← Chapters

အခန်း ၂၆၇

Vol. 27 Ch. 267

အခန်း ၂၆၇

Vol. 27 Ch. 267

အခန်း (၂၆၇) - ကျွမ်းကျင်တဲ့ကိစ္စကို ကျွမ်းကျင်သူတွေဆီ အပ်ရမယ်

စစ်ပွဲ၏ မီးခိုးငွေ့များ ငြိမ်းသတ်သွားပြီးနောက် စစ်မြေပြင်တစ်ခုလုံးကို သွေးညှီနံ့များက ပြင်းထန်စွာ လွှမ်းခြုံထားသည်။​ဟေးဖုန်းတောင်ကုန်းမှ မိစ္ဆာများသည် လန်ရှောင်၏ ဦးဆောင်မှုအောက်တွင် စစ်မြေပြင်ကို အားတက်သရော ရှင်းလင်းနေကြသည်။

အမတ မဟာမိတ်အဖွဲ့မှ တပည့်များ ကျန်ရစ်ခဲ့သော မှော်လက်နက်အပိုင်းအစများနှင့် သိုလှောင်အိတ်များကို စစ်ပွဲ၏ ဆုလာဘ်များအဖြစ် ဝေစုခွဲယူရင်း ၎င်းတို့၏ အောင်ပွဲခံ ဟိန်းဟောက်သံများမှာ ကောင်းကင်ယံအထိပင် ပျံ့လွင့်နေသည်။

​သူတို့သည် ရှောင်ရှန်းကို ရင်ထဲမှလာသော ကြောက်ရွံ့ရိုသေမှု ၊ ရူးသွပ်ခြင်းများ ရောပြွမ်းနေသော အကြည့်များဖြင့် ကြည့်ရှုနေကြသည်။ သူတို့၏ အမြင်တွင် ၊ ဤလူကြီးမင်းမှာ ဆားအမြောက်အမြားကို ယူဆောင်လာပေးသူ ဖြစ်ရုံသာမက မည်သူမျှ မဝံ့ရဲသည့် အမတဂိုဏ်းကြီးကိုပင် အံတုရဲသည့် သတ္တိကို ပိုင်ဆိုင်ထားသော သူရဲကောင်းတစ်ဦးပင်။

​ရှောင်ရှန်းသည် ကျောက်တုံးအိမ် တံခါးဝကို မှီရပ်ရင်း ၊ ဤပွက်လောရိုက်နေသော မြင်ကွင်းကို ငေးကြည့်နေသည်။ ခေါင်းထဲတွင် တဆစ်ဆစ်ကိုက်ခဲလာသဖြင့် နားထင်ကို ပွတ်သပ်လိုက်ရင်း သက်ပြင်းချနေလေ၏။

'သွားပါပြီ... ဒီတစ်ခါတော့ ငါ့ပုံစံတွေ အကုန်လုံး ပျက်စီးသွားပြီပဲ....'

​'စွန့်ပစ်ခံ အိမ်ရှေ့မင်းသား' တစ်ယောက်အဖြစ်မှ 'မိစ္ဆာမျိုးနွယ်တို့၏ စိတ်ပိုင်းဆိုင်ရာ ခေါင်းဆောင်' ဆိုသည့် အဆင့်အတန်းအထိ ဤအကူးအပြောင်းကြီးသည် သိပ်ကို ကြီးမားလွန်းသည်။

သူသည် ကပ်ရောဂါဘေးမှ လွတ်ကင်းရန်အတွက် ခရီးထွက်ရင်း အေးအေးဆေးဆေး နေထိုင်ချင်ရုံ သက်သက်သာ ဖြစ်သည်။ ယခုတွင်မူ ၊ အမတမဟာမိတ်အဖွဲ့ကို ပုန်ကန်ဆန့်ကျင်သည့် ခေါင်းဆောင်ကြီး တစ်ဦး ဖြစ်လာခဲ့ရချေပြီ။

​"အရှင့်သား..."

