← Chapters

အခန်း ၂၇၃

Vol. 28 Ch. 273

အခန်း ၂၇၃

Vol. 28 Ch. 273

အခန်း (၂၇၃) - သားရဲတစ်သောင်းတောင်ထိပ်၌ အဆုံးအဖြတ်တိုက်ပွဲ

သုံးရက်တာ အချိန်ကာလမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

မဟာမိတ်တပ်ဖွဲ့၏ ရှေ့ပြေးတပ်သားများမှာ တောင်ကြားမှ ထွက်ခွာလာပြီး ဒဏ္ဍာရီလာ သားရဲတစ်သောင်းတောင်ကို တကယ်တန်း လှမ်းမြင်လိုက်ရချိန်တွင် အရဲတင်း‌ဆုံး မိစ္ဆာများပင်လျှင် ခြေလှမ်းများ အလိုအလျောက် နှေးကွေးသွားကြသည်။

၎င်းမှာ သာမန်တောင်တန်းတစ်ခု မဟုတ်ပေ။ တောင်တစ်ခုလုံးမှာ မကောင်းသော နိမိတ်သဏ္ဍာန်ဆောင်သည့် အနီ‌ရင့်ရောင်သန်းလျက် ရှိကာ ကြောက်စရာကောင်းလှသည်။

တောင်ထိပ်ပေါ်တွင် မိစ္ဆာစွမ်းအားများ စုပြုံလျက် တိမ်တိုက်များ ဖြစ်ပေါ်နေပြီး လျှပ်စီးများ၊ တိရစ္ဆာန်များ၏ ဟိန်းဟောက်သံများဖြင့် ဖုံးလွှမ်းလျက်ရှိရာ လူကို တောင်ကြီးတစ်ခုပမာ ပြင်းထန်သော ဖိအားများကို ပေးစွမ်းနေသည်။

တောင်ခြေမှ တောင်ထိပ်အထိ ဂူများ၊ ကင်းစခန်းများဖြင့် ပြည့်နှက်နေပြီး အပေါက်တိုင်းတွင် သံချပ်ကာ ဝတ်ဆင်ထားသော ကျားမိစ္ဆာများက အေးစက်သော အကြည့်များဖြင့် စောင့်ကြိုနေကြသည်။

ဖိနှိပ်မှု ၊ တိတ်ဆိတ်မှုနှင့် ဖုံးကွယ်မထားသော သတ်ဖြတ်ခြင်း အရှိန်အဝါများ အပြည့်ရှိနေသည်။ ဤနေရာမှာ မိစ္ဆာနယ်မြေ၏ အရှင်သခင် နေထိုင်ရာ နေရာအမှန်ပင် ဖြစ်သည်။

ရှောင်ရှန်း၏ “စီးပွားရေး “ ကြောင့် တက်ကြွလာခဲ့သော စိတ်ဓာတ်များမှာ ဤစွမ်းအားကြီးမားသော မြင်ကွင်းရှေ့ မှောက်တွင် လျင်မြန်စွာပင် အေးစက်သွားသည်။

ခေါင်းဆောင်တိုင်း၏ မျက်နှာထက်တွင် စိုးရိမ်မှုများ နှင့် မယုံကြည်နိုင်မှုများ ပြန်လည် ဖြစ်ပေါ်လို့ လာ၏။

“ဘာကို ကြောက်နေတာလဲ”

ရှုံ့ပါးသည် ခြေထောက်တစ်ဖက်ကို မြေပြင်ပေါ်သို့ အားပြင်းစွာ စောင့်ချလိုက်ပြီး ကျောက်လက်နက်ကြီးကို ပခုံးပေါ်ရွက်ထမ်းလျက် အော်ဟစ်လိုက်၏။

“သူဌေး ပြောထားတယ်၊ ဒါက ငါတို့ရဲ့ ‘ပိုင်ဆိုင်မှု’ ပဲ... ငါတို့ လမ်းကို ပိတ်တဲ့သူက ငါတို့ရဲ့ ငွေလမ်းကို ပိတ်တာပဲ”

သူ၏ အော်ဟစ်သံနှင့်အတူ ၊ ကျန်မိစ္ဆာများမှာ “ရှုံ့ပါး အကင်ဆိုင်” အကြောင်းကို သတိရသွားပြီး ကြောက်ရွံ့မှုများမှ လောဘအဖြစ်သို့ တစ်ဖန် ပြောင်းလဲသွားပြန်၏။

တပ်မကြီးမှာ တောင်ခြေ၌ ရပ်တန့်သွားပြီး တောင်ပေါ်ရှိ ကျားတပ်ဖွဲ့နှင့် အပြန်အလှန် စောင့်ကြည့်နေကြသည်။

