အခန်း ၂၇၈
Vol. 28 Ch. 278
အခန်း (၂၇၈) - အိမ်ရှေ့စံမင်းသား ကောင်းကင်ယံမှ ဆင်းသက်လာခြင်း
သာရှမြို့တော်ကြီးသည် ရှောင်ရှန်း ထွက်ခွာသွားစဉ်က ပုံစံမျိုး မဟုတ်တော့ချေ။ တစ်ချိန်က စည်းကားခဲ့သော လမ်းမကြီးသည် ယခုအချိန်တွင် လမ်းသွားလမ်းလာ တစ်ယောက်မျှ မရှိတော့ဘဲ ခြောက်ကပ်နေ၏။
အိမ်တိုင်း တံခါးများကို တင်းကျပ်စွာ ပိတ်ထားကြပြီး၊ လမ်းမပေါ်တွင် ဆေးဖက်ဝင်အပင် အနံ့များနှင့် ပုပ်သိုးနေသော အနံ့များ ရောနှောနေသည့် ထူးဆန်းသော အနံ့ဆိုးကြီး လွင့်ပျံ့နေသည်။
ဝမ်းနည်းပူဆွေးမှု တိမ်တိုက်များက မြို့တော် တစ်ခုလုံးကို အသက်ရှူကျပ်မတတ် ဖုံးလွှမ်းထားလေသည်။
"ဝိညာဉ်ဆုတ်ယုတ်ခြင်း ရောဂါ" ဟုခေါ်သော ကပ်ရောဂါသည် ပုံသဏ္ဍာန်မဲ့ သရဲတစ္ဆေ တစ်ကောင်ပမာ မြို့တော်၌ သောင်းကျန်းနေသည်။ ရောဂါ ကူးစက်ခံရသူများမှာ ကိုယ်ပူခြင်း မရှိ၊ ချောင်းဆိုးခြင်း မရှိဘဲ စိတ်ဝိညာဉ်သည် မျက်စိဖြင့် မြင်နိုင်သော အရှိန်နှုန်းဖြင့် ဆုတ်ယုတ်ကျဆင်းကာ အဆုံးတွင် ဝိညာဉ်သည် စုပ်ယူခံလိုက်ရသကဲ့သို့ အိပ်မောကျနေရင်း တိတ်ဆိတ်စွာဖြင့် သေဆုံးကြရသည်။ဆေးဝါးများအားလုံး အသုံးမဝင်ခဲ့ပေ။
မင်းသမီးကြီး အိမ်တော်၏ အပြင်ဘက်ရှိ လေထုမှာ လွန်စွာ လေးလံနေသည်။ ချင်ချန်းသည် စစ်ဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ထားပြီး၊ ဓားလက်ကိုင်ကို ဆုပ်ကိုင်လျက် သံမဏိရုပ်တုကြီး တစ်ခုပမာ မတ်မတ်ရပ်နေသည်။
သူ၏ ကြမ်းတမ်းသော လောကဓံများကို ဖြတ်သန်းဖူးသော မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုနှင့် သတ်ဖြတ်လိုစိတ်များ ထင်ဟပ်နေ၏။ စစ်ဝတ်ရုံသည် လေထဲတွင် အနည်းငယ် ဝဲလွင့်နေပြီး၊ အမြဲတမ်း မတ်မတ်ထားလေ့ရှိသော ကျောပြင်ကလည်း ယခုအချိန်တွင် အနည်းငယ် ကိုင်းညွတ်နေကာ၊ သူသည် မင်းသမီးကြီး အိမ်တော်၏ ပိတ်ထားသော တံခါးမကြီးကို ကြည့်ရင်း မျက်လုံးထဲတွင် နာကျင်မှု နှင့် ဘာမှမတတ်နိုင်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
