← Chapters

အခန်း ၂၈၁

Vol. 29 Ch. 281

အခန်း ၂၈၁

Vol. 29 Ch. 281

အခန်း (၂၈၁) - အနားပဲ ယူချင်တယ်

ကောင်းကင်အကျဉ်းထောင်၏ စိုစွတ်မှုနှင့် သွေးညှီနံ့များမှာ ရှောင်ရှန်း၏ အင်္ကျီစွန်းတွင် ကပ်ငြိနေဆဲပင်။ ယန်ရှင်းနန်းဆောင် အတွင်းသို့ သူ ခြေချလိုက်သည်နှင့် ၊ နွေးထွေးသော အခန်းတွင်းမှ သင်းပျံ့သည့်ရနံ့က သူ့ကို ခဏတာ တွေဝေသွားစေသည်။

နန်းဆောင်ထဲတွင် နန်းတွင်းသူများ မရှိဘဲ လူသုံးယောက်သာ ရှိသည်။ ရှောင်ရှန်း၏ ခမည်းတော် ရှောင်ယွမ်မှာ သာမန်ဝတ်စုံကို ဝတ်ဆင်ကာ လက်နောက်ပစ်လျက် ပြတင်းပေါက်ရှေ့၌ ရပ်နေသည်။ သူ၏ ကိုယ်နေဟန်ထားမှာ ယခင်ကကဲ့သို့ ကိုင်းညွတ်မနေတော့ဘဲ၊ ဓားအိမ်ထဲတွင် ဝှက်ထားသော ထက်မြက်သည့်ဓားတစ်လက်အလား ခန့်ညားလွန်းသည်။

မင်းသမီးကြီး ရှောင်နီချန်းသည် ထူထဲသော မြေခွေးသားမွေးဝတ်ရုံကို ခြုံထားပြီး မျက်နှာမှာ ဖြူဖျော့နေဆဲဖြစ်သော်လည်း ၊ ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ကာ တောက်ပသောမျက်ဝန်းများဖြင့် သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

ဤမြင်ကွင်းမှာ မိသားစုအစည်းအဝေးတစ်ခုနှင့် ဆင်တူသလို စစ်ဆေးမေးမြန်းမှုတစ်ခုလည်း ဖြစ်သည်။ သို့သော် အစစ်ဆေးခံရမည့်သူမှာ အကျဉ်းသားမဟုတ်ဘဲ ကောင်းကင်ပြိုမတတ် အောင်ပွဲကြီးကို ရယူပေးခဲ့သော အိမ်ရှေ့စံမင်းသား ရှောင်ရှန်းကိုယ်တိုင်ပင် ဖြစ်သည်။

"ကွေ့ရွှီး"

ဧကရာဇ် ရှောင်ယွမ်က စကားစလိုက်သည်။ နှုတ်ဆက်ခြင်း သို့မဟုတ် အစပျိုးခြင်းမျိုး မရှိဘဲ ထွက်ပေါ်လာသည့် သူ၏အသံမှာ တည်ငြိမ်နေသော်လည်း တန်ချိန်ထောင်ပေါင်းများစွာ လေးလံနေသကဲ့သို့ ခံစားရစေသည်။

ယခင်က မှုန်ဝါးနေခဲ့သော သူ၏မျက်ဝန်းများသည် ယခုအခါ လူ၏ စိတ်နှလုံးကိုပင် ထိုးဖောက်မြင်နိုင်လောက်အောင် ကြည်လင်တောက်ပနေသည်။

"မင်း... အကုန်သိသွားပြီလား"

ရှောင်ရှန်းသည် စကားတစ်ခွန်းမျှ ပြန်မပြောဘဲ ရင်ဘက်ထဲမှ စူးဝမ်ချင်း၏စာနှင့် လင်ထျန်းယွိထံမှ အတင်းအကျပ် စစ်ဆေးမေးမြန်းရရှိထားသော ထွက်ဆိုချက်များကို ထုတ်ယူကာ စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။

