အခန်း ၂၇၇
Vol. 28 Ch. 277
အခန်း (၂၇၇) - သံကြိုးများ၏ အဆုံးသတ်နေရာက မိတ်ဆွေဟောင်း
ဤကျောက်စိမ်းပြား သေးသေးလေးသည် ခေတ်အဆက်ဆက် ဖိနှိပ်ချုပ်ချယ်ထားသော ဧရာမ သံကြိုးကြီးများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသည်။
ဤအတွေးက ရှောင်ရှန်း၏ တိတ်ဆိတ်နေသော ဦးနှောက်ထဲတွင် မိုးကြိုးတစ်စင်း ပစ်ချလိုက်သကဲ့သို့ ပေါက်ကွဲထွက်လာ၏။ သူသည် ကျောက်စိမ်းပြားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ၊ ထိုနွေးထွေးသော အထိအတွေ့က ဤအရာအားလုံးသည် ထင်ယောင်ထင်မှားမဟုတ်ကြောင်း သူ့ကို ရှင်းလင်းစွာ ပြောပြနေသည်။
'ခမည်းတော်၊ တကယ်ပဲ ဘာတွေ ကြံစည်နေတာလဲ'
အချိန်သည် လူကို မစောင့်ပေ။ မိမိ၏ အစ်မတော်သည် မြို့တော်ထဲတွင် ရှင်သလား သေသွားပြီလား ဆိုသည်ကို မသိရသေးပေ။ ဤနေရာရှိ ရှေးဟောင်း လျှို့ဝှက်ချက်များကို လေ့လာစူးစမ်းနေရန် သူ့တွင် အချိန်မရှိချေ။
အကြောက်တရားနှင့် စိုးရိမ်ပူပန်မှုတို့သည် ပြင်းထန်သော ပူလောင်မှုများဖြင့် အစားထိုးခံလိုက်ရကာ ဤအခိုက်အတန့်တွင် သူ၏ တစ်ခုတည်းသော အတွေးမှာ ဤကျိန်စာသင့်နေသော နေရာမှ မည်သို့ထွက်ခွာသွားရန်သာ ဖြစ်သည်။
သူ ဆက်ပြီး တွေဝေမနေတော့ဘဲ ကျောက်စိမ်းပြားကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ၊ ထိုမမြင်ရသော ဆွဲငင်အားအတိုင်း သံကြိုးများအားလုံး စုဆုံရာ အမှောင်ထု၏ ဗဟိုချက်ဆီသို့ လျှောက်သွားခဲ့သည်။
ဤနေရာ၏ အာကာသ နိယာမများသည် အတော်လေး ထူးဆန်းအံ့သြဖွယ်ရာ ကောင်းသည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်းသာ လှမ်းလိုက်သည်ဟု ထင်ရသော်လည်း၊ မျက်စိရှေ့ရှိ မြင်ကွင်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ခြေတစ်လှမ်းတည်းနှင့် နေရာပေါင်းများစွာကို ဖြတ်ကျော်သွားဟန်ရသည်။
ဘေးပတ်ပတ်လည်ရှိ ရွှေရောင်သံကြိုးများသည် ဂယ်လက်ဆီများကဲ့သို့ သူ၏ ဘေးမှ တဝီဝီ ဖြတ်ကျော်သွားကြသည်။
သို့သော်လည်း ဤကဲ့သို့ အံ့မခန်း မြင်ကွင်းများကို ခံစားကြည့်ရှုရန် သူ စိတ်မဝင်စားချေ။ သူသည် စက်ရုပ်တစ်ရုပ်လိုသာ ခေါင်းမာမာဖြင့် ရှေ့သို့ ဆက်လှမ်းနေခဲ့သည်။
အချိန်မည်မျှကြာအောင် လျှောက်လှမ်းလာခဲ့သည် မသိ ၊ နောက်ဆုံးတွင် သူသည် သံကြိုးများ၏ အဆုံးသတ်သို့ ရောက်ရှိသွားခဲ့သည်။
