← Chapters

အခန်း ၂၇၅

Vol. 28 Ch. 275

အခန်း ၂၇၅

Vol. 28 Ch. 275

အခန်း (၂၇၅) - မိစ္ဆာနယ်မြေ၏ ဘုရင်သစ် နန်းတက်ပွဲ

အချိန်သည် တစ်ခဏတာ ရပ်တန့်သွားဟန်ရသည်။

တောင်အောက်က မိစ္ဆာ မဟာမိတ်တပ်ဖွဲ့များပင် ဖြစ်စေ ၊ တောင်ပေါ်တွင် ကျန်ရစ်နေသည့် ကျားမျိုးနွယ်စုဝင်များပါမကျန် လူတိုင်း ကောင်းကင်ယံကို မော့ကြည့်ရင်း ဆွံ့အလျက် ရှိနေကြသည်။

အစောပိုင်းက တစ်လောကလုံးကို ဖျက်ဆီးပစ်တော့မည့်အလား ပြင်းထန်လွန်းသော ဖိအားများ ၊ ကောင်းကင်ပြင်ကြီးကို ဆုတ်ဖြဲမတတ် ပေါ်ထွက်လာသည့် မျက်နှာကြီးသည် ဤအတိုင်း ပျောက်ကွယ်သွားခဲ့လေသလော။

"မင်း စည်းကမ်းဖောက်ဖျက်တယ်၊ ပြန်ပြီး ဆင့်ခေါ်စာကို စောင့်နေလိုက်” ဆိုတဲ့ စကားတစ်ခွန်တည်းနဲ့... ပျောက်သွားသတဲ့လား...

လူတိုင်း၏ အကြည့်များက လက်ထဲတွင် လော်စပီကာကြီးကို ကိုင်ထားဆဲဖြစ်ပြီး “တရားဝင် ပြောရေးဆိုခွင့်ရှိသူ” အမူအရာအတိုင်း ရပ်နေသည့် လူငယ်လေးထံ စုပြုံကျရောက်နေ၏။

“ဖူးးး..."

ဤကိစ္စအားလုံးကို စတင်ခဲ့သူ ကျားဧကရာဇ် ‘ဟူပါ့ထျန်း’ ခမျာ နောက်ဆုံးတွင် စိတ်ပိုင်းဆိုင်ရာရော လက်တွေ့ဘဝပါ နှစ်ထပ်ကွမ်း ထိုးနှက်ချက်ဒဏ်ကို မခံနိုင်တော့ဘဲ သွေးအန်ခဲ့ရသည်။

သူသည် လောကနိယာမများ၏ တန်ပြန်သက်ရောက်မှုကြောင့် သွေးအန်ရခြင်း မဟုတ်ဘဲ သူ့မျက်စိရှေ့က ယုတ္တိမဲ့လွန်းသော မြင်ကွင်းကြောင့် ဒေါသအလိပ်လိုက်ထွက်ကာ ရင်ဘတ်ထဲက သွေးကြောများ ပေါက်ထွက်ပြီး သွေးအန်ရခြင်းသာ ဖြစ်သည်။

သူ၏ ယုံကြည်ကိုးကွယ်မှု၊ သူ၏ နောက်ဆုံး ဝှက်ဖဲ ၊ သူ အလွန်အမင်း ဂုဏ်ယူဝံ့ကြွားခဲ့ရသော “ကောင်းကင်အရှင်”သည် ဈေးထိန်းအရာရှိ အော်ငေါက်ခြင်းကို ခံလိုက်ရသော လမ်းဘေးဈေးသည်လေး တစ်ယောက်လို ဖျာသိမ်းကာ ကပျာကယာ ထွက်ပြေးသွားခဲ့လေပြီ။

ဤကဲ့သို့ ယုံကြည်ချက် အဆောက်အအုံ ပြိုလဲပျက်စီးသွားခြင်းက စစ်ရှုံးတာထက်ပင် ပိုမိုပြင်းထန်သည့် ပျက်စီးခြင်းကို ဆောင်ကြဉ်းပေးခဲ့သည်။