ထိုလှုပ်ရှားမှုမှာ ကြီးမားခြင်းမရှိသော်လည်၊ နန်းဆောင်အတွင်းရှိ တိတ်ဆိတ်ငြိမ်သက်မှုကို ရိုက်ချိုးပစ်လိုက်သည်။ ရှောင်နီချန်း၏ အသက်ရှူသံမှာလည်း ပို၍ မြန်ဆန်လာ၏။

"ကြည့်ရတာ ငါ ကိုယ်တော် စကားပြောရ သက်သာသွားပြီပေါ့....ဟုတ်တယ်... အမတ မဟာမိတ်အဖွဲ့ရဲ့ ပစ်မှတ်က 'လူသားဧကရာဇ် တံဆိပ်တုံး' ပဲ ပြီးတော့ အဲဒီတံဆိပ်တုံးကို ရှာဖွေနိုင်မယ့် တစ်ခုတည်းသော သော့ချက်ကတော့ ငါတို့သာရှ ရှောင်မျိုးနွယ်ရဲ့ အသန့်စင်ဆုံးဖြစ်တဲ့ တော်ဝင်သွေးကြောပဲ... ကိုယ်တော်က ဒီသွေးကြောစွမ်းအား ပေါ်လာဖို့ ဆယ်စုနှစ်ချီ စောင့်စားနေခဲ့တာ နောက်ဆုံးတော့... အဲ့တာက မင်းဆီမှာ ပေါ်လာခဲ့တယ်"

ဧကရာဇ် ရှောင်ယွမ်သည် နောက်ဆုံးတွင် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားတော့ဘဲ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်တော့သည်။

"မင်းကို အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်လိုက်တာက နန်းတွင်းက မပြေလည်မှုတွေကို ချိုးဖျက်ဖို့သက်သက် မဟုတ်ဘူး... မင်းလို အပြည့်စုံဆုံး 'ငါးစာ' ကို အထင်ရှားဆုံးနေရာမှာ ထားချင်လို့ပဲ... မင်း ပိုပြီးလှုပ်ရှားလေ၊ မင်း နာမည်ပိုကြီးလေ၊ မင်းရဲ့ သွေးကြောက ပိုပြီးနိုးကြားလာလေပဲ... အဲဒီအခါကျရင် ကောင်းကင်အရှင်ကို ဆွဲဆောင်နိုင်ပြီး သူ့ရဲ့ တကယ့်ရည်ရွယ်ချက်ကို ဖော်ပြလာလိမ့်မယ်"

"ငါကိုယ်တော်ရဲ့ ခန္ဓာကိုယ်ပေါ်က အိုမင်းရင့်ရော်မှုနဲ့ နာတာရှည်ရောဂါတွေက အရင်တုန်းက ထီးနန်းလုပွဲမှာ ရန်သူဖြစ်တဲ့ အမတလမ်းစဉ် ကျင့်ကြံသူတွေ ချထားခဲ့တဲ့ ကျိန်စာပဲ....အဲ့တာက နဂါးစွမ်းအင်ကို အဆက်မပြတ် စုပ်ယူပြီး လုံးဝ ပြတ်တောက်သွားတဲ့အထိ ဒုက္ခပေးနေတာ...တစ်ခုတည်းသော ဖြေရှင်းနည်းကတော့ လူသားဧကရာဇ် တံဆိပ်တုံးကို ရှာဖွေဖို့ပဲ"

"သာရှတိုင်းပြည်ရဲ့ ကံကြမ္မာကို ပြန်လည်ပုံဖော်ပြီး လူသားဧကရာဇ်ရဲ့ အာဏာနဲ့ အမတလမ်းစဉ်က ကောင်တွေကို ဖိနှိပ်ပစ်ဖို့ပဲ...အရာအားလုံးက ငါ ကိုယ်တော်ရဲ့ အစီအစဉ်ထဲမှာ ရှိနေခဲ့တာ...တစ်ခုတည်းသော အပြောင်းအလဲကတော့..."

