← Chapters

အခန်း ၂၇၆

Vol. 28 Ch. 276

အခန်း ၂၇၆

Vol. 28 Ch. 276

အခန်း(၂၇၆) - အပြန်လမ်း၊ အဝေးဆုံးသော အကွာအဝေး

မြို့တော်တွင် ကပ်ရောဂါစတင်နေပြီး၊ မင်းသမီးကြီး၏ ရောဂါအခြေအနေမှာလည်း ဆိုးရွားနေသည်။

စကားလုံး (၁၂) လုံးသာရှိသော်လည်း ၊ ရှောင်ရှန်း၏ ရင်ထဲသို့ မီးခဲဖြင့် ထိုးစိုက်လိုက်သကဲ့သို့ နာကျင်သွားစေသည်။

စောနကအထိ မျက်နှာပေါ်တွင် ရှိနေသော ပေါ့ပါးရွှင်လန်းမှုသည် လေပြင်းတိုက်ခတ်ခံလိုက်ရသည့် မီးခိုးငွေ့များသဖွယ် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

သူ၏ ဦးနှောက်ထဲတွင် မြင်ကွင်းများ အဆက်မပြတ် ထွက်ပေါ်လာလေ၏။ အစ်မတော်၏ နူးညံ့သော အပြုံး၊ ငယ်စဉ်က သူ ငိုတိုင်း မျက်ရည်များကို သုတ်ပေးခဲ့သည့် အစ်မတော်၏ နွေးထွေးမှု၊ မြို့တော်မှ မထွက်ခွာမီ "သတိထားပါ" ဟု မှာကြားခဲ့သော စကားသံ...စသော မြင်ကွင်းများစွာ ထွက်ပေါ်လာပြီးနောက် "အသက်အန္တရာယ် စိုးရိမ်ရ" ဟူသည့် စကားလုံးပေါ်တွင် ရပ်တန့်သွားသည်။

နှလုံးသားကို ဆွဲနှုတ်လိုက်သကဲ့သို့ နာကျင်မှုနှင့် ကြောက်ရွံ့မှုတို့က သူ၏ ရင်ဘတ်တစ်ခုလုံးကို ဖိနှိပ်ထားသည်။

ပင်ပန်းတာလား... မိစ္ဆာနယ်မြေရဲ့ အရှင်သခင် ဖြစ်ရတာ ပင်ပန်းတာလား...

ယခု ရင်ထဲ၌ လောင်ကျွမ်းနေသော ပူလောင်မှုနှင့် ယှဉ်လိုက်လျှင် ၊ ယခင်က အခက်အခဲများသည် မည်မျှ ရယ်စရာကောင်းလိုက်လေသနည်း။

" အရှင့်သား"

စူးဝမ်ချင်းသည် သူ၏ စိတ်အခြေအနေ ပြောင်းလဲသွားသည်ကို သိလိုက်ပြီး တိုးတိုးလေး ခေါ်လိုက်သည်။

ရှောင်ရှန်း ရုတ်တရက် မော့ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများမှာ နီရဲနေပြီး ဖျက်ဆီးလိုသော ရူးသွပ်မှုများဖြင့် တောက်လောင်နေသည်။ သူသည် စူးဝမ်ချင်းကို ပြန်မဖြေဘဲ ယွီလော့ချာဘက်သို့ လှည့်ကာ အမိန့်သံဖြင့် ဆိုလိုက်၏။

" ပို့ဆောင်ရေး အစီအရင်ကို ဖွင့်ပေး.. ငါ မြို့တော်ကို ပြန်မယ်၊ အခုချက်ချင်း "

သူ၏ ပြတ်သားသော လေသံကြောင့် ပုံမှန်ဆိုလျှင် ပေါ့ပေါ့ပါးပါး ပြောတတ်သည့် ရှောင်ရှန်းကို သိကျွမ်းထားသည့် နတ်ဆိုးများမှာ စိတ်ဝိညာဉ်အထိ တုန်လှုပ်သွားကြသည်။

"ပို့ဆောင်ရေး အစီအရင်"

ယွီလော့ချာမှာ အံ့အားသင့်သွားပြီး ဆိုလိုက်သည်။

" အရှင့်သား၊ သားရဲတစ်သောင်းတောင်ရဲ့ အစီအရင်က ဟိုးအရင်ခေတ်ကတည်းက တည်ဆောက်ထားဝာာ... စွမ်းအားကို အလွန်အမင်း စားသုံးပြီး နှစ်ပေါင်းတစ်ရာမှ တစ်ခါပဲ ဖွင့်လို့ရတာ... နောက်ပြီး နှစ်ရာချီ မသုံးရသေးတော့ တည်ငြိမ်မှုက..."

