အခန်း ၂၆၆
Vol. 27 Ch. 266
အခန်း (၂၆၆) ရန်သူ၏ ရန်သူသည် အနာဂတ် ဖောက်သည်ပင် ဖြစ်သည်
ရှောင်ရှန်းသည် လန်ရှောင်မှ အနူးညံ့ဆုံး သားရေများဖြင့် ခင်းကျင်းပေးထားသော "ပလ္လင်" ပေါ်တွင် မှီထိုင်နေသည်။ လက်ထဲတွင် မြက်ပင်မိစ္ဆာလေး ဆက်သထားသည့် ချိုမြိန်သော သစ်သီးဖျော်ရည် ကျောက်ခွက်ကို ကိုင်ထားရင်း မျက်လုံးကိုမှေးကာ ရှားပါးလှသော အားလပ်ချိန်ကို ခံစားနေ၏။
မိစ္ဆာနယ်မြေဆိုသည်မှာ ဆက်သွယ်ရေးလိုင်း မကောင်းသည်ကလွဲလျှင် နေပျော်သောနေရာ ဟု သူ တွေးမိနေသည်။
"ဒါမှ ဘဝဆိုတာမျိုး... နန်းတွင်းက အကောက်ကြံမှုတွေနဲ့ ဝေးရာပဲ... တင်ပြစာလွှာတွေ၊ မနက်ခင်းညီလာခံတွေဆိုတာ အဝေးကြီးမှာ ကျန်ခဲ့ပြီ....ကိုယ့်ကိုမြင်တိုင်း မျက်စောင်းထိုးပြီး မုတ်ဆိတ်မွေးတွေ ထောင်နေအောင် ဒေါသထွက်တတ်တဲ့ အဖိုးကြီးတွေကိုလည်း စိတ်ပူစရာ မလိုတော့ဘူး...'
'နေ့တိုင်း အိပ်ရေးဝတဲ့အထိ အိပ်မယ်၊ မိစ္ဆာလေးတွေကို စနောက်မယ်၊ တောသစ်သီးတွေကို အရသာခံမယ်... အခုတော့ စိတ်ညစ်စရာဆိုလို့ နောက်တစ်နပ်ကို ဘယ်လို အသားကင်မျိုးနဲ့ တွဲစားရင် ကောင်းမလဲဆိုတာပဲ ရှိတော့တယ်...ဘဝဆိုတာ ဒီလောက်နဲ့တင် လုံလောက်နေပြီမဟုတ်လား'
လန်ရှောင်သည် သစ္စာအရှိဆုံး အိမ်တော်ထိန်းတစ်ယောက်ပမာ ဘေးတွင်ရပ်ကာ ယနေ့၏ "လုပ်ငန်းစွမ်းဆောင်ရည်" ကို ဂုဏ်ယူစွာဖြင့် တင်ပြနေ၏။
"လူကြီးမင်း... ဒီနေ့ လူကြီးမင်းအကြောင်း ကြားပြီး နောက်ထပ် လူမျိုးစုငယ် သုံးခုက သူတို့ဆီက သတ္တုရိုင်းတွေအားလုံးနဲ့ ဆားနည်းနည်းလောက် လာလဲဖို့ လူလွှတ်လိုက်ကြတယ်... ကျွန်တော် အကုန်လုံးကို မောင်းထုတ်ပစ်လိုက်ပြီ ၊ လူကြီးမင်းရဲ့ သူငယ်ချင်း ဖြစ်ဖို့က ဘယ်လိုလုပ်ပြီး အဲဒီလို ငမွဲတွေနဲ့ တန်းတူ ဖြစ်နိုင်ပါ့မလဲ"
ရှောင်ရှန်းက ပျင်းရိပျင်းတွဲဖြင့် "အင်း" ဟုသာ အသံပြုလိုက်သည်။ သာရှတိုင်းပြည်တွင် ဤ 'ဆားလုပ်ငန်း လက်ဝါးကြီးအုပ်' အစီအမံကို ကျင့်သုံးလိုက်ပါက ၊ ဘဏ္ဍာရေးရာ အမတ်ကြီးပင် မျက်လုံးပြူးလောက်သည်အထိ အံ့ဩသွားလိမ့်မည်ဟု သူ တွေးမိသည်။