သံကြိုးများပေါ်တွင် သက်ဝင်စီးဆင်းနေသော နတ်အလင်းရောင်များကြောင့် ဤနေရာတွင် အကျဉ်းချခံထားရသော သတ္တဝါကြီးကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
၎င်းမှာ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားသော သတ္တဝါကြီး တစ်ကောင် ဖြစ်သည်။
၎င်း၏ ခန္ဓာကိုယ်သည် သူ မြင်ဖူးသမျှ တောင်တန်းများထက်ပင် ပို၍ ကြီးမားနေပြီး၊ အရေပြားမှာ ခြောက်သွေ့ကွဲအက်နေသော ရှေးဟောင်း ကျောက်ဆောင်ကြီးများနှင့် တူ၏။၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော အမာရွတ်များဖြင့် ပြည့်နှက်နေသည်။
နန်းတော် တိုင်လုံးကြီးများထက် တုတ်ခိုင်သော ရွှေရောင် သံကြိုးများစွာသည် ၎င်း၏ အသွေးအသားများထဲသို့ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေ၏။ သံကြိုး တစ်ချောင်းစီပေါ်၌ တွင်းထုထားသော မှော်သင်္ကေတများမှ အလွန် ပြင်းထန်သော အမြင့်မြတ်ဆုံး အရှိန်အဝါများ ထွက်ပေါ်နေကာ ၊ ၎င်းကို ဤဟာလာဟင်းလင်း ဖြစ်နေသော နေရာလွတ်၏ အလယ်ဗဟို၌ သံမှိုရိုက်ထားသကဲ့သို့ တင်းကျပ်စွာ ချည်နှောင်ထားလေသည်။
၎င်း၏ အရှိန်အဝါမှာ အလွန်အမင်း အားနည်းနေပြီး၊ ခေတ်ကာလပေါင်းများစွာ အိပ်မောကျနေခဲ့သကဲ့သို့ အသက်ရှူသံပင် ရပ်တန့်နေပုံရသည်။
သို့သော် ရှောင်ရှန်း အနားကပ်သွားသည့် အခိုက်အတန့်မှာပင် ၊ သူ၏ လက်ထဲရှိ ကျောက်စိမ်းပြားသည် အပြင်းအထန် တောက်ပလာပြီး လက်ထဲမှ လွတ်ထွက်သွားသည်။
နွေးထွေးသော်လည်း ငြင်းဆန်ရန်မဖြစ်နိုင်သော အလင်းတန်းတစ်ခုက ထိုဧရာမ သတ္တဝါကြီး၏ နဖူးတည့်တည့်သို့ တိကျစွာ ပစ်ဝင်သွားသည်။
"ဝီ——"
ထိုဧရာမ သတ္တဝါကြီး၏ ခန္ဓာကိုယ်ကြီးမှာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပြီး၊ ၎င်း၏ ကိုယ်ပေါ်တွင် ရစ်ပတ်ထားသော သံကြိုးများမှာ ဝန်ပိနေသော မြည်ဟည်းသံများ ထွက်ပေါ်လာ၏။
နောက်တစ်စက္ကန့်တွင်၊ ထိုဧရာမ သတ္တဝါကြီးသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
၎င်း၏ အကြည့်က အဆုံးမရှိသော ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ သေးငယ်သော ရှောင်ရှန်းအပေါ်သို့ ကျရောက်သွားလေ၏။ သူ၏ မျက်ဝန်းထဲ၌ ဦးစွာ နှစ်သန်းပေါင်းများစွာ အိပ်မောကျပြီးနောက် နိုးထလာလာချင်း ဖြစ်ပေါ်လာသည့် ရှုပ်ထွေးမှုများသာ ရှိနေပြီး ၊ ထို့နောက် ရုတ်တရက်ဆိုသလို ပြင်းထန်သော အမျက်ဒေါသနှင့် အမုန်းတရားများ ပေါက်ကွဲထွက်လာခဲ့သည်။
