပျံ့နှံ့လာ၏။ ၎င်းမှာ သူတို့ ပုံမှန်စားသုံးနေကျဖြစ်သော လျှာကိုပင် ပျက်စီးစေနိုင်သည့် ခါးသက်သက်၊ စပ်ဖျဉ်းဖျဉ်း အဆိပ်ဆားကျောက်များ မဟုတ်ပေ။ ၎င်းမှာ အာရုံခံစားမှု၏ အနက်ရှိုင်းဆုံး တောင့်တမှုကို တိုက်ရိုက်နိုးဆွပေးနိုင်သည့် နူးညံ့ပြီး ပြည့်ဝသော အရသာတစ်မျိုးပင် ဖြစ်သည်။

မိစ္ဆာအားလုံး၏ အကြည့်များက ရှောင်ရှန်း၏ လက်ထဲရှိ အိတ်ငယ်လေးအပေါ်သို့ စုပြုံကျရောက်သွားသည်။ ဆူညံနေသော ပတ်ဝန်းကျင်တွင် တံတွေးမျိုချလိုက်သည့် အသံများပင် ထင်ရှားစွာ ထွက်ပေါ်လာ၏။

အနီးနားရှိ မိစ္ဆာအချို့မှာ နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့ခံလိုက်ကြပြီး သူတို့၏ မျက်လုံးထဲက အလိုလောဘ၏ အရောင်မှာ လက်ဆုပ်လက်ကိုင် ပြနိုင်လောက်သည်အထိ တောက်ပလာကြသည်။

​ထိုဝံပုလွေမိစ္ဆာ ခေါင်းဆောင်၏ မျက်လုံးများမှာ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ သူ၏မျက်နှာပေါ်ရှိ ကြမ်းကြုတ်ရက်စက်သော အမူအရာများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ကပ်ဖားသော အမူအရာများ အစားထိုး ဝင်ရောက်လာလေ၏။

သူသည် ယပ်တောင်ကြီးထက်ပင် ကြီးမားသော လက်ဝါးကြီးများကို ပွတ်သပ်လိုက်ရင်း ရှေ့သို့ ခြေနှစ်လှမ်း တိုးကာ ယဉ်ကျေးသော လေသံလေးဖြင့် မေးလာခဲ့သည်။

​"ဒီက... လူကြီးမင်း... ခင်ဗျား... ခင်ဗျား လက်ထဲက ဟာလေးက... ဘယ်လိုရောင်းတာလဲဟင်"

​ရှောင်ရှန်းက မျက်ခွံကို ပင့်ကာ သူ့ကို ပျင်းရိပျင်းတွဲ တစ်ချက်ကြည့်လိုက်ပြီးအေးစက်စက် ပြန်ဖြေလိုက်သည်။

"မရောင်းဘူး"

​ဝံပုလွေမိစ္ဆာခေါင်းဆောင်၏ မျက်နှာတွင် စိတ်ပျက်မှုနှင့် ရက်စက်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း ၊ ရှောင်ရှန်း၏ နောက်စကားတစ်ခွန်းက သူ၏ အတွေးများကို ချက်ချင်းပင် ရပ်တန့်သွားစေသည်။

​"ဒါက ငါ့သူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့ သီးသန့်ထားတာ"

ရှောင်ရှန်းသည် ဆားအိတ်ကို ပေါ့ပေါ့ပါးပါး မြောက်ပြကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

"ဒီမှာ ဘယ်သူက တာဝန်ခံလဲ...ငါ သူနဲ့ စီးပွားရေးအကြီးကြီး တစ်ခုလုပ်မလို့... လူတိုင်း ဒီလို ဆားဖြူမျိုးကို စားနိုင်မယ့် စီးပွားရေးအကြီးကြီး တစ်ခုကို ဆွေးနွေးချင်တယ်"

​"လူတိုင်း ဆားဖြူကို စားနိုင်မယ် ဟုတ်လား"

​ဤစကားသံမှာ တိတ်ဆိတ်နေသော ရေနက်အိုင်ကြီးထဲသို့ ဧရာမကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သကဲ့သို့ ကုန်သွယ်ရေးစခန်းတစ်ခုလုံးကို အုံကြွသွားစေခဲ့သည်။