ရှောင်ရှန်းတို့ အေးချမ်းစွာ အပန်းဖြေနေခိုက်၊ ကုန်သွယ်ရေးစခန်း၏ ကောင်းကင်ယံထက်တွင် ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ပွင့်ဟလာသည်။
မည်သည့်အရိပ်အယောင်မျှ မရှိဘဲ ပေါက်ကွဲထွက်လာသော ရွှေရောင်အလင်းတန်းများကြားမှ မိစ္ဆာနယ်မြေ၏ ညစ်ညမ်းသောလေထုနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည့် သန့်စင်ပြီး အာဏာစက်ပြင်းသော ဝိညာဉ်ဖိအားကြီးတစ်ခုသည် မမြင်ရသော တောင်ကြီးတစ်လုံးပမာ ကမ္ဘာမြေပေါ်သို့ ကျဆင်းလာ၏။
ကုန်သွယ်ရေးစခန်းတစ်ခုလုံးရှိ မိစ္ဆာအားလုံးမှာ ထိုဖိအားဒဏ်ကြောင့် တစ်ကိုယ်လုံး တုန်ယင်လာသည်။ အားနည်းသူများမှာ မြေပြင်ပေါ်သို့ ချက်ချင်းပင် ခွေကျသွားပြီး အသက်ရှူရပင် ခက်ခဲကာ ကြောက်ရွံ့တုန်လှုပ်နေကြသည်။
ထိုအက်ကြောင်းထဲမှ ပုံရိပ်ငါးခု ပေါ်ထွက်လာသည်။ သူတို့သည် အဖြူရောင်ဝတ်ရုံများကို ဝတ်ဆင်ထားပြီး ခြေအောက်တွင် ပျံသန်းနိုင်သောဓားများကို နင်းထားလေ၏။ လူ့ပြည်သို့ ဆင်းသက်လာသော အမတမင်းများအလား မာနထောင်လွှားစွာဖြင့် လေထဲတွင် ဝဲပျံနေကြသည်။ ဦးဆောင်လာသူမှာ 'လင်ထျန်းယွိ'ပင် ဖြစ်သည်။
သူသည် အောက်ဘက်ရှိ ရှုပ်ထွေးညစ်ပတ်နေသော ကုန်သွယ်ရေးစခန်းကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူ၏ မျက်ခုံးကြား၌ ရွံရှာမှုနှင့် အထင်အမြင်သေးသော အရိပ်အယောင်များ ပြည့်နှက်နေသည်။ နောက်ဆုံးတွင် သူ၏ အကြည့်သည် ရှောင်ရှန်းတို့ရှိနေသော အကြီးဆုံး ကျောက်တုံးအိမ်ကြီးရှေ့သို့ ရောက်ရှိသွားလေ၏။
" တိရစ္ဆာန်တစ်သိုက်က ငါတို့ အမတမဟာမိတ်အဖွဲ့ အလိုရှိနေတဲ့ ရာဇဝတ်ကောင်ကို ဖုံးကွယ်ပေးထားရဲတယ်ပေါ့"
လင်ထျန်းယွိ၏ အသံမှာ မကျယ်လောင်သော်လည်း မိစ္ဆာအားလုံး၏ နားထဲသို့ ဓားသွားအလား ထွင်းဖောက်ဝင်ရောက်သွားသည်။ ထိုအသံတွင် ငြင်းဆန်ခွင့်မရှိသော အမိန့်ပေးသံနှင့် မထီမဲ့မြင်ပြုမှုများ ပြည့်နှက်နေ၏။
"အထဲက လူသားကို ထုတ်ပေးစမ်း....ငါ မင်းတို့ကို အသက်ချမ်းသာပေးမယ်"
