အခန်း ၂၈၀
Vol. 28 Ch. 280
အခန်း (၂၈၀) - လူစုကွဲသွားသော အပေါင်းအဖော်များ
လူတိုင်း၏ မျှော်လင့်ကြီးစွာသော အကြည့်များအောက်တွင် ၊ ရှောင်ရှန်းတစ်ယောက် အလွန် နာကျင်ဝမ်းနည်းနေသည့် မျက်နှာပေးဖြင့် ဦးညွှတ်ကာ လျှောက်တင်လိုက်သည်။
"ခမည်းတော်၊ သားတော်မှာ အပြစ်ရှိပါတယ်"
ဤစကားများ ထွက်လာသည်နှင့် ၊ တစ်ကွင်းလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။ ဧကရာဇ် ရှောင်ယွမ်၏ အပြုံးမှာလည်း အနည်းငယ် တောင့်တင်းသွားပြီး ပြန်မေးလိုက်သည်။
"ငါ့သားတော်မှာ ဘာအပြစ် ရှိလို့လဲ"
"သားတော် မိစ္ဆာနယ်မြေကို စုံစမ်းဖို့ သွားတုန်းက....တာဝန်ကို ပစ်ထားခဲ့မိလို့ မြို့တော်ရဲ့ အရေးကြီးတဲ့ ကိစ္စကို ထိခိုက်လုနီးပါး ဖြစ်ခဲ့ရပါတယ်... အခု ကံကောင်းလို့ ဖြေရှင်းနိုင်ခဲ့ပေမယ့် ကြိုးကိုင်သူကလည်း လွတ်မြောက်နေတုန်းပဲ ...."
" သားတော် အဲ့အတွက် စားမဝင် အိပ်မပျော် ဖြစ်ရပါတယ်...အဲဒီ အမတမဟာမိတ်အဖွဲ့က လူယုတ်မာကို သားတော် ကိုယ်တိုင် စစ်ကြောမေးမြန်းခွင့်ပြုဖို့ ခမည်းတော်ကို တောင်းဆိုပါတယ်.... သားတော် သူ့နောက်ကွယ်က အကြံအစည်တွေ အကုန်လုံးကို တူးဖော်ပြီး၊ သာရှမင်းဆက်အတွက် ဒီအန္တရာယ်ကြီးကို ဖယ်ရှားပေးပါ့မယ်... ဒီအမှုကို မဖော်ထုတ်နိုင်သရွေ့ သားတော် လုံးဝ စိတ်မအေးနိုင်ဘူး"
ရှောင်ရှန်း၏ စကားလုံးများသည် မှူးမတ်တို့၏ နားထဲတွင် အလွန်ပင် အမြော်အမြင်ကြီးမားပြီး တာဝန်ယူစိတ်ရှိသည့် စကားများအဖြစ် ပဲ့တင်ထပ်သွားသည်။ အိမ်ရှေ့မင်းသားမှာ ကြီးမားသည့် အောင်မြင်မှုများကို ရရှိထားသော်လည်း မာနမကြီးဘဲ တိုင်းပြည်အရေးအတွက်သာ အစဉ်တွေးတောနေသည်ဟု မှတ်ယူကာ ဤသည်မှာ တိုင်းပြည်၏ ကံကောင်းခြင်းပင် ဖြစ်မည်ဟု မှူးမတ်တိုင်း အထင်ကြီးလေးစားသွားကြသည်။
ရှောင်ရှန်းတစ်ယောက်သာလျှင် သူ၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိရှိသည်။ သူသည် ဤကိစ္စများကို မြန်မြန်ဆန်ဆန် ပြီးပြတ်အောင် လုပ်ဆောင်ပြီးနောက် အေးအေးချမ်းချမ်း နေရာတစ်ခုတွင် ဆက်လက်၍ အပျင်းထူချင်နေခြင်းသာ ဖြစ်သည်။
ထိုလင်ထျန်းယွိဆိုသည့် သကောင့်သားမှာ မိမိ၏ အစ်မတော်ကို ဒုက္ခပေးရဲသည့်အပြင်၊ မိမိ၏ အေးချမ်းသည့် ငါးဆားနယ်ဘဝ စီမံကိန်းကြီးကိုပါ ဖျက်ဆီးလုနီးပါး ဖြစ်စေခဲ့သည်။
သူကိုယ်တိုင် လက်စားမချေရပါက ၊ ရင်ထဲရှိ ဒေါသများ ပြေပျောက်လိမ့်မည် မဟုတ်ကြောင်း သူ ကောင်းကောင်းသိသည်။
"ခွင့်ပြုတယ်...ဒီကိစ္စကို အိမ်ရှေ့မင်းသားဆီ အပြည့်အဝ လွှဲအပ်လိုက်တယ်"
ဧကရာဇ် ရှောင်ယွမ်၏ မျက်ဝန်းထဲ၌ ချီးကျူးသည့် အရိပ်အယောင်များ ထင်ဟပ်နေလေ၏။
......