​ယဲ့လင်ရွှမ်း က သူ့ဆီသို့ လျှောက်လှမ်းလာသည်။ သူမ၏ ခန္ဓာကိုယ်မှ တိုက်ပွဲဝင်လိုသော အရှိန်အဝါများ ထွက်ပေါ်နေဆဲဖြစ်ပြီး ၊ သူမသည် လေးနက်စွာဖြင့် မေးမြန်းလာ၏။

​"ကျွန်မတို့... နောက်ထပ် ဘာဆက်လုပ်ကြမလဲ"

ဘေးနားရှိ စူးဝမ်ချင်းကလည်း စိုးရိမ်တကြီး နှင့် စူးစိုက်ကြည့်နေသည်။ လင်ထျန်းယွိ ထွက်ပြေးမသွားမီ ချန်ရစ်ခဲ့သည့် ရက်စက်ကြမ်းတမ်းသော အကြည့်များက အမတ မဟာမိတ်အဖွဲ့၏ လက်စားချေမှုကြီး မကြာမီ ရောက်ရှိလာတော့မည်ကို ကြိုတင်သတိပေးနေသလိုပင်။

ပိုဆိုးသည်မှာ သူတို့၏ ခရီးစဉ်ရည်ရွယ်ချက်ဖြစ်သည့် 'ရောင်စုံဝိညာဉ်သန့်စင်ကြာ' မှာလည်း အန္တရာယ်အများဆုံးဖြစ်သော ကျားဧကရာဇ်၏ နယ်မြေထဲတွင် ရှိနေဆဲ ဖြစ်သည်။

​"ဘယ်လိုလုပ်ကြမလဲ..."

​ရှောင်ရှန်းသည် မျက်ခုံးတစ်ချက် ပင့်တင်လိုက်သည်။ မိမိ၏ နောက်ဆုံးဆုံးဖြတ်ချက်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည့် မျက်စိရှေ့က မိန်းမလှလေး နှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီးနောက်၊ မလှမ်းမကမ်းတွင် သစ္စာရှိသော အစောင့်တစ်ဦးကဲ့သို့ ရပ်နေသည့် လန်ရှောင်ကိုပါ တစ်ချက်ကြည့်လိုက်သည်။

ယခုအချိန်သည် မိမိ၏ 'ခေါင်းဆောင်မှု စွမ်းရည်' ကို ပြသရမည့် အချိန်အခါဖြစ်ကြောင်း သူ သိလိုက်သည်။

​"ဘာတွေ အလောတကြီး ဖြစ်နေကြတာလဲ..."

ရှောင်ရှန်းက လက်ကိုဝှေ့ယမ်းကာ သူတို့ကို ထိုင်ရန် အချက်ပြလိုက်သည်။

"မြူဆိပ်တောင်ကြားကို သွားဖို့ကတော့ သေချာတယ်...ဒါပေမဲ့ မျက်ကန်းတစ္ဆေမကြောက် ဆိုသလိုမျိုးတော့ ချဉ်းကပ်လို့မရဘူး...ကျွမ်းကျင်တဲ့ကိစ္စတွေကို ကျွမ်းကျင်တဲ့သူတွေဆီမှာပဲ အပ်ထားရမှာ"

​ထို့နောက် သူသည် စူးဝမ်ချင်းကို စိုက်ကြည့်လိုက်သည်။ သူ၏ အမူအရာမှာ ရုတ်တရက်ပင် လေးနက်သွား၏။

​"သခင်မလေးစူး... မင်းကသမားတော်ပဲ... ဆေးနဲ့အဆိပ်ဆိုတာက ဒွန်တွဲနေတဲ့ အရာတွေလေ...အဲဒီ ပန်းပင်၊ မြက်ပင်တွေ၊ ပုလင်းခွက်တွေနဲ့ အလုပ်လုပ်တာက မင်းရဲ့ ကျွမ်းကျင်မှုပဲ... 'မြူဆိပ်တောင်ကြား' ဆိုတဲ့ နာမည်ကတင်ကို အဆိပ်အမျိုးမျိုးနဲ့ ပြည့်နှက်နေမယ်ဆိုတာ သိသာနေပြီ ..."

