← Chapters

အခန်း ၂၆၈

Vol. 27 Ch. 268

အခန်း ၂၆၈

Vol. 27 Ch. 268

အခန်း (၂၆၈) မင်္ဂလာပါ၊ ငါက ရေလာချိုးတာပါ

​ရှောင်ရှန်းတစ်ယောက် အရာရာကို မေ့လျော့ကာ လိုအင်ဆန္ဒကင်းမဲ့သည့် 'ပျင်းရိခြင်း' အခြေအနေထဲသို့ နစ်မြုပ်နေစဉ်၊ သူ၏ ခန္ဓာကိုယ်ထဲ၌ နှစ်ပေါင်းများစွာ တင်းကျပ်စွာ ချည်နှောင်ထားသော အရာတစ်ခုသည် တိတ်တဆိတ် ပွင့်ဟသွားသည်။

ကြာရှည်စွာ ငြိမ်သက်နေခဲ့သော 'မွေးရာပါ တာအို သန္ဓေသားလောင်း'သည် ရေနွေးနွေးထဲ စိမ်ထားသည့် မျိုးစေ့လေးတစ်စေ့ကဲ့သို့ ဖြည်းဖြည်းချင်း အသက်ဝင် ပွင့်လန်းလာ၏။

​ရေပူစမ်း၏ အောက်ခြေမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်ခုသည် တာအိုသန္ဓေသားလောင်း၏ ဖိတ်ခေါ်မှုကြောင့် တုန်ခါ လှုပ်ရှားလာသည်။ ၎င်းသည် သာမန်ဝိညာဉ်စွမ်းအင်များထက် ပိုမိုသန့်စင်ပြီး အဆပေါင်းများစွာ ရှေးကျသော စွမ်းအင်တစ်မျိုး ဖြစ်သည်။

​အစပိုင်းတွင် အမျှင်တန်းလေးများအဖြစ်သာ ရှောင်ရှန်း၏ ခန္ဓာကိုယ်အတွင်းသို့ ညင်သာစွာ စိမ့်ဝင်လာပြီး ၊ သူ၏သွေးကြောများကို ပြန်လည် အသက်သွင်းပေးလျက် ရှိသည်။

ရှောင်ရှန်းသည် သူ့တစ်ကိုယ်လုံး နွေးထွေးသွားကာ အကောင်းဆုံးသော နေရောင်ခြည်ကို နွေးနွေးထွေးထွေး ခံယူနေရသကဲ့သို့ အိပ်ချင်စိတ်များ ပိုမိုပြင်းထန်လာခဲ့သည်။ ​သို့သော် မကြာမီပင်၊ ထိုစွမ်းအင်စီးဝင်မှုနှုန်းမှာ ပို၍ မြန်ဆန် ပြင်းထန်လာ၏။

​ရေပူစမ်းကန်တစ်ခုလုံးမှာ ရုတ်တရက် "ပလုံ... ပလုံ" ဟူသော အသံများနှင့်အတူ ပွက်ပွက်ဆူလာသည်။ စမ်းရေအနက်ပိုင်းမှ အရောင်အသွေးစုံလင်သော စွမ်းအင်စီးကြောင်းများသည် ရူးသွပ်စွာ ပေါက်ကွဲထွက်လာပြီး၊ လှပသော လေဆင်နှာမောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုစွမ်းအင် လေဆင်နှာမောင်းကြီးသည် ရှောင်ရှန်း၏ ခန္ဓာကိုယ်ကို ဗဟိုပြု၍ ရူးသွပ်စွာ လည်ပတ်ကာ သူ၏ခန္ဓာကိုယ်အတွင်းသို့ အလုံးအရင်းဖြင့် တိုးဝင်လေတော့သည်။

"ဟင်"

​နိုးတစ်ဝက် မနိုးတစ်ဝက် အခြေအနေအောက်တွင် ၊ ရှောင်ရှန်းသည် တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။

"ဒီရေတွေက ဘာလို့ ဒီလောက်တောင် ပူလာရတာလဲ..."