"ဖွင့်"

ရှောင်ရှန်း၏ အော်သံမှာ မိုးခြိမ်းသံအလား နေရာတစ်ခုလုံးကို တုန်ခါသွားစေသည်။ သူ၏ လေသံမှာ အလွန်ပြတ်သားသည်။ သူတို့အားလုံး ရှောင်ရှန်း၏ ဤကဲ့သို့ ပုံစံမျိုးကို တစ်ခါမှ မတွေ့ဖူးခဲ့ပေ။

အမြဲတမ်း "အိပ်ရာထဲတွင် လဲလျောင်းနေ" ရန်သာ ပြောတတ်သော "ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ကြီး" သည် ယခုအခါတွင်မူ သွေးသောက်ထားသည့် ဓားသွားတစ်လက်ကဲ့သို့ ထက်မြက်နေသည်။ ယွီလော့ချာနှင့် ရှုံ့ပါးတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ကြသည်။

"ကောင်းပြီ"

ယွီလော့ချာသည် ထပ်ပြီး တွန့်ဆုတ်မနေတော့ဘဲ ပြောကြားလိုက်သည်။

" ကျွန်မ အကြီးအကဲ တွေကို ခေါ်ပြီး... မြေကြီးရဲ့ သွေးကြောတွေကို နှိုးဆော်ပြီး အစီအရင်ကို ဖွင့်လှစ်မယ်"

"ငါလည်း လိုက်မယ်"

ရှုံ့ပါးက ဖြတ်ပြောလိုက်သည်။

" ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးရဲ့ ကိစ္စက ကျွန်တော်တို့ ကိစ္စပဲ...ဘယ်သူမှ နှောင့်နှေးလို့ မရဘူး"

နတ်ဆိုးခေါင်းဆောင် အားလုံးကလည်း အလားတူ တုံ့ပြန်ခဲ့ကြသည်။ သူတို့အနေဖြင့် အခြေအနေကို အပြည့်အဝ နားမလည်သော်လည်း ရှောင်ရှန်း၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုကို မြင်နိုင်သည်။ ဤအရှင်သခင်သစ်မှာ အာဏာကို မက်မောခြင်းမရှိဘဲ ခံစားချက်ရှိသူ ဖြစ်သည်။ ဤသည်မှာ မည်သည့်အာဏာထက်မဆို ပို၍ လေးစားစရာကောင်းပေသည်။

တစ်နာရီခန့်အကြာတွင် သားရဲတစ်သောင်းတောင်၏ မြေအောက်တွင် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေသော အစီအရင်ကြီးမှာ ပြန်လည် တောက်ပလာခဲ့သည်။

ခရီးမထွက်မီ ၊ ရှုံ့ပါး တစ်ယောက် အထုပ်ကြီးတစ်ခုကို ယူဆောင်လာကာ ရှောင်ရှန်း၏ ပျံသန်းယာဉ်ပေါ်သို့ တင်လိုက်သည်။

" ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီး... ဒါက ကျွန်တော်တို့ရဲ့ ပထမဆုံး အမြတ်ဝေစုပါ...အကောင်းဆုံး ဆေးဝါးတွေနဲ့ ရတနာတွေပါ.. လမ်းမှာ လိုအပ်ကောင်း လိုအပ်လာနိုင်တယ်"

ရှောင်ရှန်းမှာ စိတ်ရှုပ်ထွေးနေသဖြင့် ခေါင်းသာ ညိတ်ပြလိုက်သည်။ ပျံသန်းယာဉ်ပေါ်တွင် ယဲ့လင်ရွှမ်း၊ စူးဝမ်ချင်းနှင့် "အချောင်ခို အစောင့်တပ်" မှ စစ်သည်များလည်း လိုက်ပါလာကြသည်။

"သတိထားပါ"

ယွီလော့ချာက အစီအရင်အပြင်ဘက်မှ အရိုအသေပြုလိုက်ပြီး သတိပေးလိုက်သည်။ရှောင်ရှန်းလည်း လှေဦးပိုင်းတွင် ရပ်ကာ လူတိုင်းကို ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။

ယွီလော့ချာမှ စွမ်းအင်ကျောက်တုံးများကို ထည့်သွင်းလိုက်သည်နှင့် အစီအရင်မှာ တောက်ပလာပြီး ပျံသန်းယာဉ်တစ်ခုလုံးကို ဝါးမြိုသွားလေ၏။

အာကာသဥမင်လမ်းကြောင်းအတွင်း ကြယ်တာရာများက လျှင်မြန်စွာ ရွေ့လျားသွားလာနေသည်။ သို့သော် ပျံသန်းယာဉ်သည် လမ်းကြောင်းအတိုင်း ပျံသန်းလာရင်း မကြာမီပင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အေးစက်ပြီး ဆိုးရွားသော စွမ်းအားတစ်ခုက လမ်းကြောင်းတစ်ခုလုံးကို ညစ်ညမ်းအောင် တိုက်စားထားခဲ့သည်။ကောင်းကင်အရှင်၏ စွမ်းအားနှင့် မူလရင်းမြစ် တူညီသော သွေးနီရောင် မှော်သင်္ကေတများသည် ဥမင်နံရံတစ်လျှောက်တွင် လျှပ်တစ်ပြက် တောက်ပနေသည်။