ထိုအချိန်တွင် ၊ သားရဲတစ်သောင်းတောင်ထိပ်ရှိ ပလ္လင်ပေါ်တွင် ဧရာမ အရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ နေရာတွင် ထိုင်နေရုံဖြင့် ၊ သူသည် ဤကမ္ဘာ၏ ဗဟိုချက်တစ်ခုကဲ့သို့ ထင်မှတ်ရသည်။

သူသည် ဟူဝေးထက် ပိုမိုကြီးမားပြီး အနက်ရောင်သားရေဝတ်စုံကို ဝတ်ဆင်ထားသည်။ တောရိုင်းဆန်သော အနီရောင် ဆံပင်များရှိကာ သူသည် တောင်အောက်က မိစ္ဆာများကို ပုရွက်ဆိတ်များအလား ကြည့်ရှုနေသည်။

ထိုသူမှာ ကျားဧကရာဇ် ဟူပါ့ထျန်းပင် ဖြစ်သည်။ သူ၏ ဘေးတွင် အမတမဟာမိတ်မှ အကြီးအကဲများ ရပ်နေကြသည်။

“ယွီလော့ချာ”

ကျားဧကရာဇ်က ဆို၏။ ၎င်း၏ အသံမှာ မကျယ်လောင်သော်လည်း ၊ လူတိုင်း၏ စိတ်ဝိညာဉ်ကို တုန်ခါသွားစေရန် လုံလောက်သည်။

“ငါ မင်းကို နောက်ဆုံးအခွင့်အရေး ပေးမယ် ....ကိုယ့်လက်ကိုယ် ချည်ပြီး ချင်းချိုးမျိုးနွယ်စုရဲ့ လျှို့ဝှက်ချက်တွေကို ပေးအပ်၊ ပြီးတော့ အဲဒီလူသားကိုလည်း ထုတ်ပေး...ဒါဆို ငါ မင်းတို့ရဲ့ အသက်တွေကို ချမ်းသာပေးမယ်”

သူ၏ စကားတွင် ညှိနှိုင်းမှုမရှိ၊ အမိန့်သာ ရှိသည်။ ယွီလော့ချာမှာ ရှေ့ဆုံးတွင် ရပ်နေပြီး ပြန်ပြောရန် ဟန်ပြင်ဆင်လိုက်စဉ် ၊ လက်တစ်ဖက်က သူမ၏ ပခုံးကို ဖိကာ တားဆီးလိုက်သည်။ ရှောင်ရှန်းသည် အစီအရင်ဖြင့် ပြုလုပ်ထားသော လော်စပီကာကြီးကို ကိုင်ကာ ရှေ့သို့ ထွက်ချလာ၏။

သူသည် လည်ချောင်းကို ရှင်းလိုက်ပြီး တောင်ထိပ်က လူများကို ကြည့်ကာ အော်ဟစ်လိုက်သည်။

“ဟေ့—၊ အပေါ်ကလူတွေ၊ ကြားလား”

“ကျားဘာထျန်း ဟုတ်လား... မင်း၊ တရားမဝင် ရန်ပုံငွေရှာခြင်း၊ ဈေးကွက် လက်ဝါးကြီးအုပ်ခြင်း၊ မတရားယှဉ်ပြိုင်ခြင်း၊ လူမိုက်တွေကို ငှားရမ်းခြင်း စတဲ့အချက်တွေနဲ့ မိစ္ဆာနယ်မြေရဲ့ စည်းကမ်းကို ဖျက်ဆီးနေတယ်...အခု၊ ငါက ‘မိစ္ဆာနယ်မြေ ဈေးကွက် စည်းကမ်းထိန်းသိမ်းရေးဌာန’ ကို ကိုယ်စားပြုပြီး အသိပေးလိုက်တယ်”

“မင်းရဲ့ ‘သားရဲတစ်သောင်းတောင် လုပ်ငန်းကြီး’ ဟာ ဒေဝါလီခံရတော့မယ်...ချက်ချင်း လက်နက်ချပြီး ပိုင်ဆိုင်မှုတွေကို အပ်နှံလိုက်တော့”

တောင်အောက်ရှိ မိစ္ဆာများမှာ အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့ အနေဖြင့် ဤစကားများကို အပြည့်အဝ နားမလည်သော်လည်း သူတို့၏ “သူဌေးကြီး” မှာ အရှိန်အဝါ ကြီးမားသည်ဟု ခံစားမိသည်။