​သူ မျက်လုံးဖွင့်ကြည့်ရန် အချိန်မရသေးမီမှာပင်၊ နှစ်ပေါင်းသန်းချီ၍ အိပ်မောကျနေခဲ့သော ဧရာမသားရဲကြီးတစ်ကောင် နိုးထလာသကဲ့သို့ ရှေးကျသော စိတ်ဆန္ဒတစ်ခုက သူ့ဦးနှောက်၏အနက်ပိုင်းတွင် ရုတ်တရက် နိုးထလာခဲ့သည်။

ထိုစွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲရှိ 'တာအိုသန္ဓေသားလောင်း' နှင့် ပြင်းထန်စွာ တုံ့ပြန်လျက် ရှိနေသည်။

​ထိုစဉ်မှာပင်—

​"ငါ့ရဲ့ ချင်းချိုး သန့်စင်ရေပူစမ်းရဲ့ မူလစွမ်းအင်ကို ဘယ်ကောင်ကများ ခိုးယူရဲတာလဲ"

​အေးစက်စက်နိုင်ပြီး မာနကြီးကာ အံ့ဩဒေါသသံပါသော အမျိုးသမီးတစ်ယောက်၏ အသံသည် အဆုံးမရှိသော လေထုကို ဖြတ်ကျော်ကာ သူ၏နားထဲသို့ တိုက်ရိုက် ရောက်ရှိလာ၏။

အသံတွင် မွေးရာပါညှို့ယူနိုင်စွမ်းများ ပါဝင်နေသဖြင့် ရှောင်ရှန်း၏ ဝိညာဉ်တစ်ခုလုံး တုန်တက်သွားပြီး အိပ်ချင်စိတ်များမှာလည်း တစ်စက္ကန့်အတွင်း လုံးဝ ပျောက်ကွယ်သွားခဲ့ရသည်။

​"ဝုန်း——"

​ရေပူစမ်းမျက်နှာပြင်မှာ ရုတ်တရက် ပေါက်ကွဲကာ ရေစက်များက ကောင်းကင်ထက်သို့ လွင့်စင်ကုန်သည်။ တစ်ချိန်တည်းမှာပင်၊ အဖြူရောင် ပုံရိပ်တစ်ခုက ရေပူစမ်းဘေးတွင် တိတ်ဆိတ်စွာ ပေါ်ထွက်လာ၏။

​သူမသည် ဖုန်တစ်စက်မျှ မတင်သော အဖြူရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး၊ သွယ်လျလှပသော ကိုယ်နေဟန်ထားက ရင်သပ်ရှုမောဖွယ်ရာ ကောက်ကြောင်းများကို ဖော်ပြနေသည်။ သူမ၏ မျက်နှာသွင်ပြင်မှာ လောကီလူသားတို့၏ အလှတရားထက် ကျော်လွန်သည်။

မျက်ခုံးများမှာ တောင်တန်းများကဲ့သို့ ထုဆစ်ထားဟန်ရပြီး မျက်ဝန်းတို့မှာ ဆောင်းဦးရာသီ၏ ရေပြင်ပမာ အေးစက်‌ပေသည်။ သို့သော် ယခုအခိုက်အတန့်တွင် ထိုမျက်ဝန်းထဲ၌ လောင်ကျွမ်းနေသော သတ်ဖြတ်လိုစိတ်များက တောင်ကြားတစ်ခုလုံး၏ အပူချိန်ကို အေးခဲသွားစေရန် လုံလောက်သည်။

​အထူးခြားဆုံးမှာ သူမ၏ နောက်ကျောတွင် ဖြန့်ကျက်ထားသော ဖြူဖွေးသည့် ဧရာမမြေခွေးအမြီးကိုးချောင်း ဖြစ်သည်။ လေတိုက်ခတ်ခြင်းမရှိဘဲ အလိုအလျောက် လှုပ်ရှားနေသော ထိုအမြီးကြီးများမှ ထွက်ပေါ်လာသည့် ဝိညာဉ်ဖိအားများသည် မြင်ရသူတိုင်း၏ ရင်ကို တုန်လှုပ်ချောက်ချားသွားစေနိုင်သည်။

ချင်းချိုးတောင်၏ သခင်၊ အမြီးကိုးချောင်း ကောင်းကင်မြေခွေး၊ ယွိီလော်ချာ။

ဤရုတ်တရက် အပြောင်းအလဲကြောင့် ရှောင်ရှန်းတစ်ယောက် လန့်ဖျပ်သွားပြီး ရေထဲမှ ထကာ တစ်ခုခု ရှင်းပြရန် ဟန်ပြင်လိုက်သော်လည်း၊