"တိရစ္ဆာန်" ဟူသော စကားလုံးက နီရဲနေအောင် မီးဖုတ်ထားသည့် သံကတ်ကြေး တစ်ခုနှယ် ထိုနေရာရှိ မိစ္ဆာအားလုံး၏ နှလုံးသားထဲသို့ အပြင်းအထန် ထိုးစိုက်ဝင်သွားသည်။ စောစောကမှ ဖားယားနေသော လန်ရှောင်၏ မျက်နှာပေါ်မှ အပြုံးများမှာလည်း ချက်ချင်းပင် အေးခဲသွားသည်။
သူ၏ ကြေးခေါင်းလောင်းသဖွယ် ကြီးမားသော မျက်ဝန်းထဲ၌ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ပေါ်ထွက်လာ၏။ အကယ်၍ ပြင်းထန်သော ဝိညာဉ်ဖိအား၏ နှိပ်ကွပ်မှုသာ မရှိပါက ၊ သူသည် အစောကတည်းက ခုန်အုပ်ကာ အသက်နှင့်ရင်း၍ တိုက်ခိုက်နေလောက်ပြီ ဖြစ်သည်။
အမတဂိုဏ်းသားများ၏ စရိုက်မှာ အမြဲတမ်း ဤအတိုင်းပင်။ သူတို့သည် မိစ္ဆာနယ်မြေကို ရိုင်းစိုင်းသောဒေသဟု သတ်မှတ်ပြီး မိစ္ဆာမျိုးနွယ်များကို မြက်ပင်၊ ပုရွက်ဆိတ်များကဲ့သို့ သဘောထားကာ စိတ်ပျော်လျှင် ပစ္စည်းများကို လာရောက်လုယူတတ်ကြပြီး စိတ်မပျော်လျှင် သတ်ဖြတ်ပစ်တတ်ကြသည်။
သို့သော် ယနေ့တွင်မူ မတူတော့ချေ။ သူတို့၏ လက်ထဲတွင် ဆားများရှိနေသလို ၊ မျှော်လင့်ချက်ရောင်ခြည်များလည်း ရှိလာခဲ့ချေပြီ။ ထို့အပြင် သူတို့နှင့် "စီးပွားရေး" လုပ်မည့် ထူးခြားသော လူကြီးမင်းတစ်ဦး ရှိနေပြီမဟုတ်လော။
ကျောက်တုံးအိမ်၏ တံခါးခန်းဆီးကို ပင့်တင်လိုက်ပြီးနောက် ရှောင်ရှန်းတစ်ယောက် သမ်းဝေကာ ထွက်လာသည်။ သူသည် မျက်လုံးကို ပွတ်သပ်ရင်း အိပ်ရေးမဝသေးသဖြင့် စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် ကောင်းကင်ပေါ်မှ လင်ထျန်းယွိကို တစ်ချက်မော့ကြည့်ကာ ညည်းတွားလိုက်သည်။
" ဝံပုလွေအိုကြီး... ငါပြောမယ် မင်းတို့နေရာရဲ့ လုံခြုံရေးက အရမ်းညံ့လွန်းတယ်....ခွေးတွေကြောင်တွေ အကုန်လုံး စိတ်ကြိုက်ဝင်လာလို့ ရနေတာပဲ၊ ဆူညံလိုက်တာ"
ထိုစကားကြောင့် တင်းမာနေသော လေထုမှာ ထူးဆန်းစွာပင် တစ်ခဏတာ ရပ်တန့်သွားသည်။
လင်ထျန်းယွိသည် လမ်းဘေးလူမိုက်ကဲ့သို့ ပုံစံပေါက်နေသော ရှောင်ရှန်းကို ကြည့်ကာ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပို၍ ပြင်းထန်လာ၏။