မိစ္ဆာအားလုံး၏ ရှောင်ရှန်းကို ကြည့်သည့် အကြည့်များမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပြောင်းလဲသွားကြသည်။ စောစောက သူတို့သည် ရှောင်ရှန်းကို အသားတုံးကြီးတစ်တုံးကဲ့သို့ လောဘတကြီး ကြည့်ရှုခဲ့ကြသော်လည်း၊ ယခုမူ အစားအစာနှင့် ရေကို လက်ဖျစ်တစ်ချက် တီးရုံဖြင့် ဖန်ဆင်းပေးနိုင်မည့် နတ်ဘုရားတစ်ပါးအား ကြည့်နေသကဲ့သို့ ရိုသေလေးစားမှုအပြည့်ဖြင့် ကြည့်ရှုနေလေ၏။

​ဤခေါင်းပါးသော မိစ္ဆာနယ်မြေတွင် ဆားဆိုသည်မှာ အသက်သွေးကြောဖြစ်သည်။ ၎င်းသည် အင်အား၏ မြစ်ဖျားခံရာဖြစ်ပြီး၊ အသားကင်ကို အရသာရှိလာစေသည့် မှော်ပညာတစ်ရပ်သာမက လူမျိုးစုတစ်ခု၏ ချမ်းသာကြွယ်ဝမှုကို တိုင်းတာသည့် အမြင့်ဆုံးစံနှုန်းလည်း ဖြစ်သည်။

သို့သော် လေတိုက်လျှင်ပင် လဲကျတော့မည့်ပုံစံရှိသော ဤလူသားက ဒဏ္ဍာရီထဲက ဇိမ်ခံပစ္စည်းများကို မုန်လာဥများကဲ့သို့ သဘောထားကာ "စီးပွားရေး" ဆွေးနွေးမည်ဟု ပြောနေ၏။

​"ကျွန်တော်...ကျွန်တော်က တာဝန်ခံပါ"

​ဝံပုလွေမိစ္ဆာ ခေါင်းဆောင် လန်ရှောင်မှာ မည်သည့်သြဇာအာဏာ၊ မည်သည့်ဟန်ပန်ကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ လူတိုင်း၏ အံ့သြနေသော အကြည့်များအောက်တွင် ဝုန်းခနဲ့ ဒူးတစ်ဖက်ထောက်ချလိုက်သည်။

သူ၏ ကြီးမားသော ဝံပုလွေခေါင်းကြီးကို အောက်သို့ နက်နက်ရှိုင်းရှိုင်း ငုံ့ချလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ကျယ်လောင်စွာ အော်ဟစ်လေတော့သည်။

​"ကျွန်တော် ဟေးဖုန်းတောင်ကုန်း ရဲ့ အကြီးအကဲ 'လန်ရှောင်' ပါ.... ခင်ဗျားကို သခင်အဖြစ်... အဲ... မဟုတ်ဘူး၊ မဟုတ်ဘူး.... ကျွန်တော်တို့ ဟေးဖုန်းတောင်ကုန်းရဲ့ အမြင့်မြတ်ဆုံး သူငယ်ချင်းအဖြစ် ခစားပါရစေ....လူကြီးမင်း ဘာအမိန့်ရှိရှိ ပြောသာပြောပါ၊ ကျွန်တော်တို့ အသက်နဲ့တောင် လဲပြီး လုပ်ဆောင်ပေးပါ့မယ်"

​ဤမျှ ရုတ်တရက်ဆန်လွန်းသည့် သစ္စာခံမှုကြောင့် ယဲ့လင်ရွှမ်းနှင့် သက်တော်စောင့်များမှာ အံ့အားသင့်ကာ ကြောင်အမ်းသွားကြသည်။ သူတို့သည် သွေးထွက်သံယိုတိုက်ပွဲအတွက် အသင့်ပြင်ထားခဲ့သော်လည်း၊ မိမိတို့၏ အရှင့်သားက ဆားအိတ်လေး ထုတ်ကာ မြည်းပြလိုက်ရုံဖြင့် ဤဒေသခံ လူမိုက်ခေါင်းဆောင်ကြီးကို သိမ်းသွင်းလိုက်နိုင်သည်။

​"ထပါ... ဒူးထောက်ပြီး စကားပြောရတာ အဆင်မပြေဘူး"