"အဲ့ကိုသွားပြီး လေ့လာစမ်းသပ်ကြည့်ပေး...အဆိပ်ကို အဆိပ်နဲ့ပြန်တိုက်လို့ရမယ့် နည်းလမ်းတစ်ခုခု၊ ဒါမှမဟုတ် အကာအကွယ်ဖြစ်မယ့် ဆေးဝါးအသစ်တစ်ခုခု ဖော်စပ်လို့ရမလားဆိုတာ ကြည့်ပေးထား ပြီးတော့... အဲဒီ 'ရောင်စုံဝိညာဉ်သန့်စင်ကြာ' နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစုံစမ်းထားလိုက်ဦး"

​ရှောင်ရှန်းသည် လန်ရှောင်ဘက်သို့ လှည့်လိုက်ပြီး ခပ်အေးအေးပင် ဆက်ပြောသည်။

​" ဝံပုလွေအိုကြီး... မင်းရဲ့နယ်မြေကို အကျွမ်းကျင်ဆုံး၊ ခြေလက်အသွက်ဆုံး မြက်ပင်မိစ္ဆာ ဒါမှမဟုတ် ကြွက်မိစ္ဆာ အနည်းငယ်ကို ရွေးပေးလိုက်... သခင်မလေးစူးရဲ့ လမ်းပြနဲ့ လက်ထောက်အဖြစ် လုပ်ပေးရမယ်၊ သူမ လမ်းမပျောက်စေနဲ့နော်"

​လန်ရှောင်သည် စကားဆုံးသည်နှင့် ရင်ဘတ်ကို တဗုန်းဗုန်း ပုတ်၍ ချက်ချင်းပင် အာမခံလိုက်သည်။

"လူကြီးမင်း စိတ်ချသာထား..ကျွန်တော် အခုချက်ချင်းပဲ အတော်ဆုံးကောင်လေးတွေကို ရွေးပြီး ပို့လိုက်ပါ့မယ်"

​စူးဝမ်ချင်းသည် ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်ဝန်းထဲ၌ ရှောင်ရှန်းအပေါ် ချီးကျူးသည့်အရိပ်အယောင်များ လှစ်ဟသွားသည်။ ရှောင်ရှန်း၏ အစီအစဉ်များသည် ပေါ့ပေါ့ပါးပါးနှင့် အေးဆေးပုံပေါက်သော်လည်း အလုပ်၏ အနှစ်သာရကို တိုက်ရိုက်ထိမိသည်။

​ထို့နောက် ရှောင်ရှန်း၏ အကြည့်သည် ယဲ့လင်ရွှမ်းထံသို့ ရောက်ရှိသွားသည်။

​"သူရဲကောင်းမလေး ယဲ့"

​"ရှိတယ်"

​ယဲ့လင်ရွှမ်းသည် ခန္ဓာကိုယ်ကို မတ်မတ်ရပ်ကာ လေးစားစွာ တုံ့ပြန်လိုက်သည်။ ရှောင်ရှန်းက သူမကို စူးစိုက်ကြည့်ရင်း မေးလိုက်သည်။

​"မင်းက တိုက်ခိုက်ရတာကို ကြိုက်တယ် မဟုတ်လား"

​ယဲ့လင်ရွှမ်းမှာ အနည်းငယ် ကြောင်အမ်းသွားသော်လည်း ပွင့်လင်းစွာ ခေါင်းညိတ်လိုက်သည်။

​"ဟုတ်တယ်... ကျွန်မက ဓားလမ်းစဉ်ကို လေ့ကျင့်သူဆိုတော့ အားကောင်းတဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်တာက ကျွန်မရဲ့ ကျင့်စဉ်တစ်ခုလို ဖြစ်နေပြီ"

​"ဒါဆိုရင်တော့ ပိုလွယ်သွားပြီပေါ့"

ရှောင်ရှန်းက ပေါင်ကို တစ်ချက်ပုတ်လိုက်ပြီး ပြုံးတုံးတုံးဖြင့် ဆက်ပြောသည်။

"ငါကြားတာတော့ ဒီမိစ္ဆာနယ်မြေက လူတွေက ရိုးသားပွင့်လင်းကြတယ်၊ စကားများလိုက်တာနဲ့ တန်းပြီး ချကြတာပဲတဲ့... မင်းသွားပြီး သူတို့နဲ့ 'သံယောဇဉ်ဖလှယ်' လိုက်ပါ့လား ..."