တောင်ပေါ်ရှိ အမတမဟာမိတ်မှ ကျင့်ကြံသူများမှာ ထိတ်လန့်သွားကြသည်။ ကျားဧကရာဇ်၏ မျက်ဝန်းထဲတွင်လည်း အံ့အားသင့်မှု နှင့် ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်များ ဖြစ်ပေါ်လာလေ၏။

သူ မိစ္ဆာနယ်မြေတွင် နှစ်ပေါင်းရာချီ နေထိုင်ခဲ့သော်လည်း ဤသို့သော လူမျိုးကို တစ်ခါမျှ မတွေ့ဖူးချေ။ သို့သော် တခဏတာမျှ အံ့အားသင့်မှု ပျောက်ကွယ်သွားပြီးနောက် ကျားဧကရာဇ်က ရယ်‌လေသည်။

“စိတ်ဝင်စားစရာကောင်းတဲ့ လူသားလေးပဲ...မင်းတို့က သေချင်နေတယ်ပေါ့လေ...ကောင်းပြီ ငါ ဖြည့်ဆည်းပေးလိုက်မယ်”

သူသည် ပလ္လင်မှ ထရပ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။

“အစီအရင် ဖွင့်”

“‌ဝုနိး—“

သူ အမိန့်ပေးလိုက်သည်နှင့် သားရဲတစ်သောင်းတောင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ သွေးရောင် အလင်းတိုင်များစွာ ပေါ်ထွက်လာပြီး ကောင်းကင်ယံသို့ ဆန်တတ်သွားလေရာ ထို့နောက် ဧရာမ ကျားရိုင်းကြီးတစ်ကောင် ပုံစံအသွင် ဖြစ်ပေါ်လာ၏။

၎င်းကို သန့်စင်သော စွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ၊မျက်လုံးများမှာ သွေးရောင်အလား နီမြန်းနေ၏။ သူ၏ ဟိန်းဟောက်သံကြောင့် ကောင်းကင်ကြီးပင် တုန်ခါသွားဟန်ရသည်။

“ဒီနေ့၊ မင်းတို့ရဲ့ အသားတွေကို ငါ့ရဲ့ ‘မိစ္ဆာ ဝိညာဉ်စားသုံးခြင်း အစီအရင်’ အတွက် ပူဇော်မယ်”

ကျားဧကရာဇ်၏ အသံမှာ နတ်ဘုရား၏ ပြစ်ဒဏ်စီရင်ချက်အလား ထင်မှတ်ရသည်။ အဆိုပါ ဧရာမ ကျားရိုင်းကြီးသည် မိစ္ဆာ မဟာမိတ်တပ်ဖွဲ့ဆီသို့ အရှိန်အဟုန်ပြင်းစွာ ခုန်အုပ်လိုက်သည်။

မိစ္ဆာအားလုံး မျှော်လင့်ချက်မဲ့နေချိန်မှာပင်၊ ရှောင်ရှန်း လှုပ်ရှားလိုက်သည်။ သူသည် မည်သည့် အစီအရင်ကိုမှ မပြုလုပ်ဘဲ ၊ သူ၏ နောက်မှ ဧရာမ မိကျောင်းကြီးကို ခေါ်ထုတ်လိုက်သည်။

“ရှောင်ချွေ... အလုပ်လုပ်ဖို့ အချိန်ရောက်ပြီ”

မိကျောင်းကြီးမှာ အလုပ်လုပ်ရန် စိတ်အားထက်သန်နေပုံရသည်။ လွန်ခဲ့သော သုံးရက်အတွင်း ၊ စူးဝမ်ချင်းသည် အမတ မဟာမိတ်၏ အဆိပ်များနှင့် မိစ္ဆာစွမ်းအားများကို ရောစပ်ကာ သူ၏ “အကြိုက်ဆုံး အစားအစာ” အဖြစ် ပြင်ဆင်ကာ ကျွေးမွေးခဲ့သည်။

ယခုအချိန်တွင် သူ၏ ဗိုက်ထဲ၌ စွမ်းအားများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။ ရှောင်ရှန်း၏ အမိန့်ကို ကြားသည်နှင့် ၊ မိကျောင်းကြီးသည် သူ၏ ဧရာမ ပါးစပ်ကြီးကို ဖွင့်လိုက်သည်။

“အော့—“

ကျယ်လောင်သော လေချဉ်တက်သံကြီးတစ်ခု ထွက်ပေါ်လာ၏။

စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် ဆိုးရွားပြီး၊ အပြင်းစား အဆိပ်များ၊ ရက်စက်ကြမ်းကြုတ်သော စွမ်းအင်များ၊ နာကြည်းချက်များနှင့် အမတ မဟာမိတ်၏ မကောင်းဆိုးဝါး စွမ်းအင်များ ရောနှောနေသည့် အစိမ်းပုပ်ရောင် အငွေ့တန်းတစ်ခုသည် ရှောင်ချွေ၏ ပါးစပ်ထဲမှ ရေအားပြင်း အမြောက်တစ်ခုကဲ့သို့ ပန်းထွက်လာပြီး ၊ ခုန်အုပ်လာသော ကျားရိုင်းကြီးဆီသို့ တိတိကျကျ ထိမှန်သွားသည်။