ရှောင်ရှန်းသည် ဤသို့သောမြင်ကွင်းမျိုးကို အသားကျနေဟန်ဖြင့် လက်ယမ်းလိုက်သည်။

"ငါက နားခိုဖို့ နေရာလေးတစ်ခု ရှာချင်ရုံတင်ပါ...ပြီးတော့ စကားစပ်မိလို့ ကိစ္စလေးနည်းနည်း စုံစမ်းချင်သေးတယ်"

​"နားခိုဖို့လား"

လန်ရှောင်သည် ရုတ်တရက် ခေါင်းမော့လာပြီး ရင်ဘတ်ကိုပုတ်ကာ ကတိပေးလိုက်သည်။

"လူကြီးမင်း စိတ်ချပါ... ကျွန်တော်တို့ ဟေးဖုန်းတောင်ကုန်းက လူကြီးမင်းအတွက် မိစ္ဆာနယ်မြေက အိမ်ပါပဲ၊ လူကြီးမင်းရဲ့ အမွေးတစ်ပင်ကိုတောင် ထိရဲတဲ့ကောင်ရှိရင်၊ ကျွန်တော် လန်ရှောင်က သူ့ကို အရင်ဆုံး ဆွဲဖြဲပစ်မယ်"

​"ဆားဖြူ သံတမန်ရေး" ၏ အရှိန်အဝါအောက်တွင် လန်ရှောင်သည် ယခင်က မရှိခဲ့ဖူးသော ဖော်ရွေနွေးထွေးမှုမျိုးကို ပြသလာ၏။

သူသည် ကုန်သွယ်ရေးစခန်းထဲရှိ အကြီးဆုံးနှင့် အသန့်ရှင်းဆုံး ကျောက်တုံးအိမ်တစ်လုံးကို ရှောင်ရှန်းတို့အတွက် ချက်ချင်းရှင်းလင်းပေးခဲ့သည်။ ထိုမျှသာမက သူ တန်ဖိုးထား သိမ်းဆည်းထားသည့် သားရေများနှင့် သစ်သီးများကိုလည်း ရတနာများ ဆက်သသကဲ့သို့ တကူးတက ပို့ဆောင်ပေးခဲ့သည်။

​ကျောက်တုံးအိမ်ထဲတွင်မူ၊ လန်ရှောင်သည် ရှောင်ရှန်း၏ အမေးကို ကွယ်ဝှက်မထားဘဲ သိသမျှအကုန်လုံးကို အသေးစိတ် ဖြေကြားပေးနေသည်။

​"လူကြီးမင်း၊ အခုလက်ရှိ မိစ္ဆာနယ်မြေအကြောင်း မေးတာလား... အဲ့တာက တော်တော်လေး ရှုပ်ထွေးတယ်... အဓိကအားဖြင့် အင်အားစုကြီး သုံးခုက လွှမ်းမိုးထားတယ်"

" အရှေ့ဘက်အစွန်ဆုံး သားရဲတစ်သောင်းတောင်မှာ 'ကျားဧကရာဇ်' က စိုးမိုးထားတယ်...သူက အရက်စက်ဆုံးပဲ၊ သူ့လက်အောက်မှာ မိစ္ဆာသားရဲ တပ်မတော် အမြောက်အမြားရှိပြီး သိမ်းပိုက်ထားတဲ့ နယ်မြေကလည်း အကြီးဆုံးပဲ"

"​အနောက်ဘက် ချင်းချိုးတောင်မှာကျတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ 'မြေခွေးသခင်' နေထိုင်တယ်...သူက ဉာဏ်ပညာ ကြီးမားပြီး လုပ်ရည်ကိုင်ရည် ကောင်းလွန်းလို့ ဘယ်သူမှ အလွယ်တကူ မစော်ကားရဲဘူး..."

"နောက်ဆုံးတစ်ခုကတော့ တောင်ဘက်က လော့ဖုန်းကုန်းကုန်းပဲ...အဲ့မှာ ရှေးဟောင်း ဖီးနစ်မျိုးနွယ်တွေရဲ့ မျိုးဆက်တွေ ပုန်းအောင်းနေထိုင်တယ်လို့ ဆိုတယ်... သူတို့က အပြင်လောကနဲ့ လုံးဝ အဆက်အသွယ်မလုပ်ဘဲ အလွန်လျှို့ဝှက်ပါတယ်၊ လူကြီးမင်း"