ဧကရာဇ် ရှောင်ယွမ်၏ အကြည့်များမှာ ရှုပ်ထွေးသွားသည်။

"...မင်းပဲ၊ ငါကိုယ်တော်ရဲ့ အစီအစဉ်တွေကို အမြဲတမ်း ပိုပြီးရှုပ်ထွေးသွားအောင် လုပ်တတ်ပေမယ့်... ပိုပြီးတော့လည်း ကောင်းမွန်သွားစေတယ်"

နန်းဆောင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်ကျသွားသည်။ ဤစစ်တုရင်ပွဲကြီး၏ အမှန်တရားမှာ သူ ထင်ထားသည်ထက် များစွာပို၍ ရက်စက်လှသည်။

သူ—ရှောင်ရှန်းသည် အစအဆုံး စစ်တုရင်ခုံပေါ်က အရေးအကြီးဆုံးနှင့် အလွှမ်းမိုးခံရဆုံး စစ်တုရင် ရုပ်လေးတစ်ရုပ်သာ ဖြစ်နေခဲ့သည်။

ရှောင်နီချန်းသည် မောင်ဖြစ်သူကို ငေးကြည့်လိုက်သည်။ အမြဲတမ်း ပျင်းရိပျင်းတွဲ အပြုံးများဖြင့်သာ ရှိတတ်သော ထိုမျက်နှာလေးသည် ယခုအခါ မည်သည့်ခံစားချက်မှ မရှိတော့သည့်အလား တည်ငြိမ်နေသည်။ သူမအနေဖြင့် တစ်ခုခုကို ပြောကြားချင်သော်လည်း လည်ချောင်းတစ်ခုလုံး ခြောက်သွေ့နေသည်ကိုသာ သတိပြုမိလိုက်သည်။

အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ရှောင်ရှန်း လှုပ်ရှားလာသည်။ သူသည် ကုလားထိုင်တစ်လုံးကို ဆွဲယူကာ ခြေကားယားလက်ကားယား ထိုင်ချလိုက်ပြီးနောက် သက်ပြင်း ချလိုက်လေ၏။

ထိုသက်ပြင်းချသံထဲတွင် ဘာမျှမတတ်နိုင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အဖြစ်အပျက်အားလုံးကို ရုတ်တရက် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်များသာ လွှမ်းမိုးနေပြီး ဒေါသစိတ် ဟူ၍ လုံးဝမပါဝင်ချေ။

"ခမည်းတော်... အစ်မတော်..."

သူ စကားစလိုက်သည်။ သူ၏လေသံမှာ သေတမ်းစာကို ရွတ်ဖတ်နေသကဲ့သို့ပင် ရိုးသားလွန်းသည်။

"ကျွန်တော် ပြောမယ့်စကားတွေက ရင်ထဲကလာတဲ့ စကားအစစ်အမှန်တွေချည်းပါပဲ..."

ဧကရာဇ် ရှောင်ယွမ်နှင့် ရှောင်နီချန်းတို့နှစ်ဦးစလုံး အံ့အားသင့်စွာဖြင့် သူ့ကို ပြိုင်တူ ကြည့်လိုက်မိသည်။