"ရှောင်ရှန်း...ကောင်းကင်ဘုံကို သွားတဲ့လမ်း ရှိတာကို မင်းက မသွားဘဲ၊ ငရဲပြည်ကို အတင်းတိုးဝင်လာတာပဲ....ဒီမိစ္ဆာမိစ္ဆာတွေနဲ့ ပေါင်းသင်းပြီး ကိုယ့်ကိုယ်ကိုယ် အောက်တန်းကျအောင် လုပ်ရဲတယ်ပေါ့"
ရှောင်ရှန်းသည် သူ့ကို လုံးဝ အဖက်မလုပ်ဘဲ တစ်ကိုယ်လုံး တောင့်တင်းနေသော ဘေးနားမှ လန်ရှောင်ကို ပုတ်လိုက်ပြီး စီးပွားရေးလျှို့ဝှက်ချက်များကို မျှဝေနေသည့်အတိုင်း ပြောလိုက်သည်။
" ဝံပုလွေအိုကြီး၊ မင်းကြည့်စမ်း... အဲ့တာက သူတို့ရဲ့ 'လုပ်ငန်းဆက်ဆံပုံ'ပဲ... မာနကြီးတယ်၊ ရိုင်းစိုင်းတယ်၊ အနာဂတ်ဖောက်သည်တွေကို လေးစားရမှန်း မသိဘူး...ဒီလိုလူမျိုးနဲ့ ပူးပေါင်းလုပ်ဆောင်ရင် အသားစားရဖို့ မပြောနဲ့၊ ဟင်းရည်သောက်ဖို့တောင် မင်းတို့ အလှည့်ရောက်မှာ မဟုတ်ဘူး"
လန်ရှောင်မှာ ရှောင်ရှန်းကို ကြောင်တောင်တောင်ဖြင့် ကြည့်နေမိသည်။ ရှောင်ရှန်း၏ စကားကို သူ နားမလည်သော်လည်း သို့သော် နောက်ဆုံးစကားကတော့ သူ၏ ရင်ဘက်ထဲသို့ တည့်တည့်ကြီး စိုက်ဝင်သွားခဲ့သည်။
ရှောင်ရှန်းသည် စဉ်းစားရန်အချိန် မပေးတော့ချေ။ သူသည် ရှေ့သို့နှစ်လှမ်းတိုးကာ ကောင်းကင်ပေါ်မှ လင်ထျန်းယွိကို လက်ညှိုးထိုးပြရင်း ကုန်သွယ်ရေးစခန်းတစ်ခုလုံးမှ မိစ္ဆာအားလုံး ကြားနိုင်အောင် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"မိစ္ဆာနယ်မြေက သူငယ်ချင်းတို့....ကျွန်တော် မိတ်ဆက်ပေးပါရစေ၊ ကောင်းကင်ပေါ်မှာ ပျံဝဲနေတဲ့သူတွေဟာ အခြားသူတွေ မဟုတ်ဘူး၊ ဓားပြတွေပဲ.... သူတို့လာရင် ခင်ဗျားတို့ရဲ့ ပစ္စည်းတွေကို လုယူမယ်၊ သားရေတွေကိုခွာမယ်၊ အတွင်းအားတွေကို တူးဖော်သွားကြမယ်၊ ပြီးတော့ ခင်ဗျားတို့ကို တိရစ္ဆာန်လို့ ဆဲဆိုပြီး အထင်သေးသွားကြဦးမယ်"
သူသည် စကားကို ခဏရပ်လိုက်ပြီးနောက် မိမိကိုယ်ကို လက်ညှိုးထိုးပြကာ အလွန်ပျူငှာသော အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။