သူ၏ ရွှေရောင်မျက်ဝန်းအစုံသည် ချက်ချင်းဆိုသလို အရောင်အဝါများ ကင်းမဲ့သွားပြီး အဆုံးမဲ့ တွေဝေငေးငိုင်မှုနှင့် ဟာလာဟင်းလင်း ဖြစ်မှုသာ ကျန်ရစ်တော့သည်။

ခေါင်းဆောင်ဖြစ်သော ဟူပါ့ထျန်း တစ်ယောက် မြေပြင်ပေါ်သို့ ပျော့ခွေလဲကျသွားသည်နှင့် ၊ ကျားတပ်မတော်၏ စိတ်ဓာတ်သည်လည်း သုညအထိ ထိုးဆင်းသွားခဲ့သည်။

“ကျားဧကရာဇ် ရှုံးပြီ"

မည်သူက အော်လိုက်သည်မသိ၊ ထို့နောက်တွင် တောင်ပြိုကျမတတ် အောင်ပွဲခံသံများက မိစ္ဆာ မဟာမိတ်တပ်ဖွဲ့ဆီမှ ပေါက်ကွဲထွက်ပေါ်လာပြီး နောက်ဆုံး သွေးအေးစရာ အငွေ့အသက်များကို တိုက်စားမောင်းထုတ်ပစ်လိုက်သည်။

တိုက်ပွဲရလဒ်မှာ သံသယဝင်စရာ မလိုပေ။ အမတဂိုဏ်းမှ အကြီးအကဲများသည်လည်း ယဲ့လင်ရွှမ်း နှင့် ရှုံ့ပါးတို့၏ တိုက်ခိုက်မှုအောက်တွင် တရစပ် ခုခံနေရသဖြင့် အခက်တွေ့နေကြ၏။

ယခုအခါ အကြီးမားဆုံး နောက်ခံအင်အားဖြစ်သော “ကောင်းကင်အရှင်” ပင် ဤမျှ ဟာသဆန်စွာ နောက်ဆုတ်သွားသည်ကို မြင်လိုက်ရသဖြင့် တိုက်ခိုက်လိုစိတ်မှာ မြူမှုန်မျှပင် မရှိတော့ချေ။

အကြီးအကဲတစ်ဦးမှာ ယဲ့လင်ရွှမ်း၏ ဓားချက်အောက်တွင် လည်ပင်းပြတ်၍ သေဆုံးသွားရပြီး၊ ကျန်ရှိသူများမှာလည်း အခြေအနေမဟန်သည်ကို မြင်သည်နှင့် ကိုယ့်အသက်ကိုလုကာ ထွက်ပြေးရမည့် နည်းလမ်းမျိုးစုံကို အသုံးပြုလျက် နောက်သို့ပင် လှည့်မကြည့်ဝံ့ဘဲ အလင်းတန်းများအဖြစ် ပြောင်းလဲကာ ထွက်ပြေးသွားကြသည်။

သားရဲတစ်သောင်းတောင် အင်အားစုကြီးမှာ လုံးဝဥဿုံ ပျက်စီးရှုံးနိမ့်သွားခဲ့ရလေပြီ။

ယွီလော်ချာ၏ ဓားသွားသည် ဟူပါ့ထျန်း၏ လည်ပင်းပေါ်သို့ ရောက်ရှိသွားသည့်တိုင်အောင် ၊ ဤမိစ္ဆာနယ်မြေ၏ ဧကရာဇ်ဟောင်းမှာ စိုးစဉ်းမျှ မရုန်းကန်ဘဲ ရှောင်ရှန်းရှိရာ အရပ်ဆီသို့သာ ကြောင်တောင်တောင် ငေးကြည့်နေခဲ့သည်။

ပါးစပ်မှလည်း... “စည်းကမ်းဖောက်တယ်... ဆင့်ခေါ်စာ စောင့်ရမယ်... ဘာလို့လဲ...” ဟုသာ ထပ်တလဲလဲ ရေရွတ်နေ၏။