သူ၏ အနောက်တွင် ဘာလုပ်ရမှန်းမသိ ဖြစ်နေသော နန်းတွင်းသမားတော်များနှင့် ရင်ပူနေကြသော မှူးမတ်များ ရှိနေကြသည်။
ထိုအချိန်မှာပင်၊ ကောင်းကင်ယံတွင် အလင်းတန်းများ ပြေးဖြတ်သွားလေ၏။
ပုံရိပ်အနည်းငယ်သည် လေအဟုန်ကို စီးနင်းလျက် ရောက်ရှိလာကြပြီး လူတိုင်း၏ ရှေ့သို့ ညင်သာစွာ ဆင်းသက်လာလေ၏။ ဦးဆောင်သူ လူငယ်သည် ကျောက်စိမ်းလို ဖြူဖွေးသော အသားအရေ ၊ ဆီးနှင်းလို ဖြူစင်သော ဝတ်ရုံကို ဝတ်ဆင်ထားသည်။
ထိုသူမှာ အမတ မဟာမိတ်အဖွဲ့မှ လင်ထျန်းယွိ ပင် ဖြစ်သည်။
သူ၏ အနောက်တွင် သမားတော် ဝတ်ရုံများကို ဝတ်ဆင်ထားသော သက်ကြီးရွယ်အို အချို့ လိုက်ပါလာကြပြီး၊ မျက်နှာအမူအရာများမှာ လူ့ပြည်သို့ ဆင်းသက်လာသော နတ်ဘုရားများပမာ မာနထောင်လွှားမှုအပြည့်ရှိသည်။
"လူကြီးမင်းတို့ ထိတ်လန့်စရာ မလိုပါဘူး"
လင်ထျန်းယွိ၏ နှုတ်ခမ်းထောင့်တွင် နွေးထွေးသော အပြုံးတစ်ခုကို ဆင်မြန်းထားသော်လည်း သို့သော် မျက်ဝန်းထဲတွင် ထိုကဲ့သို့သော အပြုံးမျိုး ရှိမနေချေ။
"ဒီလို ဝိညာဉ်ကပ်ရောဂါက...သာမန် နည်းလမ်းတွေနဲ့ ဖြေရှင်းလို့ ရတာမျိုး မဟုတ်ဘူး... ဒါပေမယ့်၊ ငါတို့ အမတ မဟာမိတ်အဖွဲ့က ကရုဏာတရား ကြီးမားတဲ့အတွက်...ကပ်ရောဂါကို ဖိနှိပ်ပေးနိုင်တဲ့ ဆေးလုံးတွေကို ဖော်စပ်ထားပြီးပြီ"
ဤစကားကို ကြားသည်နှင့် မျှော်လင့်ချက်မဲ့နေသော လူအားလုံး၏ မျက်ဝန်းထဲ၌ မျှော်လင့်ချက် ရောင်ခြည်များ ချက်ချင်း တောက်ပလာသည်။
အမတ်ချုပ်ကြီးက ရှေ့သို့ တစ်လှမ်း တိုးကာ ဦးညွှတ်လျက် ပြောကြားလိုက်သည်။
"သခင်လေးလင်က မြို့တော်ရဲ့ အန္တရာယ်ကို ဖြေရှင်းပေးနိုင်မယ်ဆိုရင်... တိုင်းပြည်အတွက် တကယ့် ကံကောင်းခြင်းပါပဲ....ကျွန်တော်တို့ဘက်က ဘာများ လုပ်ပေးဖို့ လိုမလဲဆိုတာ သိပါရစေ"
လင်ထျန်းယွိ၏ အပြုံးသည် ပို၍ တောက်ပသွားသည်။ သူသည် လက်ကို နောက်ပစ်လျက် ၊ ကြီးမားခမ်းနားသော နန်းတော်ကြီးကို တစ်ချက် ဝေ့ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သို့သော် အကြောင်းအရာက ကောင်းကင်ပြိုမတတ် ထိတ်လန့်စရာကောင်းလွန်းသည်။
