အခန်း ၂၇၁
Vol. 28 Ch. 271
အခန်း (၂၇၁) - စစ်ပွဲမှရသော ပစ္စည်းများကို အထုပ်ပြင်ပြီး သယ်သွားမည်
ချိုင့်ဝှမ်းတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ စောနက ထွက်ပေါ်လာသော ကြည်လင်ပြတ်သားသော “ဒုန်း” ဆိုသည့်အသံကြောင့် လေတောင်မှ ရပ်တန့်သွားသယောင်ပင်။
အားလုံး၏ လှုပ်ရှားမှုများမှာ ရပ်တန့်သွားကြသည်။ သွေးစွန်းနေသည့် တိုက်ပွဲတွင် ရုန်းကန်နေရသော ချင်းချိုးမြေခွေးမိစ္ဆာများပင် ဖြစ်စေ၊ ကြမ်းတမ်းရက်စက်သော ကျားမျိုးနွယ်စု စစ်သည်များပင် ဖြစ်စေ၊ အကူအညီပေးရန် အလျင်စလိုရောက်လာသော ရှုံ့ပါးနှင့် သူ ခေါ်ဆောင်လာသည့် မျိုးနွယ်စုမှ ကျွမ်းကျင်သူများပင် ဖြစ်စေ၊
ယခုအခါတွင်မူ တစ်စုံတစ်ယောက်က ထိန်းချုပ်လိုက်သကဲ့သို့ တောင့်ခဲနေကြပြီး အဝေးရှိ ရှောင်ရှန်းနှင့် မြေပြင်ပေါ်တွင် သတိလစ်မေ့မြောနေသည့် ဟူဝေးတို့ကြားတွင် အကြည့်များ ကူးလူးလျက်ရှိသည်။
‘ဘာတွေဖြစ်ကုန်တာလဲ..’
မိစ္ဆာမျိုးနွယ်စုအားလုံး၏ စိတ်နှလုံးကို ကြောက်ရွံ့တုန်လှုပ်စေပြီး၊ ယွီလော့ချာကိုယ်တိုင်ပင် အခက်အခဲတွေ့ခဲ့ရသည့် ဝိညာဉ်တစ်သောင်း အလံမှာ တစ်ချက်တည်း ရိုက်ချလိုက်ရုံဖြင့် ပျက်စီးသွားခဲ့လေသလော။ ဖုန်မှုန့်အဖြစ် ပြောင်းသွားခဲ့လေသလော။
ယွီလော့ချာသည် အစီအရင်၏ ဗဟိုတွင် ရှိနေပြီး အစီအရင်ကို ဆက်လက်ထိန်းချုပ်ထားသော်လည်း ၊ သူမ၏ စိတ်ဝိညာဉ်မှာမူ ကျောက်တုံးကြီးနောက်ကွယ်တွင် ရှိနေသည်။
သူမသည် လက်ကိုခါယမ်းပြီး “လက်တွေတောင် ထုံသွားပြီ” ဟု စိတ်ပျက်လက်ပျက် ရေရွတ်နေသည့် ထိုလူငယ်ကို ကြည့်နေမိသည်။ လောကဓံကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသော သူမ၏ မျက်ဝန်းအစုံတွင် ပထမဆုံးအကြိမ်အဖြစ် ယုတ္တိမရှိသော မတင်မကျဖြစ်မှုများ ပေါ်ပေါက်လာ၏။
‘ ဒါ ဘယ်လိုစွမ်းအားလဲ... ‘
ဤသည်မှာ ဝိညာဉ်စွမ်းအားမဟုတ်သလို၊ မိစ္ဆာစွမ်းအားလည်း မဟုတ်ပေ။ သူမ သိထားသည့် မည်သည့် နတ်ဝိဇ္ဇာစွမ်းရည်နှင့်မျှ မတူပေ။ ၎င်းသည် သန့်စင်ပြီး အာဏာရှင်ဆန်ကာ လမ်းစဉ်အားလုံးထက် သာလွန်သည့် တာအိုပင်။