ဤသို့ဖြင့် စစ်ပွဲကြီးမှာ ပြီးဆုံးသွားလေ၏။

ယွီလော်ချာ၊ ရှုံ့ပါး ၊ ယဲ့လင်ရွှမ်း နှင့် အသက်ရှင်ကျန်ရစ်သော မျိုးနွယ်စုခေါင်းဆောင် အသီးသီးတို့သည် စစ်မြေပြင်ရှင်းလင်းရေး အပြီးတွင် ရှောင်ရှန်း၏ ရှေ့မှောက်သို့ တညီတညွတ်တည်း ရောက်ရှိလာကြသည်။

သူတို့၏ မျက်နှာထက်တွင် ယခင်ကလို နောက်ပြောင်လိုစိတ် သို့မဟုတ် သံသယစိတ်များ မရှိတော့ဘဲ ရိုသေလေးစားမှုနှင့် စိတ်အားထက်သန်စွာ ရူးသွပ်မှုတို့က အစားထိုး နေရာယူထားခဲ့သည်။

မိစ္ဆာမျိုးနွယ်စု အားလုံး၏ စောင့်ကြည့်မှုအောက်တွင် ယွီလော်ချာသည် သူမ၏ ဝတ်ရုံကို သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး လေးနက်သော အမူအရာဖြင့် ရှောင်ရှန်း၏ ရှေ့၌ ဒူးတစ်ဖက် ထောက်ချလိုက်သည်။

ထို့နောက်တွင် ရှုံ့ပါးကလည်း လက်ထဲက လက်နက်ကြီးကို ပစ်ချလိုက်ကာ သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးဖြင့် ယွီလော်ချာ၏ ပုံစံအတိုင်း လိုက်လံတုပကာ ဝုန်းခနဲ ဒူးထောက်ချလိုက်သည်။

ဝုန်း ဝုန်း ဝုန်း—

ချက်ချင်းဆိုသလိုပင်၊ သူတို့၏ နောက်ကွယ်ရှိ မိစ္ဆာမျိုးနွယ်စု ခေါင်းဆောင်များနှင့် စစ်သူကြီးများမှာလည်း ပြိုင်တူ ဒူးထောက်ချလိုက်ကြသည်။

သူတို့သည် အကျယ်လောင်ဆုံးနှင့် အစစ်မှန်ဆုံး အသံများဖြင့် တညီတညွတ်တည်း ကြွေးကြော်လိုက်ကြသည်။

“ကျွန်တော်မျိုးတို့... အရှင့်သားကို မိစ္ဆာနယ်မြေရဲ့ အရှင်သခင်အဖြစ် တင်မြှောက်ဖို့ ဆန္ဒရှိပါတယ်"

၎င်းတို့၏ ကြွေးကြော်သံသည် တောင်စဉ်တောင်ကြားတစ်ခွင် လွှမ်းမိုးဟည်းထွက်သွားပြီး ခေတ်ဟောင်းတစ်ခု ချုပ်ငြိမ်း၍ ခေတ်သစ်တစ်ခု စတင်တော့မည့်အကြောင်းကို ကြေညာမောင်းခတ်လိုက်သလိုပင်။

ရှောင်ရှန်းမှာ ရုတ်တရက် ကျရောက်လာသော ဤအခမ်းအနားကြီးကြောင့် လန့်ဖျပ်သွားပြီး လက်ထဲက သံတုတ်ကြီးပင် “ချွမ်"ခနဲ့ မြေပေါ်သို့ လွတ်ကျသွားလေ၏။

'ဘုရင်လုပ်ရမယ်... မိစ္ဆာနယ်မြေရဲ့ အရှင်သခင် ဟုတ်လား..'

'တစ်နေ့တစ်နေ့ စာရွက်စာတမ်း ဘယ်လောက်တောင် ကိုင်တွယ်ရမလဲ...အစည်းအဝေး ဘယ်နှကြိမ် တက်ရမလဲ...မျိုးနွယ်စုတွေကြားက ပြဿနာတွေကို ဘယ်လောက်တောင် ဖြေရှင်းရမလဲ...'