တစ်ချိန်တည်းမှာပင်၊ လူသူကင်းမဲ့ပြီး တိတ်ဆိတ်သော တောင်ကြားတစ်ခုအတွင်း။
လေထုထဲ၌ ထူးခြားသော သစ်ပင်ပန်းမန်တို့၏ ရနံ့များ သင်းပျံ့နေသည်။ ငှက်အော်သံများကြားတွင် စူးဝမ်ချင်းတစ်ယောက် ဖြည်းညင်းစွာ နိုးထလာသည်။ သူမသည် ရုတ်တရက် ထထိုင်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်လိုက်သည်။
သူမတို့သည် အာကာသမုန်တိုင်းထဲမှ လွတ်မြောက်လာခဲ့ကြပြီး၊ ယခုမူ လှပသော ဝါးအိမ်ငယ်လေးတစ်ခုထဲသို့ ရောက်ရှိနေကြသည်။ ယဲ့လင်ရွှမ်းနှင့် ကိုယ်ရံတော်တပ်ဖွဲ့ဝင်များလည်း တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြသည်။
သူတို့၏ မျက်နှာများပေါ်တွင် သေဘေးမှ လွတ်မြောက်လာသည့်အတွက် မယုံကြည်နိုင်သော ဇဝေဇဝါဖြစ်မှုများ ထင်ဟပ်နေ၏။
"ဒီနေရာက ဘယ်နေရာလဲ"
ယဲ့လင်ရွှမ်းသည် ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် ပတ်ဝန်းကျင်ကို အပြည့်အဝ သတိထားလိုက်သည်။ စူးဝမ်ချင်းက သူမ၏ မေးခွန်းကို ချက်ချင်းမဖြေဘဲ ပြတင်းပေါက်နားသို့ အမြန်လျှောက်သွားလိုက်သည်။
ထို့နောက် အပြင်ဘက် တောင်ကြားထဲတွင် စိုက်ပျိုးထားသည့် ထူးဆန်းသော သစ်ပင်ပန်းမန်များကို စူးစူးရဲရဲ စိုက်ကြည့်နေမိသည်။
အပြင်လောကတွင် မျိုးသုဉ်းပျောက်ကွယ်သွားသည်မှာ ကြာမြင့်လှပြီဖြစ်သော အဆိပ်ပြင်းအပင်များသည် ဤနေရာ၌ အလွန်ပင် ဂရုတစိုက် ပြုစုပျိုးထောင်ထားသကဲ့သို့ ငြိမ်းချမ်းစွာ ပေါက်ရောက်နေကြသည်။
တောင်ကြား၏ ဗဟိုချက်တွင်မူ အမည်းရောင်အလံတစ်ခုသည် လေထဲတွင် တလွင့်လွင့်နှင့် ရှိနေပြီး၊ ထိုအလံပေါ်တွင် ငွေရောင်ကြိုးများဖြင့် ရှေးဟောင်းကင်းမြီးကောက်ပုံစံကို ပန်းထိုးထားသည်။
ထိုပုံစံကို မြင်လိုက်ရချိန်တွင် စူးဝမ်ချင်း၏ တင်းမာနေသော အာရုံကြောများမှာ ပြေလျော့သွားကာ သူမ၏ မျက်ဝန်းထဲ၌ ရှုပ်ထွေးသော အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့သည်။
"စိတ်မပူနဲ့ ၊ ဒီနေရာက... ငါ့ဆရာဂိုဏ်းရဲ့ နေရာဟောင်းလို့ ပြောလို့ရတယ်"
စကားပြောနေစဉ်မှာပင် ဝါးတံခါးမှာ ပွင့်လာပြီး အမည်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အဘွားအိုတစ်ယောက် ဝင်ရောက်လာ၏။ သူမ၏ မျက်နှာမှာ ပိန်လှီခြောက်သွေ့နေသော်လည်း မျက်လုံးများမှာမူ စူးရှတောက်ပလျက် ရှိသည်။