"ကျွန်တော် တကယ်ကို ဧကရာဇ်ဖြစ်ချင်တာ၊ သူရဲကောင်း ဖြစ်ချင်တာ၊ ဒါမှမဟုတ် ကယ်တင်ရှင်ဖြစ်ချင်တာမျိုး နည်းနည်းလေးတောင် စိတ်မဝင်စားဘူး.. ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံး အိပ်မက်က တောင်တန်းတွေ၊ ရေတံခွန်တွေရှိတဲ့ သာယာတဲ့နေရာတစ်ခုကို ရှာပြီး လယ်ကွက်လေးနည်းနည်းဝယ်၊ တုတ်ခိုင်ဝဖြိုးတဲ့ ဘဲကြီးနှစ်ကောင်လောက် မွေးပြီး နေ့တိုင်း နေမြင့်တဲ့အထိ အိပ်ပစ်ချင်တာပဲ... ဘယ်သူတွေ ဘယ်လိုပဲ လှုပ်ရှားလှုပ်ရှား၊ ဘယ်သူ ဧကရာဇ်ဖြစ်ဖြစ်၊ ဒီလောကကြီးက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ"

ရှောင်ရှန်း၏ အသံမှာ မကျယ်လောင်သော်လည်း ယန်ရှင်းနန်းဆောင်အတွင်း ရှင်းလင်းစွာ ပဲ့တင်ထပ်သွားသည်။

၎င်းသည် စိတ်လှုပ်ရှားဖွယ် ဟောပြောချက်မဟုတ်သလို၊ တိုင်းပြည်အတွက် ကြီးမားသည့် ခံယူချက်များလည်း မပါဝင်ပေ။ အရှင်းလင်းဆုံး၊ အစစ်မှန်ဆုံးနှင့် အဆင့်အတန်းအနိမ့်ဆုံးဖြစ်သော လူပျင်းတစ်ယောက်၏ ကြေညာချက်မျှသာ ဖြစ်သည်။

ဧကရာဇ် ရှောင်ယွမ်မှာ ထိုစကားများကြောင့် ဆွံ့အသွားပြီး ပြောရန်ပြင်ဆင်ထားသော စကားလုံးအားလုံးကို ဗိုက်ထဲသို့ ပြန်မျိုချလိုက်ရသည်။ ရှောင်ရှန်းဘက်မှ ဒေါသထွက်ခြင်း၊ မကျေနပ်ခြင်း သို့မဟုတ် အပေးအယူလုပ်ရန် စျေးဆစ်လိမ့်မည်ဟု သူ တွေးထားခဲ့သည်။

သို့သော် ဤကောင်လေးသည် တကယ်တမ်း၌... နံရံပေါ်သို့ ပေါက်ကပ်လို့မရသည့် ရွှံ့စေးပမာ အသုံးမကျသူ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။ သို့သော် ထူးဆန်းသည်မှာ ထိုအသုံးမကျသည့် ရွှံ့စေးကပင် လူတိုင်း မလုပ်နိုင်သည့် ကိစ္စများကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းပင်။

လေထုမှာ ထူးဆန်းစွာပင် နေရခက်နေစဉ်၊ ရှောင်နီချန်းက ရုတ်တရက် ညင်သာစွာ ပြုံးရယ်လိုက်သည်။

ထိုရယ်သံမှာ တိုးညင်းသော်လည်း သူမ၏မျက်နှာပေါ်မှ ဖျားနာနေသည့် အရိပ်အယောင်များကို ဖယ်ရှားပေးလိုက်သကဲ့သို့ နန်းဆောင်အတွင်း တင်းမာနေသည့် အခြေအနေကိုလည်း ချိုးဖျက်ပစ်ခဲ့လေသည်။

သူမသည် အမြဲ ပြဿနာရှာတတ်သော မောင်ဖြစ်သူကို ငေးကြည့်လိုက်ရာ ထိုလှပသောမျက်ဝန်းများထဲ၌ ပထမဆုံးအကြိမ်အဖြစ် လှောင်ပြောင်မှုနှင့် စိတ်ပျက်မှုတို့ မရှိတော့ဘဲ ယခင်က မရှိခဲ့ဖူးသည့် နူးညံ့မှုနှင့် လေးနက်မှုတို့ အစားထိုးဝင်ရောက်လာ၏။

"ရှောင်ရှန်း..."