စဉ်းစားရုံဖြင့် ရှောင်ရှန်းတစ်ယောက် အသက်ရှုရခက်လာသည်။

“နေပါဦး၊ နေပါဦး၊ နေကြပါဦး... လူကြီးမင်းတို့၊ မြန်မြန်ထကြပါ၊ မြန်မြန်ထကြ"

သူသည် အမြီးနင်းမိခံရသော ကြောင်တစ်ကောင်ကဲ့သို့ လက်ကို ပျာပျာသလဲ ယမ်းပြရင်း ယွီလော်ချာကို ဆွဲထူရန် ကပျာကယာ ရှေ့သို့ တိုးသွားသည်။

“မဖြစ်ဘူး၊ မဖြစ်ဘူး... ဒါ တကယ် မဖြစ်နိုင်ဘူး"

သူသည် ကိုယ့်ကိုယ်ကိုယ် လက်ညိုးထိုးလျက် ရိုးသားသော အမူအရာဖြင့် လူတိုင်းကို ပြန်ပြောလိုက်သည်။

“လူတိုင်း မှားနေကြပြီ...ငါက လူသားတစ်ယောက်လေ... မိစ္ဆာနယ်မြေကို ‘ချစ်ကြည်ရေး လည်ပတ်မှု’ နဲ့ ‘စီးပွားရေး လေ့လာရေး’ အတွက် လာခဲ့တာ....ဘယ်လိုလုပ်ပြီ မင်းတို့ရဲ့ ဘုရင် ဖြစ်နိုင်မှာလဲ...ပင်ပန်းလွန်းလို့ ဒီအလုပ်ကိုတော့ ငါ မလုပ်နိုင်ဘူး"

သို့သော် လူတိုင်း၏ ခိုင်မာနေဆဲဖြစ်သော မျက်ဝန်းများကို မြင်ပြီး ၊ ရှောင်ရှန်း တစ်ယောက် ဦးနှောက်ကို လျင်မြန်စွာ အသုံးချကာ သူ ကြိုတင်ပြင်ဆင်ထားသည့် အစီအစဉ်ကို ချပြလေတော့သည်။

“ဒီလိုလုပ်ရအောင်”

သူသည် လူတိုင်းကို အာရုံစိုက်လာစေရန် လက်ခုပ်တီးလိုက်ပြီး ဆိုလိုက်၏။

“နောင်ကို ဒီမိစ္ဆာနယ်မြေကို ယွီလော်ချာ အမကြီးက ဦးဆောင်ပြီး ဒီက မျိုးနွယ်စုခေါင်းဆောင် အသီးသီးနဲ့ ပူးပေါင်းကာ ‘မိစ္ဆာနယ်မြေ ပူးတွဲအဖွဲ့အစည်း’ တစ်ခုကို ဖွဲ့စည်းရမယ်.... လူတိုင်း အတူတူ စီမံခန့်ခွဲပြီး ဒီမိုကရေစီနည်းလမ်းကျကျ ဆုံးဖြတ်ချက်ချမယ်"

“ယွီလော်ရှာ အစ်မကြီးက အရည်အချင်းရှိပြီး သြဇာညောင်းတော့ ခေါင်းဆောင်သူဌေးလုပ်... ရှုံ့ပါးအစ်ကိုကြီးက လုံခြုံရေးရေးမှူး လုပ်... ကျန်တဲ့ ခေါင်းဆောင်တွေကတော့ အဖွဲ့ဝင်တွေနဲ့ မူလရှယ်ယာရှင်တွေပေါ့....လူတိုင်း အတူတူ စီးပွားတက်တော့ မကောင်းဘူးလား"

“ငါကတော့...”