သူမ ရာစုနှစ်တစ်ခုလုံး စောင့်ထိန်းခဲ့ပြီး စိတ်ကူးယဉ်ခဲ့ရသည့် ဘိုးဘေး၏ အမွေအနှစ်ကို နည်းနည်းလေးမှ မထိတွေ့နိုင်သေးခင်မှာပင်၊ ဤလူငယ်သည် ယင်ကောင်ရိုက်သကဲ့သို့ ပေါ့ပေါ့ပါးပါး အသုံးပြုသွားခဲ့သည်။
ဤတိတ်ဆိတ်မှုကို အရင်ဆုံး ဖြိုခွင်းလိုက်သူများမှာ ဟူဝေး၏ သစ္စာရှိလက်ရုံးတော်များပင် ဖြစ်သည်။ သူတို့သည် အာရုံပျံ့လွင့်ရာမှ သတိပြန်ကပ်လာသည်နှင့် ဝမ်းနည်းကြေကွဲစွာ အော်ဟစ်လိုက်ကြပြီး ပြိုင်ဘက်များကို စွန့်ခွာကာ သူတို့၏ သခင်ကို ကယ်တင်ရန် ပြေးလာကြသည်။
သို့သော် စစ်တပ်၏ စိတ်ဓာတ်များမှာ ပြိုကွဲသွားခဲ့ပြီ ဖြစ်သည်။
“ဝေါင်း”
ရှုံ့ပါး၏ ဧရာမ လက်နက်ကြီးသည် လှုပ်ရှားနေသည့် တောင်နံရံတစ်ခုကဲ့သို့ ရိုက်ချနေပြီး၊ ရှေ့ဆုံးမှ ပြေးဝင်လာသော ကျားမိစ္ဆာအချို့မှာ အရိုးများကျိုးကြေကာ လွင့်ထွက်သွားကြသည်။
“ထပ်တိုက်ချင်သေးလား...မင်းတို့သခင်တောင် လဲနေပြီလေ”
ရှုံ့ပါးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
မိမိတို့၏ ခေါင်းဆောင်မှာ ဒဏ်ရာပြင်းထန်စွာဖြင့် သတိလစ်နေပြီဖြစ်ပြီး အားအကောင်းဆုံး လက်နက်မှာလည်း ပျက်စီးသွားခဲ့ချေပြီ။
အမတ မဟာမိတ်မှ ကျင့်ကြံသူများမှာလည်း စူးဝမ်ချင်း၏ အဆိပ်ငွေ့ကြောင့် စွမ်းအားများ ထုတ်မရ ဖြစ်နေကြသည်။ ကျန်ရှိနေသော ကျားမိစ္ဆာတပ်ဖွဲ့မှာ စိတ်ဓာတ်များ ကျဆင်းသွားပြီး ချင်းချိုးမျိုးနွယ်စုနှင့် ရှုံ့ပါးတို့၏ တန်ပြန်တိုက်ခိုက်မှုအောက်တွင် လက်နက်ချအညံ့ခံကြရတော့သည်။
ချင်းချိုးတောင်ကို ပျက်စီးစေနိုင်သည့် ဤတိုက်ပွဲမှာ မည်သူမျှ မျှော်လင့်မထားသည့် နည်းလမ်းဖြင့် ဇာတ်သိမ်းသွားခဲ့သည်။
ရှောင်ရှန်းသည် လက်မှဖုန်များကို ခါထုတ်လိုက်ပြီး ကျောက်တုံးကြီးနောက်မှ ထွက်လာသည်။ သူသည် ကမ္ဘာကိုကယ်တင်သည့် သူရဲကောင်းပုံစံမျိုး မဟုတ်ဘဲ လုပ်ငန်းခွင်ကို စစ်ဆေးနေသည့် ကန်ထရိုက်တာတစ်ဦးနှင့် ပိုတူသည်။
သူသဘ် ချောင်းတစ်ချက် ဟန့်လိုက်ရင်း ငေးငိုင်နေသူများကို ပြောလိုက်သည်။
“အားလုံး ဘာလုပ်နေကြတာလဲ... အလုပ်ပြီးပြီ၊ ပစ္စည်းတွေ သိမ်းရတော့မယ်”
သူသည် မြေပြင်ပေါ်ရှိ အလောင်းများကို ညွှန်ပြလိုက်သည်။