ဤသို့ဖြင့် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုအစိမ်းပုပ်ရောင် အဆိပ်ငွေ့ နှင့် ‘ ဝိညာဉ်စားသုံးခြင်း အစီအရင်’ ၏ စွမ်းအားတို့မှာ မူလကတည်းက အရင်းအမြစ်တစ်ခုတည်း ဖြစ်ကြပြီး၊ နှစ်ခုစလုံးမှာ ကောင်းကင်အရှင်၏ ဆိုးရွားယုတ်မာသော စွမ်းအင်စနစ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။

သို့သော် ရှောင်ချွေ စားသုံးခဲ့သည်မှာ စူးဝမ်ချင်း၏ “ကျွမ်းကျင်လှသော လက်ရာ” ဖြင့် ဖျော်စပ်ထားသည့် ပရမ်းပတာ “အမှိုက်စာ” များဖြစ်ပြီး ၊ ယင်း၌ အချင်းချင်း ဆန့်ကျင်ဘက် ဖြစ်သည့် မတည်ငြိမ်သော စွမ်းအင်မျိုးစုံ ပြည့်နှက်နေသည်။

ထိုနှစ်ခု ထိတွေ့မိသည်နှင့် ၊ ပြီးပြည့်စုံစွာ အလုပ်လုပ်နေသော ပရိုဂရမ်ကုဒ် တစ်ခုထဲသို့ အမှားအယွင်းများစွာ ပါဝင်နေသည့် ဗိုင်းရပ်စ် တစ်ခုကို အတင်းအကျပ် ထိုးသွင်းလိုက်သကဲ့သို့ ဖြစ်သွားလေ၏။

“ ဝေါင်း... ဝူ...”

ကျားရိုင်းကြီးမှာ စိတ်ရှုပ်ထွေးစွာဖြင့် အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး “ဗုန်း” ခနဲ ပေါက်ကွဲကာ အလင်းမှုန်များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့ရသည်။

သားရဲတစ်သောင်းတောင်၏ အစီအရင်မှာလည်း တိတ်ဆိတ်သွားသည်။

ကျားဧကရာဇ်ခမျာ ကြောင်အမ်းသွားသည်။အမတ မဟာမိတ်မှ ကျင့်ကြံသူများမှာလည်း မျက်လုံးအပြူးသား ဆွံ့အသွားကြသည်။

သူတို့ ကြိုးစားပမ်းစား တည်ဆောက်ထားသော အကောင်းဆုံး အစီအရင်ကြီးမှာ လေချဉ်တစ်ချက်တတ်ရုံဖြင့် ပျက်စီးသွားခဲ့လေသလော။

နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။

“အဟမ်း”

ရှောင်ရှန်းသည် မိကျောင်းကြီး၏ ခေါင်းကို ကျေနပ်စွာဖြင့် ပုတ်ပေးလိုက်သည်။ ထို့နောက် လော်စပီကာကို မြှောက်ကာ အော်လိုက်သည်။

“ညီအစ်ကိုတို့...အတားအဆီးကို ဖယ်ရှားပြီးပြီ၊ ဖြိုဖျက်ဖို့ အချိန်တန်ပြီ”

“တိုက်စမ်း—“

တိတ်ဆိတ်မှု ပျောက်ကွယ်သွားပြီး ၊ မိစ္ဆာ မဟာမိတ်တပ်ဖွဲ့ကြီးမှာ ဝမ်းမြောက်စွာဖြင့် ဟစ်ကြွေးရင်း တိုက်ခိုက်လေတော့သည်။

မိမိတို့သူဌေး၏ ရူးသွပ်မှုမှာ သူတို့အတွက် အကောင်းဆုံးသော အားဆေးတစ်ခွက်ပင်။လူတိုင်း၏ စိတ်ဓာတ်များမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားကြသည်။

“အကင်ဆိုင်အတွက် တိုက်”

ရှုံ့ပါးတစ်ယောက် သူ၏ ဧရာမ ကျောက်လက်နက်ကြီးကို ထမ်းကာ တင့်ကားကြီး တစ်စီးသဖွယ် သားရဲတစ်သောင်းတောင်ဆီသို့ အရှိန်ပြင်းစွာ ပြေးတက်သွားလေတော့သည်။

All Chapters