အခန်း ၂၇၉
Vol. 28 Ch. 279
အခန်း (၂၇၉) - နတ်ဆေးတွေ အကုန်ရောကျိုခြင်း
"ငါကိုယ်တော်၊ ရှောင်ရှန်း၊ ပြန်ရောက်လာပြီ"
ဟူသော ကြေညာသံနှင့်အတူ၊ အရာအားလုံးကို သန့်စင်ပေးနိုင်သည့် ရောင်စုံအလင်းရောင်များသည် တိတ်ဆိတ်နေခဲ့သော မြို့တော်ကြီးကို အသက်ပြန်ရှင်လာစေသည့် အားဆေးတစ်ခွက်လို ဝင်ရောက်လာခဲ့သည်။
အောင်ပွဲခံ အော်ဟစ်သံများက ပြည်သူတို့၏ အကောင်းဆုံးသော တုံ့ပြန်မှုပင် ဖြစ်သည်။သို့သော် ရှောင်ရှန်းအဖို့ ပြည်သူများ၏ ကြည်ညိုလေးစားမှုကို ခံစားနေရမည့် အချိန်မဟုတ်သေးချေ။ ယခု သူ့ခေါင်းထဲတွင် အတွေးတစ်ခုတည်းသာ ရှိသည်။
'လူကယ်ရမယ်၊ အစ်မတော်ကို ကယ်ရမယ်....'
သူသည် ရောင်စုံ ဝိညာဉ်သန့်စင်ကြာကို သိမ်းဆည်းလိုက်ပြီးနောက်၊ ဘေးနားတွင် ကြောင်အမ်းနေကြသည့် ချင်ချန်းနှင့် အမတ်ချုပ်တို့ကို ကြည့်ကာ လှမ်းအော်လိုက်သည်။
"ဘာလို့ ကြောင်ကြည့်နေကြတာလဲ....စစ်သူကြီး ချင်ချန်း၊ ငါ့အဖေ နေရာကို လုချင်တဲ့ အဲဒီကောင်ကို ကြိုးနဲ့ တင်းတင်း ချည်ထားလိုက် "
" အမတ်ချုပ်ကြီး ၊ အရှေ့နန်းဆောင်ကို ချက်ချင်းသွားပြီး၊ နန်းတော်ထဲမှာ ရှာတွေ့နိုင်သမျှ ဒယ်အိုးကြီးတွေ အကုန်လုံးကို ဖိုပေါ်တင်လိုက်၊ များများရလေ ကောင်းလေပဲ၊ မြန်မြန်လုပ်"
ထိုမှသာ ချင်ချန်းတစ်ယောက် အိပ်မက်ကနေ နိုးထလာသကဲ့သို့ သူ၏ မျက်လုံးများမှာ ဝင်းလက်တောက်ပလာ၏။ သူသည် ရှောင်ရှန်း၏ ခြေကန်ချက်ဖြင့် ဘေးသို့ လွင့်ထွက်သွားပြီး တဆတ်ဆတ် တုန်ရီနေဆဲ ဖြစ်သော လင်ထျန်းယွိကို တစ်ချက် ငဲ့ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းဖျားထက်တွင် ရက်စက်ပြတ်သားသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"အမိန့်ကို လိုက်နာကြ"
သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းပြလိုက်သည်နှင့် ကျားသစ်ကဲ့သို့ သွက်လက်ပြီး ဝံပုလွေကဲ့သို့ ရဲရင့်သော စစ်သည်တော်များသည် ဒီရေလှိုင်းကြီးအလား ပြေးထွက်သွားကြသည်။ ခုခံရန် ကြိုးစားနေသော အမတ မဟာမိတ်အဖွဲ့မှ သမားတော်များကို မျက်စိတစ်မှိတ်အတွင်း ဝိုင်းရံဖမ်းဆီးလိုက်ကြသည်။
လင်ထျန်းယွိကိုမူ စစ်သည်တော်နှစ်ဦးက သေလုမျောပါး ခွေးတစ်ကောင်ကို ဆွဲခေါ်သွားသကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ သူ၏ ပါးစပ်မှ သွေးအမြှုပ်များ စီးကျနေပြီး၊ သူ၏ မျက်လုံးထဲ၌ အမုန်းတရားများနှင့် နားမလည်နိုင်သော ရူးသွပ်မှုများ ရှိနေခဲ့သည်။