ဦးနှောက် အနက်ပိုင်းတွင် ယခုလေးတင်မှ နိုးထလာသော ထိုရှေးဟောင်း စိတ်ဆန္ဒသည် စွမ်းအားတစ်ခုခု၏ တွန်းအားပေးမှုကြောင့် ဝုန်းခနဲ ကွဲကြေသွားပြီး၊ အလင်းစက် သန်းပေါင်းများစွာအဖြစ် ပြောင်းလဲကာ သူ၏ စိတ်ဝိညာဉ်ထဲသို့ အတင်းအကျပ် ပေါင်းစပ်ဝင်ရောက်လာ၏။

ကွဲအက်နေသော မြင်ကွင်းပေါင်းများစွာ၊ နားလည်ရခက်သော သိမြင်မှုများ၊ ရှေးဟောင်း နိယာမ အပိုင်းအစများ... အစရှိသော အချက်အလက်ပေါင်းများစွာက သူ၏ ဦးနှောက်ထဲသို့ အတင်းအကျပ် ဝင်ရောက်လာခဲ့သည်။

ရှောင်ရှန်းမှာ ညည်းတွားလိုက်မိသည်။သူ၏ ဦးခေါင်းကို သံတူကြီးဖြင့် အပြင်းအထန် ထုနှက်နေသကဲ့သို့ ခံစားနေရသည်။ သူ့အနေဖြင့် မည်သည့် "အမွေဆက်ခံရရှိမှု" ၏ ပျော်ရွှင်မှုကိုမျှ မခံစားရသည့်အပြင် စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်။

' အရမ်း စိတ်ရှုပ်ဖို့ကောင်းတာပဲ...ခေါင်းတွေ အရမ်းကိုက်တယ်... လူကို ကောင်းကောင်းမွန်မွန် ရေချိုးခွင့်တောင် မပေးတော့ဘူးလား'

ယွိီလော်ချာသည် လက်ကို မြှောက်ကာ ဤရဲတင်းလွန်းသော သူခိုးကို လက်ဝါးတစ်ချက်တည်းဖြင့် အမှုန့်ကြိတ်ပစ်ရန် ပြင်ဆင်လိုက်သည်။ သို့သော် သူမ လှုပ်ရှားတော့မည့် အခိုက်အတန့်တွင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး နေရာမှာတင် တောင့်တင်းသွားသည်။

သူမ၏ လှပသော မျက်ဝန်းများက အံ့သြထိတ်လန့်စွာဖြင့် ပြူးကျယ်သွားပြီး ရေကန်ထဲရှိ နာကျင်နေသော မျက်နှာထားဖြင့် လူသားကို စိုက်ကြည့်နေမိသည်။

ရှောင်ရှန်း၏ ကိုယ်ပေါ်မှနေ၍ သူမနှင့် အလွန် ရင်းနှီးကျွမ်းဝင်နေသော၊ သွေးကြောထဲတွင်ပင် ရေးထွင်းထားသည်ဟု ဆိုနိုင်သော ရှေးကျသည့် တာအိုစည်းချက်တစ်ခုက ထိန်းချုပ်မရအောင် ထွက်ပေါ်နေ၏။

ထိုအငွေ့အသက်မှာ သူမတို့ ချင်းချိုး မျိုးဆက်၏ ဒဏ္ဍာရီလာ ဘိုးဘေးကြီးနှင့် ခုနစ်ပုံခန့် တူညီနေသည်။

ဤရေပူစမ်းထဲတွင် နှစ်ပေါင်း တစ်ထောင်ကြာ အိပ်မောကျနေခဲ့သော ဘိုးဘေး၏ တာအိုစည်းချက်ကို ကျင့်ကြံပေါင်းစပ်ရန်အတွက်၊ သူမသည် ဤနေရာတွင် အတားအဆီးများစွာ ချထားခဲ့ပြီး ၊ နှစ်ပေါင်း ရာချီ စောင့်ရှောက်ခဲ့ကာ အချိန်အခါကောင်းကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