"ကျွန်တော် ရှောင်ရှန်းကတော့ ခင်ဗျားတို့နဲ့ စီးပွားရေးလုပ်ဖို့ လာတာ...ပြောရရင် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် အခြေအနေကို ဖန်တီးပေးဖို့ လာတာပဲ"
သူသည် သိုလှောင်လက်ကောက်ထဲမှ ဆားအိတ်ကြီးတစ်အိတ်ကို ထပ်ထုတ်ကာ အမြင့်သို့ မြှောက်ပြလိုက်သည်။ နေရောင်အောက်တွင် ထိုဖြူဖွေးနေသော ဆားခဲလေးများမှာ မိစ္ဆာများအတွက် သေလောက်အောင် ဆွဲဆောင်မှုရှိသော ရတနာများကဲ့သို့ တောက်ပနေသည်။
"မြင်ကြလား....ဒီတဝီဝီမြည်နေတဲ့ ယင်ကောင်တွေကို မောင်းထုတ်ဖို့ ကူညီပေး...ဒါဆိုရင် ဟေးဖုန်းတောင်ကုန်းရဲ့ ဆားကိစ္စကို ကျွန်တော် တာဝန်ယူမယ် ဆားတင်မကဘူး... ခင်ဗျားတို့သာ လိုချင်ရင် သာရှတိုင်းပြည်ရဲ့ ပိုးသားတွေ၊ ကြွေထည်တွေ၊ တစ်ခါသောက်ရင် မေ့မရတဲ့ အရက်ကောင်းတွေအထိ အကုန်လုံးကို ကျွန်တော်တို့ ဆွေးနွေးလို့ရတယ်"
တစ်ဖက်က အထက်စီးမှနေ၍ အကြောင်းမဲ့ ခြိမ်းခြောက်နေသည့် မာနကြီးသူများ ၊ အခြားတစ်ဖက်က လက်ငင်းရရှိနိုင်မည့် ကြီးမားသော အကျိုးအမြတ်များ၊ အိပ်မက်ထဲတွင်ပင် တောင့်တနေရသည့် လူသုံးကုန်ပစ္စည်းများနှင့် နားဝင်ချိုလှသော "သူငယ်ချင်း"၊ "စီးပွားရေး" ဟူသည့် စကားလုံးများ...ဤရွေးချယ်မှု မေးခွန်းသည် မည်သူမဆို ဖြေဆိုနိုင်မည့် မေးခွန်းတစ်ခုသာ ဖြစ်သည်။
"ဝေါင်း——"
ကုန်သွယ်ရေးစခန်းတစ်ခုလုံးမှ မိစ္ဆာများ၏ အရိုင်းဆန်သော ဟိန်းသံများမှာ ကောင်းကင်ယံကို တုန်ခါသွားစေတော့၏။
လန်ရှောင်သည် ပထမဆုံး ပေါက်ကွဲထွက်လာသူ ဖြစ်သည်။ ရင်ထဲမှ ဒေါသမီးတောက်များနှင့် တောင့်တမှုများကို ဆက်လက် မဖိနှိပ်နိုင်တော့သည့်အဆုံး သူသည် ကောင်းကင်ကိုမော့၍ နားစည်ကွဲမတတ် ဟိန်းဟောက်လိုက်သည်။ ထိုဟိန်းသံကြီးမှာ တိုက်ပွဲဝင်ရန် အချက်ပေးခရာပင် ဖြစ်သည်။
"လခွမ်း... ချကြစမ်း"
"ဆားအတွက်....ချ"
"ဒီအထက်စီးကနေ လုပ်ချင်တိုင်းလုပ်နေတဲ့ အကောင်တွေကို သတ်ပစ်"
"ဟေးဖုန်းတောင်ကုန်းကကောင်တွေ၊ ငါ့နောက်က လိုက်ခဲ့"
ချက်ချင်းပင် ကုန်သွယ်ရေးစခန်းတစ်ခုလုံး အားမာန်အပြည့် ပေါက်ကွဲထွက်လာသည်။ ယခင်က သတ္တုရိုင်းရောင်းသူ၊ ဆေးမြစ်ရှာသူ စသည့် မိစ္ဆာအားလုံးမှာ ယခုအခါ 'ဟေးဖုန်းတောင်ကုန်း၏ စစ်သည်တော်များ' ဖြစ်သွားကြလေပြီ။