'မင်း... ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ' ဟု မေးခွန်းထုတ်နေသကဲ့သို့ ရှောင်ရှန်းကို စိုက်ကြည့်နေမိသည်။ တစ်ချိန်က ချောမောခဲ့သည့် သူ့မျက်နှာသည် ယခုအခါ အရှက်ကွဲခြင်း နှင့် ယုံကြည်နိုင်စွမ်းမရှိသော ထိတ်လန့်မှုများဖြင့်သာ ပြည့်နှက်နေခဲ့သည်။
အခြားတစ်ဖက်တွင်မူ အမတ်ချုပ်ကြီးမှာ မျက်ရည်စက်လက်ဖြင့် ခေါင်းကို ဆက်တိုက် ငြိတ်ကာ အမိန့်ကို နာခံလျက်ရှိသည်။
"ဟုတ်ကဲ့၊ ဟုတ်ကဲ့.. အမိန့်တော်အတိုင်းပါ"
ရက်ရှည်လများ ပင်ပန်းနွမ်းနယ်မှုကြောင့် ကိုင်းညွတ်နေခဲ့သည့် သူ၏ခါးကို မတ်မတ်ပြန်ဆန့်လိုက်သည်။ သူ၏ မျက်ဝန်းထဲ၌ မျှော်လင့်ချက်မီးတောက်များ ပြန်လည်လောင်ကျွမ်းလာပြီး၊ မှူးမတ်အပေါင်းကို ဦးဆောင်ကာ အရှေ့နန်းဆောင်ဆီသို့ အပြေးအလွှား ချီတက်လေတော့သည်။
သူတို့၏ ခြေလှမ်းများမှာ မနက်ခင်းညီလာခံ တက်ရောက်စဉ်ကထက် နှစ်ဆမျှ ပို၍ မြန်ဆန်သွက်လက်နေသည်။
မကြာမီပင် အရှေ့နန်းဆောင် တံခါးဝသည် မြို့တော်၏ အစည်ကားဆုံး ယာယီမီးဖိုချောင်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
ဒယ်အိုးကြီး ဆယ်လုံးကျော်ကို တန်းစီထားပြီး အောက်တွင် မီးတောက်များက ပြင်းပြင်းထန်ထန် တောက်လောင်နေသည်။ ရှောင်ရှန်းသည် မိန်းမစိုးများနှင့် နန်းတွင်းသူများကို ရေသန့်များ ဖြည့်ခိုင်းလိုက်ပြီးနောက်၊ လူတိုင်းကို အံ့အားသင့်သွားစေမည့် လုပ်ရပ်တစ်ခုကို ပြုလုပ်လိုက်သည်။
သူသည် ပထမဆုံးအနေဖြင့် တန်ဖိုးမဖြတ်နိုင်သော၊ နတ်ဘုရားတို့၏ ပစ္စည်းဟုပင် ထင်မှတ်ရသည့် ကြာပန်းကျောက်စိမ်းကို ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ "ဗွမ်း" ခနဲ ဒယ်အိုးကြီးထဲသို့ ပစ်ချလိုက်သည်။ ထို့နောက် ရှုံ့ပါးက အတင်းထိုးပေးလိုက်သည့် ဧရာမအထုပ်ကြီးကို ဖွင့်လိုက်သည်။
အထုပ်ကို ဖြေလိုက်သည်နှင့်တစ်ပြိုင်နက် ရောင်စုံအလင်းတန်းများ ပွင့်လန်းထွက်ပေါ်လာပြီး ၊ ရတနာများ၏ ထူးခြားသော အရှိန်အဝါများသည် ကောင်းကင်ယံသို့ ဆန်တတ်သွားလေ၏။
၎င်းတို့အနက် နှစ်တစ်ထောင်သက်တမ်းရှိ သစ်သီးနီ ၊ နဂါးချိုသဏ္ဌာန် မှို နှင့် နှင်းတောင်ထိပ်မှ အေးစက်စက် အငွေ့အသက်များ ထွက်ပေါ်နေသည့် လင်းဇီးမှိုတို့သည် သိုင်းလောကသားများအဖို့ ဘဝတစ်သက်တာလုံး အသေအလဲ လုယူကြမည့် ပြိုင်ဘက်ကင်း သဘာဝရတနာများပင် ဖြစ်သည်။
သို့သော် ရှောင်ရှန်းသည် ၎င်းတို့ကို အမှိုက်များသွန်ချသကဲ့သို့ ဒယ်အိုးထဲသို့ "ဝေါ" ခနဲ ပစ်ထည့်လိုက်သည်။ အချို့သော ဆေးမြစ်များမှာ တောက်ပလျက်ရှိပြီး အချို့မှာမူ ထူးဆန်းလွန်းသဖြင့် စားသုံးရန်သင့်တော်ပုံမရချေ။
"အရှင်... အရှင့်သား၊ ဒီ... ဒီနတ်ဆေးတွေက..."