"သတ်မှတ်ချက်က ရိုးရှင်းပါတယ်....တော်ဝင်မျိုးနွယ်စုရဲ့ မြို့တော် နဂါးသွေးကြော ထိန်းချုပ်ခွင့်ကို ငါတို့ အမတ မဟာမိတ်အဖွဲ့ဆီ အနှစ်သုံးရာ လွှဲပြောင်းပေးရမယ် ပြီးတော့ အမတ မဟာမိတ်အဖွဲ့ကို သာရှတိုင်းပြည်ကြီးရဲ့ ဘာသာကြီးတစ်ခု အဖြစ် ကိုးကွယ်ရမယ်....အခုကစပြီး သာရှမင်းဆက်ရဲ့ အာဏာစက်က ငါ့အမိန့်အောက်မှာ ရှိတယ်... ဒါဆိုရင် ဒီဆေးလုံးတွေကို လက်နှစ်ဖက်နဲ့ ဆက်သပေးမယ်"
ထိုစကားသံ ဆုံးသွားသည်နှင့်၊ လေထုမှာ ချက်ချင်း တိတ်ဆိတ်သွားသည်။ ချင်ချန်း၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး၊ ဓားလက်ကိုင်ကို ဆုပ်ကိုင်ထားသော လက်မှ သွေးကြောများသည်ပင် ဖောင်းကြွလာ၏။
အမတ်ချုပ်ကြီးမှာ ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေပြီး၊ လင်ထျန်းယွိကို လက်ညိုးငေါက်ငေါက်ထိုးကာ ပြောဆိုလေတော့သည်။
"မင်း... မင်းတို့က မီးလောင်ရာ လေပင့်ပြီး အခွင့်အရေး ယူနေတာပဲ...အရှက်မရှိလိုက်တာ...ဒါတိုင်းပြည် သစ္စာဖောက်တွေနဲ့ ဘာကွာလို့လဲ"
"အမတ်ချုပ်ကြီး စကားလွန်သွားပြီ"
လင်ထျန်းယွိသည် ဂရုမစိုက်ဟန်ဖြင့် တစ်ချက် ရယ်လိုက်ရင်း ၊ သာမန်လူများအဖို့ စွမ်းဆောင်နိုင်စွမ်း မရှိခြင်းကြောင့် ဒေါသထွက်နေရသည့် ဤမျက်နှာအမူအရာများကို သူသည် ကျေကျေနပ်နပ်ကြီး ခံစားနေလေ၏။
"လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ အာဏာကို ရွေးမလား....မြို့လုံးကျွတ် ပြည်သူတွေရဲ့ အသက်ကို ရွေးမလား၊ ဒီမေးခွန်းက ရွေးဖို့ မခက်ဘူးလို့ ငါ ထင်တာပဲ....ခင်ဗျားတို့ တစ်ခဏလေး အချိန်ဆွဲနေတာနဲ့....လူ ရာထောင်ချီပြီး ဝိညာဉ် ပျက်စီးသွားရလိမ့်မယ်...သူတို့ သေရတာက ခင်ဗျားတို့ရဲ့ ခေါင်းမာမှုကြောင့်ပဲ"
"ခွေးစကားတွေ လျှောက်ပြောမနေနဲ့"
ချင်ချန်းမှာ ဆက်ပြီး သည်းမခံနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ချွင်——!"