"အထူးသဖြင့် ကျားဧကရာဇ်ရဲ့ လက်အောက်က သိုင်းသမားတွေကို တစ်ယောက်ချင်းစီ သွားတွေ့ပြီး သူတို့ရဲ့ စွမ်းအားနဲ့ တိုက်ခိုက်ဟန်တွေကို စုံစမ်းခဲ့... ဒါပေမဲ့ မှတ်ထားနော်... အရှုံးပေးသွားတဲ့အထိပဲ ရိုက်၊ မသတ်ပစ်နဲ့...တကယ်လို့ ရိုက်တာလွန်ပြီး သေသွားရင် ဆေးဖိုးတွေ ပြန်လျော်နေရဦးမယ်၊ ပြဿနာများတယ်"

​ဤစကားကြောင့် ယဲ့လင်ရွှမ်းမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။

'ဘာကို ရိုးသားပွင့်လင်းပြီး ၊ စကားများတာနဲ့ တန်းချရမှာတုန်း...'

သို့သော်လည်း ရန်သူ၏ အရည်အချင်းကို နားလည်ရန်အတွက် ဤနည်းလမ်းသည် အထိရောက်ဆုံး ဖြစ်ကြောင်းကိုတော့ သူမ ဝန်ခံရပေမည်။ သူမသည် အမိန့်ကို လေးလေးနက်နက် လက်ခံလိုက်သည်။

​တာဝန်များကို စနစ်တကျ ခွဲဝေပေးပြီးနောက်၊ သက်တော်စောင့်များက ကုန်သွယ်ရေးစခန်း၏ ကာကွယ်ရေးကို တောင့်တင်းခိုင်မာအောင် ပြင်ဆင်ကြသည်။ လန်ရှောင်သည် အနီးအနားရှိ လူမျိုးစုငယ်များကို စုစည်းပြီး အမတ မဟာမိတ်အဖွဲ့နှင့် ကျားဧကရာဇ်တို့၏ နှစ်ဖက်ညှပ်တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ပြင်ဆင်လေသည်။

လူတိုင်း လှုပ်ရှားသွားလာနေကြသဖြင့် ဟေးဖုန်းတောင်ကုန်းတစ်ခုလုံးမှာ ယခင်က မရှိခဲ့ဖူးသော တက်ကြွမှုများဖြင့် ပြည့်နှက်နေ၏။ ​စူးဝမ်ချင်းနှင့် ယဲ့လင်ရွှမ်းတို့ မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ပုံမှန်ဆိုလျှင် ခြေတစ်လှမ်း ပိုလျှောက်ရမှာကိုပင် ပျင်းရိနေတတ်သော ဤအိမ်ရှေ့မင်းသားသည် တကယ်တမ်း အလေးအနက် ထားမည်ဆိုပါက ၊ မဟာဗျူဟာများကို ချမှတ်ပြီး တပ်များကိုပင် ကွပ်ကဲနိုင်သည့် စစ်သေနာပတိကြီးတစ်ဦး၏ ဟန်ပန်ကို ပိုင်ဆိုင်ထားသည်။

​"ဒါက သူ့ရဲ့ တကယ့်မျက်နှာစစ်လား..."

​ထိုစဉ် သက်တော်စောင့်တစ်ဦးက သိလိုစိတ်ကို မထိန်းနိုင်ဘဲ မေးခွန်းထုတ်လိုက်သည်။

"အရှင့်သား၊ ဒါဆို အရှင်မင်းသားကရော....အရှင့်သားအတွက်က ဘာတာဝန် ရှိလဲ"

​လူတိုင်း၏ အကြည့်များက ရှောင်ရှန်းထံသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားသည်။ ရှောင်ရှန်း တစ်ယောက် သဘာဝအတိုင်းပင် ကျောဆန့်၍ သမ်းဝေလိုက်ရင်း။