ဤသည်မှာ အမတ မဟာမိတ်၏ နောက်ကွယ်က အစီအစဉ်တစ်ခုပင် ဖြစ်သည်။ သူတို့သည် ဤလမ်းကြောင်းကို အသုံးပြုမည်မှန်း ကြိုတင် သိထားကြသည်။

ဗုန်း—!

အာကာသ မုန်တိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ၊ တည်ငြိမ်နေခဲ့သော ဖြတ်သန်းသွားလာရာ လမ်းကြောင်းတစ်ခုလုံးသည် သံတူနှင့် ထုခွဲခံလိုက်ရသည့် မှန်ချပ်ကြီးတစ်ခုလိုပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး မတည်မငြိမ် ဖြစ်လာ၏။

သူတို့ စီးနင်းလိုက်ပါလာသော ပျံသန်းယာဉ်ကြီးသည် ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းသော ဘေးအန္တရာယ်ကြီး၏ ရှေ့မှောက်တွင် သစ်ရွက်တစ်ရွက်လို အားနည်းလွန်းသည်။

ခိုင်ခံ့သော ယာဉ်ကိုယ်ထည်ကြီးသည် ပထမဆုံးရိုက်ခတ်မှုမှာပင် ညည်းညူသံများ ထွက်ပေါ်လာခဲ့ပြီး၊ ကုန်းပတ်များက တစ်လက်မချင်းစီ ကွဲအက်လာကာ ရွက်တိုင်ကြီးတစ်ခုလုံး ကျိုးပဲ့ကျလာ၏။

"ဓားအစီအရင် တည်ဆောက်...ယာဉ်ကို ကာကွယ်"

ယဲ့လင်ရွှမ်းက အော်ဟစ်လိုက်သည်။ ဓားစွမ်းအင်များက ကောင်းကင်ယံဆီ ထိုးတက်သွားပြီး သူမ၏ ရှေ့တွင် တောက်ပသော ဓားကြာပန်းတစ်ပွင့်အဖြစ် ပြောင်းလဲသွားကာ ရှေ့ကနေ ဝင်တိုက်လာသည့် ကြီးမားသော ဟင်းလင်းပြင် အက်ကွဲစများကို အမှုန့်ကြိတ်ပစ်လိုက်သည်။

သို့သော် ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ရာကောင်းသော လှိုင်းတံပိုးများ၏ ရိုက်ခတ်မှုကြောင့် ဓားကြာပန်းမှာလည်း ပြိုကွဲသွားခဲ့ရပြီး၊ သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာ၏။

"နွယ်ပင်ချည်နှောင်ခြင်း"

စူးဝမ်ချင်းသည် ပျော့ပျောင်းသော မြစိမ်းရောင် နွယ်ပင်များကို ပစ်လွှတ်လိုက်ပြီး စစ်သည်များကို တင်းတင်းကျပ်ကျပ် ချည်နှောင်ကာ အကာအကွယ်ပေးထားသည်။

သို့သော် ဤကြောက်ခမမ်းလိလိ အာကာသမုန်တိုင်း၏ ရှေ့မှောက်တွင် သူတို့အားလုံးသည် အလွန်ပင် အားနည်းနေသေးသည်။ မကြာမီမှာပင် ပျံသန်းယာဉ်တစ်ခုလုံး အပိုင်းပိုင်း ပြတ်ကျသွားခဲ့သည်။

"အရှင့်သား"

"ရှောင်ရှန်း"

ရှုပ်ထွေးမှုများကြားတွင် ယဲ့လင်ရွှမ်းနှင့် စူးဝမ်ချင်းတို့၏ အော်ဟစ်သံများ ပျောက်ကွယ်သွားသည်။

ရှောင်ရှန်းသည်လည်း သူ့တစ်ကိုယ်လုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ ဦးနှောက်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိသည် --- ရောင်စုံဝိညာဉ်သန့်စင်ကြာ။

ဤအရာမှာ အစ်မတော်ကို ကယ်တင်နိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက်သာ ဖြစ်သည်။

သူသည် ထိုကြာပန်း ထည့်ထားသည့် သေတ္တာကို ရင်ခွင်ထဲ၌ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသည်။ ဓားသွားအလား ထက်မြက်သည့် အာကာသအပိုင်းအစများက သူ၏ ခန္ဓာကိုယ်ကို ဖြတ်တောက်ပစ်နေသော်လည်း ထိုသေတ္တာကို သူ လွှတ်မချခဲ့ပေ။