နန်းတွင်းသမားတော်ကြီး တစ်ဦးမှာ ဤမြင်ကွင်းကို ကြည့်ရင်း ရင်နာလွန်းသဖြင့် အသံတုန်တုန်ယင်ယင်ဖြင့် ကြားဖြတ်ဝင်ပြောရှာသည်။
"ဆေးစွမ်းတွေက တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်ဖြစ်နေတာ.. ဒီလို ရောနှောကျိုချက်လိုက်ရင်... ပြင်းထန်တဲ့ အဆိပ်ဖြစ်သွားပါလိမ့်မယ်"
"မဆူနဲ့... အဆိပ်ကို အဆိပ်နဲ့ပဲ ပြန်တိုက်ရမှာ... အကုန်လုံးကို ထင်းလိုသဘောထားပြီး မီးသာထိုးလိုက်"
ရှောင်ရှန်းက စိတ်မရှည်စွာဖြင့် လက်ကို ဝှေ့ယမ်းပြလိုက်သည်။ သူ့တွင် စူးဝမ်ချင်းကဲ့သို့ အံ့ဩဖွယ်ရာ ဆေးဖော်စပ်သည့် အတတ်ပညာမရှိသလို ၊ ဆေးဝါးများ၏ ဓာတ်သဘော၊ အချိုးအစားနှင့် ဓာတ်မတည့်မှုများကိုလည်း နားမလည်ပေ။
သူ၏ အတွေးမှာ ရိုးရှင်းသည်။ ပစ္စည်းကောင်းများဖြစ်သည့်အတွက် အတူတူ ကျိုချက်လိုက်ပါက ၊ ပိုမိုကောင်းမွန်သော အာနိသင်ရရှိလာလိမ့်မည်ဟု ယုံကြည်ထားသည်။
ထို့နောက် ရှောင်ရှန်းသည် မြေပြင်ပေါ်သို့ လက်နှစ်ဖက် ထောက်ချလိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ သန့်စင်သော နဂါးစွမ်းအင်ကို ထုတ်ယူကာ မြေအောက်သို့ ပို့လွှတ်လိုက်ပြီး နန်းတော်အောက်ခြေရှိ နဂါးသွေးကြော၏ စွမ်းအားကို တိုက်ရိုက် ဆွဲယူလိုက်သည်။
"ဝုန်း"
ဒယ်အိုးကြီး ဆယ်လုံးကျော်အောက်ရှိ သာမန်မီးတောက်များသည် ရွှေရောင်နဂါးစွမ်းအင် မီးတောက်များအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး ၊ ဒယ်အိုးအတွင်းရှိ ရေများမှာ မျက်စိဖြင့်ပင် မြင်နိုင်လောက်အောင် လျင်မြန်စွာ ပွက်ပွက်ဆူလာသည်။
ရောင်စုံဆေးမြစ်များ ပျော်ဝင်နေသော ဟင်းရည်များမှ အနံ့တစ်မျိုး ပျံ့လွင့်လာ၏။၎င်းမှာ ဟင်းခတ်အမွှေးအကြိုင်ပေါင်း တစ်ရာကို ရောမွှေထားသကဲ့သို့ အစပိုင်းတွင် သစ်သီးတို့၏ ပြင်းရှသည့်ရနံ့၊ အလယ်ပိုင်းတွင် ဆေးမြစ်တို့၏ စူးရှသည့်ရနံ့၊ နောက်ဆုံးတွင် သတ္တုကဲ့သို့ စူးရှရနံ့မျိုး ရောထွေးနေသည်။
သို့သော် သေချာ အနံ့ခံကြည့်ပါက ၊ ယင်း၌ ကြီးမားကျယ်ပြန့်သော အသက်စွမ်းအင်များ ကိန်းအောင်းနေသည်ကို ခံစားရနိုင်ပြီး ရှူရှိုက်လိုက်ရုံမျှဖြင့် လူ၏ စိတ်အာရုံကို လန်းဆန်းသွားစေသည်။