ရှောင်ရှန်းတစ်ယောက် ချောင်းတစ်ချက်ဟန့်လိုက်ကာ သူ၏ အနှစ်သက်ဆုံးဖြစ်သော ချောင်ခိုလိုသော အပြုံးဖြင့် ပြုံးပြလိုက်ရင်း။

“ နာမည်ခံ ‘ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ကြီး’ ပဲ လုပ်မယ်.... ပုံမှန်ဆို ဘာကိစ္စမှ ဝင်မစွက်ဖက်ဘူး၊ ခင်ဗျားတို့လည်း ကျုပ်ကို လာမရှုပ်ကြနဲ့...နောက်ပိုင်း ဆိုင်ဖွင့်ပွဲ အခမ်းအနားတွေ၊ နှစ်ပတ်လည် အစည်းအဝေးတွေမှာ ဖဲကြိုးဖြတ်ဖို့ လိုတဲ့အခါမှပဲ ကျုပ်ကို လာခေါ်ပြီး အခမ်းအနား တက်ခိုင်းလိုက်၊ ဘယ်လိုလဲ"

တစ်ခါမျှ မကြားဖူးသော ဤ “ရာထူးလက်ခံခြင်း မိန့်ခွန်း” ကြောင့် မိစ္ဆာမျိုးနွယ်စုဝင် ခေါင်းဆောင်အားလုံး ကြောင်အမ်းသွားကြသည်။

သူတို့သည် ဘုရင်သစ် နန်းတက်လျှင် မည်မျှ အာဏာရှိပြီး မည်မျှ လွှမ်းမိုးချုပ်ကိုင်မည်ကိုသာ တွေးတောခဲ့ကြသော်လည်း ယခုကဲ့သို့ အာဏာခွဲဝေသည့် ပုံစံမျိုးကိုမူ တစ်ခါမျှ မတွေးဖူးခဲ့ကြချေ။

ဤပုဂ္ဂိုလ်ကြီးသည် အထွတ်အထိပ် အာဏာကို မလိုချင်ဘဲ အာဏာအားလုံးကို လူတိုင်းအား ခွဲဝေပေးကာ အေးအေးဆေးဆေး နေရန် ကြံစည်နေ၏။

“ဒါဆို... ကျုပ်ရဲ့ အကင်ဆိုင်ကကော...”

ရှုံ့ပါးက ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။

“ဖွင့်ရမယ်...သေချာပေါက် ဖွင့်ရမှာပေါ့"

ရှောင်ရှန်းသည် လက်ကို ဝှေ့ယမ်းလိုက်ရင်း စတင်ကြေညာလိုက်သည်။

“အဖွဲ့အစည်းရဲ့ ပထမဆုံး အဆိုပြုချက်ကတော့ ရှုံ့ပါး လုံခြုံရေးမှူးရဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကို အတည်ပြုပေးဖို့ပဲ...မိစ္ဆာနယ်မြေရဲ့ အကောင်းဆုံးနေရာတွေကို သူ့အတွက် ချန်ပေးထားလိုက်"

“ဟိီးးး”

ရှုံ့ပါး တစ်ယောက် ချက်ချင်းပင် ပါးစပ်ပင် မစိနိုင်လောက်အောင် ပြုံးပျော်သွားပြီး ၊ ဤ “အဖွဲ့အစည်း” ဆိုသည်မှာ တကယ်ကို ကောင်းမွန်လွန်းသည်ဟု ခံစားလိုက်ရသည်။

အခြားသော မိစ္ဆာခေါင်းဆောင်များကလည်း သဘောပေါက်သွားကြသည်။ သူတို့သည် အာဏာကို မမက်မောဘဲ လူတိုင်းကို အကျိုးအမြတ် ခွဲဝေပေးရန်သာ စဉ်းစားသော ခေါင်းဆောင်မျိုးနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ဖူးခြင်း ဖြစ်သည်။

ယခုကဲ့သို့ ယုံကြည်မှုနှင့် အာဏာခွဲဝေပေးမှုကို ရရှိခြင်းက သာမန်အားဖြင့် လက်အောက်ခံဖြစ်ရခြင်းထက် လူတို့၏ နှလုံးသားကို ပိုမို သိမ်းပိုက်နိုင်ပေသည်။

ကြောက်ရွံ့မှုက ပျောက်ကွယ်သွားနိုင်သော်လည်း သို့သော် အကျိုးအမြတ်နှင့် လေးစားမှုက ရေရှည်တည်တံ့နိုင်သည်။