"လူသားဧကရာဇ်——"
စိတ်ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေနိုင်သော ဟိန်းဟောက်သံကြီးက နေရာတစ်ခုလုံးကို ပဲ့တင်ရိုက်ခတ်သွားလေ၏။
ထိုအသံထဲတွင် သစ္စာဖောက်ခံလိုက်ရသည့် အမျက်ဒေါသနှင့် မကျေနပ်မှုများ ပြည့်နှက်နေသည်။
"မင်းပဲ... မင်းက ငါ့ကို လာတွေ့ရဲသေးတယ်ပေါ့"
ရှောင်ရှန်းသည် ဤဟိန်းဟောက်သံကြောင့် သွေးများ ဆူပွက်သွားသော်လည်း၊ ယခုအချိန်တွင် သူသည် အလောတကြီး ဖြစ်နေသဖြင့် ဤအရာများကို ဂရုမစိုက်နိုင်တော့ပေ။
သူသည် အကြောက်တရားကို မခံစားရတော့ဘဲ အချိန်နှောင့်နှေးသွားရသည့်အတွက် စိတ်မရှည်သော ခံစားချက်တစ်ခုတည်းသာ ရှိ၏။
သို့သော်လည်း၊ ထိုဧရာမ သတ္တဝါကြီး ဟိန်းဟောက်ပြီးနောက် မျက်လုံးထဲရှိ ဒေါသမီးများက တဖြည်းဖြည်း အံ့သြသံသယဖြစ်မှုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် ရှောင်ရှန်းကို သေချာစွာ အကဲခတ်ကြည့်ရှုလိုက်ပြီး ဆိုလိုက်၏။
"မဟုတ်သေးဘူး... မင်းရဲ့ အသွေးသားက... အရမ်း အားနည်းလွန်းတယ်"
"မင်းက သူ မဟုတ်ဘူး... မင်းက သူ့ရဲ့ မျိုးဆက်ပဲ"
"အဘိုးကြီး၊ ခင်ဗျား လူမှားနေပြီ"
ရှောင်ရှန်းသည် ခေါင်းမော့ကာ ခက်ထန်သော လေသံဖြင့် ဖြတ်ပြောလိုက်သည်။
"ခင်ဗျားက ဘယ်သူပဲဖြစ်ဖြစ်၊ ကျွန်တော့် ဘိုးဘေးနဲ့ ဘာရန်ငြိုးတွေပဲ ရှိရှိ ကျွန်တော် ဂရုမစိုက်ဘူး...အခု ကျွန်တော့်မှာ မိုးပြိုမတတ် အရေးကြီးတဲ့ ကိစ္စရှိတယ်၊ ဒီကျိန်စာသင့်နေတဲ့ နေရာကနေ ဘယ်လို ထွက်ရမလဲ....အဲ့တာပဲ ပြော"
ထိုဧရာမ သတ္တဝါကြီးသည် ရှောင်ရှန်း၏ အပြုအမူကြောင့် ဆွံ့အသွားပုံရပြီး ခဏတာ တိတ်ဆိတ်သွားသည်။ ၎င်း၏ နောက်ကျိနေသော ရွှေအိုရောင် မျက်ဝန်းအစုံရှိ မုန်တိုင်းများမှာ တဖြည်းဖြည်း ငြိမ်သက်သွားပြီး၊ နားလည်ရခက်သော ရှုပ်ထွေးသည့် ခံစားချက် တစ်ခုဖြင့် အစားထိုးခံလိုက်ရသည်။
"ငါ့နာမည်က... ဟွမ်သွမ့်လို့ ခေါ်တယ်"
၎င်း၏ တိုးညင်းသော အသံကြီးက ဖြည်းညင်းစွာ ထွက်ပေါ်လာ၏။
"ရှေးခေတ်တုန်းက၊ ငါက မင်းရဲ့ ဘိုးဘေးဖြစ်တဲ့ ပထမမျိုးဆက် လူသားဧကရာဇ်နဲ့ ပခုံးချင်းယှဉ်ပြီး၊ အထက်စီးက နေနေတဲ့ 'ကောင်းကင်လမ်းစဉ် အမတ နဲ့နတ်ဘုရားတွေ' လို့ခေါ်တဲ့သူတွေကို စစ်ကြေငြာခဲ့တယ်..."