သူမ၏နောက်တွင် တူညီသော အမည်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် တပည့်အနည်းငယ် လိုက်ပါလာကြသည်။ သူတို့သည် တောင်ကြားအပြင်ဘက်ရှိ ဟင်းလင်းပြင်အက်ကွဲကြောင်းနားမှ စူးဝမ်ချင်းတို့အဖွဲ့ကို ကယ်တင်ပေးခဲ့ကြသူများပင် ဖြစ်သည်။
အဘွားအို၏ အကြည့်မှာ စူးဝမ်ချင်းထံသို့ ကျရောက်သွားသည်။ အတိအကျဆိုရလျှင်ဖြင့်၊ စူးဝမ်ချင်း၏ ခါးတွင် ချိတ်ဆွဲထားသော သာမန်နံ့သာအိတ်လေးထံသို့ ဖြစ်သည်။
ကင်းမြီးကောက်အဘွားအို။
"အဆိပ်တောင်ကြားရဲ့ အတွင်းတပည့်ပါလား... ငါက ဒီနေရာရဲ့ ဂိုဏ်းချုပ်၊ ကင်းမြီးကောက်အဘွားအိုပဲ... မင်းရဲ့ ဆရာ 'အဆိပ်လက် ဆေးနှလုံးသား' စူးချန်းကျွယ်ရော နေကောင်းရဲ့လား"
စူးဝမ်ချင်း၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး အလျင်အမြန်ပင် ရိုသေစွာ ဦးညွှတ်လိုက်သည်။
"တပည့် စူးဝမ်ချင်း၊ အကြီးအကဲကို ဂါရဝပြုပါတယ်... ဆရာက နေကောင်းပါတယ်"
အဆိပ်တောင်ကြားတွင် ယခင်က အယူအဆကွဲလွဲမှုကြောင့် ခွဲထွက်သွားသော အဖွဲ့ခွဲတစ်ခုရှိပြီး၊ ထိုအဖွဲ့သည် ကိုယ်ပိုင်ဂိုဏ်းတစ်ခု တည်ထောင်ကာ 'အဆိပ်ဂိုဏ်း' ဟု အမည်တွင်ကြောင်း ဆရာဖြစ်သူမှ ပြောပြဖူးသည်ကို သူမ သတိရသွားသည်။
ဤနေရာတွင် သူတို့နှင့် အမှတ်မထင် ဆုံတွေ့ရလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့မိပေ။ ခဏတာ နှုတ်ဆက်စကားများ ပြောဆိုပြီးနောက် စူးဝမ်ချင်းသည် မြို့တော်၌ ဖြစ်ပွားနေသော ကပ်ရောဂါနှင့် အမတ မဟာမိတ်အဖွဲ့၏ ရက်စက်သောလုပ်ရပ်များ အကြောင်းကို အကုန်အစင် ရှင်းပြလိုက်သည်။
ကင်းမြီးကောက်အဘွားအိုသည် နားထောင်ပြီးနောက် အခြေအနေကို နားလည်သဘောပေါက်သွားဟန်ရသည်။
"အမတ မဟာမိတ်အဖွဲ့... မကြာသေးခင်က သူတို့ရဲ့ လှုပ်ရှားမှုတွေ အသေးစိတ်လာခဲ့တယ်... ငါတို့လို လောကီကနေ ကင်းကွာနေတဲ့ ဂိုဏ်းတွေကတောင် သတင်းရထားတာ ကြာပြီ...အမတ မဟာမိတ်အဖွဲ့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်းကင်အရှင်ဟာ နှစ်ပေါင်းရာချီ အချိန်ယူပြီး ပစ္စည်းတစ်ခုကို ရှာဖွေနေခဲ့တာတဲ့"
"ဘာပစ္စည်းလဲ အဘွား"
ယဲ့လင်ရွှမ်းသည် စိတ်မထိန်းနိုင်ဘဲ ချက်ချင်းပင် ဖြတ်မေးလိုက်သည်။
"လူသားဧကရာဇ် တံဆိပ်တုံးပဲ.. အဲ့တာက ရှေးခေတ် ပထမမျိုးဆက် လူသားဧကရာဇ်ရဲ့ အာဏာပြယုဂ်ပဲ... ကြားရသလောက်တော့ ဒီတံဆိပ်တုံးကို ပိုင်ဆိုင်တဲ့သူဟာ လောကရှိ သက်ရှိအားလုံးကို အမိန့်ပေးနိုင်တယ်... လူ့ပြည်ရဲ့ ကံကြမ္မာကို ထိန်းချုပ်နိုင်တယ်...ကောင်းကင်နိယာမနဲ့တောင် ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်တဲ့ အစွမ်းသတ္တိတွေကို ရရှိနိုင်တယ်လို့ ဆိုကြတယ်"