သူတို့၏ မျက်လုံးများမှာ ဒေါသကြောင့် နီရဲနေသည်။ လက်လှမ်းမီရာ အရိုးတုတ်၊ ကျောက်ဆိန်နှင့် ပေါင်ရိုးကြီးများကိုပင် ဆွဲကိုင်ကာ အမတမဟာမိတ်အဖွဲ့မှ တပည့်ငါးဦးထံသို့ ဒီရေလှိုင်းကြီးများကဲ့သို့ ဝင်ရောက်တိုက်ခိုက်လေတော့၏။
လင်ထျန်းယွိမှာ လုံးဝ ကြောင်အမ်းသွားသည်။
သူသည် ဖြစ်နိုင်ခြေ အမျိုးမျိုးကို တွက်ဆထားခဲ့သည်။
ရှောင်ရှန်းမှ ဒူးထောက်အသနားခံမည်၊ သို့မဟုတ် ယဲ့လင်ရွှမ်းမှ အသေခံခုခံမည် ....သို့သော် သူ၏ မျက်လုံးထဲတွင် လမ်းဘေးခွေးကဲ့သို့ ယုတ်ညံ့သော မိစ္ဆာတစ်သိုက်က လူသားအိမ်ရှေ့မင်းသားတစ်ပါးနှင့် ဆားတစ်အိတ်အတွက် အမတမဟာမိတ်အဖွဲ့ကိုပင် ပြန်လည် တိုက်ခိုက်ရဲလိမ့်မည်ဟု တစ်ခါလေးမျှ မတွေးဖူးချေ။
ယခုတွင် ဤသည်မှာ တိုက်ပွဲတစ်ခု မဟုတ်တော့ပေ။ အမျက်ဒေါသနှင့် လောဘတရားတို့ ပေါင်းစပ်ကာ မီးမွှေးလိုက်သည့် ပြင်းထန်သော အဓိကရုဏ်းတစ်ခု ဖြစ်သွားခဲ့ချေပြီ။
"တိရစ္ဆာန်ဆိုး တစ်သိုက်! သေချင်နေတာပဲ"
လင်ထျန်းယွိသည် ဒေါသတကြီး အော်ဟစ်ကာ ဓားပျံကို လက်ညှိုးဖြင့် ညွှန်ကြားလိုက်သည်။ ထက်မြက်သော ဓားစွမ်းအင်တစ်ခုက လေထုကို ဖြိုခွင်းကာ အရှေ့ဆုံးမှ ပြေးဝင်လာသော မိစ္ဆာငယ်အချို့ကို ချက်ချင်းပင် သွေးအမြှုပ်များအဖြစ် ခုတ်ပိုင်းပစ်လိုက်သည်။
သို့သော် ဤသွေးထွက်သံယိုမြင်ကွင်းက မိစ္ဆာများကို မခြောက်လှန့်နိုင်သည့်အပြင် သူတို့၏ သားရဲစိတ်ကို ပို၍ နိုးဆွပေးသလို ဖြစ်သွားခဲ့သည်။
ယဲ့လင်ရွှမ်း၏ ဓားရှည်မှာလည်း ဓားအိမ်မှ လျှပ်တစ်ပြက် ထွက်ပေါ်လာပြီး လင်ထျန်းယွိကို တိုက်ရိုက် ရင်ဆိုင်ကာ အောက်ဘက်မှ မိစ္ဆာတပ်ကြီးအတွက် တိုက်ခိုက်မည့် အခွင့်အရေးကို ဖန်တီးပေးခဲ့သည်။
ထိုအချိန်မှာပင် စူးဝမ်ချင်းသည် လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အရောင်အဆင်း၊ အနံ့အရသာမရှိသော အဆိပ်မှုန့်များက တိတ်တဆိတ် ပျံ့နှံ့သွား၏။ အမတမဟာမိတ်အဖွဲ့မှ တပည့်အချို့မှာ ဝိညာဉ်စွမ်းအား လည်ပတ်မှုသည် ရုတ်ချည်း နှောင့်နှေးသွားသကဲ့သို့ ခံစားလိုက်ရသည်။
