အခန်း ၂၇၂
Vol. 28 Ch. 272
အခန်း (၂၇၂) - မိစ္ဆာနယ်မြေတစ်ခုလုံးကို လောင်းကြေးထပ်ခြင်း
ကျားစစ်သူကြီး၏ ကြောက်မက်ဖွယ်ရာ ဖိအားများမှာ သူ၏ ထည်ဝါသော ကျောပြင်နှင့်အတူ ချိုင့်ဝှမ်းအဆုံး၌ ပျောက်ကွယ်သွားခဲ့သော်လည်း ၊ မြေပြင်ပေါ်သို့ ပစ်ချခဲ့သည့် စိန်ခေါ်လွှာသည် နေရာရှိ မိစ္ဆာတိုင်း၏ ရင်ထဲ၌ မီးခဲနှင့် တို့ထိလိုက်သကဲ့သို့ ပူလောင်နေစေသည်။
ကျားဧကရာဇ် ကိုယ်တိုင်လာရောက်ပြီး သားရဲတစ်သောင်းတောင်၌ အဆုံးအဖြတ် တိုက်ပွဲဆင်နွှဲမည်...
ဤစကားတိုလေးအတွင်း ပါဝင်နေသည့် အလေးချိန်မှာ မည်သည့်မျိုးနွယ်စု၏ ကျောရိုးကိုမဆို ကျိုးကြေသွားစေနိုင်သည်။ ၎င်းမှာ မိစ္ဆာနယ်မြေကို ရာစုနှစ်ပေါင်းများစွာ အုပ်စိုးခဲ့သည့် အကြွင်းမဲ့ အာဏာရှင်ဖြစ်ပြီး၊ မိစ္ဆာမျိုးနွယ်စုတို့၏ စိတ်နှလုံး၌ မည်သို့မျှ အနိုင်မယူနိုင်သော အရိပ်မည်းတစ်ခုဖြစ်သည်။
ချိုင့်ဝှမ်းအတွင်းရှိ အောင်ပွဲခံ လေထုမှာ ရုတ်ချည်းပင် အေးခဲသွားသည်။ အောင်ပွဲကြောင့် တောက်လောင်နေခဲ့သော သွေးသားများမှာလည်း လျင်မြန်စွာပင် အေးစက်သွားပြီး၊ ပိုမိုနက်ရှိုင်းသော ကြောက်ရွံ့မှုများက အစားထိုးဝင်ရောက်လာ၏။
“တောင်သခင်၊ လုံးဝမဖြစ်ဘူး”
တစ်ခေါင်းလုံး ဖြူနေသည့် ချင်းချိုးအကြီးအကဲတစ်ဦးသည် တုတ်ကောက်ကို အားပြုလျက် တုန်တုန်ရီရီဖြင့် ထွက်လာပြီး၊ မျက်နှာထက်တွင် ကြောက်ရွံ့မှုနှင့်အတူ တောင်းပန်လိုသော အရိပ်အယောင်များ ဖုံးလွှမ်းနေသည်။
“ကျားဧကရာဇ်ရဲ့ ဒီလုပ်ရပ်က ပွင့်လင်းမြင်သာတဲ့ ထောင်ချောက်တစ်ခုပဲ....သားရဲတစ်သောင်းတောင် ဆိုတာ သူ ရာစုနှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ အသိုက်အမြုံပဲ...အဲဒီမှာ အစီအရင်တွေ၊ ထောင်ချောက်တွေ အပြည့်ပဲ....ကျွန်တော်တို့ သွားမယ်ဆိုရင် ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲ”
နောက်ထပ် မြေခွေးမျိုးနွယ်စု အကြီးအကဲတစ်ဦးကလည်း ထောက်ခံလိုက်သည်။
“အကြီးအကဲ ပြောတာမှန်တယ်... ကျွန်တော်တို့က ချင်းချိုးတောင်ရဲ့ မြေအနေအထားနဲ့ အစီအရင်တွေကို အမှီပြုပြီး ခုခံနိုင်သေးတယ်... ဒီနေရာက ထွက်သွားတာနဲ့ သေလမ်းကို လျှောက်တာပဲ”