စူးဝမ်ချင်းသည် ဉာဏ်ရည်ထက်မြက်သူပီပီ သဲလွန်စအားလုံးကို ချက်ချင်းပင် ဆက်စပ်မိသွားသည်။
"ဒါဆို... အမတ မဟာမိတ်အဖွဲ့က ဒီအရာအားလုံးကို လုပ်နေတာ 'လူသားဧကရာဇ် တံဆိပ်တုံး' အတွက်ပေါ့"
"မှန်တယ် ပြီးတော့ 'လူသားဧကရာဇ် တံဆိပ်တုံး' ကို ဖွင့်လှစ်ဖို့ ဒါမှမဟုတ် သူ့ရဲ့ တည်နေရာကို ရှာဖွေနိုင်မယ့် တစ်ခုတည်းသော သော့ချက်က ဒီလောကမှာ အပြင်းထန်ဆုံးနဲ့ အသန့်စင်ဆုံးဖြစ်တဲ့ 'လူသားဧကရာဇ် သွေးကြော' ပဲ"
"အိမ်ရှေ့စံမင်းသား"
စူးဝမ်ချင်းနှင့် ယဲ့လင်ရွှမ်းတို့မှာ ပြိုင်တူအော်ဟစ်လိုက်မိပြီး သူမတို့၏ မျက်နှာများမှာ ဖြူဖျော့သွားကြသည်။
" အဲ့ဒီကောင်းကင်အရှင်က 'ဝိညာဉ်ဆုတ်ယုတ်ခြင်း ကျိန်စာ' ကို ဖြန့်ဝေတယ်... မိစ္ဆာနယ်မြေကို တိုက်ခိုက်တယ်...သူ့ကိုယ်သူတောင် ဖော်ထုတ်ပြသဖို့ ဝန်မလေးခဲ့ဘူး... ဒီလုပ်ရပ်တွေ အကုန်လုံးက အကွက်ဆင်ထားတာပဲ"
"ပြောရရင် အိမ်ရှေ့စံမင်းသားကို သူ့ရဲ့ သွေးကြောစွမ်းအားကို အတင်းအကျပ် သုံးလာအောင် ဖိအားပေးတဲ့ အကွက်ပေါ့...သူသာ စွမ်းအားကို ထုတ်သုံးလိုက်တာနဲ့ သွေးကြောတုံ့ပြန်မှုက သူ့ရဲ့တည်ရှိမှုကို ဖော်ပြပေးလိမ့်မယ်... အမတ မဟာမိတ်အဖွဲ့ကလည်း ဒီလှိုင်းဂယက်ကို အသုံးချပြီး 'လူသားဧကရာဇ် တံဆိပ်တုံး' မြှုပ်နှံထားတဲ့နေရာကို တိတိကျကျ ရှာဖွေနိုင်တော့မှာပဲ"
စူးဝမ်ချင်းမှာ ကမ္ဘာကြီးတစ်ခုလုံး လည်ထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ရှောင်ရှန်းရင်ဆိုင်နေရသည်မှာ မြို့တော်အတွင်းရှိ အန္တရာယ်မျှသာ ဖြစ်သည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း၊ အမှန်တကယ်တွင်မူ ထိုအဖြစ်အပျက်များ၏ နောက်ကွယ်တွင် ဤမျှကြီးမားပြီး ယုတ်မာသည့် အကြံအစည်ကြီး ရှိနေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။
"သူ့ကို ချက်ချင်း အကြောင်းကြားမှ ဖြစ်မယ်... အကြီးအကဲ၊ မြို့တော်ကို သတင်းပို့ပေးနိုင်မယ့် နည်းလမ်းများ ရှိနိုင်မလား"
စူးဝမ်ချင်းမှာ အချိန်နှင့်အမျှ ပိုမိုစိုးရိမ်ပူပန်လာကာ တည်ငြိမ်မနေနိုင်တော့ဘဲ ထိတ်လန့်စွာဖြင့် မေးမြန်းလိုက်သည်။
......