​"ငါလား... ငါကတော့ နောက်တန်းကနေ ထိုင်ပြီး တစ်ခုလုံးကို ကြီးကြပ်ကွပ်ကဲဖို့နဲ့ ဘဝရဲ့ အဓိပ္ပာယ်ကို တွေးတောဖို့ တာဝန်ယူရမှာပေါ့...မင်းတို့ အကုန်လုံး အပြင်မှာ ပြေးလွှားနေကြတော့ လမ်းကြောင်းမှန်ကို ထိန်းကျောင်းပေးမယ့်သူ တစ်ယောက်တော့ ရှိရမယ်လေ"

" ဒါကို 'မဟာဗျူဟာမြောက် တည်ငြိမ်မှု' လို့ ခေါ်တယ်... မင်းတို့ နားလည်မှာ မဟုတ်ပါဘူး"

​သူသည် စကားကို ခဏရပ်လိုက်ပြီး အကြောင်းအရာကို ချက်ချင်းပြောင်းလိုက်သည်။

​"ဒါနဲ့ ဝံပုလွေအိုကြီး... မင်းတို့ဆီမှာ ရှုခင်းလှလှနဲ့ တိတ်ဆိတ်တဲ့နေရာလေး ဘာလေး မရှိဘူးလား...ဥပမာ ရေပူစမ်းလိုမျိုးပေါ့...ဒီရက်ပိုင်း နည်းနည်း ညောင်းညာနေလို့ မိစ္ဆာနယ်မြေရဲ့ ထူးခြားတဲ့ ဓလေ့စရိုက်တွေကို ခံစားရင်း တင်းကျပ်နေတဲ့ အာရုံကြောတွေကို နည်းနည်းလောက် အနားပေးမှ ဖြစ်တော့မယ်"

​လူတိုင်း ဆွံ့အသွားကြသည်။ စောစောကမှ ထွက်ပေါ်လာခဲ့သည့် 'စစ်သေနာပတိကြီး၏ ဟန်ပန်' ဆိုသော ထင်ယောင်ထင်မှားဖြစ်မှုလေးမှာ လေထဲသို့ လွင့်စင်ပျောက်ကွယ်သွားတော့သည်။

တကယ်တမ်းတွင် သူသည် မဟာဗျူဟာများကို ချမှတ်နေခြင်း မဟုတ်ဘဲ၊ အလုပ်ကိစ္စမှန်သမျှကို သူတစ်ပါးလက်ထဲ ပုံအပ်လိုက်ပြီးနောက် ကိုယ်တိုင်ဆက်လက် အပျင်းထူချင်နေခြင်းသာ ဖြစ်သည်။

သို့သော် ​လန်ရှောင်သည် ဤစကားကို ဧကရာဇ်၏ အမိန့်တော်ကဲ့သို့ပင် မှတ်ယူလိုက်သည်။ သူ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် အရောင်လက်သွားပြီး ဖြေကြားလိုက်သည်။

​"ရှိပါတယ်... ရှိပါတယ် လူကြီးမင်း၊ ကျွန်တော်တို့ ဟေးဖုန်းတောင်ကုန်းရဲ့ နောက်ဘက်တောင်ပေါ်မှာ သဘာဝအတိုင်း စီးဆင်းနေတဲ့ သန့်စင်တဲ့ ရေပူစမ်းတစ်ခု ရှိပါတယ်...အဲ့ဒီစမ်းရေက ဆောင်းတွင်းဆို နွေးပြီး နွေရာသီဆို အေးမြနေတာ... ရေစိမ်လိုက်ရင် အမောအပန်းတွေ အကုန်ပြေပြီး လန်းဆန်းသွားမှာပါ..."