“သေတဲ့ကောင်တွေကို ဝေးဝေးမှာ သွားမြှုပ်လိုက်၊ ပတ်ဝန်းကျင်မညစ်ညမ်းစေနဲ့.. ဓာတ်မြေသြဇာအနေနဲ့တော့ သုံးလို့ရတာပေါ့”
ထို့နောက် လက်နက်ချထားသော ကျားမိစ္ဆာများကို ညွှန်ပြကာ ဆကိပြောသည်။
“အရှင်တွေကို ခိုင်ခံ့တဲ့ ကြိုးတွေနဲ့ ချည်ထားလိုက်၊ တစ်ကောင်မှ လွတ်မသွားစေနဲ့... နောက်မှ သူတို့မိဘဆီက ရွေးချယ်ခ တောင်းမယ်.. ဒီကောင်တွေက ကြံ့ခိုင်တယ်၊ ဈေးကောင်းရလိမ့်မယ်”
နောက်ဆုံးတွင် သူ့အကြည့်က မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည့် လက်နက်များနှင့် သံချပ်ကာများပေါ်သို့ ကျရောက်သွားပြီး ရွှေဒင်္ဂါးများကို တွေ့လိုက်ရသကဲ့သို့ မျက်လုံးများမှာ အရောင်လက်လာသည်။
“ဒီလက်နက်နဲ့ သံချပ်ကာတွေကို သေချာသိမ်းထားလိုက်..ဒါတွေက ပိုက်ဆံတွေပဲ..နောက်မှ အရည်ဖျော်ရောင်းမလား၊ ဒါမှမဟုတ် တခြားမျိုးနွယ်စုတွေကို ပြန်ရောင်းမလားဆိုတာ ပြန်စဉ်းစားကြမယ်... အလကားတော့ မဖြစ်စေရဘူး”
လူအများ - “...”
လူအများကို ကယ်တင်ခဲ့သော သူရဲကောင်းအပေါ်ထားရှိသည့် ရိုသေလေးစားမှုများမှာ ဤစကားများကြောင့် လွင့်စင်သွားရသည်။
ယွီလော့ချာ၏ နှုတ်ခမ်းများမှာ တုန်ယင်သွားသည်။ ယဲ့လင်ရွှမ်းနှင့် စူးဝမ်ချင်းတို့မှာလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။
ရှောင်ရှန်းကမူ ၎င်းတို့ကို ဂရုမစိုက်ဘဲ သတိလစ်နေသည့် ဟူဝေးထံ လျှောက်သွားကာ သူ ဝတ်ထားသည့် တန်ဖိုးကြီး ကျားသစ်ရောင် သံချပ်ကာကို ခြေဖြင့် ကန်လိုက်သည်။
“ဟေ့၊ ထတော့၊ သေချင်ယောင်မဆောင်နဲ့”
ဟူဝေးမှာ တုံ့ပြန်မှုမရှိ။
“အိုင်း တကယ်ကို ရှုပ်တယ်”
ရှောင်ရှန်းသည် ကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး သူ့ကိုယ်ပေါ်တွင် ရှာဖွေကာ ဆိုလိုက်၏။
“မင်းအဖေရဲ့ ဆက်သွယ်ရေးနံပါတ်က ဘာလဲ... မြန်မြန်ပြောစမ်း၊ မင်းအဖေကို ပြောလိုက်၊ သူ့သား ငါ့လက်ထဲရောက်နေပြီလို့...သားဖြစ်သူကို ပြန်လိုချင်ရင် ‘ရောင်စုံဝိညာဉ်သန့်စင်ကြာ’ နဲ့ လာလဲ...ဈေးမလျှော့ဘူး၊ ကြွေးမရောင်းဘူး”
ဤစကားကို ကြားလိုက်ရသောအခါ ယွီလော့ချာ၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားသည်။