အရှေ့နန်းဆောင်အပြင်ဘက်တွင် ပြည်သူများမှာ အဆုံးမရှိ တန်းစီနေကြပြီး ၊ ဒယ်အိုးထဲတွင် ပွက်ပွက်ဆူနေသော အရောင်အသွေးစုံလင်လှသည့် "နတ်ဆေးဟင်းရည်" ကို စိုးရိမ်ပူပန်မှုများဖြင့် ငေးကြည့်နေကြသည်။
သွေးကဲ့သို့ နီရဲနေပြီး သည်းခြေရည်ကဲ့သို့ စိမ်းစိုကာ၊ အမည်းရောင် ပူဖောင်းများ ပွက်ပွက်ဆူနေသည့် ထိုဟင်းရည်မှာ မည်သို့မျှ သောက်သုံးလို့ရနိုင်သည့် ဟင်းရည်တစ်ခွက်နှင့် တူမနေချေ။
သို့သော် ပထမဆုံး ဆေးရည်ပန်းကန်ကို ဝေငှပေးနေစဉ် သေလုမျောပါးဖြစ်နေသည့် အဘိုးအိုတစ်ဦးက တုန်ယင်စွာဖြင့် လှမ်းယူလိုက်သည်။ သူသည် ဆေးရည်ကို တစ်ချက်ကြည့်လိုက်၊ ရှောင်ရှန်း၏ ပုံရိပ်ကို တစ်ချက်ကြည့်လိုက်ဖြင့် အဆုံးတွင် မျက်လုံးစုံမှိတ်ကာ မော့သောက်လိုက်တော့သည်။
ထိုအခိုက်အတန့်တွင် အံ့ဩဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။
နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခုက အဘိုးအို၏ လည်ချောင်းမှတစ်ဆင့် ဗိုက်ထဲသို့ ချောမွတ်စွာ စီးဆင်းသွားသည်ကို ခံစားလိုက်ရသည်။ ထိုစီးကြောင်းသည် ခြေဖျားလက်ဖျားများဆီသို့ ချက်ချင်းပင် ပျံ့နှံ့သွားပြီး ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာတွင် တွယ်ကပ်နေသော အအေးဓာတ်နှင့် ဆုတ်ယုတ်မှုများကို လျင်မြန်စွာ ချေမှုန်းပစ်ခဲ့သည်။
မူလက စက္ကူအလား ဖြူဖျော့နေသော သူ၏ မျက်နှာပြင်မှာ မျက်ဝါးထင်ထင် သွေးရောင် ပြန်လည်သန်းလာလေ၏။
" ငါ... ငါ ပြန်ကောင်းလာပြီ"
အဘိုးအိုသည် တောင်ဝှေးကို ဝုန်းခနဲ လွှင့်ပစ်လိုက်ပြီး စိတ်လှုပ်ရှားလွန်းသဖြင့် ထိုနေရာ၌ပင် နှစ်ချက်၊ သုံးချက်လောက် ခုန်ပေါက်ပြလိုက်သေးသည်။ ထိုမြင်ကွင်းသည် စောင့်ဆိုင်းနေသော လူအပေါင်း၏ ရင်ထဲက မျှော်လင့်ချက်မီးတောက်များကို အရှိန်အဟုန်ဖြင့် လောင်ကျွမ်းစေခဲ့သည်။
"နတ်ဆေး.. တကယ့် နတ်ဆေးပဲ"
"အသက်ကယ်ပေးတဲ့အတွက် အိမ်ရှေ့မင်းသားကို ကျေးဇူးတင်ပါတယ်"
ထိုအခိုက်အတန့်တွင် ချီးကျူးသံများမှာ နန်းတော်တစ်ခွင် ပဲ့တင်ထပ်သွားသည်။ ပြည်သူတို့သည် အမြင်အားဖြင့် ကြည့်ရဆိုးသော ဆေးရည်များကို သောက်သုံးနေကြသော်လည်း သူတို့၏ မျက်နှာများပေါ်တွင်မူ သေဘေးမှ လွတ်မြောက်လာသည့် ပျော်ရွှင်ဝမ်းမြောက်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