"အဲဒီတိုက်ပွဲက ကောင်းကင်နဲ့ မြေကြီးကိုတောင် ပျက်စီးစေခဲ့တယ်၊ လူသားဧကရာဇ်က သူ့ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့ ကောင်းကင်လမ်းစဉ်ကို နှိမ်နင်းနိုင်ခဲ့ပေမယ့် ငါကတော့ အမတ နဲ့ နတ်ဘုရားတွေက လူသားဧကရာဇ်ရဲ့ အရိုးတွေနဲ့လုပ်ထားတဲ့ 'ကောင်းကင်ဖိနှိပ် နတ်သံကြိုး' တွေနဲ့ ယနေ့ထက်တိုင် ချိတ်ပိတ်ခံထားရတယ်"
ရှောင်ရှန်း၏ ရင်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားသည်။
' လူသားဧကရာဇ်ရဲ့ အရိုး၊ ကောင်းကင်ဖိနှိပ် နတ်သံကြိုးတဲ့လား... ခမည်းတော် ပေးလိုက်တဲ့ ကျောက်စိမ်းပြားက၊ ပထမမျိုးဆက် လူသားဧကရာဇ်ရဲ့ အရိုး ဖြစ်နေခဲ့တာလား'
"မင်းရဲ့ ဘိုးဘေးက ငါနဲ့ မဟာမိတ် စာချုပ် ချုပ်ဆိုခဲ့ဖူးတယ်၊ လူသားဧကရာဇ်ရဲ့ သွေးဆက် မပြတ်သရွေ့... မဟာမိတ် စာချုပ်က ထာဝရ အသက်ဝင်နေမယ်တဲ့"
ဟွမ်သွမ့်၏ အသံတွင် ပင်ပန်းနွမ်းနယ်မှု အနည်းငယ် ပါဝင်နေခဲ့သည်။
"မင်းရဲ့ ခမည်းတော်က ဒီအထောက်အထားကို မင်းဆီ ပေးလိုက်တာက... တစ်ခုခုကို ရိပ်မိလို့ ဖြစ်ရမယ်၊ ဒီကျောက်စိမ်းပြားက တံဆိပ်ခတ်နှိပ်ထားမှုကို ဖွင့်ဖို့ အထောက်အထားတွေထဲက တစ်ခုဖြစ်သလို၊ ဒီနေရာကနေ ထွက်သွားဖို့ တစ်ခုတည်းသော သော့ဆိုလည်း ဟုတ်တယ်"
"လိုရင်းကိုသာ ပြော"
ရှောင်ရှန်းတစ်ယောက် ဤပုံပြင်များကို နားထောင်ရန် စိတ်မရှည်တော့ချေ။ ယခုအချိန်တွင် သူ သိလိုသည်မှာ ဤ "သော့" ကို မည်သို့ အသုံးပြုရမည်ကိုသာ ဖြစ်သည်။
"ငါ မင်းကို လူ့ပြည်ဆီ ပြန်ပို့ပေးနိုင်တယ်..ဒါပေမယ့်၊ မင်းက မင်းရဲ့ လူသားဧကရာဇ် အသွေးနဲ့ သစ္စာဆိုရမယ်...အနာဂတ်မှာ လုံလောက်တဲ့ ခွန်အားတွေ ရလာခဲ့ရင်၊ ငါ့ကိုယ်ပေါ်က ချိတ်ပိတ်ထားမှုတွေ အကုန်လုံးကို ပြန်လာဖြည်ပေးရမယ်"
ဟွမ်သွမ့်၏ လေသံမှာ အလွန် လေးနက်သွားသည်။
"အနာဂတ်ကို ထားလိုက်စမ်းပါ၊ အခု ချက်ချင်းသာ ခင်ဗျား ကျွန်တော့်ကို မြို့တော် ပြန်ရောက်အောင် ပို့ပေးနိုင်ရင်.. မနက်ဖြန်ကျရင် လူတွေ ခေါ်လာပြီး ခင်ဗျားရဲ့ သော့တွေကို လာဖျက်ပေးမယ်"
ရှောင်ရှန်းသည် စဉ်းစားမနေတော့ဘဲ ချက်ချင်း သဘောတူလိုက်သည်။ မိမိ၏ အစ်မတော်ကို ကယ်တင်ရန်အတွက် ယခုအချိန်တွင် သူသည် မည်သည့် နတ်ဆိုးနှင့်မဆို အပေးအယူ လုပ်ရဲသည်။
"ကောင်းပြီ"
ဟွမ်သွမ့်၏ မျက်လုံးထဲ၌ ချီးကျူးလိုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေ၏။