‘ရောင်စုံဝိညာဉ်သန့်စင်ကြာတဲ့လား... သူ မိစ္ဆာနယ်မြေကို လာပြီး ကိစ္စတွေကို ရှုပ်ထွေးအောင်လုပ်နေတာက ဒါအတွက်လား’
သူမ၏ စိတ်ထဲတွင် အတွေးများစွာ စိုးမိုးနေသည်။ ဤလူငယ်မှာ ပေါ့ပါးသယောင်ရှိသော်လည်း ခြေလှမ်းတိုင်းက ရည်ရွယ်ချက်များ ရှိနေသည်။ သူသည် အမှန်တကယ်ပင် ပျင်းရိနေတတ်သော မင်းသားတစ်ပါးပင်လော။
သူမ လုံးဝနားမလည်နိုင်ပေ။
ထိုအချိန်တွင် ယွီလော့ချာသည် ရှေ့သို့ လှမ်းလာကာ အစီအရင်ကို ရုပ်သိမ်းလိုက်ပြီး ရှောင်ရှန်းရှေ့တွင် ရပ်တန့်ကာ ရိုသေစွာဖြင့် အရိုအသေပေးလိုက်သည်။
“ အရှင့်သားရဲ့ ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်..ဒီကျေးဇူးတရားကို ချင်းချိုးမျိုးနွယ်စုက ဘယ်တော့မှ မမေ့ပါဘူး”
ရှောင်ရှန်းမှာ သူမ၏ လေးနက်သောပုံစံကို ကြည့်ပြီး နေရခက်သွားကာ လက်ကို ဝှေ့ယမ်းလိုက်သည်။
“ဟာ၊ ရပါတယ်...အပိုတွေ လုပ်မနေပါနဲ့...ကျွန်တော်တို့က လက်တွဲဖော်တွေပဲ၊ ခင်ဗျားရဲ့ရန်သူက ကျွန်တော့်ရန်သူပဲ၊ ဒါက လုပ်သင့်တဲ့ကိစ္စပါ”
သူသည် တစ်ခုခုကို သတိရသွားဟန်ဖြင့် မျက်လုံးများ အရောင်လက်ကာ ပြုံးလိုက်သည်။
“အော်၊ မြေခွေးမလေး၊ တစ်ခုလောက် တိုင်ပင်ရအောင်”
ယွီလော့ချာ မျက်ခုံးပင့်သွားသည်။
“ အရှင့်သား ပြောပါ”
“ခင်ဗျားဆီက ရေပူစမ်းက အတော်ကောင်းတာပဲ၊ စိမ်ရတာ အရမ်းသက်သာတယ်... နောက်လည်း မကြာခဏ လာစိမ်လို့ရမလား...စိတ်မပူပါနဲ့၊ အလကားမစိမ်ပါဘူး... VIP ဈေးနဲ့ 20% လျှော့ပေးလိုက်မယ်လေ၊ ဘယ်လိုလဲ”
ယွီလော့ချာ - “...”
စူးဝမ်ချင်းသည် တိုက်ပွဲသိမ်းရာတွင် မပါဝင်ဘဲ မြေပြင်ပေါ်ရှိ ဝိညာဉ်တစ်သောင်း အလံအပိုင်းအစများကို ကောက်ယူကာ စစ်ဆေးနေသည်။ ခဏအကြာတွင် သူမ၏ မျက်နှာမှာ အလွန်ပင် လေးနက်သွားသည်။
သူမသည် ရှောင်ရှန်းထံသို့ လျှောက်သွားကာ တိုးတိုးလေး ဆိုလိုက်သည်။
“ အရှင့်သား၊ တစ်ခုခုတွေ့ထားတယ်”
“အမ်”
“ဒီအလံအပိုင်းအစတွေမှာ သိပ်ကိုဆိုးရွားတဲ့ စုန်းအတတ် နည်းလမ်းတွေ ကျန်နေခဲ့တယ်...ကျွန်မသေချာပေါက် ပြောနိုင်တာက ဒီနည်းလမ်းက အရင်က မြို့တော်မှာတွေ့ခဲ့တဲ့ ‘ဝိညာဉ်အဆိပ်’ နဲ့ အရင်းအမြစ်တစ်ခုတည်းပဲ...”