" သာမန်ကောင်တွေဆိုရင် ပုံမှန်အချိန်မှာ အနားတောင် မကပ်ရဲကြဘူး...တောင်အကြီးအကဲ တစ်ယောက်ပဲ သုံးစွဲခွင့်ရှိတာလေ... ကျွန်တော် အခုပဲ လူလွှတ်ပြီး လူကြီးမင်းအတွက် အဆင်သင့်ဖြစ်အောင် သွားရှင်းလင်းခိုင်းလိုက်ပါ့မယ်"

ဤ​သို့ဖြင့် လူတိုင်း၏ ရှုပ်ထွေးတုန်လှုပ်နေသော အကြည့်များအောက်တွင် ရှောင်ရှန်းတစ်ယောက် သူ၏ 'အခြေအနေအားလုံးကို ကြီးကြပ်ကွပ်ကဲခြင်း' ဆိုသည့် တာဝန်ရှိရာ (ရေပူစမ်း) ဆီသို့ စိတ်အေးလက်အေးနှင့် ထွက်လာခဲ့သည်။

.....

​စူးဝမ်ချင်းသည် ပိန်လှီသော ကြွက်မိစ္ဆာ နှစ်ကောင်၏ လမ်းပြမှုဖြင့် မြူဆိပ်တောင်ကြား၏ အစွန်အဖျားသို့ ရောက်ရှိလာခဲ့သည်။ နေရာတစ်ခုလုံးမှာ နာမည်နှင့်အညီ ရောင်စုံအဆိပ်မြူများဖြင့် ထူထပ်စွာဖုံးလွှမ်းနေပြီး၊ သာမန်သက်ရှိများဆိုလျှင် ခြေတစ်လှမ်းချသည်နှင့် အရိုးပင်ကျန်မည်မဟုတ်ဘဲ သွေးဗွက်အိုင်တစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သည်။

သို့သော် ဆေးနှင့်အဆိပ်ပညာတွင် ကျွမ်းကျင်သော စူးဝမ်ချင်းအတွက်မူ ဤနေရာသည် နတ်ပြည်အလား ထင်မှတ်ရသည်။ ​

သူမသည် အားပြင်းသော အက်ဆစ်များကို ပန်းထုတ်တတ်သည့် မိစ္ဆာပန်းပင်များကို သတိကြီးစွာဖြင့် ရှောင်ကွင်းရင်း၊ ပွက်ပွက်ဆူနေသော အဆိပ်ရည်အိုင်ဘေးတွင် ထူးဆန်းသောအလင်းရောင်များ တောက်ပနေသည့် အနက်ရောင် မှိုပင်တစ်ပင်ကို ခူးယူလိုက်သည်။

​"နတ်သမီးလေး... ဒါကို 'ဝိညာဉ်ဆွေးမှို' လို့ ခေါ်တယ်..အဆိပ်အရမ်းပြင်းတာမို့ သတိထားပါ"

ကြွက်မိစ္ဆာက ဘေးမှ သတိပေးသည်။

​စူးဝမ်ချင်းက ထိုမှိုကို ကျောက်စိမ်းဆေးခွက်ထဲ ထည့်၍ စေ့စေ့စပ်စပ် လေ့လာလိုက်သည်။ ရုတ်တရက်၊ သူမ၏ မျက်ဝန်းများမှာ တုန်လှုပ်သွားသည်။

'ဝိညာဉ်ဆွေးမှို' ၏ အဆိပ်ထဲတွင် အလွန်အားနည်းသော်လည်း ရင်းနှီးနေသည့် အရာတစ်ခုကို သူမ တွေ့လိုက်ရသည်။ ၎င်းမှာ လင်ထျန်းယွိ၏ ကိုယ်ပေါ်တွင် ခံစားခဲ့ရသော 'ဝိညာဉ်အဆိပ်' နှင့် အနည်းငယ် ဆင်တူသည်။

သူမ၏ နှလုံးသားမှာ ရုတ်တရက် လေးလံသွားသည်။ မိစ္ဆာနယ်မြေ၏ အဆိပ်နှင့် အမတ မဟာမိတ်အဖွဲ့၏ လျှို့ဝှက်အဆိပ်ကြားတွင် လူမသိသူမသိ ဆက်စပ်မှုတစ်ခုခု ရှိနေသည်မှာ သေချာသလောက်ပင်။

​အခြားတစ်ဖက်တွင်မူ ယဲ့လင်ရွှမ်း၏ 'သံယောဇဉ်ဖလှယ်မှု' မှာ အရှိန်အဟုန်ပြင်းစွာ ဖြစ်ပွားနေသည်။