ခဏတာအတွင်းမှာပင် တားဆီးသံများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ယွီလော့ချာ၏ လက်ရုံးတော်များမှာ လေးနက်နေကြပြီး ၊ ခုနက အောင်ပွဲခံနေသည့် ရှုံ့ပါးပင်လျှင် စိတ်လှုပ်ရှားမှု မှာ ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ယွီလော့ချာသည် လူတိုင်းကို တစ်ချက်ကြည့်လိုက်သည်။ ၎င်းမှာ ထောင်ချောက်ဖြစ်ကြောင်း သူမ သိသည်။ သို့သော် ကျားဧကရာဇ်က ထိုသို့ တည့်တည့်မတ်မတ်ဖြင့် အနိုင်ယူလိုသည့် ဇာတ်လမ်းကို ကစားနေသည်။
သူသည် မိစ္ဆာအားလုံးရှေ့၌ လောင်းကြေးကို ချလိုက်ပြီဖြစ်သည်။ အနိုင်ရသူမှာ အရာအားလုံးကို ပိုင်ဆိုင်မည်၊ ရှုံးနိမ့်သူမှာ အရာအားလုံးကို ပေးဆပ်ရမည်။
အကယ်၍ သူမ တိုက်ခိုက်ရန် ငြင်းဆန်လိုက်ပါက ယနေ့ ဖွဲ့စည်းလိုက်သည့် မဟာမိတ်တပ်ဖွဲ့၏ စိတ်ဓာတ်မှာ ပြိုကွဲသွားမည် ဖြစ်သည်။ ကျားဧကရာဇ်အနေဖြင့် တိုက်ခိုက်စရာပင် မလိုတော့ဘဲ “စစ်ကိုကြောက်သည့်” အမည်ဆိုးဖြင့် ချင်းချိုးမျိုးနွယ်စုမှာ မိစ္ဆာနယ်မြေတွင် ခေါင်းဖော်နိုင်တော့မည် မဟုတ်ပေ။
ရှေ့တွင် နဂါးရေကန်နှင့် ကျားတွင်းရှိနေပြီး၊ နောက်တွင်မူ ချောက်နက်ကြီးရှိနေသည်။
ဤကဲ့သို့ အသက်ရှူကြပ်ဖွယ်ရာ တိတ်ဆိတ်မှုအတွင်း၌ လူတိုင်း မေ့လျော့နေသည့် ထိုလူငယ်လေးသည် ပျင်းရိစွာ သန်းဝေလိုက်သည်။
ရှောင်ရှန်းသည် ရှေ့သို့တက်လာပြီး ခြေဖျားဖြင့် မြေပြင်ပေါ်က စိန်ခေါ်လွှာကို ကောက်တင်ကာ အလေးချိန်ကို ခန့်မှန်းကြည့်သည်။
“သွားမယ်၊ ဘာလို့ မသွားရမှာလဲ”
သူ၏ ပေါ့ပေါ့ပါးပါး အသံသည် လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားသည်။
“တံခါးဝထိ ရောက်လာတဲ့ စီးပွားရေးအခွင့်အရေးကို လက်လွတ်ခံလို့မရဘူး... သူက လောင်းကစားလုပ်ချင်တာလား...ဒါဆိုရင် ငါတို့က အကြီးကြီး လောင်းမယ်”
လူတိုင်း အံ့အားသင့်သွားကြသည်။
‘ စီးပွားရေး... အကြီးကြီး လောင်းကြေးထပ်မယ်..... ဒီလိုအချိန်မှာတောင် ဒီလူရဲ့ ခေါင်းထဲမှာ ဘာတွေတွေးနေတာလဲ’
ရှောင်ရှန်းက လူအများ၏ အံ့အားသင့်သော အကြည့်များကို ဂရုမစိုက်ဘဲ ယွီလော့ချာ၊ ရှုံ့ပါး နှင့် မဟာမိတ်ခေါင်းဆောင်များကို မျက်နှာချင်းဆိုင်ကာ စီးပွားရေးသမားတစ်ဦးကဲ့သို့ ပြုံးရယ်လိုက်ရင်း။
“အားလုံးပဲ...”