ရှည်လျားသော ဓားသည် ဓားအိမ်မှ ထွက်လာပြီး အေးစက်စူးရှသော ဓားသွားဖြင့် လင်ထျန်းယွိကို ချိန်ရွယ်ထားရင်း ၊ အေးစက်သော သတ်ဖြတ်လိုစိတ်များက လေပြင်းတစ်ခုလို တိုက်ခတ်နေ၏။
"ငါ ချင်ချန်း တိုင်းပြည်တံခါးကို စောင့်ရှောက်လာတာ အနှစ်သုံးဆယ် ရှိပြီ....ခုတ်သတ်ခဲ့တဲ့ ပြင်ပရန်သူတွေက သောင်းကျော် မရှိရင်တောင် ထောင်ကျော်ရှိတယ် .... ဒါပေမယ့် ဒီနေ့အထိ၊ အခက်အခဲကြုံနေတုန်း အခွင့်အရေးယူတဲ့ တိရစ္ဆာန်တွေကိုတော့ မသတ်ဖူးသေးဘူး...ငါ့ရဲ့ သာရှနဂါးသွေးကြောကို ထိချင်ရင်၊ ငါ့ရဲ့ အလောင်းပေါ်ကနေ အရင် ကျော်သွားလိုက်"
နှစ်ဖက်စလုံးက ဓားရေးလှံရေး တင်းမာနေပြီး၊ လေထုသည် ထိလိုက်သည်နှင့် ပေါက်ကွဲတော့မည့် အခြေအနေသို့ ရောက်ရှိလာသည်။
ပတ်ဝန်းကျင်ရှိ ပြည်သူများကလည်း တံခါးရွက်ကြားမှနေ၍ ဤမြင်ကွင်းကို စောင့်ကြည့်နေကြပြီး ၊ ယခုလေးတင် ထွက်ပေါ်လာသော မျှော်လင့်ချက်ရောင်ခြည်တို့သည် ရေခဲရေ တစ်ခွက်ဖြင့် ပက်ခံလိုက်ရသကဲ့သို့ ပျောက်ကွယ်သွားပြီး၊ ပို၍ နက်ရှိုင်းသော မျှော်လင့်ချက်မဲ့မှုထဲသို့ ကျဆင်းသွားခဲ့ရတော့သည်။
လင်ထျန်းယွိသည် ချင်ချန်းကို ကြည့်ကာ၊ မျက်နှာပေါ်ရှိ နွေးထွေးသော အပြုံးတုကို နောက်ဆုံးတွင် ရုပ်သိမ်းလိုက်ပြီး၊ ဖုံးကွယ်ထားခြင်း မရှိသော အထင်အမြင်သေးမှုနှင့် ကျေနပ်အားရမှုတို့ဖြင့် အစားထိုးလိုက်သည်။
သူသည် လူတိုင်း၏ အသက်ကို လက်ထဲတွင် ဆုပ်ကိုင်ထားသောကြောင့် အနိုင်ရရန် သေချာနေပြီ ဖြစ်သည်။
"ကြည့်ရတာ၊ စစ်သူကြီး ချင်ချန်းက ဒီမြို့လုံးကျွတ် ပြည်သူတွေကို မင်းနဲ့အတူ အသေခံခိုင်းချင်နေတာပဲ...ဒီလို မျက်ကန်း သစ္စာစောင့်သိမှုက တကယ်ကို ရယ်စရာ ကောင်းတာပဲ"
သူသည် ကျေနပ်အားရစွာဖြင့် ဤသာမန်လူများ၏ နောက်ဆုံးတွင် ဘာမှမတတ်နိုင်ဘဲ အရှုံးပေးရသည့် အမူအရာများကို ကောင်းကောင်းကြီး ခံစားကြည့်ရှုရန် ပြင်ဆင်လိုက်စဉ် ၊
အပြောင်းအလဲသည် ရုတ်တရက် ဖြစ်ပေါ်လာလေ၏။
သူ၏ ခေါင်းတည့်တည့် အထက် ကောင်းကင်ယံတွင် မည်သည့် သတိပေးချက်မျှ မရှိဘဲ မမြင်ရသော လက်တစ်ဖက်က ဆွဲဖြဲလိုက်သကဲ့သို့ အက်ကြောင်းတစ်ခု ပွင့်ဟလာသည်။
၎င်းမှာ လှပခမ်းနားသော အစီအရင် တစ်ခု မဟုတ်ဘဲ မည်းနက်နေသော အာကာသ အက်ကြောင်းကြီး တစ်ခုဖြစ်ပြီး၊ အထဲမှ လူကို ရင်တုန်စေသည့် အရှိန်အဝါများပင် ယိုစိမ့်ထွက်လာလေ၏။
မည်သူမျှ တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင်၊ လူရိပ်တစ်ခုက အဆိုပါ အက်ကြောင်းထဲမှ ကျဆင်းလာ၏။
တောက်ပသော တိမ်တိုက်များ မပါသလို ၊ ရွှေရောင် အလင်းတန်းများလည်း မရှိချေ။ တည်ငြိမ်သော မြေပြင်ဆင်းသက်မှု ဟန်ပန်အမူအရာပင် မရှိ။ ထိုလူရိပ်သည် ခြေကားယားလက်ကားယား ကျလာကာ ပါးစပ်ကလည်း တတွတ်တွတ် ဆဲရေးနေပုံရသည်။
သို့သော် သူ ပြုတ်ကျလာသည့်နေရာမှာ တိကျစွာပင် ....