သူမက တိုးညင်းစွာ ခေါ်လိုက်သည်။

"အင်"

"တကယ်လို့ နင်သာ 'လူသားဧကရာဇ် တံဆိပ်တုံး' နဲ့ ' ကောင်းကင်အရှင်' ဆိုတဲ့ ဧရာမပြဿနာကြီးကို ဖြေရှင်းပေးနိုင်ပြီး၊ သာရှမင်းဆက်အတွက် နောင်ရေးစိတ်အေးရအောင် လုပ်ပေးနိုင်မယ်ဆိုရင်... အဲဒီအချိန်ကျရင် ဒီလောကကြီးကို နင့်ကိုယ်စား ငါ ထမ်းပိုးပေးမယ်"

ရှောင်ရှန်းသည် ခေါင်းကို ရုတ်တရက်မော့လိုက်ပြီး မိမိ၏အစ်မတော်ကို မယုံကြည်နိုင်စွာဖြင့် ငေးကြည့်လိုက်မိသည်။

ရှောင်နီချန်း၏ မျက်ဝန်းထဲတွင် နောက်ပြောင်လိုသော အရိပ်အယောင် မရှိ။ သူမတွင် ရည်မှန်းချက်ရှိသလို၊ ထိုရည်မှန်းချက်ကို အကောင်အထည်ဖော်မည့် နည်းလမ်းနှင့် တိုင်းပြည်ကို အုပ်ချုပ်နိုင်သည့် အရည်အချင်းတို့ အပြည့်ရှိသည်။

သို့သော် ယခုအချိန်တွင်မူ သူမသည် မိမိ၏ ရည်မှန်းချက်ကို အသုံးပြု၍ မောင်ဖြစ်သူ၏ အိပ်မက်ကို အကောင်အထည်ဖော်ပေးရန် ဆုံးဖြတ်လိုက်ပုံရသည်။

ဧကရာဇ် ရှောင်ယွမ်သည် သားဖြစ်သူကို တစ်ချက်၊ သမီးဖြစ်သူကို တစ်ချက်ကြည့်လိုက်ရာ၊ အိုမင်းနေသည့် သူ၏မျက်နှာထက်တွင် စစ်မှန်ပြီး ရင်ထဲမှ လာသော အပြုံးတစ်ခု ပေါ်လွင်လာသည်။

သူသည် ရှောင်ရှန်း၏ ရှေ့သို့ လျှောက်သွားပြီး၊ ဘုရင်တစ်ပါးက မှူးမတ်တစ်ဦးကို ကြည့်သည့်အကြည့်မျိုး မဟုတ်ဘဲ ဖခင်တစ်ယောက်က သားတစ်ယောက်ကို ကြည့်သည့် နွေးထွေးသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"မင်းရဲ့ အစ်မတော် ပြောတာက ကိုယ်တော့်ရဲ့ ဆန္ဒဆိုလည်း ဟုတ်တယ်.. တကယ်လို့ မင်းသာ အောင်မြင်ပြီး 'လူသားဧကရာဇ် တံဆိပ်တုံး' ကို ပြန်ယူလာပြီး တိုင်းပြည်ရဲ့ ကံကြမ္မာကို လုံးဝ ထိန်းသိမ်းနိုင်မယ်ဆိုရင်... ကိုယ်တော် အမိန့်စာ ထုတ်ပြန်ပြီး မင်းရဲ့ အိမ်ရှေ့မင်းသား ရာထူးကို ရုပ်သိမ်းမယ်... 'မင်းသား' ဆိုတဲ့ နာမည်ကိုပါ ပယ်ဖျက်ပြီး 'လောကတစ်ခွင် သွားလာခွင့် အမိန့်စာ' တစ်စောင် ချီးမြှင့်ပေးမယ်..."