ရှောင်ရှန်းမှာ ထိုမြှောက်ပင့်သံများကို နားထောင်ရန် စိတ်မဝင်စားချေ။ သူသည် အပြစ်ဆုံးနှင့် အကောင်းဆုံးဟု ဆိုနိုင်သော ဆေးရည်တစ်ပန်းကန်ကို ခပ်ယူလိုက်သည်။ ဆေးရည်မှာ ရွှေရောင်ပျားရည်ကဲ့သို့ ပျစ်ခဲနေသည်။ သူသည် ထိုပန်းကန်ကို သတိကြီးစွာ ကိုင်ဆောင်ရင်း မင်းသမီးကြီး၏ အဆောင်တော်ဆီသို့ အမြန်လျှောက်သွားလိုက်သည်။
မင်းသမီးကြီး၏ အိပ်ဆောင်အတွင်း တိတ်ဆိတ်ခြောက်ကပ်နေ၏။ ယခုအချိန်တွင် ရှောင်နီချန်းသည် ကုတင်ထက်တွင် အသက်မဲ့စွာ လှဲလျောင်းနေသည်။
ယခင်က တောက်ပလှပခဲ့သော သူမ၏ မျက်နှာမှာ ဤအခိုက်အတန့်တွင် အသက်ငွေ့ပင် မရှိတော့သည့်အလား ဖြူဖျော့နေသည်။ ရင်ဘတ်သည် အနည်းငယ် နိမ့်ချေမြင့်ချေ ဖြစ်နေသည်ကိုသာ မတွေ့ရပါက သေသူနှင့် မခြားပေ။
ရှောင်ရှန်းသည် ကုတင်ဘေးတွင် ထိုင်လိုက်ပြီး အစ်မတော်၏ ထိုပုံစံကို ကြည့်ရင်း ရင်ထဲ၌ နာကျင်နေမိသည်။ တစ်ချိန်က သူ့ကို သိုင်းမလေ့ကျင့်၍ ဆူပူတတ်သော်လည်း နောက်ကွယ်မှနေ၍ သကြားလုံးများ လာကျွေးတတ်သည့် အစ်မတော်၏ ပုံရိပ်များက သူ့မျက်စိထဲတွင် ပြန်လည် မြင်ယောင်လာခဲ့သည်။
သူသည် ဇွန်းဖြင့် ဆေးရည်ကို ခပ်ယူပြီး ရှောင်နီချန်း၏ ခြောက်ကပ်နေသော နှုတ်ခမ်းဖျားဆီသို့ ညင်သာစွာ တေ့ပေးလိုက်သည်။ သို့သော် ဆေးရည်များမှာ နှုတ်ခမ်းထောင့်မှတစ်ဆင့် စီးကျသွားပြီး သူမမှာ လုံးဝ မျိုချနိုင်ခြင်း မရှိခဲ့ပေ။
ရှောင်ရှန်း မျက်မှောင်ကြုတ်လိုက်ပြီးနောက် ပန်းကန်ကို ချကာ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် သူမ၏ နားနားသို့ ကပ်သွားပြီး သူ၏ ထူးခြားသော ရိသဲ့သဲ့ လေသံဖြင့် "ပါးစပ်နှင့် ကုသခြင်း" ကို စတင်လိုက်တော့သည်။
"ဟေ့... ရှောင်နီချန်း ၊ ထတော့...ထပြီး ဆေးသောက်...ငါ ပြောပြမယ်၊ ဒီဆေးရည်က အရမ်းဈေးကြီးတာနော်... ဒါလေးရဖို့ ငါ အာကာသမုန်တိုင်းထဲမှာ ဆုတ်ဖြဲခံရတော့မလို့... ပြီးတော့ နှစ်ပေါင်း ဘယ်လောက်ကြာကြာ အသက်ရှင်နေမှန်း မသိတဲ့ ဘီလူးကြီးတစ်ကောင်နဲ့ အပေးအယူ လုပ်ခဲ့ရသေးတယ်...ကုန်ကျစရိတ်က အတော်ကို များခဲ့တာ မင်း ကြားလား...ဒါတွေအကုန်လုံးက ပိုက်ဆံတွေချည်းပဲ"