​ရှောင်ရှန်းသည် ထိုစကားများကို ကြားသောအခါ စိတ်မပါ့တပါ ခေါင်းညိတ်လိုက်သည်။ သူသည် မည်သည့်နေရာတွင် အေးအေးဆေးဆေး အပျင်းထူနေရန် အသင့်တော်ဆုံး ဖြစ်မည်ကိုသာ စိတ်ထဲတွင် တွက်ချက်နေမိသည်။

​သို့သော် စူးဝမ်ချင်းကမူ အဓိကအချက်ကို ဖမ်းဆုပ်မိသွားပြီး ချက်ချင်း မေးမြန်းလိုက်သည်။

"ရှင် 'ရောင်စုံ ဝိညာဉ်သန့်စင်ကြာ' ဆိုတဲ့အရာအကြောင်း ကြားဖူးလား"

​"ရောင်စုံ ဝိညာဉ်သန့်စင်ကြာ... ဟုတ်လား"

လန်ရှောင်သည် ထိုစကားကို ကြားသည်နှင့် မျက်နှာပျက်သွားကာ အသံကို နှိမ့်ချလိုက်ပြီး ပြန်မေးလိုက်သည်။

"ဒီက နတ်သမီးလေး... အဲဒီအရာကို ဘာလို့ မေးရတာလဲ... အဲ့တာက အသက်အန္တရာယ်ရှိတဲ့ ရတနာကြီးဗျ"

​သူသည် ရှောင်ရှန်းကို တစ်ချက်ကြည့်လိုက်သည်။ ရှောင်ရှန်းထံမှ ကန့်ကွက်မည့် အရိပ်အယောင် မတွေ့ရသဖြင့် လန်ရှောင်တစ်ယောက် ဆက်ပြောပြန်သည်။

"ဒီရတနာက ဒဏ္ဍာရီထဲမှာတော့ အင်မတန် စွမ်းအားကြီးပြီး လောကထဲက အဆိပ်အားလုံးကို ဖြေနိုင်တယ်လို့ ဆိုကြတယ် ဒါပေမဲ့ သူပေါက်ရောက်တဲ့နေရာက... ကျားဧကရာဇ်ရဲ့ နယ်မြေဖြစ်တဲ့ 'မြူဆိပ်တောင်ကြား' ထဲမှာလေ... အဲဒီနေရာက ကျွန်တော်တို့ မိစ္ဆာမျိုးနွယ်တွေတောင် အနားမကပ်ရဲတဲ့ သေမင်းတမန်နယ်မြေပဲ"

" အဲဒီက မြူခိုးတွေက အရာအားလုံးကို စားသုံးဖျက်ဆီးပစ်နိုင်သလို၊ အဆိပ်ပြင်းတဲ့ မိစ္ဆာသားရဲတွေကလည်း အမြဲစောင့်ကြပ်နေကြတာ...ကျားဧကရာဇ်က အဲဒီနေရာကို သူ့ရဲ့ သီးသန့်ပိုင်နယ်မြေအဖြစ် သတ်မှတ်ထားပြီး ဘယ်သူ့ကိုမှ အနားကပ်ခွင့်မပေးဘူး၊ ကပ်မိတဲ့သူမှန်သမျှကို ချက်ချင်းသတ်ပစ်ဖို့ အမိန့်ထုတ်ထားတာ"

​'ကျားဧကရာဇ်' တဲ့လား... ပြီးတော့ 'မြူဆိပ်တောင်ကြား' တဲ့....

​သဲလွန်စအားလုံးက ပြဿနာအများဆုံးနှင့် အန္တရာယ်အများဆုံး ဖြစ်သည့် ထိုနေရာကိုသာ ညွှန်ပြနေသည်။

​ရှောင်ရှန်းသည် သားရေကုလားထိုင်နုနုလေးကို မှီကာ မိစ္ဆာမျိုးနွယ်တို့၏ သီးသန့်ဖြစ်သော ချဉ်ဖန်ဖန် သစ်သီးအရက်တစ်ခွက်ကို မော့ချလိုက်သည်။ ထို့နောက် မသိစိတ်က သူ့အလိုလို မျက်မှောင်ကြုတ်လိုက်မိသည်။

​ပြဿနာပဲ....တကယ့်ကို ကောင်းကင်ကြီးလောက်ရှိတဲ့ ပြဿနာကြီးကို ရင်ဆိုင်နေရပြီပဲ…

All Chapters