သာရှတိုင်းပြည် ၊ ကောင်းကင်အကျဉ်းထောင်။
အနက်ရှိုင်းဆုံး အကျဉ်းခန်းထဲ၌ စိုစွတ်မှုနှင့် အမှောင်ထုတို့ လွှမ်းမိုးနေသော်လည်း ယခုအခါတွင်မူ အလွန်ပင် စည်ကားနေသည်။
တစ်ချိန်က မာနထောင်လွှားခဲ့ဖူးသော အမတ မဟာမိတ်အဖွဲ့မှ လင်ထျန်းယွိသည် ယခုအခါ ပခုံးရိုးကို ဖောက်ဝင်နေသည့် သံကြိုးကြီးများဖြင့် ချည်နှောင်ခံထားရပြီး ပိန်လှီခြောက်သွေ့နေကာ ကောက်ရိုးပုံများကြားတွင် လဲလျောင်းနေ၏။
သူ၏ မျက်ဝန်းထဲ၌ ယခင်ကရှိခဲ့သော အမုန်းတရားများ၊ မာနများမှာ လုံးဝကုန်ခန်းသွားခဲ့ပြီဖြစ်ပြီး သေဆုံးခြင်းထက်ပင် ပိုမို ဆိုးရွားသော ထုံထိုင်းမှုသက်သက်သာ ကျန်ရှိတော့သည်။
သူ၏ ပတ်ဝန်းကျင်တွင် ရှောင်ရှန်းကိုယ်တိုင် ဖွဲ့စည်းထားသည့် " ချောင်ခိုခြင်း ကိုယ်ရံတော်အဖွဲ့" မှ အဖွဲ့ဝင်များက စာအုပ်ငယ်လေးများကို ကိုင်ဆောင်လျက် အလှည့်ကျ တာဝန်ယူနေကြသည်။ သူတို့သည် ၂၄ နာရီပတ်လုံး မနားတမ်း၊ မည်သည့်ခံစားချက်မျှ မပါဘဲ တည်ငြိမ်သောလေသံဖြင့် သူ့ကို ကျယ်လောင်စွာ ဖတ်ပြနေကြသည်။
"ဆိုရိုးစကား အမှတ် (၁) - ကြိုးစားတိုင်း အောင်မြင်ချင်မှ အောင်မြင်မယ်၊ ဒါပေမဲ့ မကြိုးစားရင်တော့ သေချာပေါက် အရမ်း ဇိမ်ကျလိမ့်မယ်... ဒါကြောင့်၊ ဘာလို့ ကြိုးစားရမှာလဲ"
"ဆိုရိုးစကား အမှတ် (၂၈) - ငါ အပျင်းထူတာ မြန်သရွေ့၊ ပြဿနာတွေ ငါ့ကို လိုက်မမီနိုင်ဘူး"
"ဆိုရိုးစကား အမှတ် (၉၉) - မနက်ဖြန်ပြီးရင် မနက်ဖြန် ရှိသေးတယ်... မနက်ဖြန်တွေက ဘယ်လောက်တောင် များလိုက်သလဲ...ဒီလောက်တောင် များနေမှတော့ နောက်ထပ် နည်းနည်းလောက် ထပ်ဆွဲထားလိုက်တာ ပိုကောင်းတယ်"
ဤနေရာတွင် ရက်စက်ကြမ်းကြုတ်သော နှိပ်စက်မှုမျိုး မရှိသလို ရိုက်နှက်စစ်ဆေးခြင်းလည်း မရှိပေ။ သို့သော် ရှိနေသည်မှာ နားစည်ကွဲမတတ် ဆူညံနေသော စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုသာ ဖြစ်သည်။
မိမိကိုယ်ကို အလွန်မြင့်မြတ်သူဟု သတ်မှတ်ထားပြီး၊ စွမ်းအားနှင့် နိယာမတရားတို့ကိုသာ ယုံကြည်ကိုးကွယ်သည့် လင်ထျန်းယွိကဲ့သို့သော ပါရမီရှင်တစ်ယောက်အတွက် ဤသို့သော စိတ်ပျက်အားငယ်စရာကောင်းသည့်၊ ပျင်းရိသည့်၊ ယုတ္တိမရှိသည့် "အမြင့်မြတ်ဆုံး အမှန်တရားများ" မှာ လောကရှိ မည်သည့်ရက်စက်သော နှိပ်စက်မှုထက်မဆို သေစေနိုင်သော အစွမ်းသတ္တိ ရှိနေသည်။