သူသည် ချောင်းဟန့်လိုက်ပြီး လမ်းဘေးဈေးသည်တစ်ဦးကဲ့သို့ စတင် ပြောကြားလေတော့သည်။
“အမြင်ကို ကျယ်ကျယ်ထားရမယ်လေ... ဒီတစ်ခေါက် သားရဲတစ်သောင်းတောင်ကို သွားတာက တိုက်ခိုက်ဖို့ မဟုတ်ဘူး၊ ‘ပေါင်းစည်းဝယ်ယူမှု’ လုပ်ဖို့ သွားတာ”
“’ပေါင်းစည်း... ဝယ်ယူမှု’”
ရှုံ့ပါးသည် သူ၏ ဦးခေါင်းကို ကုတ်ကာ နားမလည်စွာဖြင့် ပြန်မေးလိုက်သည်။
“ဟုတ်တယ်”
“ရိုးရိုးပြောရရင် ကျားဧကရာဇ်က အခု ‘မိစ္ဆာနယ်မြေ ‘ ရဲ့ သူဌေးကြီးတစ်ဦးပေါ့ ဒါပေမဲ့ သူက စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်၊ ပြည်သူတွေရဲ့ မကျေနပ်ချက်တွေ များတယ်၊ ပြီးတော့ သူက ပြင်ပလူတွေနဲ့ ပူးပေါင်းပြီး လုပ်ငန်းကို ဒေဝါလီခံရမယ့် အခြေအနေ ရောက်အောင်လုပ်နေတယ်”
“ ငါတို့ကတော့ ရှယ်ယာရှင်တွေရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတဲ့ အင်အားစုသစ်တွေပေါ့... ဒီတစ်ခေါက် သားရဲတစ်သောင်းတောင်ကို သွားတာက ဘုတ်အဖွဲ့ အစည်းအဝေးခေါ်ပြီး သူ့ကို ရာထူးကနေ ဖယ်ရှားဖို့ပဲ”
သူသည် ပိုမိုစိတ်လှုပ်ရှားစွာဖြင့် ကြီးမားသော ပုံစံများကို ရေးဆွဲပြလေ၏။
“နိုင်သွားရင် သားရဲတစ်သောင်းတောင် တစ်ခုလုံးမှာရှိတဲ့ ဝိညာဉ်ကြောသတ္တုတွင်းတွေ၊ ရတနာတွေ၊ ကျားဧကရာဇ်ရဲ့ နာမည်ဂုဏ်သတင်းတွေ အကုန်လုံး ငါတို့ အပိုင်ဖြစ်သွားမယ်”
သူသည် လူတိုင်းကို ကြည့်ကာ ဆွဲဆောင်မှုရှိသော အသံဖြင့် ဆက်လက် နားချပြန်၏။
“ငါတို့က ‘မိစ္ဆာနယ်မြေ ပေါင်းစပ်အုပ်စု’ ကို တည်ထောင်မယ်....ငါက ဂုဏ်ထူးဆောင် သူဌေးလုပ်မယ်... ယွီလော့ချာ မမက အရည်အချင်းရှိတယ်၊ ဦးနှောက်ကောင်းတယ်၊ ဒုသူဌေးလုပ် ... ရှုံ့ပါးအစ်ကိုက ရဲရင့်တယ်၊ လုံခြုံရေးဌာနက ကြီးကြပ်ရေးမှူးလုပ်....သူရဲကောင်းမယ် ယဲ့က စည်းကမ်းထိန်းသိမ်းရေးမှူး! မိန်းကလေးစူးက ဆေးဝါးနဲ့ ထောက်ပံ့ရေး.... ဒီမှာရှိတဲ့ သူအားလုံးက ရှယ်ယာရှင်တွေပဲ၊ လူတိုင်း ရှယ်ယာရစေရမယ်”
“ ဘာရှယ်ယာ၊ ဘာသူဌေးလဲ နားမလည်ဘူး...”