သူသည် ခဏရပ်ပြီး ဆက်ဆိုလိုက်သည်။
"မင်း ဒီဆေးရည်သောက်ပြီးမှ မကောင်းလာဘူးဆိုရင် ဒီဆေးဖိုးတွေအကုန်လုံးကို မင်းရဲ့ စာရင်းထဲမှာ ငါ အတိအကျ မှတ်ထားမှာနော်...မင်း ပြန်ကောင်းလာတဲ့အချိန်ကျရင် အရင်းရော၊ အတိုးရော နှစ်ဆ ပြန်ဆပ်ရမယ်"
"တကယ်လို့ ငြင်းရဲရင် မင်းအိမ်မှာ ငါ နေ့တိုင်း လာထိုင်နေမှာ ပြီးတော့လေ... ငါ ဒီ အိမ်ရှေ့မင်းသားရာထူးကို စောစောစီးစီး အဖြုတ်ခံရဖို့ ရည်ရွယ်ချက်နဲ့ ယူထားတာ... အခုတော့ မင်းကိုကယ်ဖို့အတွက် ပြည်သူတွေအားလုံးက ပိုပြီးတောင် ကြည်ညိုနေကြပြီ... ဒီတစ်ခါတော့ အလုပ်ထွက်ဖို့တောင် ခက်သွားပြီ၊ ငါ့ရဲ့ လူပျင်းဘဝ အစီအစဉ်တွေအကုန်လုံး မင်းကြောင့် ပျက်စီးသွားပြီ... ဒီစိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာကြေးကိုလည်း မင်း လျော်ရမယ်..."
သူသည် တတွတ်တွတ်နှင့် လမ်းခရီးတွင် တွေ့ကြုံခဲ့ရသော အန္တရာယ်များ၊ မိမိ၏ "ဆုံးရှုံးမှု" များကို ချဲ့ကားကာ ညည်းတွားလေ၏။ သူ့ရှေ့တွင် အသက်အန္တရာယ် ရှိနေသော အစ်မရင်းကို မဟုတ်ဘဲ၊ သူ့ထံတွင် အကြွေးကြီးကြီး တင်နေသူတစ်ဦးကို ပြောဆိုနေသည့်အတိုင်းပင်။
ထိုသို့ နားစည်ကွဲမတတ် ဆူညံနေသည့် စကားလုံးများကြားတွင် တင်းကျပ်စွာ ပိတ်ထားသော သူမ၏ မျက်တောင်များမှာ အမှန်တကယ်ပင် အနည်းငယ် တုန်ခါသွားသည်။ ထို့နောက် ရှောင်ရှန်း၏ ဝမ်းသာနေသော မျက်ဝန်းများရှေ့မှာပင် ရှောင်နီချန်း၏ မျက်လုံးများသည် ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။
သူမ၏ အကြည့်တို့သည် ဝေဝါးနေဆဲဖြစ်သော်လည်း မျက်စိရှေ့တွင် တတွတ်တွတ်ပြောဆိုနေသည့် ရှောင်ရှန်း၏ မျက်နှာပေါ်သို့ ရောက်ရှိသွား၏။
"မင်း ငါ့အပေါ်ကို အကြွေးအများကြီး တင်နေတယ်" ဟု ဆိုလိုချင်သည့် မျက်နှာပေးမျိုးဖြင့် ရှိနေသော မောင်တော်ကို ငေးကြည့်နေမိသည်။ သူမ၏ လှပသော မျက်ဝန်းတစ်စုံ၌ နွေးထွေးမှုအချို့နှင့် ကူကယ်ရာမဲ့သော အရိပ်အယောင်အချို့ ပြေးဖြတ်သွားပြီးနောက် နောက်ဆုံးတွင် သူမ၏ ပါးစပ်မှ ဆဲဆိုသံတစ်ခွန်း ထွက်လာ၏။
"ထွက်... ထွက်သွားစမ်း..."