“ကျွန်တော်မျိုးမ... ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ကြီးရဲ့ အမိန့်ကို လိုက်နာပါ့မယ်"

ယွီလော်ချာက အရင်ဆုံး သဘောပေါက်နားလည်သွားကာ မတ်တတ်ရပ်ပြီး ရှောင်ရှန်းကို ဦးညွှတ် အလေးပြုလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ သူမသည် ရင်ထဲမှ အပြည့်အဝ သဘောကျကာ ကျိုးနွံအလေးပြုခြင်း ဖြစ်သည်။

ဘေးအန္တရာယ်ကြီး ပြေလည်သွားပြီ ဖြစ်ရာ နောက်တစ်ဆင့်အနေဖြင့် စစ်သုံ့ပန်းနှင့် သိမ်းဆည်းရမိသော ပစ္စည်းများကို စာရင်းပြုစုရပေတော့မည်။

ကျားဧကရာဇ်၏ ရတနာမျိုးစုံ စုဆောင်းထားသော ရတနာတိုက်ထဲတွင် သူတို့၏ နောက်ဆုံး ပန်းတိုင်ကို အလွယ်တကူ ရှာဖွေတွေ့ရှိခဲ့ကြသည်။

၎င်းမှာ ကျောက်စိမ်းစင်မြင့်ထက်တွင် ပေါက်ရောက်နေသော ကြာပန်းတစ်ပွင့်ဖြစ်ပြီး အရောင်ခုနစ်သွယ် တောက်ပကာ ၊ ပွင့်ချပ်များ လှုပ်ရှားလိုက်တိုင်း စိတ်နှလုံးသားကို သန့်စင်စေသော အေးမြသည့် အငွေ့အသက်များကို ထုတ်လွှတ်ပေးလျက် ရှိသည်။၎င်းသည် လောကရှိ ညစ်ညမ်းမှုအားလုံးကို ဆေးကြောပေးနိုင်သည့်အလား ထင်မှတ်ရသည်။

ဤသည်မှာ 'ရောင်စုံဝိညာဉ်သန့်စင်ကြာ'ပင် ဖြစ်သည်။

ပန်းတိုင်သို့ ရောက်ရှိသွားပြီဖြစ်ရာ လူတိုင်း သက်ပြင်းချနိုင်ခဲ့ကြသည်။ ရှောင်ရှန်းသည်ပင် မြို့တော်သို့ ပြန်ရောက်ပါက ၊ မည်သည့်စားသောက်ဆိုင်တွင် ဆယ်ရက်၊ တစ်လခန့် အေးအေးဆေးဆေး သွားရောက်အနားယူရမည်ကို စတင်တွေးတောနေ၏။

သို့သော် ထိုအချိန်တွင် ရတနာတိုက်အတွင်း ရှေးဟောင်းကျမ်းစာများကို ရှာဖွေဖတ်ရှုနေသော စူးဝမ်ချင်းသည် ရုတ်တရက် တိုးတိုးလေး အာမေဋိတ်ပြုလိုက်သည်။

သူမသည် သားရေဖြင့် ပြုလုပ်ထားသော ရှေးဟောင်းစာလိပ် တစ်ခုကို ကိုင်ဆောင်ကာ ရှောင်ရှန်းထံသို့ အပြေးအလွှား ရောက်ရှိလာခဲ့သည်။

“အရှင့်သား၊ ဒါကို ကြည့်လိုက်ပါဦး"

ရှောင်ရှန်းသည် စာအုပ်ကို လှမ်းယူလိုက်ရာ၊ ၎င်းတွင် မိစ္ဆာမျိုးနွယ်စု ရှေးဟောင်းစာပေဖြင့် ရေးသားထားသော 'ရောင်စုံဝိညာဉ်သန့်စင်ကြာ' အကြောင်းကို တွေ့ရှိလိုက်ရသည်။