လင်ထျန်းယွိတစ်ယောက် သူ၏ အမြင်တစ်ခုလုံး မှောင်မိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ မသိစိတ်က ရှောင်တိမ်းရန် ကြိုးစားသော်လည်း၊ အမည်မသိ စွမ်းအားတစ်ခုက သူ့ကို တင်းကျပ်စွာ သော့ခတ်ထားကြောင်း တွေ့လိုက်ရသည်။
သူ့အဖို့ မိမိ၏ ခေါင်းတည့်တည့် ပြုတ်ကျလာသော ထိုအရိပ်မည်းကြီးကို မျက်လုံးပြူးကာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။
"ဗုန်း!"
ကျယ်လောင်သော အသံတစ်ချက်နှင့်အတူ မြေကြီးပင် တုန်ခါသွားသည်။
မာနထောင်လွှားလွန်းသော လင်ထျန်းယွိတစ်ယောက် မျက်လုံးများက ကြေးခေါင်းလောင်းလို ပြူးကျယ်နေပြီး ၊ မျက်နှာပေါ်ရှိ ကျေနပ်အားရမှုများက ဤအခိုက်အတန့်တွင် အေးခဲသွားဟန်ရသည်။
ကောင်းကင်မှ ကျဆင်းလာသော "လူသားသဏ္ဍာန် အမြောက်ဆန်" ကြောင့် သူသည် မြေကြီးထဲသို့ သေသေချာချာ ရိုက်ထည့်ခံလိုက်ရပြီး အသားခံပြား အဖြစ် ပြောင်းလဲသွားခဲ့ရသည်။
တစ်ကွင်းလုံး တိတ်ဆိတ်သွားသည်။
လူတိုင်း တွင်းငယ်လေးထဲမှ ဖုန်တလူးလူးဖြင့် တွားသွားထွက်လာပြီး၊ သူ့ခြေအောက်တွင် နင်းထားသော လင်ထျန်းယွိကိုပါ တစ်ချက် ဆောင့်နင်းလိုက်သည့် ထိုအနှီပုဂ္ဂိုလ်ကြီးကို ကြောင်တောင်တောင်ဖြင့် ကြည့်နေကြသည်။
ထိုသူသည် ကိုယ်ပေါ်က ဖုန်များကို ခါထုတ်လိုက်ပြီး၊ မူးဝေနေသော ခေါင်းကို တစ်ချက် ခါယမ်းကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လေ၏။
ချင်ချန်း ၊ အမတ်ချုပ်ကြီးနှင့် သူ့အတွက် ရင်းနှီးပြီး စိုးရိမ်သော မျက်နှာအမူအရာများဖြင့် ရှ်ိနေကြသော လူအားလုံးကို ကြည့်ရင်း အဆုံးတွင် ဇဝေဇဝါဖြင့် မေးခွန်းတစ်ခု မေးလိုက်သည်။
"ငါ... နောက်မကျသေးဘူးမလား"
မြို့တော် တစ်ခုလုံးရှိ အချိန်ရပ်တန့်ခလုတ် နှိပ်ခံလိုက်ရသလိုပင်။
ချင်ချန်း၏ ဓားကိုင်ထားသော လက်မှာ စိတ်လှုပ်ရှားမှုကြောငိ့ တုန်ယင်နေပြီး ၊ အမတ်ချုပ်ကြီး၏ အိုမင်းနေသော မျက်လုံးများမှာ ချက်ချင်းပင် မျက်ရည်စများ ဝဲတတ်လာကာ စကားတစ်ခွန်းမှ မပြောနိုင်ပေ။
တိတ်ဆိတ်မှုသည် သုံးစက္ကန့်သာ ကြာမြင့်ခဲ့သည်။
နောက်တစ်စက္ကန့်တွင် ၊ လူတိုင်း တစ်ကိုယ်လုံးရှိ အားအင်များကို အသုံးပြုကာ လည်ချောင်းကွဲမတတ် အော်ဟစ်လေတော့သည်။
"အိမ်ရှေ့စံမင်းသား... အိမ်ရှေ့မင်းသား ပြန်ရောက်လာပြီ"
ဝုန်း——!