အောင်မြင်ရန် နီးကပ်နေပြီဟု ထင်ထားသော်လည်း ရလဒ်အနေဖြင့် ဘယ်ကမှန်းမသိ ပေါ်လာသည့် လူသားကောင်လေး တစ်ယောက်က သူမ၏ မျက်စိရှေ့တင် "ကြားဖြတ် လုယူ" သွားခဲ့လေသလော။

နှစ်ပေါင်း ရာချီ စောင့်ဆိုင်းခဲ့ရမှု၊ ကြိုးပမ်းမှုများက တစ်မနက်တည်းနဲ့ အလဟဿ ဖြစ်သွားခဲ့ရချေပြီ။

'ဒါ ဘယ်လောက်တောင် ဒေါသထွက်စရာကောင်းပြီး အဓိပ္ပါယ်မဲ့လိုက်သလဲ...'

ယွိီလော်ချာ၏ ရင်ဘတ်ထဲတွင် သွေးများ ဆူပွက်လာပြီး သူမ၏ အေးစက်မာနကြီးသော ဟန်ပန်ကိုပင် ဆက်လက် မထိန်းထားနိုင်တော့ပေ။

ရှောင်ရှန်းသည် ထိုပြင်းထန်သော ခေါင်းကိုက်မှုမှ အတော်လေး သက်သာလာပြီးနောက်၊ မျက်လုံးဖွင့်လိုက်သည်နှင့် မီးတောက်များ ပန်းထွက်တော့မတတ် ဖြစ်နေသော ယွိီလော်ချာ၏ အကြည့်များနှင့် ဆုံတွေ့လိုက်ရသည်။

သူသည် တစ်ဖက်လူ၏ ထောင်မတ်နေသော အမြီးကိုးချောင်းကို မြင်သည်နှင့် ၊ အသက်ရှင်လိုစိတ်ကြောင့် ရေပူစမ်းထဲမှ ချက်ချင်း ထရပ်လိုက်ပြီး အပြစ်ကင်းဆုံးနှင့် အရိုးသားဆုံးဟု ထင်ရသော မျက်နှာအမူအရာကို ဆင်မြန်းလိုက်၏။

"ဟို... မင်္ဂလာပါ၊ ငါက ရေလာချိုးရုံ သက်သက်ပါ"

သူသည် စမ်းသပ်သည့် လေသံဖြင့် စကားစလိုက်သည်။

"မင်းတို့ဆီက ရေတွေက သူဟာသူ ငါ့ကိုယ်ထဲကို အတင်း ဝင်လာမယ်ဆိုတာ ဘယ်သူက သိမှာလဲ.....တကယ်ပြောတာပါ၊ မင်းတို့ဆီက ရေပူစမ်းက... ဝန်ဆောင်မှု ပေးတာ အရမ်းကို နွေးထွေးတာပဲနော်"

"နင်..."

ယွိီလော်ချာမှာ သူ၏ စကားကြောင့် ရင်ဘတ်ထဲတွင် ဆို့နင့်သွားပြီး မည်သို့ ဒေါသထွက်ရမည်ကိုပင် မသိတော့ချေ။

' နွေးထွေးတယ် ဟုတ်လား...ဒင်းကို အရေခွံခွာပြီး အကြောဆွဲထုတ်ပစ်ချင်နေတာပဲ သိတယ်...'

သို့သော် သူမဘက်မှ စကားမပြောရသေးမီမှာပင်၊ မာနထောင်လွှားသော ကျားဟိန်းသံကြီးတစ်ခုက မိုးခြိမ်းသံပမာ မိုးကုပ်စက်ဝိုင်းမှနေ၍ ပေါက်ကွဲထွက်လာပြီး ဟေးဖုန်းတောင်ကုန်း တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားသည်။

"ဝေါင်း——!"