အမတများက သာမန်လူများကို တစ်ဖက်သတ် အနိုင်ကျင့်သတ်ဖြတ်မည့် မြင်ကွင်းမှ ချက်ချင်းပင် အလွန်အမင်း ရှုပ်ထွေးဆူညံနေသည့် ဝိုင်းဝန်းရိုက်နှက်ပွဲကြီးအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
အမတမဟာမိတ်အဖွဲ့မှ တပည့်များသည် ဝိညာဉ်စွမ်းအားမြင့်မားပြီး မှော်အတတ်များ ထူးချွန်ကြသော်လည်း သို့သော် မိစ္ဆာအရေအတွက်မှာ များလွန်းသဖြင့် မခံနိုင်တော့ချေ။ ထို့အပြင် သူတို့အားလုံးသည် သေရမည်ကို မကြောက်ဘဲ အရှိန်အဟုန်ပြင်းစွာ တိုက်ခိုက်နေ၏။
ဝံပုလွေမိစ္ဆာတစ်ကောင်သည် ဓားစွမ်းအင်ကြောင့် ရင်ဘတ်ပေါက်သွားသော်လည်း မသေခင်လေးတွင် ထိုတပည့်၏ ခြေထောက်ကို အသေအလဲဖက်ကာ ပါးစပ်ဖြင့် ရက်စက်စွာ ကိုက်ချလိုက်သည်။ ကင်းမြီးကောက်မိစ္ဆာတစ်ကောင်မှာလည်း မှော်အတတ်ကြောင့် ခန္ဓာကိုယ်တစ်ဝက် ပျက်စီးသွားသော်လည်း သူ၏ နောက်ဆုံးအချိန်တွင် ရန်သူ၏ နောက်ကျော နှလုံးသားတည့်တည့်သို့ အမြီးဖြင့် ထိုးဖောက်လိုက်နိုင်ခဲ့သည်။
သူတို့သည် စနစ်တကျ ပူးပေါင်းတိုက်ခိုက်ခြင်းကို နားမလည်ကြသော်လည်း၊ အရိုင်းစိုင်းဆုံးနှင့် အစွမ်းကုန် အသက်လု တိုက်ခိုက်နည်းကိုမူ ကောင်းစွာ သိရှိကြသည်။
" ဝှစ်"
အမတ မဟာမိတ်အဖွဲ့၏ တပည့်တစ်ဦးမှ သတိလက်လွတ်ဖြစ်သွားသည့် ခဏမှာပင် လန်ရှောင်သည် အခွင့်အရေးကို ဖမ်းဆုပ်လိုက်သည်။ သူသည် နောက်ကျောမှနေ၍ လက်သည်းဖြင့် အပေါက်ဖောက်လိုက်ပြီး ထိုသူ၏ နှလုံးကို တိုက်ရိုက် ညှစ်ဖောက်ပစ်လိုက်၏။
"ညီလေး"
လင်ထျန်းယွိ၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။ ဤကဲ့သို့သော မြင်ကွင်းကို အိပ်မက်ထဲတွင်ပင် သူ တစ်ခါမျှ မတွေးဖူးခဲ့ပေ။ ဤမျှရိုးရှင်းသော လိုက်လံသတ်ဖြတ်ရေး တာဝန်တစ်ခုတွင် လူအင်အား ဆုံးရှုံးရလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိချေ။