အသံမှာ တိုးညှင်းသော်လည်း နတ်မိမယ်တစ်ပါး၏ အသံပမာ သာယာလှသည်။ ရှောင်ရှန်းတစ်ယောက် သွားဖြီးကာ ပြုံးလိုက်မိသည်။
ထိုသို့ဖြင့် "အကုန်ရောကျိုထားသည့်" အံ့ဖွယ်ရာ ဆေးရည်ကြောင့် ကပ်ရောဂါမှာ ယုံကြည်နိုင်ဖွယ်မရှိသည့် အရှိန်အနှုန်းဖြင့် ငြိမ်သက်သွားခဲ့သည်။
တစ်ရက်ပင် မကြာလိုက်ချေ။ မြို့တော်ကောင်းကင်ယံမှ ဝမ်းနည်းဖွယ်ရာ တိမ်တိုက်များအားလုံး လွင့်စင်သွားပြီး အိမ်ရှေ့စံမင်းသား ရှောင်ရှန်း၏ ဂုဏ်သတင်းမှာ ယခင်က တစ်ခါမျှ မကြားဖူးခဲ့သည့် ၊ သူကိုယ်တိုင်ပင် အံ့အားသင့်ရသည့် ဟိုးအထွတ်အထိပ်ထိ ရောက်ရှိသွားခဲ့လေ၏။
အမတမဟာမိတ်အဖွဲ့၏ အကြံအစည်များမှာလည်း မြို့တော်တစ်ခုလုံးအတွက် အကြီးမားဆုံးသော ဟာသဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားခဲ့ရတော့သည်။
ယန်ရှင်းနန်းဆောင် ။
အိုမင်းနေသည့် ဧကရာဇ် ရှောင်ယွမ်မှာ ခန့်ညားထည်ဝါစွာ လျှောက်လှမ်းထွက်လာခဲ့ပြန်သည်။သူသည် ဘဝကို စိတ်ကုန်နေသည့် မျက်နှာပေးနှင့် ရှိနေသော ရှောင်ရှန်းကို ကြည့်ရင်း၊
သူ၏ မျက်ဝန်းထဲ ယခင်က မရှိခဲ့ဖူးသည့် ချီးကျူးမှုများနှင့် သတိမထားမိနိုင်လောက်သည့် ဝမ်းသာအားရကျေနပ်မှု အရိပ်အယောင်အချို့ ရှိနေခဲ့သည်။
သူသည် မှူးမတ်များ အားလုံး၏ ရှေ့မှောက်တွင် ရှောင်ရှန်း၏ ပခုံးကို အားပါးတရ ပုတ်လိုက်ကာ၊ ကျယ်လောင်စွာဖြင့် နန်းတော် တစ်ခုလုံးကို ကြေညာလိုက်လေသည်။
"ငါ့ရဲ့ သားတော် ရှောင်ရှန်းက...အန္တရာယ်နဲ့ ကြုံတွေ့ရချိန်မှာ မတုန်လှုပ်ဘဲ၊ ကိုယ်တိုင် အန္တရာယ်ကို ရင်ဆိုင်ပြီး....မြို့တော်ရဲ့ ဘေးဒုက္ခကို ဖြေရှင်းပေးခဲ့တယ်...သောင်းချီတဲ့ ပြည်သူတွေကို ကယ်တင်ပေးနိုင်ခဲ့တယ်...သူဟာ တာဝန်ယူစိတ် ရှိတယ်၊ ဉာဏ်ပညာ ရှိတယ် ပြီးတော့ လူသားဧကရာဇ်ရဲ့ ဟန်ပန်လည်း ရှိတယ်...ကိုယ်တော်၊ အရမ်းကို ကျေနပ်ဝမ်းသာတယ်"
ဤစကားများထွက်လာသည်နှင့် မှူးမတ်များ အားလုံး ဒူးထောက်လိုက်ကြပြီး သက်တော်ရာကျော် ရှည်ပါစေ ဟု အော်ဟစ်ကြွေးကြော်ကြလေသည်။
ရှောင်ရှန်း တစ်ယောက်တည်းသာ ဤကောင်းကင်ပြိုမတတ် အော်ဟစ်သံများကြား လောကကြီး အမှောင်ကျသွားသလို ခံစားနေလေ၏။
'သွားပါပြီ....ဒီတစ်ခါတော့ ဟွမ်ဟယ်မြစ် ထဲ ခုန်ချဆေးရင်တောင် ဖြူတော့မှာ မဟုတ်ဘူး...'
မိမိ၏ "အလုပ်ထွက်မည့်" စီမံကိန်းကြီးမှာ လုံးဝ ပိတ်ဆို့သွားခဲ့ချေပြီ။ သူ၏ လူပျင်းဘဝကြီးမှာ ဤတစ်သက် ပြန်စရာ လမ်းမရှိတော့ပေ။