အမတ မဟာမိတ်အဖွဲ့မှ တပည့်များထက် ပိုမို အာဏာစက် ပြင်းထန်သော မိစ္ဆာအငွေ့အသက်တစ်ခုက မိုးနှင့်မြေကြား ဖုံးလွှမ်းဝင်ရောက်လာ၏။

ကောင်းကင်ယံတွင် အမည်းရောင် ပုံရိပ်များ ပေါ်ထွက်လာရာ၊ ၎င်းတို့မှာ အထက်တန်းစား ကျားမိစ္ဆာ ရာချီ ပါဝင်သော တပ်မတော်ကြီး တစ်ခုပင် ဖြစ်သည်။ သူတို့အားလုံးသည် ချပ်ဝတ်တန်ဆာ အထူကြီးများကို ဝတ်ဆင်ထားပြီး ၊ ထက်မြက်သော လက်နက်များကို ကိုင်ဆောင်ထာ၏။ မျက်ဝန်းထဲ၌ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး ဤတောင်ထိပ်တစ်ခုလုံးကို ဝိုင်းရံထားကြသည်။

ဦးဆောင်လာသူမှာ ရွှေညိုရောင် စစ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ၊ နဖူးပေါ်တွင် မွေးရာပါ အမည်းရောင် "ဘုရင်" စာလုံးပုံစံ ပါရှိသော လူငယ် ကျားမိစ္ဆာ တစ်ကောင်ပင် ဖြစ်သည်။

သူသည် ကြောက်မက်ဖွယ်ကောင်းသော ကျားမိစ္ဆာကြီး တစ်ကောင်ကို စီးနင်းထားပြီး မာနထောင်လွှားမှု အပြည့်ရှိသည်။ သူသည် ကျားဧကရာဇ်၏ အချစ်ဆုံးသားတော် ၊ တတိယမင်းသား ဟူဝေး ပင် ဖြစ်သည်။

ဟူဝေး၏ ဘေးနားတွင် စောစောကမှ အရှက်တကွဲ ထွက်ပြေးသွားခဲ့သော လင်ထျန်းယွိ ရပ်နေ၏။

ဟူဝေးသည် ရေပူစမ်းဘေးရှိ ယွိီလော်ချာကို တစ်ချက် ကြည့်လိုက်ပြီးနောက် ၊ ထို့နောက် သူ၏ အကြည့်က ရေကန်ထဲရှိ ရှောင်ရှန်းပေါ်သို့ ကျရောက်သွားကာ နှုတ်ခမ်းထောင့်တွင် ရက်စက်သော အပြုံးတစ်ခု လှစ်ဟသွားလေ၏။

"ယွိီလော်ချာ၊ ငါ တတိယမင်းသားက မင်းကို အထင်မမှားခဲ့ဘူးပဲ...မင်းက လူသား သူလျှိုကို တိတ်တဆိတ် ဖုံးကွယ်ထားရဲရုံတင်မကဘူး၊ ငါတို့ မိစ္ဆာနယ်မြေရဲ့ အထွတ်အမြတ် ပစ္စည်းကိုပါ ခိုးယူဖို့ ကြံစည်နေသေးတယ်...ဒီနေ့တော့ မင်းရော ဒီကောင်လေးပါ ဒီနေရာမှာ သေရမယ်"

သူ၏ စကားထဲတွင် ငြင်းဆန်ခွင့်မရှိသော အာဏာရှင်လေသံ အပြည့်ရှိနေပြီး၊ သူတို့နှစ်ဦး၏ သေဒဏ်ကို အမိန့်ချမှတ်လိုက်သကဲ့သို့ပင်။

လင်ထျန်းယွိ၏ အမုန်းတရားများဖြင့် ပြည့်နှက်နေသော အကြည့်များက ရှောင်ရှန်းကို ပစ်မှတ်ထားနေပြီး ၊ သူသည် ရှောင်ရှန်းကို လက်ညှိုးထိုးကာ ဟူဝေးကို တိုင်တောလိုက်သည်။

"တတိယမင်းသား ဟူဝေး၊ သူပဲ... အဲဒီ မိစ္ဆာ အထွတ်အမြတ် ပစ္စည်းရဲ့ အငွေ့အသက်က သူ့ကိုယ်ပေါ်မှာ ရှိနေတယ်...သူ့ကို မြန်မြန်ဖမ်းပြီး အပိုင်းပိုင်း ခုတ်ထစ်ပစ်လိုက်"

"ဒါက "သက်သေခံပစ္စည်းရော လူပါ မိသွားပြီ" ဆိုတဲ့ သဘောပဲ"