ရှောင်ရှန်း သက်ပြင်းချလိုက်နိုင်ပြီး၊ ထိုအခါမှသာ သူသည် အသက်အန္တရာယ်ရှိသော နောက်ထပ် ကိစ္စတစ်ခုကို သတိရသွားသည်။
သူသည် ရင်ဘက်ထဲမှ ထိုကျောက်စိမ်း သေတ္တာလေးကို ကမန်းကတမ်း ထုတ်ယူကာ ဖွင့်လိုက်ပြီး၊ ထို 'ရောင်စုံဝိညာဉ်သန့်စင်ကြာ' ကို မြှောက်ပြလိုက်သည်။
"ဒါ ရှိသေးတယ်...ဒီအရာကို ရောင်စုံ ဝိညာဉ်သန့်စင်ကြာ လို့ ခေါ်တယ်၊ ကျွန်တော့် အစ်မတော်ကို ကယ်နိုင်တယ်လို့ ပြောကြတယ်... ဒါပေမယ့် 'နဂါးသွေးသစ်သားနှလုံးသား' လို့ ခေါ်တဲ့ ပစ္စည်း တစ်ခုကို အထောက်အကူအဖြစ် သုံးဖို့လိုတယ်တဲ့...အဲ့တာက ဘာပစ္စည်းလဲဆိုတာ ခင်ဗျား သိလား"
ဟွမ်သွမ့်၏ အကြည့်က ထိုကြာပန်းပေါ်သို့ ကျရောက်သွားရာ၊ သူ၏ နောက်ကျိနေသော မျကိဝန်းထဲ၌ ရှားရှားပါးပါး နူးညံ့မှုနှင့် လွမ်းဆွတ်တမ်းတမှု အရိပ်အယောင်များ ထင်ဟပ်လာ၏။
"နဂါးသွေးသစ်သား... အဲဒါက ငါ့ရဲ့ နှလုံးသွေးကို စုပ်ယူမှ ပေါက်ရောက်နိုင်တဲ့ နတ်သစ်ပင်ပဲ...ပြီးတော့ ဒီကြာပန်းကလည်း၊ ငါ ဒီမှာ ဖိနှိပ်ခံထားရလို့ ယိုစိမ့်ထွက်လာတဲ့ မူလစွမ်းအင်တွေကို အားပြုပြီးမှ ပုံသဏ္ဍာန် ဖြစ်ပေါ်လာပြီး လောကမှာရှိတဲ့ ဝိညာဉ်အဆိပ်တွေကို သန့်စင်ပေးနိုင်တဲ့ စွမ်းအား ရရှိလာတာပဲ"
ဟွမ်သွမ့်က ရှောင်ရှန်းကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။
" မင်းပြောတဲ့ ပစ္စည်းက လောကမှာ မျိုးသုဉ်းသွားတာ ကြာပြီ...ဘာလို့လဲဆိုတော့ အဲဒီ 'နဂါးသွေးသစ်သား နှလုံးသား' ဆိုတာက တကယ်တန်းတော့ ငါ့ရဲ့ နှလုံးသွေး တစ်စက်ပဲ ဖြစ်နေလို့လေ"
ရှောင်ရှန်း လုံးဝ မှင်သက်သွားသည်။
' အချိန်အကြာကြီး လုပ်လိုက်ရပြီး ကမ္ဘာပတ်လိုက်ရသလိုမျိူး အကွေ့အကောက်ကြီးကို ဖြတ်သန်းလာရတာ....လတ်စသတ်တော့ ဖြေဆေးရဲ့ နောက်ဆုံး အစိတ်အပိုင်းက ဒီမှာ ရှိနေသတဲ့လား'
' ဒါက တကယ်ပဲ ကံကောင်းလွန်းတာလား....ဒါမှမဟုတ် ဖခမည်းတော်နဲ့ ဘိုးဘေးတွေက ရှေးခေတ်ကာလတွေကို ဖြတ်ကျော်ပြီး ကြိုတင် အစီအစဉ်ချထားတဲ့ ကစားကွက်ကြီး တစ်ခုလား'
"ငါ့ရဲ့ လွတ်လပ်ခွင့်အတွက်ရော၊ မင်းရဲ့ လူသားဧကရာဇ် ကတိကဝတ်အတွက်ပါ"
ဟွမ်သွမ့်၏ ရင်ဘတ်နေရာရှိ သံကြိုးတစ်ချောင်းသည် အနည်းငယ် လင်းလက်လာပြီး ၊ သူသည် ပြင်းထန်သော ဝေဒနာကို ခံစားနေရသကဲ့သို့ ညည်းသံတစ်ချက်ပြုလိုက်သည်။