" အဲဒီအချိန်ကစပြီး ကောင်းကင်ကျယ်ကြီးမှာ ငှက်တွေ လွတ်လပ်စွာ ပျံသန်းနိုင်သလို၊ ပင်လယ်ကျယ်ကြီးမှာ ငါးတွေ လွတ်လပ်စွာ ကူးခတ်နိုင်သလိုပဲ... မင်းကို ချုပ်နှောင်နိုင်မယ့်သူ မရှိတော့သလို၊ မင်းကို စိတ်အနှောင့်အယှက်ပေးနိုင်မယ့် ကိစ္စလည်း ရှိတော့မှာ မဟုတ်ဘူး"

အမိန့်တော် တစ်စောင်ဖြင့် သူ၏တစ်သက်တာ လွတ်လပ်ခွင့်ကို လဲလှယ်မည့် ကမ်းလှမ်းချက်ဖြစ်သည်။ ဤအပေးအယူမှာ ရှောင်ရှန်းအတွက် သေလောက်အောင်ပင် ဆွဲဆောင်မှု ရှိနေသည်။

သူ တိတ်ဆိတ်သွားသည်။

နန်းဆောင်ထဲတွင် သားအဖ၊ မောင်နှမ သုံးယောက်၏ အကြည့်တို့ ဆုံတွေ့နေကြပြီး တိတ်ဆိတ်ငြိမ်သက်ခြင်းတို့ လွှမ်းခြုံထားလေ၏။

စက္ကန့်အနည်းငယ်အကြာတွင် ရှောင်ရှန်းတစ်ယောက် ကုလားထိုင်ပေါ်မှ "ဝုန်း" ခနဲ ထရပ်လိုက်သည်။ သူ၏မျက်ဝန်းများမှာ ဝင်းလက်တောက်ပနေ၏။ ၎င်းမှာ အနာဂတ်တွင် သူ ပိုင်ဆိုင်လိုသည့် အေးချမ်းသော ဘဝကို တမ်းတနေသည့် မျှော်လင့်ချက်ရောင်ခြည်ပင် ဖြစ်သည်။

"ဒီစကား တကယ်ပဲလား"

သူသည် လက်ကို ပွတ်သပ်ရင်း စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။ သူ၏အသံပင် အနည်းငယ် တုန်ယင်နေ၏။

"ဘုရင်တစ်ပါးက ဘယ်တုန်းကနောက်ပြောင်လို့လဲ"

ဧကရာဇ် ရှောင်ယွမ်က လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ... ကွေ့ရွှီး ဟုတ်လား၊ ကောင်းကင်အရှင် ဟုတ်လား... လူသားဧကရာဇ် တံဆိပ်တုံး ဟုတ်လား ...အဲဒါတွေကို ကျွန်တော့်ဆီသာ လွှဲထားလိုက်"

ရှောင်ရှန်း တစ်ယောက် ယခင်က မရှိခဲ့ဖူးသော အားမာန်များဖြင့် တတ်ကြွနေလေ၏။

စောစောစီးစီး အနားယူနိုင်ရေး၊ သဘာဝအတိုင်း နိုးလာသည့်အထိ အိပ်စက်ရမည့် ကြီးမြတ်သော အိပ်မက်အတွက် ထို့ပြင် ဝဖြိုးနေမည့် ဘဲကြီးနှစ်ကောင်အတွက်...

သူ ဤတာဝန်ကို လက်ခံလိုက်လေပြီ။

သူ၏ ပုံစံကို ကြည့်ပြီး ဧကရာဇ် ရှောင်ယွမ်မှာ ဒေါသထွက်ရမည်လော သို့မဟုတ် ထိုင်ရယ်ရမည်လော မဝေခွဲနိုင် ဖြစ်သွားရရှာသည်။

သူသည် နဂါးစားပွဲ၏ လျှို့ဝှက်အံဆွဲထဲမှ သစ်မွှေးသေတ္တာငယ်လေး တစ်လုံးကို ထုတ်ယူလိုက်သည်။ သေတ္တာအဖုံးကို ဖွင့်လိုက်သောအခါ နူးညံ့ချောမွေ့သည့် နဂါးပုံစံ ကျောက်စိမ်းတံဆိပ်တုံးလေးတစ်ခုမှာ အထဲ၌ ငြိမ်သက်စွာ ရှိနေ၏။