ရှုံ့ပါးက စကားဖြတ်ပြောလိုက်သည်။
“ငါ မေးချင်တာက ငါတို့ နိုင်သွားရင် နေ့တိုင်း အသားစားရပြီး အရက်သောက်လို့ ရနိုင်မလား”
“အဲဒီထက်ပိုတာပေါ့”
ရှောင်ရှန်းက လက်ကိုဝှေ့ယမ်းကာ ကတိပေးလိုက်သည်။
“အသားစား၊ အရက်သောက်ရုံတင်မကဘူး၊ နောင်ဆို လူ့လောကထိပါ စီးပွားရေးလုပ်မယ်.. .ဆေးလုံးရောင်းမယ်၊ လက်နက်ရောင်းမယ်၊ အဲဒီကျရင် မင်းတို့ရဲ့ သားသမီးတွေကို လူ့လောကရဲ့ အကောင်းဆုံး ကျောင်းတွေမှာ ထားပေးမယ်”
“ ရှုံ့ လုံခြုံရေးမှူး ၊ မင်းဆီ ရင်းနှီးမြှုပ်နှံပြီး မြို့တော်မှာ ‘ရှုံ့ပါး အကင်ဆိုင်’ ဆိုပြီး ဖွင့်ပေးမယ်...သုံးနှစ်အတွင်း တစ်နိုင်ငံလုံး ပျံ့နှံ့အောင် မလုပ်နိုင်ရင် ငါ ရှုံးတယ်”
ကြောက်ရွံ့နေသည့် မိစ္ဆာခေါင်းဆောင်များမှာ ဤကတိစကားများကြောင့် တုန်လှုပ်သွားကြသည်။ သူတို့အနေဖြင့် အသေးစိတ် နားမလည်သော်လည်း “ရှယ်ယာရမည်”၊ “အသားစားရမည်”၊ “လူ့လောကတွင် ဆိုင်ဖွင့်ရမည်” ဆိုသည်ကိုမူ နားလည်သည်။
ကျားဧကရာဇ်၏ ကြောက်မက်ဖွယ်ရာထက် ရှောင်ရှန်း၏ တောက်ပသော အနာဂတ်က ပို၍ ဆွဲဆောင်မှုရှိနေသည်။ ကြောက်ရွံ့မှုများမှာ “အနာဂတ်ကို တောင့်တခြင်း” ဟူသော စိတ်ခံစားမှုများဖြင့် အစားထိုးခံလိုက်ရသည်။
“ ကောင်းပြီ”
ရှုံ့ပါးတစ်ယောက် အားပါးတရ ပြောဆိုလိုက်သည်။
“ငါ မင်းကို ယုံတယ် ညီလေး...ကျားဧကရာဇ်ဆိုတောင် ဘာဖြစ်လဲ.... အနိုင်တိုက်နိုင်ရင် ငါ အကင်ဆိုင် ဖွင့်လို့ရပြီ”
“ဟုတ်တယ်..လုပ်မယ်”
“ အရှင့်သားနောက် လိုက်ရင် အသားစားရမယ်”
ယွီလော့ချာမှာ ဘေးမှရပ်ကာ သေခြင်းရှင်ခြင်းကို လောင်းကြေးထပ်နေသည့် ဤအခြေအနေကို စီးပွားရေး စုဝေးပွဲအဖြစ် ပြောင်းလဲလိုက်သည့် ထိုလူငယ်ကို ကြည့်ကာ ရယ်ရခက်ငိုရခက် ဖြစ်နေမိသည်။
သူ၏ နည်းလမ်းမှာ ရူးသွပ်သော်လည်း အလွန်ပင် ထိရောက်သည်။ သူမ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရှေ့သို့တက်ကာ ကြေညာလိုက်၏။
“အားလုံး နားထောင်ကြ၊ အင်အားတွေကို စုစည်းပြီး ဒဏ်ရာရသူတွေကို ပြန်စစ်ဆေးမယ်.... စစ်ပွဲကနေ ရတဲ့ ပစ္စည်းတွေကို ခွဲဝေကြမယ် ပြီးတာနဲ့ သုံးရက်မြောက်နေ့မှာ ငါတို့... သားရဲတစ်သောင်းတောင်ကို ချီတက်မယ်”