​ဟေးဖုန်းတောင်ကုန်း၏ တိုက်ခိုက်ရေးကွင်းပြင်တွင် ယဲ့လင်ရွှမ်းသည် သစ်သားဓားတစ်လက်ကို ကိုင်စွဲထားသည်။ သူမ၏ လှုပ်ရှားမှုမှာ လေပြေကဲ့သို့ သွက်လက်ပြီး ဓားအလင်းများမှာ အေးစက်စူးရှပေသည်။

သူမ၏ ရှေ့တွင် အရပ်သုံးမီတာကျော်မြင့်ကာ ကြွက်သားများရှိသည့် ဝက်ဝံမိစ္ဆာ 'ရှုံးပါး' က ဧရာမ ကျောက်တိုင်ကြီးကို ဝှေ့ယမ်း၍ လေပြင်းများကို ဖန်တီးနေလေ၏။

​"ဒေါင်"

​သစ်သားဓားက ကျောက်တိုင်၏ အားနည်းချက်ကို တိကျစွာ ထိုးနှက်လိုက်သည်နှင့် ၊ ပြင်းထန်သော တန်ပြန်အားကြောင့် ဝက်ဝံမိစ္ဆာကြီး၏ လက်ဖဝါးမှာ ကျင်တက်သွားပြီး ဧရာမခန္ဓာကိုယ်ကြီးမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားခဲ့ရသည်။

​"ကောင်းလိုက်တဲ့ ဓားရေးပဲ"

ဝက်ဝံမိစ္ဆာက ဟိန်းဟောက်လိုက်၏။ သူ၏မျက်လုံးထဲ၌ ဒေါသအရိပ်အယောင် လုံးဝ မရှိ၊ ယဲ့လင်ရွှမ်း၏ ပွင့်လင်းမြင်သာပြီး အန္တရာယ်ကင်းသော တိုက်ခိုက်ဟန်ကိုသာ လေးစားသွားဟန်ရှိသည်။

"လူသား... မင်း အရမ်းသန်မာတယ်...ငါ ရှုံးပါး... အရှုံးပေးတယ်"

​လူတိုင်းက အနာဂတ်အတွက် ပြေးကာလွှားကာ အလုပ်ရှုပ်နေကြစဉ် ၊ အခြေအနေအားလုံးကို 'ကြီးကြပ်ကွပ်ကဲနေသူ' အိမ်ရှေ့စံမင်းသား ရှောင်ရှန်းသည် လန်ရှောင်စီစဉ်ပေးထားသော ရေပူစမ်းထဲတွင် ဇိမ်ကျကျ လှဲလျောင်းနေ၏။

​ရေပူစမ်းသည် နာမည်နှင့်အညီ ရေအပူချိန်မှာ ကွက်တိဖြစ်ပြီး ပတ်ပတ်လည်တွင် မြူခိုးများ ရစ်သိုင်းနေကာ ရေခိုးရေငွေ့များထဲတွင် သစ်ပင်ပန်းမန်တို့၏ မွှေးပျံ့သောအနံ့များပင် ပါဝင်လျက် ရှိသည်။

ရှောင်ရှန်းသည် ရေမျက်နှာပြင်ပေါ်တွင် ခြေကားယားလက်ကားယား ပေါလောပေါ်နေပြီး ဇိမ်ကျလွန်းသဖြင့် စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။ ပင်ပန်းနွမ်းနယ်မှုများမှာ ခြေလက်များမှစ၍ တစ်ကိုယ်လုံးမှ တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားသည်။

'​ဘာအမတမဟာမိတ်အဖွဲ့လဲ....ဘာကျားဧကရာဇ်လဲ ...ဘာရောင်စုံ ဝိညာဉ်သန့်စင်ကြာလဲ... အဲ့တာတွေက အရေးပါသေးလို့လား'

​လောကကြီးတွင် အသက်ရှင်နေစဉ် ၊ ဘာမှမလုပ်ဘဲ ဤကဲ့သို့ လှဲနေရခြင်းထက် ပို၍ မှန်ကန်သော အမှန်တရားဟူသည် မရှိတော့လေပြီ။

All Chapters