“ ကောင်းကင်အရှင်ရဲ့ လက်တံတွေက မိစ္ဆာနယ်မြေထဲအထိ ရောက်နေပြီး ယုတ်မာတဲ့ စမ်းသပ်မှုတွေကို လုပ်နေပုံရတယ်”
ရှောင်ရှန်း၏ မျက်နှာပေါ်မှ အပြုံးများမှာ ပျောက်ကွယ်သွားသည်။
ကောင်းကင်အရှင်... ဤလူသည် သူထင်ထားသည်ထက် ဩဇာအာဏာ ပိုကြီးမားနေသည်။
ထိုအချိန်တွင် လူအုပ်ကြားရှိ လင်ထျန်းယွီကို မည်သူမျှ သတိမထားမိကြပေ။ သူသည် ရှောင်ရှန်းကို ကြည့်ကာ အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။
သူသည် ရင်ဘတ်ထဲမှ သွေးရောင် ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်ပြီး ပြင်းပြင်းထန်ထန် ချေမွလိုက်သည်။
“ရှောင်ရှန်း...စောင့်နေလိုက်၊ ကောင်းကင်အရှင်က မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး”
သွေးရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး လင်ထျန်းယွီမှာ နေရာမှ ပျောက်ကွယ်သွားသည်။
ရှောင်ရှန်းသည် နှုတ်ခမ်းမဲ့ကာ ဂရုမစိုက်ချေ။ ၎င်းမှာ ရှုံးနိမ့်သူတစ်ယောက်သာ ဖြစ်သည်။ သူ ယခု စိတ်ဝင်စားသည်မှာ လူရွေးကြေးကိစ္စသာ ဖြစ်သည်။
သို့သော်လည်း ကိစ္စရပ်များမှာ သူမျှော်လင့်ထားသည်ထက် ပိုမိုကြီးမားလာသည်။
နာရီဝက်အကြာတွင် ကျားဧကရာဇ်၏ စေတမန် ရောက်ရှိလာသည်။ သို့သော် သူ လာသည်မှာ လူရွေးကြေးပေးရန် မဟုတ်ဘဲ စစ်ပွဲစိန်ခေါ်လွှာကို ယူဆောင်လာခြင်း ဖြစ်သည်။
“ကျားဧကရာဇ်ရဲ့ အမိန့်တော်....လူသားမျိုးနွယ်က လှည့်စားသူ ရှောင်ရှန်း နဲ့ ချင်းချိုးအရှင် ယွီလော့ချာတို့ နားထောင်ကြ”
“ဟူဝေးဟာ အရည်အချင်းမရှိလို့ ရှုံးနိမ့်ခဲ့တယ်...ဒါဟာ သူ့အပြစ်သာ ဖြစ်တယ်.. ငါတို့ သားရဲတစ်သောင်းတောင်က ရှုံးနိမ့်သူအတွက် ပစ္စည်းနှင့် လဲလှယ်မှာ မဟုတ်ဘူး”
“သုံးရက်မြောက်နေ့၊ နေ့လယ်အချိန်...သားရဲတစ်သောင်းတောင်မှာ မင်းတို့ကို စောင့်နေမယ်.... ဒီတိုက်ပွဲဟာ အသက်နဲ့လဲရမယ့် တိုက်ပွဲဖြစ်သလို အနိုင်အရှုံး ဆုံးဖြတ်မယ့်ပွဲပဲ”
“မင်းတို့... တိုက်ရဲလား”
ရှောင်ရှန်းသည် စိန်ခေါ်လွှာကို ကြည့်ကာ၊ ထို့နောက် ဝေးလံသော သားရဲတစ်သောင်းတောင်ကို လှမ်းကြည့်ရင်း သက်ပြင်းချလိုက်သည်။
“ငါက ရေပူစမ်းစိမ်ပြီး ပစ္စည်းလေး နည်းနည်းလောက် လိုချင်ရုံသက်သက်ပါ... ဘာလို့ ဒီလောက်ထိ ရှုပ်ထွေးသွားရတာလဲ”
“ ပြသနာပါပဲ...”