သူ သတိလစ်ခါနီးတွင် စူးဝမ်ချင်းနှင့် ယဲ့လင်ရွှမ်းတို့မှာ အခြား လေလှိုင်းတစ်ခုဖြင့် အဝေးသို့ လွင့်စင်သွားသည်ကို မြင်လိုက်ရသည်။

သူသည် အင်အားတစ်ခု၏ ဆွဲငင်မှုကို ခံလိုက်ရပြီး မှောင်မည်းနေသော တွင်းနက်ကြီးထဲသို့ ပြုတ်ကျသွားခဲ့သည်။

အဆုံးမရှိသော အမှောင်ထုက သူ့ကို ဝါးမြိုသွားလေ၏။

...

အချိန်မည်မျှ ကြာသွားသည်ကို မသိသော်လည်း၊ ရှောင်ရှန်း တစ်ယောက် သတိပြန်ရလာသည်။

နာကျင်မှု မရှိ၊ အသံမရှိ၊ လေတိုက်ခတ်မှု မရှိ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေသည်။

သူ မျက်လုံးဖွင့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အသက်ရှူရန်ပင် မေ့လျော့သွားသည်။

ဤနေရာတွင် ကောင်းကင်မရှိ၊ မြေကြီးမရှိ။ သူသည် မှောင်မည်းနေသော နေရာလပ် တစ်ခုတွင် ရောက်ရှိနေ၏။

အလင်းရောင်တစ်ခုတည်းသာရှိပြီး ၊ ၎င်းမှာ ဘေးပတ်ပတ်လည်တွင် ရှိနေသည့် ဧရာမ သံကြိုးများပင် ဖြစ်သည်။ သံကြိုးတစ်ခုချင်းစီမှာ နန်းတော်တိုင်လုံးကြီးများကဲ့သို့ ကြီးမားပြီး အပေါ်တွင် ရွှေရောင် မှော်သင်္ကေတများကို ရေးထိုးထားသည်။ ၎င်းတို့မှာ အသက်ရှိသကဲ့သို့ သက်ဝင်လှုပ်ရှားနေ၏။

သံကြိုးကြီးများသည် မှောင်မည်းသော အရပ်မျက်နှာ အသီးသီးမှ ဆင်းသက်လာကြပြီး အဝေးတစ်နေရာရှိ ဗဟိုချက်တစ်ခုသို့ ပေါင်းစုံသွားကြသည်။

ထိုသံကြိုးများ ပေါင်းဆုံရာ အဆုံးသတ် အနက်ရှိုင်းဆုံး အမှောင်ထုထဲတွင် တစ်စုံတစ်ခုကို ချည်နှောင်ထားပုံရသည်။

ထိုဖြစ်တည်မှုကို ခံစားမိရုံဖြင့် စိတ်ဝိညာဉ်ထဲထိ ကြောက်ရွံ့မှုကို ခံစားရစေသည်။ရှောင်ရှန်းသည် သူ့ရင်ဘတ်ကို ပြန်စမ်းကြည့်လိုက်သည်။ ကြာပန်းသေတ္တာ ရှိနေသေးသဖြင့် သူ အနည်းငယ်တော့ စိတ်အေးသွားခဲ့ရသည်။

ထို့နောက် နောက်ထပ်အရာတစ်ခုကို သူ ခံစားမိလိုက်သည်။ ၎င်းမှာ ဖခင်ဖြစ်သူမှ ပေးလိုက်သည့် ကျောက်စိမ်းပြားပင် ဖြစ်သည်။

အသုံးမဝင်သော အရာအဖြစ် ထင်ထားခဲ့သည့် ကျောက်စိမ်းပြားလေးမှာ ဤအခိုက်အတန့်တွင် နွေးထွေးသော အလင်းရောင်ကို ထုတ်လွှတ်နေ၏။သူသည် ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။

ထိုအချိန်မှာပင် ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကျောက်စိမ်းပြားမှ ထုတ်လွှတ်လိုက်သော အလင်းရောင်သည် သံကြိုးများနှင့် ပဲ့တင်ထပ်ကာ တုန်ခါမှုများ ဖြစ်ပေါ်လာ၏။

ဒီကျောက်စိမ်းပြားက ဧရာမ သံကြိုးတွေရဲ့ အစိတ်အပိုင်းတစ်ခုခု ဖြစ်နေမလား.... မဟုတ်မှလွဲရော သော့တစ်ခု ဖြစ်နေမလား

ရှောင်ရှန်း၏စိတ်ထဲတွင် အဓိပ္ပာယ်မဲ့ပြီး ကြောက်စရာကောင်းသော အတွေးတစ်ခု ဝငိရောက်လာလေ၏။

All Chapters