ဤအရာသည် သူ၏ ကမ္ဘာ့အမြင်ကို အုတ်မြစ်ကစ၍ ဖျက်ဆီးပစ်လိုက်ပြီး၊ သူ ဂုဏ်ယူဝင့်ကြွားခဲ့ရသော တာအိုစိတ်နှလုံးသားကိုပင် နင်းခြေပစ်လိုက်ခြင်းပင် ဖြစ်သည်။
"မဖတ်ကြပါနဲ့တော့... မဖတ်ကြပါနဲ့တော့... ငါ ပြောမယ်.. ငါ အကုန် ပြောပြမယ်၊ ကျေးဇူးပြုပြီး ငါ့ကို သတ်ပေးကြပါ"
လင်ထျန်းယွိမှာ နားနှစ်ဖက်ကို ပိတ်ကာ အရူးတစ်ယောက်ကဲ့သို့ မြေကြီးပေါ်တွင် လူးလှိမ့်နေပြီး အော်ဟစ်နေတော့သည်။
ရှောင်ရှန်းသည် ခြေချိတ်ထိုင်လျက် ကုလားထိုင်ကြီးပေါ်တွင် ဇိမ်ကျကျဖြင့် ပန်းသီးကို အေးအေးလူလူ ကိုက်စားနေသည်။
ထိုအော်ဟစ်သံကို ကြားလိုက်ရသဖြင့် သူသည် လက်ဟန်ပြလိုက်ရာ ၊ ကိုယ်ရံတော်အဖွဲ့မှာ ချက်ချင်းပင် ဖတ်ကြားခြင်းကို ရပ်တန့်လိုက်ကြသည်။
ကောင်းကင်အကျဉ်းထောင်တစ်ခုလုံး ချက်ချင်းဆိုသလို တိတ်ဆိတ်သွားခဲ့သည်။
လင်ထျန်းယွိမှာ အသက်ကို လုရှူနေရပြီး ရှောင်ရှန်းကို ကြည့်သည့် သူ၏အကြည့်မှာ မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်နေသည့်အလား ထိတ်လန့်ခြောက်ခြားနေသည်။
စိတ်ပိုင်းဆိုင်ရာ လုံးဝပြိုလဲသွားပြီ ဖြစ်သော လင်ထျန်းယွိအဖို့ ဝါးကျည်တောက်ထဲမှ ပဲစေ့များ လှိမ့်ကျလာသကဲ့သို့ အမတ မဟာမိတ်အဖွဲ့၏ အစီအစဉ်များအားလုံးကို အကုန်အစင် ထုတ်ဖော်ပြောကြားလေတော့သည်။
"လူသားဧကရာဇ် တံဆိပ်တုံး" ကို ရှာဖွေခြင်း၊ အရှင်သခင်၏ အကွက်ဆင်မှု၊ လူသားဧကရာဇ်သွေးကြောကို အသုံးချခြင်း...
ဤအချက်အလက်အားလုံးမှာ ကင်းမြီးကောက်အဘွားအို ပြောပြခဲ့သည်များနှင့် တစ်ထပ်တည်း ကျနေသည်။
"လူသားဧကရာဇ် တံဆိပ်တုံးက... ဘယ်မှာလဲ"
ရှောင်ရှန်းသည် ပန်းသီးစေ့ကို ထွေးထုတ်လိုက်ပြီးနောက် အရေးအကြီးဆုံး မေးခွန်းကို ထုတ်မေးလိုက်သည်။
"ငါ... ငါ အတိအကျနေရာကိုတော့ မသိဘူး... ဒါပေမဲ့ ကောင်းကင်အရှင်နဲ့ အကြီးအကဲတွေ ပြောတာကို ကြားဖူးတယ်...မင်းကနေတစ်ဆင့်... မင်း မိစ္မိစ္ဆာနယ်မြေနဲ့ မြို့တော်မှာ သွေးကြောစွမ်းအားကို နှစ်ကြိမ်သုံးလိုက်တာကနေတစ်ဆင့် ကောင်းကင်အရှင်က နယ်မြေကို အကြမ်းဖျင်း သတ်မှတ်နိုင်သွားပြီ..."