တိတ်ဆိတ်နေခဲ့သော မြို့တော်ကြီးသည် ချက်ချင်းပင် ပွက်လောရိုက်သွားပြီး၊ တင်းကျပ်စွာ ပိတ်ထားသော အိမ်တံခါးများလည်း ပွင့်ဟလာခဲ့သည်။
ဖြူဖျော့ကာ မျှော်လင့်ချက်မဲ့နေသည့် မျက်နှာပေါင်းများစွာ ထိုပုံရိပ်ကို မြင်သည်နှင့် တောင်ပြိုကျမတတ် ဟစ်ကြွေးလေတော့သည်။
"အိမ်ရှေ့စံမင်းသား ပြန်ရောက်လာပြီ"
"ငါတို့ ကယ်တင်ခံရပြီ"
ရှောင်ရှန်းသည် အခြေအနေကို အကဲခတ်ကြည့်လိုက်ရာ ချက်ချင်းပင် နားလည်သွားသည်။ သူ၏ခြေဖဝါးအောက်တွင် အသက်ရှူရခက်၍ အမြှုပ်များထွက်ကာ မျက်လုံးပြူးနေသော လင်ထျန်းယွိကို မြင်လိုက်ရချိန်တွင် ရှောင်ရှန်း၏ မျက်နှာထက်တွင် ရွံ့ရှာသည့် အရိပ်အယောင်တစ်ခု ထင်ဟပ်လာလေ၏။
သူသည် လမ်းသွားရင်း ခလုတ်တိုက်မိသည့် ကျောက်ခဲအသေးလေးကို ကန်ထုတ်လိုက်သကဲ့သို့ ပေါ့ပေါ့ပါးပါးပင် လင်ထျန်းယွိကို ခြေဖြင့် ကန်ထုတ်လိုက်ရာ အမတ မဟာမိတ်အဖွဲ့ဝင်များ၏ ခြေရင်းသို့ လိမ့်ဝင်သွားတော့သည်။
ရှောင်ရှန်းသည် အပိုစကားလုံးများဖြင့် အချိန်ကုန်ခံနေမည် မဟုတ်သလို၊ လူအများ၏ စိတ်ကို တည်ငြိမ်စေရန် ရှည်လျားသည့် မိန့်ခွန်းများ ဟောပြောနေရန်အတွက် စိတ်ကူးမရှိချေ။
သူသည် ညာဘက်လက်ကိုသာ မြှောက်တင်လိုက်သည်။ သူ၏ လက်ဖဝါးပြင်ပေါ်တွင် ရောင်စုံဝိညာဉ်သန့်စင်ကြာမှ အသွင်ပြောင်းလာသည့် ကြာပန်းပုံစံ ကျောက်စိမ်းလေးသည် ငြိမ်သက်စွာဖြင့် တည်ရှိနေ၏။
ထိုအခိုက်အတန့်တွင် သူသည် ယခင်ကကဲ့သို့ လော်စပီကာကို အသုံးမပြုတော့ဘဲ အသက် ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ တော်ဝင်သွေးကြောများနှင့် မမြင်နိုင်သော တိုင်းပြည်ကံကြမ္မာတို့အကြား လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက် သူ၏ အသံမှာ အားမာန်အပြည့်ဖြင့် မြို့တော်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားပြီး နေရာတိုင်းသို့ ရှင်းလင်းပြတ်သားစွာ ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။
"ငါကိုယ်တော်၊ ရှောင်ရှန်း၊ ပြန်ရောက်လာပြီ"
"ပြည်သူပြည်သားတွေ အားလုံး သေချာ နားထောင်ကြ....ဒါက သဘာဝ ကပ်ရောဂါ မဟုတ်ဘူး၊ လူယုတ်မာတွေက တိတ်တဆိတ် ဖြန့်ဝေထားတဲ့ ယုတ်မာတဲ့ ကျိန်စာပဲ...နာမည်က 'ဝိညာဉ်ဆုတ်ယုတ်ခြင်း'လို့ ခေါ်ပြီး၊ ငါတို့ သာရှတိုင်းပြည်ရဲ့ ကံကြမ္မာကို ခိုးယူဖို့ ရည်ရွယ်တာပဲ"