သတ်၍မကုန်နိုင်သော မိစ္ဆာအုပ်ကြီးကို ကြည့်လိုက်၊ ဘေးနားမှ ကျားတစ်ကောင်အလား အကဲခတ်နေသော ယဲ့လင်ရွှမ်းနှင့် သာရှသက်တော်စောင့်များကို ကြည့်လိုက်နှင့် လင်ထျန်းယွိ၏ ရင်ထဲတွင် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့စိတ်များ စိုးမိုးလာ၏။
ဤအတိုင်းသာ ဆက်လက် တိုက်ခိုက်နေမည်ဆိုပါက ၊ သူတို့ တစ်ဖွဲ့လုံး နေရာမှာတင် အသက်ပေးလိုက်ရတော့မည်။
သူသည် ယဲ့လင်ရွှမ်းကို ဓားဖြင့် တစ်ချက်ခုတ်ကာ ဆုတ်ခွာစေခဲ့ပြီးနောက် ရင်ဘက်ထဲမှ အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။ သူ၏ မျက်နှာထက်တွင် အရှက်တရား နှင့် အမုန်းတရားများ ပြည့်နှက်နေ၏။
"ရှောင်ရှန်း...မိစ္ဆာတွေ၊ မင်းတို့ စောင့်နေလိုက်.... ဒီကိစ္စကို အမတမဟာမိတ်အဖွဲ့က လုံးဝ အလွယ်တကူ အဆုံးသတ်မှာ မဟုတ်ဘူး"
သူသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး အဆောင်ကို ရုတ်တရက် ချေမွပစ်လိုက်သည်။ ချက်ချင်းပင် အလင်းတံခါးတစ်ခု ပေါ်ထွက်လာပြီး သူ့နှင့်အတူ အသက်ရှင်ကျန်ရစ်သော တပည့်သုံးဦးအပေါ်သို့ လွှမ်းခြုံသွားသည်။
အလင်းရောင်များ ပျောက်ကွယ်သွားပြီးနောက် ကုန်သွယ်ရေးစခန်း၏ ကောင်းကင်ယံမှာ ပြန်လည် ငြိမ်သက်သွားခဲ့သည်။
ကုန်သွယ်ရေးစခန်းအတွင်း ဖရိုဖရဲဖြစ်ကာ သွေးချောင်းစီးနေသော်လည်း မိစ္ဆာအားလုံးမှာ ကျယ်လောင်စွာ အော်ဟစ်လျက် ဤယုံကြည်နိုင်ဖွယ်မရှိသော အောင်ပွဲအတွက် အောင်ပွဲခံနေကြသည်။
ရှောင်ရှန်းသည် အလယ်တွင် ရပ်ကာ အင်္ကျီလက်ပေါ်မှ မရှိသောဖုန်များကို အေးဆေးစွာ ခါထုတ်လိုက်သည်။ လန်ရှောင်တို့အဖွဲ့၏ ကြောက်ရွံ့ရိုသေမှုနှင့် ရူးသွပ်မှုများ ရောနှောနေသော အကြည့်များကို ကြည့်ရင်း ဦးနှောက်ခြောက်လို့နေ၏။
သွားပြီ... ဒီတစ်ခါတော့ ပြဿနာ အကြီးကြီးတက်ပြီ...
သူသည် အန္တရာယ်ကင်းကင်းနှင့် ဤနေရာတွင် အေးအေးဆေးဆေး အပျင်းထူနေချင်ရုံမျှသာ ဖြစ်သည်။ သို့သော် ယခု အမတ မဟာမိတ်အဖွဲ့နှင့် လုံးဝ ရန်ဘက်ဖြစ်သွားရုံတင်မကဘဲ မတော်တဆ ဤမိစ္ဆာတစ်သိုက်၏ စိတ်ပိုင်းဆိုင်ရာ ခေါင်းဆောင်ကြီးပါ ဖြစ်သွားခဲ့လေသလော။