သူသည် ခေါင်းမော့လိုက်ရာ သူ၏မျက်လုံးထဲတွင် အကြောက်တရားတို့ဖြင့် ပြည့်နှက်နေသည်။
"သာရှမင်းဆက်ရဲ့ နဂါးသွေးကြော မူလနေရာမှာ... ဒဏ္ဍာရီထဲက မင်းတို့ရှောင် တော်ဝင်မျိုးနွယ်ရဲ့ အစပြုရာနဲ့ အဆုံးသတ်ရာ နေရာ... 'ကွေ့ရွှီး' "
"ကွေ့ရွှီး" ဟူသော စကားလုံး နှစ်လုံး ထွက်ပေါ်လာသည့် အချိန်လေးမှာပင် ၊ အရှေ့နန်းဆောင်မှ သက်တော်စောင့်တစ်ယောက်သည် ကောင်းကင်အကျဉ်းထောင်ထဲသို့ အပြေးအလွှား ဝင်ရောက်လာသည်။ သူသည် ဒူးတစ်ဖက်ထောက်ကာ ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ဝါးကျည်တောက်တစ်ခုကို ဆက်သလိုက်သည်။
"အရှင့်သား၊ ကောင်းကင်အပြင်ဘက်ကနေ ငှက်မည်းတစ်ကောင် ပျံသန်းလာပြီး ဒီပစ္စည်းကို ပစ်ချသွားပါတယ်...အရှင့်သားဆီ ပေးပို့တဲ့ ကိုယ်တိုင်ရေးစာလို့ ပြောပါတယ်"
ရှောင်ရှန်း မျက်မှောင်ကြုတ်လိုက်ပြီးနောက် ဝါးကျည်တောက်ကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ ထူးခြားသောပစ္စည်းဖြင့် ပြုလုပ်ထားသည့် စာလိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုစာလိပ်ပေါ်ရှိ သေသပ်လှပပြီး ခွန်အားပါသည့် လက်ရေးမှာ စူးဝမ်ချင်း၏ လက်ရေးဖြစ်ကြောင်း သူ ချက်ချင်းပင် သိလိုက်သည်။
စာထဲတွင် အကြောင်းအရာကို အလွန်အကျဉ်းချုံး၍ ရေးသားထားသော်လည်း "လူသားဧကရာဇ် တံဆိပ်တုံး" နှင့် ပတ်သက်သည့် ကြံစည်မှုအားလုံးကို ရှင်းလင်းစွာ ဖော်ပြထားသည်။ စာ၏ နောက်ဆုံးတွင်မူ သွေးရောင်ခြယ်ထားသည့် စကားလုံးနှစ်လုံးကို ရေးသားထားသည်--ကွေ့ရွှီး။
ရှောင်ရှန်းသည် စာရွက်ကို ကိုင်ရင်း မြေကြီးပေါ်တွင် အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေသော လင်ထျန်းယွိကို တစ်ချက်ပြန်ကြည့်လိုက်သည်။ နှစ်ဖက်စလုံးမှ ရရှိသည့် သဲလွန်စများသည် ဤအခိုက်အတန့်တွင် အံဝင်ခွင်ကျ ဖြစ်သွားခဲ့ချေပြီ။
ဦးတည်ချက်အားလုံးမှာ သူ့လို မင်းသားတစ်ပါးပင်လျှင် တော်ဝင်လျှို့ဝှက်ချက်များထဲ၌ တစ်ခါတစ်ရံသာ ကြားဖူးသည့် ထိုတားမြစ်နယ်မြေဆီသို့သာ ညွှန်ပြနေသည်။
ကွေ့ရွှီး။
ရှောင်ရှန်းသည် စာရွက်ကို ဆုပ်ကိုင်ရင်း သက်ပြင်းချလိုက်မိသည်။
'ကြည့်ရတာတော့... ဒီဘဝတော့ ငါးဆားနယ်ဘဝကြီး အဖြစ် ပြန်သွားလို့ မရတော့ဘူး ထင်ပါတယ်'