ထိုကျောက်စိမ်းတံဆိပ်တုံးပေါ်တွင် အရောင်အဝါများ လင်းလက်နေပြီး တကယ့်နဂါးတစ်ကောင် ရစ်ခွေနေသယောင် ထင်မှတ်ရပေသည်။

"ဒါက တကယ့် လူသားဧကရာဇ် တံဆိပ်တုံး အစစ်တော့ မဟုတ်ဘူး...ငါတို့ ရှောင်မျိုးနွယ်ရဲ့ ဘိုးဘေးတွေ ပုံတူပြုလုပ်ထားခဲ့တဲ့ ပစ္စည်းပဲ..သားစဉ်မြေးဆက် လက်ဆင့်ကမ်းလာခဲ့ပြီး နဂါးသွေးကြောကို အာရုံခံဖို့နဲ့ ဖိနှိပ်ဖို့အတွက် အသုံးပြုတာ...ဒါကို သုံးနိုင်မှသာ မင်းအနေနဲ့ ဆိတ်သုဉ်းနေတဲ့ ကွေ့ရွှီးဆိုတဲ့ နေရာမှာ တကယ့် တံဆိပ်တုံးအစစ် ရှိတဲ့နေရာကို ရှာဖွေတွေ့ရှိနိုင်လိမ့်မယ်"

ရှောင်ရှန်းသည် ထိုကျောက်စိမ်းတံဆိပ်တုံးကို လှမ်းယူလိုက်ပြီး မိမိ၏ အနားယူခွင့် လက်မှတ်ကို ကိုင်ဆောင်ထားသည့်အလား သတိကြီးစွာဖြင့် ရင်ဘက်ထဲသို့ ထိုးထည့်လိုက်သည်။

သူသည် လှည့်ထွက်လိုက်ပြီး နန်းဆောင်ပြင်ပသို့ ခြေလှမ်းကျဲကြီးများဖြင့် တုံ့ဆိုင်းမှုမရှိ လျှောက်လှမ်းသွားလေတော့သည်။

တံခါးဝသို့ ရောက်ရှိသောအခါ သူသည် ရုတ်တရက် ရပ်တန့်လိုက်ပြီး နောက်သို့ ပြန်လှည့်ကာ နန်းဆောင်အတွင်း၌ ရှုပ်ထွေးသော မျက်နှာအမူအရာများဖြင့် ကျန်ရစ်ခဲ့သည့် ခမည်းတော်နှင့် အစ်မတော်တို့ကို လှမ်းအော်ပြောလိုက်သည်။

"ကျွန်တော် ဒီကိစ္စတွေ အကုန်လုံးကို ရှင်းလင်းပြီးလို့ ပြန်လာရင် အနားယူဖို့ စာရွက်စာတမ်းတွေ ချက်ချင်း ပြင်ဆင်ထားရမှာနော်...ခင်ဗျားတို့ ကတိဖျက်လို့ လုံးမရဘူး"

ထိုသို့ပြောပြီးသည်နှင့် သူသည် ပြတ်ပြတ်သားသား လှည့်ထွက်သွားပြီး နန်းဆောင်ပြင်ပမှ ဖြာကျနေသော နေရောင်ခြည်ထဲတွင် ပျောက်ကွယ်သွားလေတော့သည်။

မတ်မတ်ရပ်လျက် ရဲရဲဝံ့ဝံ့ လျှောက်လှမ်းသွားသော ထိုကျောပြင်လေးသည် ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသည့် အားမာန်နှင့် တိုက်ခိုက်လိုစိတ်များ အပြည့်အဝ လွှမ်းမိုးနေလေ၏။

All Chapters