"ဒါပေမဲ့ ဒီလို လူရွှင်တော်တွေက သစ်ပင်ကြီးကို ဘယ်လိုလုပ် လှုပ်ခါနိုင်မှာလဲ"
"ဒါက ဖြေဆေးပဲ၊ အရှေ့နန်းဆောင် တံခါးဝကို မြန်မြန်သွားပြီး၊ ဆေးရည်ထုတ်ဖို့ တန်းစီကြ....ငါကိုယ်တော် ဒီမှာ သစ္စာဆိုတယ်၊ လူနာအားလုံး အန္တရာယ်ကင်းကင်း ပြန်ကောင်းစေရမယ်"
ရှောင်ရှန်း၏ စကားသံ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ၊ သူ၏ လက်ဖဝါးထဲမှ ကြာပန်းကျောက်စိမ်းလေးသည် ရုတ်တရက်ဆိုသလို နူးညံ့နွေးထွေးသော ရောင်စုံအလင်းတန်းများဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။
ထိုအလင်းရောင်သည် မျက်စိကျိန်းမတတ် တောက်ပခြင်း မရှိသော်လည်း ကြီးမားကျယ်ပြန့်သော အသက်စွမ်းအင်များ နှင့် သန့်စင်ခြင်းစွမ်းအားတို့ အပြည့်အဝ ကိန်းအောင်းနေသည်။
နွေဦးရာသီ၏ နွေးထွေးသော နေရောင်ခြည်ကဲ့သို့ပင် မြို့တော်တစ်ခုလုံးကို ဖြတ်သန်းလျက် လွှမ်းခြုံသွားရာ လမ်းမများပေါ်တွင် လွှမ်းမိုးနေသော ပုပ်သိုးနံ့ဆိုးများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး လန်းဆန်းသော မွှေးရနံ့များဖြင့် အစားထိုးခံလိုက်ရသည်။
အလင်းရောင်နှင့် ထိတွေ့မိသူတိုင်းသည် မိမိတို့ကိုယ်ပေါ်ရှိ အေးစက်လွန်းသော အငွေ့အသက်များမှာ နေရောင်အောက်မှ နှင်းများပမာ လျင်မြန်စွာ အရည်ပျော်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ အသက်ရှူရသည်မှာလည်း ယခင်ကထက် ပိုမိုချောမွေ့ လွတ်လပ်လာသည်။
ပြတင်းပေါက်နားတွင် မှီလျက် သေလုမျောပါးဖြစ်နေသော အဘိုးအို၏ ဖြူဖျော့နေသည့် မျက်နှာပေါ်တွင် သွေးရောင်ပြန်လည် သန်းလာသည်။ မိခင်၏ ရင်ခွင်ထဲတွင် အသက်ငွေ့ငွေ့သာ ရှိတော့သည့် ကလေးငယ်မှာလည်း မျက်လုံးအစုံကို အားယူ၍ ဖွင့်ကြည့်လာသည်။
ထိုအခိုက်အတန့်တွင် ဖုန်တလူးလူးနှင့် ပင်ပန်းနွမ်းနယ်နေသော ရှောင်ရှန်း၏ ပုံရိပ်သည် လူတိုင်း၏ မျက်လုံးထဲတွင် ကောင်းကင်ဘုံက နေမင်းကြီးထက်ပင် ပိုမို တောက်ပနေသည်။
ထိုမြင်ကွင်းမှာ နတ်ဘုရားတစ်ပါး လူ့လောကသို့ ဆင်းသက်လာသကဲ့သို့ပင် ခမ်းနားလှပလွန်းပေသည်။