ယွီလော့ချာ၏ စီမံခန့်ခွဲမှုဖြင့် မဟာမိတ်တပ်ဖွဲ့သည် စည်းစနစ်ကျကျ ပြင်ဆင်လေတော့သည်။
ရှောင်ရှန်းသည် စူးဝမ်ချင်းထံသို့ သွားရောက်ကာ မေးမြန်းလိုက်သည်။
“စူး မိနိးကလေး ၊ ဘာတွေတွေ့လဲ”
“ ဝိညာဉ်တစ်သောင်းလံထဲက ဝိညာဉ်တွေကို အရှင့်သားက သန့်စင်ပေးလိုက်ပေမဲ့ လက်နက်ရဲ့ ပစ္စည်းနဲ့ ပြုလုပ်ပုံမှာ အရမ်းဆိုးရွားတဲ့ ‘ဝိညာဉ်အဆိပ်’ ရနံ့တွေ ကျန်နေခဲ့တယ်... အရင်က ကျွန်မတို့တွေ့ခဲ့တဲ့ ‘ဝိညာဉ်အဆိပ်’ နဲ့ အရင်းအမြစ်တစ်ခုတည်းပဲ”
“ကောင်းပြီ”
ထို့နောက် ရှောင်ရှန်းသည် စူးဝမ်ချင်းကို တစ်နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။ထိုနေရာတွင် ဝက်ဝံမျိုးနွယ်စု စစ်သည်များက သူ၏ ‘အိမ်မွေးတိရစ္ဆာန်’ ဖြစ်လာသည့် မိကျောင်းကြီးကို အထူးဆုဖလားကြီး တစ်ခုသဖွယ် စောင့်ကြပ်နေလေ၏။
ရှောင်ရှန်းသည် မိကျောင်းကြီးကို ညွှန်ပြကာ ဆိုလိုက်၏။
“ စူးမိန်းကလေး ...မင်း အမတ မဟာမိတ်ဆီက ရထားတဲ့ အဆိပ်တွေ၊ အဆိုးရွားဆုံးအရာတွေမှန်သမျှ သူ့ကိုပဲ ကျွေးလိုက်”
စူးဝမ်ချင်းသည် သူ၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။ သူမအနေဖြင့် ထိုမိကျောင်းကြီးကို သနားမိသော်လည်း ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ သူ၏ “လျှို့ဝှက်လက်နက်” ပင် ဖြစ်သည်။
ညဉ့်နက်အချိန်တွင် ချင်းချိုးတောင်သည် လရောင်အောက်တွင် တိတ်ဆိတ်စွာဖြင့် ရှိနေ၏။ ရှောင်ရှန်းသည် ရေပူစမ်းဘေးရှိ ကျောက်တုံးပေါ်တွင် ထိုင်ကာ လရောင်ကို ငေးမောကြည့်နေမိသည်။
သူ မြို့တော်မှ မထွက်ခွာမီ ၊ ဖခမည်းတော်မှ ပေးလိုက်သော ကျောက်စိမ်းပြားကို ထုတ်ယူကြည့်လိုက်သည်။ မြို့တော်တွင် ဤကျောက်စိမ်းမှာ အသုံးမဝင်သည့် ပစ္စည်းတစ်ခုသာဖြစ်သည်။
သို့သော် မိစ္ဆာနယ်မြေ၏ လရောင်အောက်တွင် ထိုကျောက်စိမ်းမှာ ပူနွေးလာပြီး အလင်းတန်းများ ထွက်ပေါ်နေ၏။ ကျောက်စိမ်းပေါ်ရှိ အမှတ်အသားများမှာ ကြယ်တာရာများနှင့် ဆက်သွယ်နေသယောင် ရှိသည်။
ရှောင်ရှန်း၏ စိတ်ထဲတွင် ဖခင်ဖြစ်သူ၏ မျက်နှာကို ပြန်မြင်ယောင်မိသည်။ ဤ “အမှိုက်” ဟု ထင်ရသည့် ပစ္စည်းမှာ သူ ထင်ထားသည်ထက် ပိုမို နက်နဲနေပြီး၊ ဤစစ်တုရင်ကစားပွဲမှာလည်း သူ တွေးထားသည်ထက် များစွာ ပိုမိုကြီးမားနေခဲ့သည်။