နေမင်းကြီးပမာ တောက်ပနေသော ရွှေရောင် သွေးတစ်စက်သည် ၎င်း၏ ကျောက်ဆောင်ကဲ့သို့သော ရင်ဘတ် အရေပြားအောက်မှ ဖြည်းညင်းစွာ စိမ့်ထွက်လာပြီး ကျဆင်းလာ၏။
ရှောင်ရှန်းသည် ကျောက်စိမ်းသေတ္တာလေးကို ကိုင်ကာ ကမန်းကတမ်း ခံယူလိုက်သည်။ ရွှေရောင် သွေးစက်လေးက ရောင်စုံ ဝိညာဉ်သန့်စင်ကြာ၏ ဝတ်ဆံပေါ်သို့ ကျရောက်သွားသည်နှင့် ၊
ကြာပွင့်သည် မျက်စိတစ်မှိတ်အတွင်း အလင်းရောင်များ အပြင်းအထန် တောက်ပလာပြီး၊ ထို့နောက် အလင်းရောင်များ အားလုံး ပြန်လည် သိမ်းဆည်းဝင်ရောက်သွားသည်။
ထိုရောင်စုံ ပွင့်ဖတ်များနှင့် ပင်စည်များသည် ကျောက်စိမ်း တစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပြီး၊ နောက်ဆုံးတွင် နွေးထွေးကြည်လင်ကာ အဆုံးမရှိသော အသက်စွမ်းအင်များဖြင့် ပြည့်နှက်နေသည့် ကြာပန်းပုံစံ ကျောက်စိမ်းလေး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ဒါကို ယူသွား၊ မင်းရဲ့ ဆွေမျိုးကို ကယ်တင်ဖို့ လုံလောက်တယ်"
ဟွမ်သွမ့်၏ အသံမှာ ပို၍ အားနည်းသွားဟန်ရသည်။
"အခု၊ ငါ့ရဲ့ ကတိကို ဖြည့်ဆည်းပေးလိုက်ပြီ"
ထိုသို့ ပြောပြီးသည်နှင့်၊ သူသည် နောက်ဆုံး လက်ကျန် အားအင်များကို အသုံးပြုကာ၊ ကောင်းကင်ကို မော့၍ ဟောက်သံပြုလိုက်၏။
၎င်း၏ ရှေ့ရှိ ဟင်းလင်းပြင်သည် အတင်းအကျပ် ဆွဲဖြဲခံလိုက်ရပြီး အမည်းရောင် အက်ကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အက်ကြောင်း၏ တစ်ဖက်တွင် မှောင်မိုက်နေသော အမှောင်ထု မဟုတ်တော့ဘဲ ရှောင်ရှန်းအတွက် အလွန် ရင်းနှီးကျွမ်းဝင်နေသော မြင်ကွင်းတစ်ခု ဖြစ်ပေသည်။
သာရှမင်းဆက် မြို့တော် ၊ ထိုကြီးမားခမ်းနားလှသော နန်းတော် တံတိုင်းကြီးပင်။
"သွားတော့၊ လူသားဧကရာဇ်ရဲ့ မျိုးဆက်"
ဟွမ်သွမ့်၏ အသံသည် သူ၏ ဦးနှောက်ထဲတွင် ထွက်ပေါ်လာ၏။
"မင်းရဲ့ ကတိကို မှတ်ထားပါ..."
ရှောင်ရှန်းသည် အပိုစကား တစ်ခွန်းမှ မပြောတော့ဘဲ၊ ထိုကြာပန်း ကျောက်စိမ်းလေးကို လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ကာ အက်ကြောင်း တစ်ဖက်ရှိ နန်းတော်မြို့ရိုး ရှိရာဘက်သို့ တန်းတန်းမတ်မတ် ပြေးဝင်သွားခဲ့သည်။
အဆုံးမရှိသော တိတ်ဆိတ်မှုနှင့် အအေးဓာတ်တို့က အနောက်တွင် ကျန်ရစ်ခဲ့ပြီး၊ ရင်းနှီးနေသော လေတိုက်သံများနှင့် လောကီလူ့ပြည်၏ အငွေ့အသက်များက သူ့မျက်နှာဆီသို့ ရိုက်ခတ်လာလေတော့သည်။