“ ဤကြာပန်းသည် ကမ္ဘာမြေ၏ ထူးခြားသော ရတနာဖြစ်ပြီး သန့်စင်ခြင်းစွမ်းအားများ စုစည်းနေကာ လောကရှိ ဝိညာဉ်အဆိပ်အားလုံးကို ပြေပျောက်စေနိုင်သည်၊ သို့သော် ၎င်း၏ စွမ်းအင်သည် အလွန်တရာ ကျယ်ပြောလှသဖြင့် သာမန်လူသားများ စားသုံးမိပါက ခွက်ငယ်လေးထဲသို့ မြစ်ရေများ သွန်းလောင်းသကဲ့သို့ ဖြစ်ကာ ဝိညာဉ်ကို ပေါက်ကွဲစေလိမ့်မည် ၊ ၎င်း၏ အာနိသင်ကို မျှတစေရန် ‘နဂါးသွေးသစ်သားနှလုံးသား’ ကို အဆိပ်ဖြေဆေးအဖြစ် အသုံးပြုမှသာ ဘေးကင်းနိုင်မည်...”

“နဂါးသွေးသစ်သားနှလုံးသားတဲ့လား"

ရှောင်ရှန်းသည် ထိုနာမည်ကို ရေရွတ်ရင်း စူးဝမ်ချင်းကို တစ်ချက် ကြည့်လိုက်သည်။

စူးဝမ်ချင်း၏ မျက်နှာသည် လေးနက်သွားပြီး ပြန်ဖြေလိုက်၏။

“ကျွန်မ အခုလေးတင် ကျားဧကရာဇ်ရဲ့ စုဆောင်းမှု မှတ်တမ်းအားလုံးကို ရှာဖွေကြည့်ပြီးပြီ... ဒီနဂါးသွေးသစ်သားက လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာကတည်းက မိစ္ဆာနယ်မြေမှာ မျိုးသုဉ်းသွားခဲ့ပြီ ”

သူတို့သည် ကြာပန်းကို ရရှိခဲ့သော်လည်း အသုံးမပြုနိုင်တော့ပေ။ ဤတွေ့ရှိချက်က အောင်ပွဲခံနေကြသော လူတိုင်း၏ စိတ်ကို ရေအေးဖြင့် လောင်းထည့်လိုက်သလိုပင်။

ရတနာတိုက်အတွင်းရှိ လေထုမှာ ထူးဆန်းစွာပင် တိတ်ဆိတ်သွားသည်။ ထိုစဉ် ၊ မြေခွေးမျိုးနွယ်စု ရဲမက်တစ်ဦးက ပျာပျာသလဲ ပြေးဝင်လာကာ လျှောက်တင်လေ၏။

“အရှင့်သား...စစ်သူကြီး ချင်ချန်းဆီက အရေးပေါ် စစ်ရေးသတင်း ပေးပို့လာပါတယ်"

သူသည် အနည်းငယ် တောက်ပနေသေးသော အသံလွှင့် ကျောက်တုံးတစ်တုံးကို ဆက်သလိုက်သည်။

ရှောင်ရှန်းသည် ထိုကျောက်တုံးကို လှမ်းယူကာ နတ်အသိစိတ်ကို ထည့်သွင်းလိုက်သည်။ နောက်တစ်စက္ကန့်တွင် သူ၏ မျက်နှာထက်မှ ပျင်းရိငြီးငွေ့မှုနှင့် တည်ငြိမ်မှုများမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွား၏။

ထိုအသံလွှင့် ကျောက်တုံးထဲတွင် ချင်ချန်း၏ အလွန်အမင်း အရေးတကြီး ဖြစ်နေသော အသံများ ထွက်ပေါ်လာခဲ့သည်။

“အရှင့်သား...မြို့တော်မှာ ကပ်ရောဂါ ကျရောက်နေပြီး တောမီးပမာ ပျံ့နှံ့နေပါတယ် ၊ ဒါက သာမန်ကပ်ရောဂါ မဟုတ်ဘူး...ကူးစက်ခံရသူတွေရဲ့ ဝိညာဉ်တွေက ယုတ်လျော့ပျက်စီးလာပြီး ဆေးဝါးတွေနဲ့ ကုသလို့ မရတော့ဘူး...မင်းသမီးကြီးလည်း... ရောဂါကူးစက်ခံထားရပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်"

All Chapters