ချက်ချင်းဆိုသလို ကွင်းပြင်ထဲရှိ အခြေအနေများက အလွန်ပင် ထူးဆန်းသွားခဲ့သည်။ ယွိီလော်ချာသည် အရှေ့ဘက်တွင် ကျားတစ်ကောင်လို စောင့်ကြည့်နေသော ဟူဝေး၏ တပ်မတော်ကြီးကို ကြည့်လိုက်၊ ဘေးနားတွင် ရေထဲမှ ယခုလေးတင် ထလာပြီး အင်္ကျီမပါဘဲ "ငါက ဘယ်သူလဲ၊ ငါ ဘယ်ရောက်နေတာလဲ၊ ဘာတွေ ဖြစ်ကုန်တာလဲ" ဆိုသည့် အမူအရာဖြင့် ဖြစ်နေသော ရှောင်ရှန်းကို ကြည့်လိုက်ဖြင့်၊ ယခင်က မကြုံတွေ့ဖူးသော အခက်အခဲကြီးကြားတွင် ပိတ်မိသွားတော့သည်။

သူမ၏ ရင်ထဲတွင် အေးစက်သွားသည်။

ကျားဧကရာဇ်သည် အမတ မဟာမိတ်အဖွဲ့နှင့် တိတ်တဆိတ် ပူးပေါင်းကာ သူမ၏ ချင်းချိုးတောင်မှ ပေါကြွယ်ဝသော မြေများနှင့် သယံဇာတများကို မက်မောနေသည်မှာ ကြာပြီဖြစ်ကြောင်း သူမ အသေအချာ သိထားသည်။

"လူသား သူလျှိုကို တိတ်တဆိတ် ဖုံးကွယ်ထားသည်" ဆိုသည်မှာ စစ်ပွဲစတင်ရန် အကြောင်းပြချက် တစ်ခုမျှသာ ဖြစ်သည်။

'သူ့ကို သတ်ရမလား... သူ့ကိုယ်ပေါ်မှာ ချင်းချိုး မျိုးဆက် ဘိုးဘေးရဲ့ အမွေအနှစ် ရှိနေတယ်၊ သူ့ကို သတ်လိုက်တာက ချင်းချိုးရဲ့ အမွေအနှစ်ကို ကိုယ်တိုင် ဖြတ်တောက်လိုက်တာနဲ့ အတူတူပဲ...'

'သူ့ကို ကာကွယ်ရမလား...သူက လူသား တစ်ယောက်ဖြစ်ရုံသာမက၊ ကျားဧကရာဇ်နဲ့ အမတ မဟာမိတ်အဖွဲ့က နာမည်တပ်ထားတဲ့ "ရာဇဝတ်ကောင်" လည်း ဖြစ်နေပြန်တယ်၊ သူ့ကို ကာကွယ်တာက အင်အားစုကြီး နှစ်ခုနဲ့ ချက်ချင်း စစ်ခင်းလိုက်တာနဲ့ အတူတူပဲ'

မိစ္ဆာနယ်မြေတွင် နှစ်ပေါင်း ရာချီ ဖြတ်သန်းလာခဲ့ပြီး ဉာဏ်ပညာနှင့် လုပ်ရည်ကိုင်ရည်ကြောင့် နာမည်ကြီးသော ဤချင်းချိုးသခင်မခမျာ ကျားပေါ်ခွစီးမိပြီး ဆင်းရခက်နေသည့် အခြေအနေမျိုးကို ပထမဆုံးအကြိမ်အဖြစ် ခံစားလိုက်ရသည်။

ထို့အပြင် ဤအရာအားလုံးကို စတင်ဖန်တီးသူ၊ သူမ၏ နှစ်ပေါင်း ရာချီ သွေးချွေးများကို ဖျက်ဆီးခဲ့သော တရားခံကြီးကတော့ ဤအခိုက်အတန့်တွင် အဝတ်အစား တစ်ထည်လောက် ရှာဝတ်ရန် ခြေလှမ်းများကို သတိကြီးစွာဖြင့် ရွှေ့လျားနေပြီး ၊ ပါးစပ်မှလည်း တိုးတိုးလေး ညည်းတွားနေလေ၏။

"ဒီတစ်ခါတော့ ပွဲစည်ပြီ၊ ဒီလိုဖြစ်မယ်မှန်း စောစောကတည်းက သိရင် ဒီရေပူစမ်း လာမချိုးပါဘူး၊ ဒုက္ခပါပဲ..."

All Chapters